relativity vs. reality

နှိုင်းရသီဝရီကို သက်သေပြရန် အလွယ်ကူဆုံး သာဓက အနေဖြင့် မိန်းကလေးတစ်ယောက်နှင့် တစ်နာရီ၊ မီးကျီးခဲပေါ် ၅ မိနစ် ထိုင်ခြင်းအားဖြင့် အချိန်၏ အမှန်တရားဖြစ်သော တစ်နာရီနှင့် ၅မိနစ်တို့ ပြောင်းနိုင်ပါမည်လား။

မပြောင်းနိုင်သော တစ်နာရီနှင့် ၅ မိနစ်အစား တစ်စက္ကန့်နှင့် တစ်ကမ္ဘာတို့ကိုသာ နှိုင်း၍ တွေးမိကြပါသည်။ လူတို့တွင် အားကောင်းသော မှန်ဘီလူးများသည် မွေးရာပါပင် ဖြစ်လေသလော စဉ်းစားမရပါ။ မိမိလက်ခံနိုင်သော၊ လက်မခံနိုင်သော နှိုင်းယှဉ်မှုများကို အခြေပြု၍ မြင့်ခြင်း၊ နိမ့်ခြင်း၊ များခြင်း၊ နည်းခြင်း၊ လှပခြင်း၊ အကျည်းတန်ခြင်း၊ တရားခြင်း၊ မတရားခြင်း၊ ကောင်းမွန်ခြင်း၊ ညံ့ဖျင်းခြင်း၊ . . . .  များစွာသော စက္ကန့်ပိုင်း ကမ္ဘာများတွင် လူတို့ နေသားကျနေပါသည်။ ထို မှန်ဘီလူးများသာ ပျောက်ကွယ်သွားမည်ဆိုလျှင် တွေ့ရှိလာမည့် အမှန်တရားသည် အတော် နေမထိ ထိုင်မသာဖြစ်စေမည်လား မသိပါ။

ထို့ကြောင့် စက္ကန့်ပိုင်းကမ္ဘာများစွာအတွင်းရှိ မှန်ဘီလူး၊ မှန်ပြောင်းပိုင်ရှင် လူသားများ အချင်းချင်း မှန်ဘီလူးချင်း မျက်နှာချင်းဆိုင်မိသောအခါ စကြာဝဠာနှင့် ချီသော အကျိုးသက်ရောက်မှုရှိမည့် ဧရာမ အကြောင်းခြင်းရာများ ဖြစ်ပေါ်လာပါသည်။ ၂၀၁၂ ကမ္ဘာပျက်ခြင်း၊ မပျက်ခြင်းသည် ဧရာမ အကြောင်းခြင်းရာကြီး ဆိုပါစို့။ စက္ကန့်ပိုင်းအတွင်း ပျက်သုဉ်းနိုင်သော မိမိ ကမ္ဘာကိုယ်တိုင်သည်ပင် ဧရာမ အကြောင်းခြင်းရာကြီး ဖြစ်မနေပေဘူးလား။

  သည်သို့ တွေးမိလျှင် ရေခဲခေတ်က သစ်စေ့လေးတစ်စေ့နှင့် မျက်လုံးပြူးမျက်ဆန်ပြူး အလုပ်များနေသော ရှဥ့်ကလေးလို ကိုယ့်ကိုယ်ကိုယ် တွေး ရယ်ချင်သည်။ ဖရဲသီးသုံးလုံးနှင့် နှစ်သန်းချီသော ရေခဲခေတ်ကို ဖြတ်သန်းရန် မျှော်လင့်သော ဒိုဒို ငှက်ကြီးများကို မြင်ယောင်ပြီး ရယ်ချင်သည်။ ဆင်ကြီးတို့ ရဲသုံးဖော်လို ကြိုမသိနိုင်သော စက္ကန့်ပိုင်းများ မည်သည့်အချိန် ကိုယ့်အတွက် ဖြစ်လာမည်လဲ။

ပျက်သုဉ်းခြင်းနှင့် ပျက်ယွင်းခြင်းတရားများ နေ့စဉ် ဖြတ်သန်းနေကြောင်း ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်တိုင်းမှာ ပျောက်ဆုံးသွားနိုင်သော ပျော်ရွှင်မှုများကိုလည်း သတိထားမိနိုင်ရန် မျှော်လင့်နေမိပါသည်။

(လေးလေးပင်ပင် ရေးရတာ မောထှာ၊ အဲဒါ Ice Age ကြည့်မိသွား၍ပါ ခင်ဗျား။ 😀 )

ရပ်တည်မှု၊ နားလည်မှု

အခုတလော တွေးမိတာတွေ များနေသည်ထင့်။ လူအများနှင့်စကားပြောလျှင် အဆင်ပြေအောင် မနည်း သတိထား နေရသည်။ နားလည်မှုဆိုသည်ကလည်း တည်ဆောက်ရ လက်ပေါက်ကတ်သလောက် လွဲချင်လျှင် အတော့်ကို ပြောင်မြောက်အောင် လွဲနိုင်သည့်အမျိုး။ Tolerate ကောင်းကောင်း လုပ်တတ်လျှင် လူဖြစ်ပြီဟု အမေကတော့ ဆုံးမဖူးသည်။

နားလည်မှု (၁)

ပြီးခဲ့သည့်တစ်ပတ်က သူငယ်ချင်း တစ်ယောက်နှင့် ဆုံခိုက် သူ့အိမ်က missed call ပေးသည်။ သူလည်း 1818 အားပြုပြီး ပြန်ဆက်ရလေသည်။။ နားထဲ ၀င်လာသမျှတို့ကို ပြန်ရေးပြပါမည်။ (တစ်ဖက်စကား စစ်စစ်ဖြစ်ပါသည်။ ဟိုတစ်ဖက်က စကားများကို ကိုယ့်ဘာသာဖြည့်ပြီး စဉ်းစားကြပါကုန်)

`နေထိုင်ကောင်းပါတယ်။ အမေတို့ကိုသာ ကျွန်တော်က စိတ်ပူရတာ။ ဒီမှာနေရတာ အဆင်ပြေပါတယ်´

`——- —- ———´

`ပင်ပန်းတာကတော့ ပြောမနေနဲ့တော့။ တစ်နေ့တစ်နေ့ ရုံးကနေ ည ၉နာရီမထိုးဘဲနဲ့ မပြန်နိုင်ဘူး၊ မနက်မိုးမလင်းခင် အိမ်ကထွက်။ တစ်နေ့တစ်နေ့ နေကို မမြင်ရဘူး´

`ဟာ… ကျွန်တော်ပြောထားသားပဲ။ အဲဒီ ပြီးခဲ့တဲ့လက ပို့လိုက်တဲ့ ပိုက်ဆံနဲ့  ဖုန်းလိုင်းတစ်လိုင်းလေး ဖြစ်အောင် ၀ယ်လိုက်ပါဆို။ အဲဒီ ခြင်းဖုန်းကြီး ၀ယ်ပြီး PCO ထိုင်ရအောင် ဘယ်သူ့ကို ခိုင်းဦးမှာလဲ´

`အဲဒီလူတွေက အမေတို့ကို ရှာဖွေလုပ်ကိုင်ကျွေးနေဦးမယ်။ စိတ်ကြီးချ။´

`ဘုရား ရှိခိုးတာကိုတော့ ကျွန်တော်က ရှိခိုးမနေနဲ့လို့ ပြောမလား။ အမေတို့ ငွေဝင်စရာက ဒီမှာ OT တစ်လကို နာရီ ၂၀၀ မပြည့်မချင်းလုပ်မှပဲ ဖြစ်မှာလေ။ ကျွန်တော်လည်း အသက်ထွက်တော့မယ်။´

`ပြန်တာကတော့ ပြန်လာချင်တာပေါ့။ ခု ပြန်လာတော့ အဲဒီမှာ ဆက်ပြီး လုပ်ကိုင်စားလို့ရအောင် ပါဦးမှကို။ ကျွန်တော် ပို့ထားတာတွေက ဒီပုံစံနဲ့ဆို ဘာများ စုမိမှာလဲ။´

`နားမလည်တာမဟုတ်ဘူးလေ။ ကျွန်တော်လည်း ဒီမှာ ဒီကအလုပ်ကိုလုပ်ရတဲ့ အခက်အခဲတော့ ရှိတာပဲ။ အဲကွန်းနဲ့ ဇိမ်နဲ့ နှပ်နေရတယ်တော့ ဟုတ်မလား၊ ´

`ဟုတ်ပါပြီ။ ကျွန်တော့်လည်း နားလည်ပေးကြပါဦး။ အခု ပင်နီဆူလာရောက်နေတာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အမေတို့က ခေါ်လို့ ချက်ချင်းပြန်မဖြေရင် စိတ်ပူနေမှာစိုးလို့ ပြန်ခေါ်တာ။ ညကျ ပြန်ခေါ်လိုက်မယ်။ ဟုတ်လား။ ကျွန်တော် ခေါ်ဖြစ်အောင် ခေါ်မှာ၊ စိတ်ချ။ ဒါပဲ၊ ဒါပဲ´

ဖုန်းနှင့်အတူ သက်ပြင်းကြီးကြီးပါ တစ်ပါတည်း ရောချသွားသော သူငယ်ချင်းကိုကြည့်ရင်း ကိုယ်တိုင်လည်း သက်ပြင်းချမိသွားပါသည်။

နားလည်မှု (၂)

တပြည်တရွာ အလုပ်လုပ်ရန် ထွက်မလာမီ မိသားစု အစည်းအဝေးထိုင်နေကြသည်။ သုံးပွင့်ဆိုင်တွေ၊ ရင်ကြားစေ့တွေ လောက်တော့ `ပျင်း,သနား´သွားမည်။ ဒူးတိုက်တွေ၊ နဖူးတိုက်တွေ အကုန်ပါသည်။ ရှုစားကြပါဦး။

`နင့်ဟာက ဖြစ်ရော ဖြစ်နိုင်လို့လား။ သူများတကာ သွားကြ၊ လုပ်ကြတယ်ဆိုတာ ဟိုမှာ အလုပ်တို့ အကိုင်တို့ ရပြီးသားတွေ။ နင်က ကိုယ့်ဘာသာ သွားရှာမယ်ဆိုတော့ ဘယ့်နှယ်ဟာတုန်း´

`သူငယ်ချင်းတွေလည်း ဒီလိုပဲ သွားကြတာပဲဗျာ။ ရနိုင်လို့ပါ´

`ဟဲ့ လမ်းပေါက်လမ်းစ မရှိလို့မှ နင် ဒီလောက်ကြာနေတာလေ၊ ဒီမှာတင် ရတဲ့အလုပ်လေး ၀င်လုပ်နေပါ ဆိုတော့လည်း အဖြစ်ရှိအောင် မရှာ။ ရန်ကုန် ကုန်ကျစရိတ်ဆိုတာ သေးတာမဟုတ်ဘူး။ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများ မျက်စိနောက်အောင် မနေရင် တ၀မ်းတခါးတော့ ဖြစ်အောင် နေလို့ရတယ်။ အသက်ကလည်း မငယ်တော့ဘူး။ ဒီလိုဖြစ်နေတာ ဣနြေ္ဒမရဘူးဟဲ့။ ပြန်ခဲ့တော့´

`ဟာ … မမကြီးကလည်း၊ ကျွန်တော်တို့ သိသလောက်တော့ သူဂျီး(ချေး)များလို့ အလုပ်မရတာမှ မဟုတ်တာ။ တော်ရုံတန်ရုံ အလုပ်ရှင်တွေက အဲဒီလောက် တတ်တဲ့လူတွေ ငါတို့ဆီမှာ အလုပ်လုပ်ရင် မြဲမှာ မဟုတ်ဘူးဆိုတာနဲ့ မရနိုင်တော့ဘူးလေ။ ရမယ့်လစာကလည်း survive ဖြစ်ဖို့ မလွယ်ဘူး။ တအားကောင်းတဲ့ ရေနံကုမ္ပဏီတွေကျပြန်တော့ သူလုပ်လာတဲ့ Experience တွေနဲ့က မလုံလောက်ပြန်ဘူး။ ဒီလို ဖြစ်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး မမကြီးရဲ့´

`အဖေမြင်တာကတော့ ကျောင်းပြီးခါစတုန်းကလည်း နိုင်ငံခြားသွား၊ ကျောင်းဆက်တက်မယ်ဆိုပြီး လုပ်နေတာမြင်တာပဲ။ ရသလား/ မရသလား၊ ဆိုတာကတော့ ကိုယ့်ကိုယ်နဲ့ကိုယ် အသိဆုံး။ ဟုတ်လား။ အခု အလုပ် သွားလုပ်မယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ လိုအပ်သလိုမျိုးပဲ၊ ဟိုမှာရှိမယ့် အလုပ်ခွင်အခြေအနေတို့၊ အလုပ်ရှင်တို့ ဆိုတာကိုလည်း နားမလည်ချင်လို့ မရဘူး။ ပိုပြီး ပင်ပန်းမှာ။ ကိုယ့်ဘက်က တစ်ခွန်းအပြောခံရစရာ မရှိအောင် နေနိုင်လုပ်နိုင်မှ ဖြစ်မှာ။ အဲဒါရော သိသလား၊ နားလည်လား´

`အဖေရာ။ သူများတကာ မော်တာနဲ့ရေတင်နေတဲ့အချိန်မှာ သမီးတို့က လက်ခုပ်နဲ့ရေသယ်နေရတာပါ။ ဒီ့ထက်တော့ ထူးပြီး မပင်ပန်းနိုင် တော့ပါဘူး။ ခုလည်း စုမိဆောင်းမိလေး ဖြစ်လာရင် ရေပုံးလေး၊ ရေစည်လှည်းလေးလောက် ဖြစ်လာအောင်လို့ပါ။ ပြီးတော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးနဲ့ ရပ်တည်လို့ရတယ်ဆိုတာ ယုံကြည်တာကြောင့်လည်း ပါပါတယ်။ ဒီမှာ ရပ်လို့မရပေမယ့် ဟိုမှာ ရပ်လို့ရမှာပါ။ နားလည်ပါတယ်။´

`ဩ၊ ယုံရလောက်သားပဲ။ နင့်စကား နင်ပဲ ပြန်စဉ်းစားစမ်းပါဦး။ ဒီမှာတောင် လူမြင်ကောင်းအောင် အလုပ်တစ်ခုမလုပ်နိုင်ဘဲနဲ့ ဟို အထိသွားပြီးများ အလုပ်လုပ်ဦးမတဲ့။ ငါ အပြတ်ပြောထားမယ်နော်။ အားအားယားယား အပျင်းသွားဖြေရလောက်တာတွေ အားကျဖို့ စိတ်ကူးရင် ပြန်လာဖို့ စိတ်ကူးထဲတောင် မထည့်နဲ့။ ရှင်းလား။ ဒါပဲ´

အရှင်းဆုံး ရာဇသံ ပေးပြီးသည်နှင့် အမကြီးက ဆံထုံးကို ခပ်ဆောင့်ဆောင့် ပြင်ထုံးရင်း အိမ်ခန်းထဲ ၀င်သွားသလို အဖေက ဘုရားခန်းဘက် လှည့်ရင်း သက်ပြင်းချသည်။ အမလတ်နှင့် ယောက်ဖက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကိုယ့်ဘက်ကို ပြိုင်တူ လှည့်ကြည့်သည်။ ဒီစက္ကန့်ပိုင်းသည် အသက်ရှူရ အပင်ပန်းဆုံး ဖြစ်ချိမ့်မည်။ နားလည်ရတာတွေ များလှချည့်လေ။

********                                         ******************                                                  ***********

ရပ်တည်ရာ အနေအထားတွေ ကွာခြားသလို နားလည်မှုတွေ ပြောင်းလဲသွားလျှင်လည်း တစ်မျိုးတော့ အဆင်ပြေမည်ထင်ပါသည်။ တချို့ကလည်း `ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည့်အတူတူ တော်ရာမှာ ပျော်တာပဲ ကောင်းပါတယ်´ဟု ဆိုသည်။ တချို့က `ပျော်သည်ဖြစ်ဖြစ်၊ မပျော်သည်ဖြစ်ဖြစ် သင့်တော်တဲ့ ရလဒ်တစ်ခု ထွက်တာပဲ၊ တော်ပြီပေါ့´ ဟု မှတ်ချက်ပြုသည်။

အိမ်ကလူတွေ ဒီလိုတော့ဖြင့် နားလည်စေချင်မိသေးသည်။

ဆင်ခြေ၊ ဆင်လက် ၊ ဆင်နားရွက်

ခုတလော စာလည်း မရေးဖြစ်၊ ဘလော့တွေလည်း မလည်ဖြစ်။ Reader ယူထားသမျှကိုသာ တိတ်တိတ်ဆိတ်ဆိတ် ဖတ်ဖြစ်သည်။ Bro. DBA က အလုပ်များနေသလားဆိုပြီး လှမ်းမေးသည်။ (အထင်ကြီးခံရ နည်းသလားနော် 😛 ။ ငြိမ်နေလိုက်ရင် ကောင်းမည်ထင်သည်။) အလုပ်ကတော့ ထူး၍ များမလာပါ။ Draft Post တွေသာ များသထက် များလာပါသည်။ (ကြိုတင် လေသံပစ်ထားတာပါ။ ဘယ်စာတစ်ပုဒ်ကိုမှ အဆုံးမသတ်နိုင်တာ အတော် ဆိုးပါသည်။)

ရုပ်ရှင်ကားတွေကို Download ချပြီး ကြည့်ဖြစ်သည့်အခါ စာရေးချင်စိတ်ပေါ်မိပါသော်လည်း အားလုံးကို ၀ါးတားတားပဲ မှတ်မိသည့်အတွက် မရေးဖြစ်တော့ပါ။ (Side Bar မှာ သူများတွေ သွားလည်နိုင်ရန် လမ်းညွှန်သလိုလိုနှင့် ကိုယ်ချည်း သွားကြည့်နေမိတာပါ)

စုံစီနဖာလေးများ စာမျက်နှာမှာ ဖြည့်ရန် ကြံပါသေးသည်။ WordPress က ကတ်ဖဲ့တိုက်နေသလားမှတ်ရသည်။ တစ်ခုမျှ အကောင်အထည် မမြင်ရ။ (Blogspot က ကလိချင်တိုင်း ကလိလို့ရသေးသည်)

ရှားရှားပါးပါး ကျောင်းတူ-ဘလော့ဂါ-သူငယ်ချင်းများက Tag ရန် ကြံစည်ကြ၏။ ကောင်းပါသည်။ ကိုယ့်ဘလော့လေးကို နာမည်ပေးထားပုံ အစောကြီးကတည်းက ရေးမိထားတာ နည်းနည်း နှမြောသွားသည်။ သူတို့ကိုလည်း တောင်းပန်လိုက်ရသည်။ ခုတော့ အသစ်ပြန်ဖြစ်အောင် လုပ်လို့လည်း မရတော့ပါ။

လတ်လျားလတ်လျား လျှောက်သွားမည် ကြံသောအခါ ပြည်တော် ခဏပြန်မည့်သူငယ်ချင်းနှင့် အိမ်ကို လူကြုံပေးရန် ပစ္စည်းဝယ်ဖြစ်သည်သာ အဖတ်တင်သွားသည်။ Post တစ်ပုဒ်ထွက်မလာ။ (ပိုက်ပိုက်ကုန်သလို စိတ်ပါကုန်သွားပါသည်။ Bro. DB တို့လို သွားဖြစ်လျှင် ၀ိတ်ကျ သွားမည်ဟု မျှော်လင့်မိပါသော်လည်း…….. Shopping Mall ၀င်္ကပါများကို ၁၆ ခေါက်ထက်မနည်း ပတ်ပြီးသောအခါ energy လုံးဝ မကျန်တော့သလောက် ဖြစ်သွားသဖြင့် စိတ်လျှော့လိုက်ရပါသည်)

ပတ်ဝန်းကျင်မှာ မြင်မြင်သမျှကို ကန့်လန့်တိုက်ချင်စိတ်ပေါက်နေသော အခါများတွင်လည်း စာ ကောင်းကောင်း ရေးမရတတ်ပြန်ပါ။ တစ်ယောက်တည်းမှ ဖြစ်နေသော စိတ် အချင်းချင်း ခလုတ်တိုက်မိသောအခါ စာ ချောချောမွေ့မွေ့ မထွက်သည့်အတူတူ မရေးတာကမှ ကောင်းပါမည်ဆိုပြီး တိတ်တိတ်ပဲ နေလိုက်မိပါသည်။ Mr. Republic ကတော့ ဆူညံသော တိတ်ဆိတ်မှုကို အသားကျသွားပြီး အဆင်ပြေပြေ ယစ်မူးနေပုံရ၏။ ဘာသံမျှ မကြားရတာ ကြာပေါ့။ (အမှုလှမ်းတွဲလိုက်ပါသည်။ သူကတော့ ရိုး…ဟိုး…. ဟိုး… နေလောက်ပါပြီ 😀 )

နောက်ဆုံး၏ နောက်ဆုံးတွင် ရှိစုမဲ့စု အင်အားလေးကို ဖြစ်ညှစ်ပြီးသကာလ ကိုယ့်ဘာသာကိုယ် ဖြေသိမ့်သော၊ ဖြေရှင်းသော ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တို့ဖြင့် ပို့စ်တစ်ပုဒ်တင်လိုက်ပါပြီ။ နောက်များ  မကြာမီ ဆက်လက်၍ အကြွေးများ ရှင်းလင်းပါမည့်အကြောင်း ထပ်လောင်းတောင်းပန် အပ်ပါသည်ခင်ဗျား။

ကိုယ့်အကြောင်းနှင့်ကိုယ်

`အဲဒီလူပေါ့ဗျာ…. ဟို ကိစ္စတုန်းက …. သိတယ်မဟုတ်လား´
`ဒီလူ သူ့သမိုင်းသူ ရေးသွားမှာပါကွာ။ အပူမရှာစမ်းပါနဲ့´

***                                                 ***                                                      ***

`ခင်ဗျားတို့ သိထားဖို့က ပြဿနာတစ်စုံတစ်ခု ပေါ်လာပြီဆိုရင် အဲဒီ ပြဿနာထဲမှာ ခင်ဗျားတို့ကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်း ပါတယ်ဆိုတာပဲ´(ရှေ့မှ Management ဆရာ၏ ရှင်းပြနေသံ)

`ပြဿနာရှိနေတယ်ဆိုတာကို လက်ခံမှ ပြဿနာဆိုတာ ရှိမှာဟ။ အဲဒါကိုက ပြဿနာပဲ´

`ဆရာကလည်း ပြဿနာမရှိတာကို ပြဿနာလုပ်ခိုင်းနေတယ်ဟာ´ (နောက်မှ သင်တန်းသားများ၏ ဆွေးနွေးချက်များ)

***                                              ***                                          ***

ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသွားခဲ့သော စာတမ်းများစွာ စာအုပ်အဖြစ်ရောက်လာခဲ့သလို ရောက်မလာခဲ့သည်များလည်း မနည်းပါ။ ဆရာကြီးက သမိုင်းမှတ်တမ်းများစွာ ရေးခဲ့သလို သူ့သမိုင်းကိုလည်း သူကိုယ်တိုင် ရေးသွားခဲ့ပါသည်။ ဆရာကြီး၏ သမိုင်းမှာ ပါဝင်နေသော အခြားသူများ သူတို့သမိုင်းကို သူတို့ရေးထိုးသည့်အခါ ဆရာကြီးပါဝင်သွားသော သမိုင်းအစိတ်အပိုင်းများလည်း သူတို့ဆီမှာ တွေ့ပါလိမ့်မည်။

အမေ လူထု ဒေါ်အမာ၏ စာများကို နှစ်နှစ်သက်သက် ဖတ်ဖြစ်ပါသည်။ ခေတ်၏သမိုင်း၊ ခေတ်အလိုက် လူ့အဖွဲ့အစည်း၏သမိုင်းများကို လေအေးလေးနှင့် ပြောသွားတတ်သော အမေဒေါ်အမာသည်  သူ့သမိုင်းကို သူရေးသွားပါသည်။ သူ့သားများ၏ဘ၀၊ သူ့ခင်ပွန်းသည်၏ဘ၀၊ သူ့ရေးဖော်ရေးဖက် စာပေလောကသား များ၏ဘ၀ …. ဒါတွေကရော သူ့သမိုင်းကို တစ်စိတ်တစ်ဒေသ ရေးဖွဲ့ခြယ်မှုန်းသွားသည်ပဲ မဟုတ်ပါလား။ သူ့ပတ်ဝန်းကျင်မှ အခြားသူများတွင်လည်း အမေဒေါ်အမာ ပါဝင်ဆေးဖြည့်သွားသော စုတ်ချက်တွေ တွေ့နိုင်တာပါပဲ။

ထင်ရှားကျော်ကြားသူများမှ မဟုတ်ပါ။ လူအားလုံးသည် လူ့အဖွဲ့အစည်းထဲမှာ သူတို့ပါဝင်သော အခန်းကဏ္ဍများကို ဆေးရောင်ဖြည့်သွင်းရင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သမိုင်းကို ပါဝင်ရေးထိုးကြခြင်းဖြစ်ပါသည်။ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ စီးပွါးဖက် တရားပြိုင်… အားလုံးသည် လူ့အဖွဲ့အစည်း၏ မှန်ကူကွက်များချည်းပဲ ဟု မြင်ပါသည်။ ကိုယ့်သမိုင်းကိုယ်ရေးကြသလို ကိုယ့်ပတ်ဝန်းကျင်၏ သမိုင်းကိုလည်း ရေးနေကြသည့်အကြောင်း လက်ခံဖို့လိုမည်ထင်ပါသည်။

လောလောဆယ် ဖတ်ဖြစ်သော မောင်ထွန်းသူ မြန်မာပြန် `ဇာစ်မြစ်´ နှင့် မောင်ဝံသစုစည်းသော `သမ္မတကတော်၏ ဘ၀ခရီး´ စာနှစ်အုပ်ကို အခြား ဖတ်ထားမိသမျှ အတ္ထုပ္ပတ္တိများနှင့် ပူးပေါင်း၍ အစာခြေမိသောအခါ ယခုလို အတွေးမျိုးတွေးမိခြင်း ဖြစ်ပါသည်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကဖြင့် ဘယ်သို့ဘယ်ပုံဟု ပြောဆိုသည့်အခါတိုင်း ကိုယ်တိုင်ပါဝင်နေသော ပတ်ဝန်းကျင်၏သမိုင်းကို ကိုယ်လည်း ရေးမိနေကြောင်း သတိပြုမိနိုင်ပါသည်။

`ကိုယ့်သမိုင်းကို ကိုယ်ရေးခြင်း´ ဖြစ်စဉ်သည် `ပြဿနာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုယ်ပါဝင်နေခြင်း´ နှင့် ယှဉ်တွဲဖြစ်တည်နေကြောင်း၊ `ကိုယ့်အကြောင်းနှင့်ကိုယ်´ တွေးမိသမျှ ဒီလောက်ပဲ ရေးနိုင်လိုက်ပါသည်။ စိတ်ချမ်းသာအောင် `ကျကျမ်း´သွားဖတ်လိုက်ပါဦးမည်။ 🙂

Utility ပြီးတော့ Utilized

ပထမတစ်ခုကို အသုံးချနိုင်မှုဟု ခေါ်မလားတော့ မသိ။ နောက်တစ်ခုက အသုံးချခံရခြင်း ဖြစ်မည်ထင်သည်။ ရုံးမှာ Utility Bill ဆိုလျှင် လျှပ်စစ်မီတာ၊ ဖုန်း၊ ရေ သုံးမျိုးစလုံးပါလေ့ရှိသည်။ ပြီးတော့ Gas, Internet အဲဒါတွေလည်း ပါသည်။

ဒီ အင်တာနက် ဆိုတာကြီးသည် Utility တစ်မျိုးဖြစ်၍ သုံးတာကတော့ သုံးကို သုံးမှဖြစ်ပါမည်။ ကိုယ်မသုံး၊ ကိုယ်ရှုံးတာပေါ့။ ဒီလို လစဉ်ငွေကြေးအနည်းငယ်သွင်းရုံမျှဖြင့် အတော် သုံးပျော်၊ စွဲပျော်သော အင်တာနက် လိုင်းတစ်လိုင်း ရရှိနိုင်သော နေရာမျိုးတွင် အခြား အကြောင်းတွေ  လျှောက်စဉ်းစားနေလျှင် ကိုယ်လုပ်ချင်တာ မလုပ်ရရုံသာ ရှိပေမပေါ့။ ဒါမှမဟုတ်လည်း ရွှေပြည်ကြီးမှာ ပြန်ပြီး အဲဒီ အင်တာနက် ဆိုသဟာကြီးနှင့် ကင်းလွတ်သော တစ်စုံတစ်ခုကို ရှာကြံလုပ်နေပေါ့။ (ကိုယ့်ကိုယ်ကို အားပေးတာပါ။ ခုထိတော့ စဉ်းစားမရသေးပါ။) ဒီစိတ်ဖြင့် အင်တာနက် လိုင်းတစ်လိုင်း ယူပါသည်။

ဟုတ်ကဲ့၊ အဲဒီ အင်တာနက် လိုင်းလေး ရပြီး ဘာများ သုံးဖြစ်ပါသလဲ။ သိတော်မူကြသည့်အတိုင်း ဘလော့တွေ ဖတ်ဖြစ်ပါသည်။ ချက်တင်တွေ ၀င်ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ၀ါစာကမာ သုံးလေးငါးပုဒ်ရေးဖြစ်ပါသည်။ ဒါပဲလား……… အခု သူများပေးသည့် လမ်းညွှန်အရ အဝေးသင် ကျောင်းသားလက်သစ် လုပ်နေပါသည်။ ဒါပဲလား ……….. ဒါပါပဲ။ ကိုယ်ကတော့ ဒီမှာပဲ လမ်းဆုံးပါသည်။ ပြောချင်တာက Utility ရှိသည့်အခါတိုင်း utilized အပြည့်အ၀ ဖြစ်သွားတာမျိုးတော့ မဟုတ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လူမှုရေးတွေကို အထိုက်အလျောက် အကူအညီ ရတာ မှန်သော်လည်း အဲဒီ လူမှုရေး အကျိုးအမြတ်တွေကို ကိုယ်တိုင်က ပြန်ပြီး အသုံးမချတာများသော အကျင့်ရှိပါသည်။ သုံးသည့်သူတွေကတော့ သုံးပါသည်ခင်ဗျား။

ရှင်းပါမည်။ ကိုယ်ရေးသောစာ၊ ကိုယ်ပြောသောစကားကို တာဝန်ခံသူတစ်ဦးအနေဖြင့် ရေးပြီးသမျှကို ဝေဖန်ခဲ့လျှင် လက်ခံနိုင်ရန် ပြင်ဆင်ထားပါသည်- ဒါ ဘလော့ဂါများ၏ လက်စွဲ၊ မူဝါဒ၊ ကျင့်ဝတ်ဆိုကြပါစို့။ ကိုယ်ရေးထား၊ ပြောထား၊ တွေးထားတာလေးတွေကို လူတွေ စိတ်ဝင်စားကြလျှင် အလွန် ၀မ်းမြောက်ပါသည်။ ထို့ထက်ပို၍ စိတ်ဝင်စားသူများက နှုတ်ခွန်းဆက်သွား၊ ဝေဖန်သွားလျှင် အတော်ကြီးကို မနေတတ်မထိုင်တတ်ဖြစ်အောင် ၀မ်းသာပါသည်။ (ကိုယ့်အကြောင်းကိုယ်ပြောနေတာပါ) ကိုယ်ပြောတာတစ်မျိုး၊ ဝေဖန်သူက တစ်မျိုးမြင်သွားလျှင် ကိုယ်ရေးတာ မပေါ်လွင်လို့ဟု မှတ်ပါသည်။ ထို့ထက်မကခဲ့လျှင်လည်း သူနဲ့မှ သဘောချင်းမတိုက်ဆိုင် တာပဲလေဟု တာဝန်ငြိမ်း နှလုံးသွင်းပါသည်။ လိုအပ်သည်များကို ညွှန်ကြားသွားပါကလည်း လက်ခံသင့်လျှင် လက်ခံရန် ကိုယ့်ကိုယ်ကို ဆုံးမထားပါသည်။ ကိုယ်က ခုမှ မူကြိုကိုး။

နောင်တော့်နောင်တော်များ၏ ဘလော့များထံ အလည်သွားသည့်အခါ တိတ်တိတ်ဆိတ်ဆိတ် လည်ဖြစ်တာ များပါသည်။ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ရွှင်ရွှင် အုပ်လိုက်၊ သင်းလိုက်ရှိနေသော ဘလော့ဂါများကို မြင်ရသည့်အခါ ကိုယ်တိုင်လည်း ဘာရယ်မဟုတ် အလွန်ပျော်ပါသည်။ ကိုယ်တိုင်ကမူ ဘယ်အဖွဲ့ အသင်းနှင့်မျှ မဆက်စပ်မိလှ။ သို့သော်- အုပ်စုလိုက် ချိန်းပွဲချသကဲ့သို့ ဖြစ်နေသော ကွန်မန့်တိုက်ပွဲများကို မျက်စိလည်လမ်းမှားပြီး မြင်ရသည့်အခါ ထို ပျော်စရာစိတ်လေးများ ကုန်ပါလေရော။ ငါ့အမြင်ငါပြောတာ ဘယ်သူ့ဂရုစိုက်ရမတုန်း-ဆိုသော ဆရာများ၊ ငါ့ဆရာပြောတာ မှန်မှမှန် ၊ ဘယ်သူခံပြောဝံ့သတုန်း-ဆိုသော တပည့်များ၊ ကြုံတုန်း ၀င်တွယ်သွားမှ၊ ဒီဆရာ့တပည့် အထင်ခံရနည်းလား-ဆိုသော ‘ကြုံတပည့်’များ၊ ဒီရိုက်ချက်က အမိုက်စား၊ ဒီလိုလူမျိုးရဲ့ ဆရာ အထင်ခံရနည်းလား-ဆိုသော ‘ထင်ဆရာ’များ၊ ဒီလို ဆွမ်းကြီးလောင်းမျိုးမှာမှ ၀င်မနွှဲလျှင် လူစဉ်မီမှာမဟုတ်၊ နွှဲလိုက်ဦးမည်-ဆိုသော ‘ကြုံတိုင်း’များ ………………… ထိုထိုသော ရိုက်ချက်၊ နှက်ချက်၊ ဗျင်းချက်၊ တီးချက်များကြားတွင် မူရင်း စာပိုဒ်များသည် အလိုအလျောက် ဖုံးလွှမ်းခံကြရရှာလေသည်။

ဘလော့ဂင်းကြရာတွင် ရည်ရွယ်ချက် မျိုးစုံ ရှိကြပါမည်။ utility တစ်မျိုးဖြစ်၍ ဒါလေးမှတစ်ဆင့် အခြားအခြားသော အကျိုးရလဒ်များရအောင် သုံးကြပါမည်။ အရှင်းဆုံး အသုံးချခြင်းအနေဖြင့် ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အရေးများကို ပြောဖြစ်၊ ရေးဖြစ်ကြ၊ ကိုယ်သိသမျှကို မျှဝေကြပါသည်။ ပိုမို အဆင့်မြင့်သော အသုံးချခြင်းအဖြစ် ရွှေပြည်ကြီးအတွက် တစ်စုံတစ်ခု ရည်ရွယ်သော အကြောင်းအရာများကို ပြောကြ၊ ရေးကြ၊ ဆွေးနွေးကြပါသည်။ အားရှိစရာကောင်းပါသည်။ အင်တာနက်ပေါ်မှ ရနိုင်သော လွတ်လပ်မှုကို အစွမ်းကုန် အသုံးချကြပါသည်။ ရွှေပြည်ကြီးထဲက လူများ အဲဒီလို လွတ်လပ်နိုင်လျှင် ပို၍ ပို၍ ကောင်းပါမည်။ အဲဒီလွတ်လပ်မှုသည် ကိုယ်ပိုင်တာဖြစ်ကြောင်း သိပြီး ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန် စိတ်ကူးပေါက်လာလျှင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ဒါပေသိ အဲဒီ ‘လွတ်လပ်သော’ ဆိုတာကြီးကကို ကျိန်စာသင့်နေသလား မပြောတတ်ပါ။ ဒါကြီးအကြောင်း ဆွေးနွေးကြတိုင်း ဘယ်က ထွက်ထွက်လာမှန်းမသိသော ခါတော်မီ လွတ်လပ်ရေးဆရာများက လွတ်လပ်စွာကွဲလွဲခွင့်ကို အကာအကွယ်ယူကာ လွတ်လွတ်လပ်လပ်ကြီး ဆွမ်းကြီးလောင်းကြပါသတည်း။

မင်းက ဘာမို့လို့တုန်း-ဟုမေးလျှင် ဘာမှမဟုတ်ပါဟု အမှန်အတိုင်း ဖြေပါမည်။ ကိုယ့်လို ဘာမှမဟုတ်သူများ အများကြီးရှိသော ဒီမြေမှာ ကိုယ်က ဒီကိစ္စကို အရေးမလုပ်ပါ။

ကိုယ့်တိုင်းပြည်ကောင်းစားရေးနောက်ထား၍ ကိုယ့်မိသားစုပင် မကောင်းစားသေးပါ။ အသက်ရှူချောင်မည် ကြံရုံရှိပါသေးသည်။ ကိုယ့်မိသားစု တည်တည်ငြိမ်ငြိမ်လေး နေထိုင် ရပ်တည်၍ ရနိုင်လောက်သော အနေအထားရလျှင် အိမ်ပြန်ပြီး စာသင်စားမည်ဟု စိတ်ကူးရှိပါသည်။

ပိုက်ပိုက်ရှိလျှင် ပညာရေးသုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောင်မည်ဟု စိတ်ကူးယဉ်ပါသည်။ ထောင်ပြီးသား ရန်ပုံငွေ ဆိုသဟာတွေက နိုင်ငံတော်တနံတလျား သုံးစရာတွေက အများသားကလား။ သူငယ်ချင်း ကျူရှင်ဆရာများကို မေးမကြည့်ရသေးပါ။

ဒီအင်တာနက် ဆိုသဟာကြီးကနေ ဘာတွေ၊ ညာတွေ လေ့လာပြီး ပြန်မျှဝေမည်ဟုလည်း စိတ်ကူး ကြီးကြီးမားမား ရှိပါသည်။ အခု ကိုယ်တိုင် ဖိုရမ်တွေဝင်ပြီးလေ့လာတော့ ကိုယ်ဘာမှ မသိသေးတာတွေပဲ တွေ့ပါသည်။

ကိုယ်ကြိုက်တာလေးတွေ့လျှင် ကိုယ့် Reader လေးထဲ ကိုယ်မှတ်ကာ တိတ်တိတ်လွတ်လပ်တာက အုပ်စုတိုက်ပွဲများနှင့် ကင်းလွတ်ပါသည်။ တစ်ကိုယ်တော် သွားသော ခရီးမို့ လွတ်လပ်ခြင်း အရသာကို အတော်ကြီး ခံစားရပါသည်။ ကိုယ့်လွတ်လပ်ခွင့်ကလေးကို ကာကွယ်ရန် ကိုယ့်တာဝန်ဖြစ်သည့်အတွက် မျက်စိနောက်စရာ မဖြစ်ရအောင်တော့ ထိန်းထိန်းသိမ်းသိမ်း နေရပါသည်။ ကိုယ်က ဘာကောင်မှ မဟုတ်သည့်အတွက် ကိုယ့်အတွက် ဆရာလည်း ပေါ်မလာတော့၊ တပည့်လည်း ပေါ်မလာတော့။ ဘယ့်ဂလောက်များ အေးချမ်းလိုက်ပါသနည်း။ လူမှုရေးအကျိုးအမြတ်ကို မသုံးသ၍ ဒီလိုအခြေအနေလေး တည်မြဲနေနိုင်လောက်ပါ၏။ အစက ပြောခဲ့သကဲ့သို့ပင် ကိုယ်မသုံးတော့ ကိုယ်ရှုံးတာပေါ့လို့ ဒီတစ်မျိုးတော့ မယူဆချင်ပါ။ လူမှုရေးအမြတ်မထုတ်တတ်တာ ကောင်းသည်ဟု မိဘများက ဆုံးမထားတာ ဒါလေးတစ်ခုတော့ ကိုယ်တိုင်လည်း လက်ခံထားပါသည်။ တော်ကြာ ကိုယ့်ကိုပါ utilized လုပ်သွားမှာ ကြောက်လှပါသည်ခင်ဗျား။

(ကြောက်ကြောက်နဲ့ တင်တဲ့ ပို့စ် ပါ။ မနေနိုင်လွန်းလို့သာ တင်ရတာ။ ကိုယ်ရပြီးသား လွတ်လပ်ခွင့်လေးကို ခုခံ ကာကွယ်ဖို့ အတော်ကို ကြိုးစားပမ်းစား ရုန်းကန်ရမယ်နဲ့ တူပါရဲ့။)

ပဋိပက္ခကမ္ဘာကြီး, In the Hot Zones & Solo-Journalism

MPH ကနေ နှစ်ကုန်ခါနီး ဈေးချရောင်းတဲ့ Warehouse Sales @ Expo’ မှာ ရှာတွေ့ခဲ့တဲ့ စာအုပ်ပါ။ ဈေးအတော်ချထားလို့ ၀ယ်ဖြစ်ပါတယ်။ (စာအုပ်ကို အင်မတန်ချစ်တဲ့ မိဘအမွေကို ကျွန်မက တစ်ဝက်တစ်ပျက်ပဲ ဆက်ခံတာပါ။ 😀 )

စာအုပ်က ပေးချင်တဲ့ အကြောင်းအရာကို မတွေးမိ။ မဖတ်မိသေးခင် စာအုပ်နဲ့ စာရေးသူရဲ့ နောက်ခံသမိုင်းကို အရင် ဖတ်ဖြစ်ပါတယ်။ စာရေးသူ Kevin Sites ရဲ့ နှစ်တစ်နှစ်စာ ကာလအတွင်း ကမ္ဘာအနှံ့မှာ ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာမျိုးစုံကို ရောက်ရှိပြီး တစ်ကိုယ်တော် ဗီဒီယိုသတင်းတွေ ပေးပို့ခဲ့တဲ့ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ်အဖြစ် စုစည်းထားတာပါ။ တစ်ကိုယ်တော် Video သတင်းသမားအဖြစ် ဆောင်ရွက်ခဲ့တဲ့ စာရေးသူဟာ အဲဒီအချိန်ကာလအတွင်းက သတင်းမှတ်တမ်း ဗီဒီယိုကလစ်တစ်ခုအတွက် စာနယ်ဇင်း ဂုဏ်သိက္ခာဆိုင်ရာ ဆုတွေဖြစ်တဲ့ ‘စာနယ်ဇင်းဆိုင်ရာ ဖြောင့်မှန်မှုနှင့် သတ္တိရှိမှုအတွက် Denial Pearl‘ ဆုနဲ့ ‘စာနယ်ဇင်း ကျင့်ဝတ်ဆိုင်ရာ Payne Award‘တို့ကို ရရှိခဲ့ပါတယ်။ သူဟာ အမေရိကန် နိုင်ငံသားဖြစ်ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ ပြဿနာဟာ အမေရိကန် မရင်းတပ်ရဲ့ အီရတ်စစ်ပွဲအတွင်းဖြစ်ရပ်တစ်ခုရဲ့ မှတ်တမ်းက စတာပါ။

မြန်မာစာနယ်ဇင်းသမားတွေရဲ့ ဘ၀ကို မြန်မာဒါရိုက်တာ မောင်ဝဏ္ဏက ခုနစ်စဉ်အလွမ်းမှာ သရုပ်ဖော်ပါတယ်။ ဒီ့အရင်က ပေဖူးလွှာမဂ္ဂဇင်းမှာ စာဖတ်သူအကြိုက်စာညွှန်းဆောင်းပါးတွေ ရေးခဲ့တဲ့ အချိန်က ဆရာဦးအောင်သင်း ညွှန်းခဲ့တဲ့ စာပိုဒ်တွေမှာလည်း စောင်းပါးရိပ်ခြေ ထည့်သွင်းပြထားတာ တွေ့ရဖူးပါတယ်။ အခု လတ်တလော အခြေအနေတွေကတော့ ပြောနေစရာတောင် လိုမယ်မထင်တော့ပါဘူး။ ဂျာနယ်ကျော်ဦးချစ်မောင်၊ မိုးကြိုးဦးအုန်းခင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ ကြေးမုံဦးသောင်း၊ ဟံသာဝတီဦးဝင်းတင်၊ လူထု ဦးစိန်ဝင်း၊ ပြည်သူ့မျက်လုံး၊ ပြည်သူ့နားတွေအဖြစ် တာဝန်ကျေခဲ့၊ တာဝန်ကျေဆဲ၊ တာဝန်ယူဆဲ စာနယ်ဇင်းသမားများစွာ ရင်ဆိုင်နေကြရတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ပြဿနာ……………..

ဒီစာအုပ်မှာ ကျွန်မတို့ မြန်မာပြည်အကြောင်းလည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ အင်ဒိုနီးရှားက ဘန်ဒါအာချေးဒေသ၊ ထိုင်းက ဖူးခက်ဒေသတွေကို အဓိက ပျက်စီးစေခဲ့တဲ့ ဆူနာမီကာလအပြီးမှာ သူ ထိုင်းမြန်မာ နယ်စပ်ကို ခေတ္တရောက်ရှိလာခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ABSDF တို့ရဲ့ ရပ်တည်မှုတွေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို တစေ့တစောင်း လေ့လာသွားခဲ့တဲ့ အကြောင်းကို သူရေးထားပါတယ်။ သူ့ရဲ့ သုံးသပ်ချက်ဟာ အသေးစိတ် မကျသလို အတွင်းကျကျ မဖြစ်ပေမယ့် စာနယ်ဇင်းသမား မျက်စိ၊နား၊ ပါးစပ်၊ လက်… ဒါတွေက အများကြီး အထောက်အကူပြုတာ တွေ့ရပါတယ်။ အဲဒီအကြောင်းကို ကျွန်မ ဥာဏ်မီသလောက် ဆက်ပြီး မျှဝေပါဦးမယ်။ အခုတော့ မောသေးတယ်……… အလင်းရောင်ကို မမြင်ရတာ ကြာခဲ့ပြီလေ။