Current Status

ပဲကြီးလှော်ကြား ညပ်သည့် ဆားကဲ့သို့ ဖြစ်နေပါသည်။

ဂလိုရေးမိတော့ ပဲကြီးလှော်စားချင်လာသည်။ ပဲကြီးလှော် စားပြီး ရေသောက်လိုက်လျှင် ဗိုက်တင်းသွားမည်။ ပြီးတော့ မျက်လုံးစင်းလာမည်။ “ တော်တော်လေးများ စားမိလျှင် မော်တော်လေးများထွက်သလို”ဆိုသော ရထားပေါ်၊ ကားပေါ်၊ သဘောင်္ပေါ်မှာ အော်တတ်သည့် ကြော်ငြာသံလည်း ကြားယောင်သည်။ လေယာဉ်ပျံပေါ်တော့ သည်လိုအော်သံကြားရမည် မဟုတ်။လက်ထဲမှ အသားပြားညှပ်ပေါင်မုန့်ကို လက်စသတ်မျိုချပြီး ရေတစ်ကျိုက် မော့လိုက်သည်။

လောလောဆယ် ဖင်ခုထိုင်ထားသော ၀ါယာကြိုးခွေကို ညာဖက် နည်းနည်း ထပ်ရွှေ့လိုက်လျှင် နံရံမှာ တွဲလောင်းကျပြီး ပုခုံးနား ၀ဲနေသော ၀ါယာကြိုးစနှင့် နည်းနည်းပိုဝေးသွားမည်။ သုတ်ဆေးဗူးခွံပေါ်တင်ထားသော Laptop နှင့်လည်း ဝေးသွားမည်။ နောက်ထပ် ၅ မိနစ်လောက် ဒီအတိုင်း ဆက်မှေးနေချင်သေးသည်။ Continue reading

Sometimes love just ain’t enough

သီချင်းနောက်ကြောင်း ရှင်းပြရင် ပိုရှုပ်မယ်ထင်တယ်။ မရှင်းတော့ဘူးနော်။ 😛 ခုတလော Depression Fighting Battlefield ထဲ ရောက်နေလို့ပါ။

ခုတလော နားထောင်ဖြစ်တဲ့ AOL Radio မှာ သီချင်း download လုပ်ရင် ပိုက်ပိုက်ပေးစရာ လိုတယ်။  ကိုယ်က အကုန်မခံနိုင် – ဆိုတော့ ခေါင်းစဉ်နဲ့ အဆိုတော် နာမည် မှတ်ထားပြီး MP3 Raid မှာ ပြန်ရှာတာပေါ့။ တချို့ တချို့သော သီချင်းများဆို ခေါင်းစဉ်ရော အဆိုတော်ရော မေ့ထားတာ ကြာပါပြီ။ ခု AOL Radio မှာက နားထောင်နေတဲ့ သီချင်းထဲက ကြိုက်မိတာ ရှိရင် လိုက်မှတ်ထားလိုက် လို့ ရတာကိုး။ အဲဒီလိုနဲ့ သီချင်းအတော်များများကို အစဆွဲမိသွားတာပါပဲ။

ကဘွိုက်ဇ်ကို အားကျသော်ငြားလည်း ပရိသတ်ကြီးဆီက လွင့်ပျံလာမယ့် ဆုတောင်းမေတ္တာပို့သံများကို အားနာသောကြောင့် မူရင်း အဆိုတော် အသံကိုပဲ ကျေနပ်ကြပါနော်။

Icons!

Shortcut Icon တွေကို ပုံစံမျိုးစုံ မြင်ဖူးသည်။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် ပုံပြောင်း၍ ရသော Icon များရှိသလို Default ပေးထားတာကိုပဲ သုံးရသည်လည်း ရှိသည်။ သူတို့တွေသည် သီးခြား အသုံးချစရာ Software တွေကို ကိုယ်စားပြုနေကြပြီး သူတို့က တဆင့် ကိုယ်ပုံဖေါ်ချင်သော အကြောင်းအရာကို တည်ဆောက်ယူရသည်။

Icon တွေဆိုတာ ကိုယ် အသုံးချဖို့ တီထွင်ထားတာဟု ပြောနိုင်သလို Icon တွေက ကိုယ့်ရွေးချယ်မှုတွေကို ခိုင်းစေနေတာလည်း ဖြစ်တတ်သည်။ အချို့သော အယောင်ဆောင် Icon များက ဗိုင်းရပ်စ်တွေကို ကိုယ်စားပြုပြီး ကိုယ့်ကို ထင်ယောင်ထင်မှား ရွေးချယ်စေသည်။ သည်တော့ Icon တွေက တကယ်အစစ်အမှန် ဟုတ်/မဟုတ် ဆိုပြီး ဆန်းစစ်လာရသည်။ လူတွေအတွက် မြင်သာ၊ မှတ်မိလွယ်သော၊ အကြောင်းအရာတစ်ခုကို အကောင်းဆုံး ကိုယ်စားပြုနိုင်သည့် အမှတ်သင်္ကေတသည် Icon ပေါ့။

သည်လိုနှင့် ကွန်ပျူတာမျက်နှာပြင်ပေါ်မှ Icon ဆိုသော စကားလုံးသည် နေ့စဉ်လူမှုဘ၀ထဲကို မွေးစားပြောင်းလဲ ရောက်ရှိလာခဲ့သည်။ အချို့က Icon တွေကို ဖန်တီးသည်။ အချို့က Icon တွေ ဖြစ်လာသည်။ ဘယ်လှုပ်ရှားမှု၊ အဖွဲ့အစည်းရဲ့ Icon ဘယ်သူ ဆိုတာမျိုး။ အဲဒီ Icon တွေက ကွန်ပျူတာ Icon တွေထက် အများကြီး ရှုပ်ထွေးပါသည်။ သူတို့ သက်တမ်း၊ သူတို့ရရှိသော လူအများစိတ်ဝင်စားမှု၊ သူတို့လုပ်ဆောင်ရသော အကြောင်းအရာတွေက ဘယ်ခလုပ်နှိပ် – ဘယ်မီးလင်းဆိုတာမျိုးမှ မဟုတ်ဘဲလေ။ ခု ပေါ်ပြူလာဖြစ်နေသော အကြောင်းအရာသည် နောက်အချိန်အနည်းငယ်အတွင်း မှေးမှိန်ပျောက်ကွယ်သွားတတ်သည်ပဲ။

သည်လိုနှင့် အချိန်တိုင်း အလုပ်ဖြစ်ရအောင် ခလုပ်မျိုးစုံကို ကိုင်ထားနိုင်သော၊ ဘယ်တော့မှ မီးမပြတ်သည့် “ပါဝါ”ပိုင်ရှင်များကို ခေတ်တိုင်း၊ နေရာတိုင်းတွင် ရှိမြဲ၊ တွေ့ရမြဲ။ ဒါသည်ပင် အရည်အချင်းဖြစ်နိုင်ပါသည်။ ဘယ် Icon ရဲ့ နောက်မှာ ဘာတွေ လုပ်လို့ရသည်ဆိုတာ သိဖို့ပဲ လိုပါသည်။ အသုံးချသူအပေါ် မူတည်၍ ရလဒ်ထွက်ပါသည်။ Killa Kash (မြတ်ကောင်း) ၏ သီချင်းကို မုန်းသူတွေလည်း ရှိမည်။ သဘောကျသူတွေလည်း ရှိမည်။ မှန်တာတွေ အများကြီးပါသည်ဟု တွေးမိပါသည်။ Upload တင်၍ အဆင်မပြေသောကြောင့် ဖိုင်လိုက် Download လုပ်နိုင်ရန် link သာ ထည့်ပေးလိုက်ပါတော့မည်။ နားဆင်ကြည့်ကြပါကုန်။ မိုးမခမှာပါ။

ခေတ်မီလိုက်ရင် ကောင်းမလား!

ခက်တော့ အခက်သား။ စကာင်္ပူမှာ လူ ၁၄၀ ကျော် ကူးနေပြီဖြစ်သော H1N1 သည်းသည်းလှုပ်နေခိုက်မှာ ဖျားသည်။ ကွေးတော့ မကွေးပါ။ လူက မိုးတိုးမတ်တပ် သွားလိုက်လာလိုက်နှင့်။

ဇာတ်လမ်းအစ – ကြာသာပတေးနေ့နှင့် သောကြာနေ့ နှစ်ရက်ဆက်၍ Site သွားသည်။ ကြာသာပတေးနေ့ကတော့ မသိသာသေး။ တောက်လျှောက် ပင်ပန်းထားပြီး သောကြာနေ့လည်မှာ ရုံးကို ပြန်ရောက်တော့ ချွေးတွေ စိုနေရာက အဲကွန်းတန်ခိုးနှင့် ချက်ချင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားပြီး အစိုဓါတ်က နှာခေါင်းဘက် ပြောင်းရွှေ့သွား၏။ သည်အချိန်မှာ စနေနေ့ပြန်မည့် လူကြုံက ပြည်အထိ ရောက်မည်ဆိုသောအခါ — အိမ်ကို လူကြုံပေးရန် ဖုန်းဆက် မေးကာ ညနေရုံးဆင်းချိန်တွင် အပြေး အလွှား ဈေးသွားဝယ်ပါသည်။ Mustafa တွင် ဟိုဘက်၊ ဒီဘက် အဆောက်အဦးနှစ်ခုလုံးကို တက်လိုက်ဆင်းလိုက် ပစ္စည်း ရှာခြင်း၊ ၀ယ်ခြင်းများ ပြီးသည့်နောက် ည ၈ နာရီကျော်။ လူကြုံပေးခြင်းကိစ္စ ပြီးသည်နှင့် အိမ်ကို ငွေလွှဲရန် City Hall ဘက် ခြေဦးလှည့်သည်။ လူကြုံလိုချင်သည် ပြောသော ယုန်မွေးဆွယ်တာ- ပင်နီဆူလာမှာ မြင်ဖူးသလိုလိုပဲဆိုပြီး အထပ်စေ့ ပတ်သည်။ မူစတာဖာတစ်ပတ်နှင့် ညီမျှသောအခါ ခြေကုန်လက်ပန်းကျလာပြီး မတွေ့ကြောင်း အဖြေထွက်လာ၏။ သည်လိုနှင့် အိမ်ပြန်သည့် အခြေအနေဖြစ်တော့ ည ၁၀နာရီခွဲ။ အိမ်ရောက်တော့ Panadol Extra တစ်လုံး ပါးစပ်ထဲ ပစ်ထည့်ကာ မှောက်သွားသည်။ ချွေးလေး စို့ကာ နေသာ ထိုင်သာ ဖြစ်သွားသည်။ `ငါ မဖျားသေး´။

စနေနေ့မနက် နိုးလာတော့ ကောင်းကောင်း မကြည်လင်။ ရုံးမသွားချင်သော ရောဂါအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တော့ ဖျားသည့်ဘက် မလှည့်လိုက်နိုင်။ `တောင်လှည့်၊ မြောက်လှည့်နဲ့ ရုံးချိန်ပြီးသွားမှာပါ´- ကိုယ့်ကိုယ်ကို အားပေးကာ အဲကွန်းခန်းထဲ သွားငုတ်တုတ်ထိုင်လိုက်သည်။ လာလေ့- နေ့တစ်ဝက်။ ရုံးဆင်းသော် ခါတိုင်းကဲ့သို့ ပင်နီဆူလာ၊ လမ်းပြကြယ်တို့ဘက် မလှည့်နိုင်တော့။ အိမ်တန်းပြန်သည်။ ကောင်းကောင်း ဖျားရန် အရှိန်ယူသည်။ ဖြစ်ချင်တော့ တနင်္ဂနွေနေ့တွင် ဂျိုဟိုးလမ်းညွှန် ကူညီ မ,စဖူးသော ညီမလေးက မင်္ဂလာဆောင်မည်။ ကိုယ့်ကိုယ်ကို ဖျားခွင့်မပြုနိုင်ပြန်။ သည်လိုနှင့် တောက်လျှောက် ဖျားခွင့်မရရှာသော ခန္ဓာကိုယ်က တနင်္လာနေ့တွင် ဆန္ဒပြပါသည်။ ဘယ်လိုမှ မကြည်လင်ပါ။

MRT Station နှင့် ရထားပေါ်တွင် တချို့ကလေးများကို မျက်နှာဖုံးစွပ်လျက်သား တွေ့လာရသလို၊ ကလေးအမေ အချို့လည်း မျက်နှာဖုံးကိုယ်စီ နားရွက်မှာ ချိတ်လာကြသည်။ သူတို့ကြည့်ရသည်မှာ အတော်ပင် ကို့လို့ကန့်လန့်နိုင်နေပြီး သူတို့ကိုယ်တိုင်ကလည်း စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သို့ဖြင့် အချိန်များမကြာမီ သူတို့လည်း မျက်နှာဖုံးစွပ်လေးများကို ဖြုတ်သွားကြ၏။ သို့သော် အချို့အချို့သော သူများကား တာဝန်သိပြည်သူများပီသနေကြလေရာ ကိုယ်တိုင် တစ်ရှူးလေးကွယ်ကာ ဟတ်ချိုး ချေခါနီးချိန်တွင် နံဘေးမှ မျက်နှာဖုံးစွပ်များကို ကြည့်ရင်း နည်းနည်း အားနာလာပါသည်။

Today မှ `အော်သံ´ ကဏ္ဍတွင် ကလေးမိခင်တစ်ဦးက ရေးထားသည်။ “You may survive, but my son won’t”၊ သူ့သား ၁၀လသားကလေး မွေးရာပါ ရောဂါကာကွယ်မှု အားနည်းနေသောကြောင့် ဆေးရုံတက်ကာ ကုသမှု ခံယူနေရသည်။ အကယ်၍သာ ယခုအချိန် ပြင်ပမှ အခြားရောဂါများ ကူးစက် ရရှိခဲ့လျှင် မည်သို့မှ ကယ်နိုင်ရန် လမ်းမရှိတော့။ သို့ဖြစ်၍ —–  ကိုယ့်ကိုယ်ကို ဘာမှတော့ မဖြစ်နိုင်ပါဘူးဆိုပြီး လွတ်လွတ်လပ်လပ် လျှောက်သွားနေကြသော၊ မိမိကိုယ်တိုင် မသိနိုင်သည့် ရောဂါပိုးသယ်ဆောင်သူများကို သူ တောင်းဆိုထားသည်က-`ကာကွယ်ခြင်းဖြင့် ကယ်တင်ကြပါ´။

Mask သုံးခြင်း၏ ကောင်းကျိုးများအား မသိမဟုတ်၊ သိပါ၏။ သိပါသော်လည်း – မျက်နှာဖုံးစွပ် တပ်ရမှာ ဘာကြောင့်မှန်းမသိ၊ အတော် ၀န်လေးမိသည်။ ကိုယ်တိုင်ကပဲ အကြောက်အလန့် နည်းလွန်းသလား၊ ကြောက်တတ်သူဟု အထင်ခံရမည်ကိုပင် ကြောက်လွန်းသလား၊ တစ်ခုခုတော့ လွဲနေသည်။ ကွေးရဲလျှင် ကွေး- quarentine ထဲ ရောက်သွားမည် ဆိုပြီး ကြောက်တာက ပိုမည်ထင်ပါသည်။ သို့ဆိုလျှင်လည်း သူများ မျက်နှာဖုံးစွပ်သလို လိုက်စွပ်ပြီး ခေတ်မီလိုက်လျှင် ကောင်းမလား။

မည်သို့ပင်ဖြစ်စေ – အမိမြေမှာ ကိစ္စတစုံတရာရှိ၍ သတင်းထုတ်ပြန်သည့်အခါ ပြည်သူလူထု အစိုးရိမ်လွန်၊ ကြောက်လန့်ကြသည်များ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်သော သတင်းစနစ်ကို အတော်ကျင့်သားရနေသည်ထင့်။ ယခု စကာင်္ပူကျွန်းကလေးမှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးတယူ လှုပ်လှုပ်ရှားရှား လုပ်နေသည်ကိုပင် စိတ်ထဲမှာ သည်းသည်းသန်သန် ဖြစ်မလာ။ ကြောက်စရာလား။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိနေသေးလျှင် ခံနိုင်ရည်အရာမှာ ဧတဒဂ်ပေးလောက်သော `ငါဟဲ့- မြန်မာ´။

လတ်တလော သတင်းထုတ်ပြန်ချက်။

ယနေ့ ရုံးမှ ခွင့်ယူ၍ အိမ်တွင် အားရပါးရ ဖျားပါသည်။ မောင်ထွန်းသူ မြန်မာပြန် `ပီကင်း´နှင့် တက္ကသိုလ်နေ၀င်းမြန်မာပြန် `ဂေါ့ဒ်ဖားသား´အားကိုး ရှိပါသည်။ တစ်မနက်လုံးဆေးသောက်လိုက်၊ ပြန်အိပ်လိုက် လုပ်ပြီးသောအခါ အတော်လေး နေသာထိုင်သာ ရှိနေပါပြီ။ ဆေးခန်းမသွားပါ။ အကြောင်းရင်းက တုပ်ကွေးမဟုတ်ကြောင်း ကိုယ့်ဘာသာ သေချာသော်လည်း Quarentine ထဲ ရောက်မှာစိုးပြီး မသွားခြင်းဖြစ်ပါသည်။ ခေတ်မီအောင် မကွေးရဲလိုက်ပါ။ ကောင်းမလားလို့ တွေးကြည့်လိုက်တာပါပဲ။ ခုတော့-

`အားလုံးကောင်းပါသည်ခင်ဗျား´

Even if …

ဒူးရင်းသီး (ခေါ်) Esplande  နှင့် ACM (Asian Civilization Museum) ကြားတွင် Tunnel တိုတိုလေး ရှိ၏။ ပုလွေသံသဲ့သဲ့က ထိုနေရာဘက်မှ လွင့်ပျံလာနေသည်။

(ကျွန်မလည်း) Scarborough Fare စာသားတစ်ချို့ကို နှုတ်မှ ခပ်သဲ့သဲ့ လိုက်ညည်းဆိုမိရင်း သူ့ကို မိတ်ဖွဲ့သလို ပြုံးပြဖြစ်သည်။ အမျိုးသမီးက  အာရုံစိုက်မိဟန် မပြသေး။ Tunnel ပြင်ပမှ နေ့လည် နေရောင်အောက်တွင် ACM ရှေ့ မြင်ကွင်းသည် မြစ်ရေ စိမ်းစိမ်း၊ မြက်ခင်းစိမ်းစိမ်း၊ သစ်ပင်ရိပ်စိမ်းစိမ်းတို့ဖြင့် အေးမြနေသည်။ သူမှုတ်နေသည့် သံစဉ် အဆုံးပိုင်းတွင် စိတ်တိုင်းမကျဟန် မျက်ခုံးတစ်ချက်တွန့်သွားပြီး ရပ်သွား၏။ ရေဗူးလေးဘေးမှ ချထားသောအိတ်ထဲတွင် ပုလွေရှည်/တို ၄ချောင်းက အခန့်သား။

ပေါ့ပေါ့ပါးပါး ပိုလိုရှပ်အဖြူတစ်ထည်နှင့် ဘောင်းဘီရှည်အနက်ရောင် ခပ်ပွပွကြောင့် နဂို ပိန်သွယ်သော အမျိုးသမီးသည် ပို၍ပင် ပါးလျသွားသည့်ဟန် ပေါ်နေသည်။ ဆံစတချို့က စည်းထားသည်မှ ပြေလျော့ကျနေသော်လည်း အာရုံစုစည်းထားမှန်း သိသာနေသော သူ့မျက်လုံး စူးစူးအတွက် အနှောက်အယှက်ဖြစ်မနေပါ။ Tunnel နံရံကို မှီရင်း (သူ့ကို) ငေးမောကြည့်နေသော သူ့ (ကျွန်မကို) မြင်တော့ အသိအမှတ်ပြုဟန် ပြုံးပြကာ ရေဗူးကို လှမ်းကောက်ကိုင်သည်။ ထိုစဉ်မှာပင် ACM ဘက်မှ Bass သံကဲသော သံစဉ်အချို့ ပျံ့လွင့်လာသည်။

အမျိုးသမီး၏ လက်သည် ရေဗူးလေးအစား အနည်းငယ်ရှည်သွယ်သော အခြားပုလွေ တစ်ချောင်းကို ကိုင်လျက်သား ဖြစ်သွားကာ chorus ပိုဒ်များတွင် အသံဖြည့် လိုက်နေ၏။ ခပ်မြူးမြူး တေးသံစဉ်က တပိုင်းတစနှင့် ရပ်သွားသော်လည်း ပုလွေသံက ဝေ့ကာ ၀ိုက်ကာ ဆုံးသွား၏။

အမျိုးသမီးက (ကျွန်မဘက်ကို )လှည့်လိုက်ကာ `ကျွန်မ ပုလွေအမျိုးအစား တစ်မျိုးထဲပဲ ယူလာတာ။ ဒါပေမယ့် ကီး ၄ မျိုးစာပေါ့လေ။ တကယ်လို့ သူတို့ဖွင့်လိုက်တဲ့ သီချင်းသံက ဂျပ်ဇ်ဂီတဖြစ်ခဲ့ရင် ဒီအမျိုးအစား မဟုတ်ဘဲ တခြားပုလွေနဲ့မှ အဆင်ပြေမှာ´- ဟု ဆိုသည်။ စိတ်လိုလက်ရ လှည့်ပြီး ရှင်းပြနေသော အမျိုးသမီးကို (ကျွန်မ) အားနာသလို ပြုံးပြရင်း `ကျွန်မက ဂီတကို နားလည်သူ မဟုတ်ပါဘူး။ နားထောင်ရတာကို သဘောကျလို့ လာနားထောင်တာပါ´ဟု ပြန်ရှင်းပြလိုက်ရသည်။ အမျိုးသမီးသည် အံ့ဩသွားဟန် ရိပ်ခနဲ ပေါ်သွားသော်လည်း သဘောကျသွားဟန်လည်း ရှိသည်။

`ဩော်၊ သိပြီ။ နားထောင်တာရယ်၊ သီချင်းညည်းတာရယ်ပေါ့။ သူတို့ရဲ့ သီချင်းသံကို ကျွန်မကတော့ အဖြည့်သဘောမျိုး လိုက်လေ့ ရှိတယ်။ ကျွန်မက အဲဒီသီချင်းကို မှုတ်တာတော့ မဟုတ်ဘူးလေ။ အဲဒီသံစဉ်နဲ့ လိုက်ဖက်မယ့်ဟာမျိုးပေါ့။ ရှင် သီချင်းတစ်ပုဒ် အစအဆုံး နားထောင်ရမယ် မထင်ဘူး။ တကယ်လို့ သူတို့က Pop သီချင်းတွေဖွင့်ခဲ့ရင်တော့ ကျွန်မအဲဒီသံစဉ်တွေကို ကောင်းကောင်း ဦးဆောင်ပေးနိုင်ပါတယ်။ အဲဒီ အမျိုးအစားမှာ Acoustic Version တွေ အမြဲတမ်း ရှိနေတတ်တယ်လေ။ သူတို့ဖွင့်တဲ့ သံစဉ်တွေကို ကျွန်မက ဂရုမစိုက်ဘဲ ကျွန်မမှုတ်လက်စ တေးသွားကိုသာ ဆက်မှုတ်နေခဲ့ရင် နားထောင်ရတာ အဆင်ပြေမယ် မဟုတ်ဘူး။ ဒါကြောင့် သူတို့ပြောင်းဖွင့်တဲ့ သံစဉ်တွေကို ကျွန်မ နားစွင့်နေဖို့ လိုတယ်။ ဟော၊ အခု သူတို့ဖွင့်နေတဲ့ သီချင်းဆိုရင် Classic တစ်ခုကို အသွင်ပြောင်းထားတာ´ ပြောနေရင်း ပုလွေကို ကောက်ကိုင်ကာ တေးသွားအချို့ ထွက်ကျလာသည်။ Tunnel နံရံကြောင့် ပုလွေသံသည် ပြင်ပမှာလို နုနွဲ့မနေဘဲ လိုဏ်သံပေါက်ကာ Theaterထဲမှ ဖန်တီးမှုတစ်ခုလို ဖြစ်နေသည်။

`ဒီနေရာမှာ Echo Effect ရှိနေတာတော့ အတော်ကောင်းတာပါပဲ။ ရှင် သူတို့ကို နောက်ခံဩခက်စထြာအနေနဲ့ သုံးပြီး တေးသွား ဖန်တီးလို့ ရတာပေါ့´

`သူတို့ကို ဘက်ဂရောင်းထားတာတော့ မဟုတ်ပါဘူးလေ။ ကျွန်မက သူတို့တေးသွားမှာ ဟာမိုနီလိုက်သလိုမျိုး ဖြည့်ပေးတာပါ။ သူတို့က အဓိက တေးသွားပါ။ Echo Effect ရှိတာတော့ အမှန်ပေါ့။ ဒီနေရာကိုယ်တိုင်က ပုလွေတစ်ချောင်းရဲ့ ဖွဲ့စည်းပုံမျိုးရှိနေတယ်လေ။ သူ့ရဲ့ တိုးလျိုပေါက်ပွင့်နေတဲ့ အဆုံးနှစ်ဖက်ရယ်၊ တိုက်ခတ်နေကျ လေကြောင်းရယ်ဟာ ကျွန်မရဲ့ ပုလွေသံအတွက် Speaker လိုမျိုး ဖြည့်ပေးနေတတ်တယ်။ ဒါကြောင့်ပဲ ကျွန်မ ဒီမှာ သက်သောင့်သက်သာ သံစုံတီးဝိုင်းလိုမျိုး Perform လို့ရတာပေါ့။ ညနေ ၃ နာရီလောက်အထိ ကျွန်မ ရှိနေဦးမှာ။ ရှင် ဒီနေရာကို အမြဲလာလေ့ ရှိသလား။ Orchard မှာလည်း Tunnel တစ်ခု ရှိတယ်လေ။ အဲဒီမှာဆိုရင် ရှင် လူတော်တော်များများရဲ့ ဖျော်ဖြေမှုကို ခံစားရမှာ။´- အမျိုးသမီးက ရေဗူးထဲမှ ရေကို တစ်ကျိုက်မော့သောက်သည်။

`ကျွန်မ Orchard ကို ရောက်ခဲပါတယ်။ ဒီအနီးတ၀ိုက်မှာ ကျွန်မရဲ့ လုပ်ငန်းခွင် Site ရှိပါတယ်။ အခု ကျွန်မရဲ့ နေ့လည်စာ Break ပါ။ ကျွန်မရဲ့ Safety Shoes ကို သတိထားမိမှာပေါ့။ အချိန် အများကြီး မရပေမယ့် ဒီနေရာလေးက သာယာလို့ ခဏလာကြည့်တာပါ။ ရှင် ဒီနေရာမှာ လာပြီး လေ့ကျင့်တာသက်သက်ပဲလား။ ဒါမှမဟုတ် ရှင်ကိုယ်တိုင် တေးသွားတွေကို ဖန်တီးနေတာရော မဟုတ်ဘူးလား´

`တကယ်တော့ ဘီသိုဗင်တို့လို ကြီးမြတ်တဲ့ ဂီတသမားတွေမှာတောင် Practicing Time က Performing Time ထက် အများကြီး ပိုများတယ်ရှင့်။ သူတို့တွေဟာ လေ့ကျင့်ရင်းနဲ့ပဲ schore တွေရေးကြ၊ တေးသွားတွေ ဖန်တီးခဲ့ကြတာ။ တကယ့် အံ့မခန်းပုဂ္ဂိုလ်ကျော်တွေပေါ့။ ကျွန်မအတွက် ဒီနေရာဟာ လေ့ကျင့်တဲ့နေရာ သက်သက်ထက် အများကြီး ပိုပါတယ်။ ကျွန်မကိုယ်ကျွန်မ ရှာဖွေတွေ့ရှိလာတာတွေ အများကြီးပဲလေ။ ကျွန်မ တီးဝိုင်းအတွက် ဖျော်ဖြေတာမဟုတ်ရင် ဒီကိုလာပြီး အခုလို လေ့ကျင့်နေလေ့ရှိပါတယ်။ မနေ့ကဆို ဒီပြတိုက်မှာ တရုတ်အင်ပါယာသမိုင်းကြောင်း ပြပွဲတစ်ခုရှိလို့ သူတို့တွေ ရှေးတရုတ်သီချင်းကြီးတွေဖွင့်ကြတယ်။ ကျွန်မအတွက် အတော် အခက်တွေ့ခဲ့ရသေးတယ်။ ဒီနေ့တော့ သူတို့တွေ ဂျပ်ဇ်နဲ့ ပေါ့ပ်ကို တစ်လှည့်စီလို ဖွင့်နေကြလေရဲ့။ ဟော- ခုဖွင့်တဲ့ သီချင်းဆိုရင် ရှင်သိမယ်ထင်တယ်´- တေးသွားသည် ကပွဲတစ်ခုမှာလို ဖြစ်နေသည်။ ကျွန်မ မသိပါ။ အမျိုးသမီး၏ ပုလွေသံသည် ရှေးအင်္ဂလိပ်ကားများတွင် ပါတတ်သော အသံတွန့်၍ ဟစ်၍ ဆိုတတ်သည့် အဆိုတော်တစ်ယောက်လို ဖြစ်နေသည်။

`ရှင် ဒီလိုမျိုးလည်း ရှင့်ပုလွေနဲ့ သီချင်းဆိုတယ်နော်။ ဟုတ်လား´

`အချိန်အတော်များများမှာ ကျွန်မ အဖြည့်သံစဉ်တွေပဲ ဖန်တီးတတ်ပါတယ်။ ခု ပြီးသွားတဲ့ သံစဉ်မှာတော့ ကျွန်မ သီချင်းလိုက်ဆိုနေမိတာ ဟုတ်တယ်။ တစ်ပုဒ်လုံး မဆိုနိုင်ပေမယ့် ဒီလိုမျိုး အလှည့်အပြောင်းတွေက အခိုက်အတန့်တချို့ကို ပိုပြီး မြူးကြွစေတယ်။ အသက်ဝင်စေတယ် ဆိုရမလား။ Tunnel ရဲ့ နှစ်ဘက်စလုံးမှာ တေးသံ နှစ်မျိုး ထွက်လာရင်တော့ တကယ့်ကို ဗရုတ်သုက္ခပါပဲလေ။ သူတို့တွေဟာ တစ်သံနဲ့ တစ်သံ လိုက်ဖက်ညီအောင်တော့ ကြိုးစားကြပုံပါပဲ။ ကျွန်မအတွက်တော့ အတော့်ကို ကြီးတဲ့ စိန်ခေါ်မှုမျိုးပါ။ ရှင် အဲဒီလို အခြေအနေမျိုး ကြုံတွေ့နိုင်မယ်လို့ ကျွန်မ အာမ, မခံနိုင်ပေမယ့် ညနေပိုင်းလောက်ဆိုရင် သူတို့ဖွင့်တဲ့ တေးသွားတွေက စိတ်ဝင်စားစရာကောင်းတာ အမှန်ပါပဲ။´

`ဟုတ်ကဲ့။ ကျွန်မအဲဒီအချိန်အထိ ရှိမနေနိုင်တာတော့ စိတ်မကောင်းစရာပဲ။ ခု ကျွန်မရဲ့ နေ့လည်အားလပ်ချိန်လေးက ကုန်တော့မှာမို့ပါ။ ဂီတ သံစဉ်တွေအတွက် ကျေးဇူးတင်ပါတယ်။ တကယ် စိတ်ချမ်းမြေ့စရာ၊ အပန်းပြေစရာပါပဲ။ ရှင် အဆင်ပြေပါစေ´

`ရှင့်အတွက် စိတ်ချမ်းမြေ့ရသလို ကျွန်မအတွက်လည်း ပျော်ရွှင်စရာပါပဲလေ။  ရှင်လည်း အဆင်ပြေပါစေ။ ဂွတ်ဘိုင်´

Moral of the story: : ကြိုက်သလို ယူဆပါ။ ယူဆသလို ရရှိပါသည်။ ကျွန်မကတော့ လက်ရှိဖြစ်နေသော အခြေအနေကို သံစဉ်ညီညွတ်အောင် မတီးခတ်နိုင်သော ရွာဆော်မောင်းကွဲသံကြီးများကို ကြားယောင်နေပါသည်။

(မပြေပြစ်သည်များကို ပြန်လည်တည်းဖြတ်လိုက်ရပါသည်။)