စာသင်ခြင်း

ကျောင်းစာသင်ခန်းကို ခွဲခွါခဲ့သည်မှာ ၈ နှစ်။
အကြာကြီးတော့ မဟုတ်သေးပါ။

တစ်ခါတစ်ခါ ကျောင်းလေးဘာလေး ပြန်တက်ချင်စိတ်ပေါက်ဖူးပါသည်။ ကိုယ်ကျင်လည်နေရသည့်အလုပ်က ကျောင်းမှာ သင်ခဲ့ရသည့်၊ ကိုယ်လည်း စိတ်ဝင်စားသည့် ဘာသာရပ်မဟုတ်။ ဒါနှင့်ပဲ အလုပ်မှာ စိတ်မဝင်စား၊ မပျော်မရွှင်တော့လည်း မဟုတ်ပြန်ပါ။ နဂိုစိတ်က ဘာပဲ လုပ်ရသည် ဖြစ်စေ တတ်နိုင်သလောက်တော့ အံဝင်ခွင်ကျ ဖြစ်ချင်သည့်အတိုင်း ဖြစ်အောင်နေသည်ပေါ့။ စာထပ်သင်ရမည်ကို စဉ်းစားသည့်အချိန်မှာ ကိုယ့် နဂို သင်ကြားခဲ့သော လမ်းကြောင်းကို ပြန်ကူးပြောင်းလျှင် ကောင်းမလား၊ လက်ရှိ လုပ်ငန်းခွင်မှာ အဆင်ပြေစေမည့်လမ်းကြောင်းကိုပဲ လျှောက်မည်လား။ ပိုဆိုးသည့်မေးခွန်းက – “ငါ စာသင်လို့ ဖြစ်ပါဦးတော့မလား”

ခု ပြီးခဲ့သည့် တနင်္လာမှ ကြာသာပတေးထိ ရက်တိုသင်တန်းတစ်ခု တက်ရပါသည်။ လုပ်ငန်းခွင် လိုအပ်ချက်အရ အလုပ်က ထားပေးသော သင်တန်းပါ။ Building Construction Supervisor Safety Course ဖြစ်ပါသည်။ ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ကျင်လည်နေရသည်မို့ ဆိုက်ထဲက ဒါရှိမှ အဝင်ခံမည်ဆိုလျှင် ဒါလေးရှိအောင် ပြေးလုပ်ရမည်ပေါ့။ ဖြစ်ပေါ်ခဲ့သော စိတ်အလျဉ်မှာ ဤသို့ –

ပထမနေ့ – နောက်တော့ ဘယ်ကျောင်းမှ ထပ်မတက်တော့ပါဘူးဟာ

ဒုတိယနေ့ – တက်တော့လည်း ဖြစ်တော့ ဖြစ်သွားမှာပါလေ။

တတိယနေ့ – ခုနေ ကျောင်းထပ်တက်ရင် ဖြစ်လောက်ပါသေးတယ်။ ငါ ဒီလောက် မဝေးသေးပါဘူး။

စတုတ္ထနေ့ – စာမေးပွဲသာ မဖြေရရင် ကျောင်းတက်ရတာ အတော်ကောင်းမှာပဲ။

စာမေးပွဲဖြေရန် ၅ မိနစ်အလို – မေးချင်တာသာ မေးတော့၊ ဖြေချင်တာ ဖြေတော့မှာပဲ။ အောင်လက်မှတ် ရတော့ ရကောင်းပါရဲ့။

စာမေးပွဲ ပထမပိုင်းဖြေပြီး ဒုတိယပိုင်း မဖြေမီ – အင်း ဒီတိုင်းဆို ငါ့ခေါင်း မှတ်နိုင်သေးသား။ စလုံးစခုလည်း မျိုချရုံပေါ့။ မကျေလည်း ရပါတယ်။

စာမေးပွဲ ဒုတိယပိုင်း ဖြေပြီးချိန် – ပြီးတော့လည်း ပြီးတာပါပဲလေ။ စာသင်ရတာလည်း လက်မှတ်ရဖို့ဆိုရင်တော့ အဆင်ပြေမှာပါ။

တနင်္လာနေ့ အောင်စာရင်းထွက်ပါမည်။ အောင်မည်ဟုလည်း ထင်ပါသည်။ အလုပ်နှင့်ပတ်သက်သော လက်မှတ် နောက်တစ်ခု ထပ်ရအောင် ၆လကြာ သင်တန်းတစ်ခု တက်ချင်စိတ် ပေါက်ပါသည်။ ပိုက်ဆံ ၆၀၀၀ လောက် ကုန်ပါမည်။ လခ ကောင်းကောင်းရအောင် ထပ်ရင်းမည့် ပိုက်ပိုက် ၆၀၀၀ ကို အိမ်မှာ လုပ်ငန်းတစ်ခု ထောင်ရင်ကောင်းမလား ချိန်ထိုးကြည့်လိုက်ပါဦးမည်။

ခဏတဖြုတ် ကျောင်းသားပြန်လုပ်သော ကျည်ပွေ့ သတင်းအစီရင်ခံခြင်း ဤတွင် ပြီးပါပြီ။ 🙂

Advertisements

ဘောလုံးပွဲကြည့်နေသည်

မနေနေနိုင်ရဲ့ ဘလော့ကနေ ရလာတဲ့ လင့်ကို အကြောင်းပြု၍ အားရပါးရ ဘောလုံးပွဲ အိပ်ပျက်ခံပြီး ကြည့်ပါသည်ဆိုလျှင် ဟိုနှစ်ရက်လောက်က ဆေးခန်းသွားပြပြီး ဆေးခွင့်ယူထားရပါကြောင်း မည်သူက ယုံနိုင်ပါမည်နည်း။

ကျားကိုးစီး စားမကုန်ဟုတော့ အာမ,မခံပါ။ အာဠာဝက-ဟုတော့ အတူနေသူငယ်ချင်းညီမငယ်က ထောမနာပြုပါသည်။ သံနှင့်သွန်းသော စက်ရုပ်မဟုတ်သော်လည်း သူ့ဖုန်းထဲမှာ ကိုယ့်အတွက် Ring Tone ကို Robot ဟု အမည်ရသော အသံသတ်မှတ်ပေးထားပါသည်။

ငယ်ကတည်းက ဘောလုံးပွဲကြိုက်သည်။ အော်ဟစ်၍လည်း အားပေးတတ်သည်။ အားမလိုအားမရလည်း အသံထွက်တတ်သည်။ ညဘက် တိတ်တိတ်ခိုးကြည့်ပြီး ပါးစပ်မှာ ခေါင်းအုံးအပ်ကာ ဂိုးးးးးးးးးးးးးး လိုက်ပြီး အောင်ပွဲခံဖူးသည်။

ခုတော့ နားကျပ်ကလေးတပ်ကာ ကြည့်နေရပြန်ပြီ။ ဗူဗူဇီလာသံတွေ၊ ဂျာဘူလာနီဘောလုံး မြင်ကွင်းတွေနှင့် ကိုယ်နှင့် သမုဒ္ဒရာကြီးခြားသော ဖီဖာ-အသက်ဝင် အစီအစဉ်ကို အားပေးနေဆဲ……..

အဲဗျ။

ခု ပေါ်တူဂီ-ဘရာဇီးပွဲ ဆက်ကြည့်လိုက်ပါဦးမည်။

(Plug in ကို စိတ်ချလက်ချ Download လုပ်ပြီး အသင့်ကြည့်ရှုနိုင်ပါကြောင်း)

Sometimes love just ain’t enough

သီချင်းနောက်ကြောင်း ရှင်းပြရင် ပိုရှုပ်မယ်ထင်တယ်။ မရှင်းတော့ဘူးနော်။ 😛 ခုတလော Depression Fighting Battlefield ထဲ ရောက်နေလို့ပါ။

ခုတလော နားထောင်ဖြစ်တဲ့ AOL Radio မှာ သီချင်း download လုပ်ရင် ပိုက်ပိုက်ပေးစရာ လိုတယ်။  ကိုယ်က အကုန်မခံနိုင် – ဆိုတော့ ခေါင်းစဉ်နဲ့ အဆိုတော် နာမည် မှတ်ထားပြီး MP3 Raid မှာ ပြန်ရှာတာပေါ့။ တချို့ တချို့သော သီချင်းများဆို ခေါင်းစဉ်ရော အဆိုတော်ရော မေ့ထားတာ ကြာပါပြီ။ ခု AOL Radio မှာက နားထောင်နေတဲ့ သီချင်းထဲက ကြိုက်မိတာ ရှိရင် လိုက်မှတ်ထားလိုက် လို့ ရတာကိုး။ အဲဒီလိုနဲ့ သီချင်းအတော်များများကို အစဆွဲမိသွားတာပါပဲ။

ကဘွိုက်ဇ်ကို အားကျသော်ငြားလည်း ပရိသတ်ကြီးဆီက လွင့်ပျံလာမယ့် ဆုတောင်းမေတ္တာပို့သံများကို အားနာသောကြောင့် မူရင်း အဆိုတော် အသံကိုပဲ ကျေနပ်ကြပါနော်။

အမှတ်တရနေ့ရက်များ

မေး – နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေကျရင် ဘယ်လိုခံစားရပါသလဲ။

ဖြေ – ပျော်တာပေါ့။ ရုံးတွေဘာတွေ ပိတ်တဲ့နေ့တွေကို ပြောတာပါ။ ကိုယ့်တိုင်းပြည်မှာတုန်းက အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့နဲ့ ထပ်နေရင် (ဘာကိုမှန်းမသိ) အားကြီး စိတ်ဆိုးတယ်။

မေး – ရုံးပိတ်ရက်နဲ့ မဆိုင်တဲ့ နှစ်ပတ်လည် (ဘယ်နှစ်နှစ်မြောက်ဆိုတာမျိုးလေ) နေ့တွေမှာရော။

ဖြေ – အဲဒါတွေလည်း အထိုက်အလျောက် စိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြောစရာ အကြောင်းအရာတစ်ခုတိုးတာပေါ့။

မေး – အမှတ်တရနေ့တွေနဲ့ ပတ်သက်တဲ့သဘောထား အမြင်လေး။

ဖြေ – အမှတ်တရနေ့တွေကို သတိတရ ဆင်နွှဲကြတာ ကောင်းပါတယ်။ တစ်နှစ်လုံး အဲဒီ အမှတ်တရ အကြောင်းအရာနဲ့ ပတ်သက်တာချည်း စဉ်းစား သတိရနေနိုင်ကြတာမှ မဟုတ်တာ။ အဲဒီတစ်နေ့လေးလောက် သတိရကြရင်လည်း မဆိုးပါဘူး။ အဲဒီလို ပါဝင်မဆင်နွှဲနေရင်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံး အဲဒီ အကြောင်းအရာမှာ စိတ်ပါဝင်စား လုပ်ကိုင်နေခဲ့နိုင်တာ မဟုတ်သလို နောက်တစ်နှစ်လုံးလည်း ဒီလိုပဲ ဖြတ်သန်းသွားလို့  ဖြစ်နေတာပဲလေ။ ဒီတော့ အမှတ်တရဆိုတာ အမှတ်တရလောက်နဲ့ ရပ်သွားသရွေ့ ဘာမှ မဖြစ်ပါဘူး။

မေး – အများပြည်သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရနေ့တွေကိုရော။

ဖြေ – အများပြည်သူဆိုတာကရော ကိုယ်မဟုတ်လို့လား။ ကိုယ်တိုင်ကရော အများပြည်သူ ဟုတ်မနေလို့လား။ ရှင်းရှင်းလင်းလင်းမေးပါ။ ကမ္ဘာကြီးက သေးသေးလေးပါဗျ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မှ ကွာခြားနေတယ်လို့ မထင်ပါဘူး။

မေး – ဒါဆို တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာပေါ့နော်။

ဖြေ – ဟိုးစတော့။ တာဝန်သိလုပ်သားပြည်သူဘ၀ကနေ ကျွတ်လွတ်ကြပြီလို့ ထင်ပါတယ်။ တာဝန်ဆိုတာ လက်မောင်းမှာ ရှိတယ်။ အဲ – မှားလို့။ တာဝန်ဆိုတာ ပြတတ်ရင် ရှိပါတယ်။ မသိတတ်ရင်လည်း မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် စိတ်ပါလက်ပါ ကောင်းကောင်းမွန်မွန်လုပ်ပြီး လူ့တာဝန်ကျေကြရင် “တာဝန်ဝတ္တရားအရ ဆောင်ရွက်ရပါတယ်” ဆိုတဲ့စကား ဘယ်ရှိပါတော့မလဲ။ ဒါကြောင့် ဟိုးငယ်ငယ်တုန်းက ကျောင်းမှာ ရွတ်ဖူးတာလေး ပြန်ရွတ်ပါ့မယ်။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် –

ကျန်တာတွေက ဘလာ ဘလာ ဘလာ ပေါ့။ ကိုယ့်စကားကိုယ် နားထောင်နိုင်တဲ့ အခြေအနေ အရင် တည်ဆောက်မှ သူများက ကိုယ့်စကား နားထောင်မယ်လို့ တွေးမိပါကြောင်း။

အင်တာဗျူး စီစဉ်တင်ဆက်သူ – ပြင်းရှတဲ့ဝိုင်တစ်ခွက် – ရောက်တတ်ရာရာအစီအစဉ်

မေးမြန်းသူ – နှစ်ချို့ “အပျင်းလွန်”

ဖြေကြားသူ – စားပွဲတင် “အပျော့ဆွဲ”

နွဲ့တယ်ကွယ်

တချို့ကပြောတယ်…….

`ရင်ကိုထုဆစ်လို့

ဖြစ်လာတဲ့အချစ်နဲ့

ဘာမဆိုဖန်ဆင်း

အသက်သွင်းလို့ရခဲ့ရင်

ကောင်းကင်လိုအုပ်မိုး

ချစ်သူကို မြတ်နိုးချင်တယ်´တဲ့။

ချစ်သူရယ်…….

မြေပြင်လို မင်းလျှောက်ဖို့လမ်းခင်း

မင်းနားခိုဖို့ အေးချမ်းတဲ့သစ်ပင်

စိတ်မထင်လည်း ခုတ်ပစ်ပေါ့

မင်းမော့မကြည့်လည်း သိရမယ့်အရာတွေ

ကိုယ်……… ဖြစ်ချင်ပါဘိ။

တကယ်တော့ ဘာရယ်မဟုတ်။ စာအုပ်တွေ၊ စာရွက်တွေ၊ အတိုအစတွေ ရှင်းရင်းနဲ့ ထွက်လာတဲ့ စာရွက်ဟောင်းလေးမှာ ပြန်တွေ့လို့ တက္ကသိုလ်ပထမနှစ် စာရူးပေရူးဘ၀ အစကို ပြန်လည် ဖော်ထုတ်လိုက်ပါတယ်။ ခုတလော စိတ်လက်မကြည်လင်တာနဲ့ ရှင်းလင်းရေး လုပ်ငန်းလုပ်နေဖြစ်ပါတယ်။ စာလည်း မရေးဖြစ်ပါဘူး။ အင်အားကျန်ရင် စာဖတ်ပါတယ်။ မကျန်ရင် အိပ်ပါတယ်။ လူနေကောင်းပေမယ့် စိတ်ဆိုတာမျိုးက မျောက်ထက်ဆိုးတာကိုး။ ဒီတော့လည်း ဖုန်နံ့ရှူရင်း ကိုယ့်ကိုယ်ကို အနားမပေးလိုက်တာ အတော် အမှိုက်ရှင်းသွားပါပြီ။ စိတ်ရှင်းမှ စာရှင်းရှင်းရေးဖြစ်တော့မယ် ထင်ပါတယ်။ Dashboard ကို ကြည့်မိတော့ ကိုယ်သာ မ၀င်ဖြစ်တာ၊ ၀င်ကြည့်ဖြစ်တဲ့သူတွေရှိနေတာ တွေ့ရပါတယ်။ အတော် အားနာလှပါတယ်။

နောက်ဆုံးရေးဖြစ်တဲ့စာက ဖျားတာကို အမှုလုပ်ထားတာဆိုတော့ အမခင်ဦးမေက သတင်းမေးသွားပါသေးတယ်။ ကျေးဇူးလည်းတင် အားလည်းနာပါတယ်။ ၀က်ဝံ ဆောင်းခိုသလိုမျိုး တစ်လလောက် အသံတိတ်၊ လူပါ စားလိုက်အိပ်လိုက်ဖြစ်နေတာ။ လူရဲ့ ၀ိတ်ကတော့ စဉ်းစားကြည့်ဖို့တောင် လိုမယ်မထင်ပါဘူး။ 😀 စလုံးက ကြက်၀၀ကြီးတွေကိုပဲ အပြစ်တင်ရတော့မှာပဲ။

ခုတင်လိုက်တဲ့စာကို ခေါင်းစဉ်ပေးမယ်လုပ်တော့ အတူနေညီမက ဩဘာပေးမှာ ကြားယောင်ပြီး ပေးလိုက်တာပါ။ `ခင်သန္တာသက်ချိုပြုံး´ ကိုယ့်ကိုယ်ကို မှ အားမနာ၊ အတော်နွဲ့နိုင်တယ်ဆိုပြီးလေ။ 😛