budget စတေးရှောင်ခြင်း-၁

တကယ်တမ်း မရေးချင်လှပေမယ့် ကဘွိုင်းက နောက်လာနောက်သား မြေးမြစ်များအတွက် ဆိုလို့ ဇာတ်ကြောင်းလှန်လိုက်ပါတယ်။

လေဆိပ်ရောက်ရောက်ချင်း တစ်လသက်တမ်းပြီးလို့ online သက်တမ်းတိုး တစ်လ စတေး ကုန်ခါနီးတော့ Peninsular Plaza ကို အခေါက်ခေါက် ပတ်ပါတယ်။ သက်တမ်း ၂ ပတ် ကျန်တဲ့အချိန် ၊၂၀၀၇ နိုဝင်ဘာလဆန်းပိုင်း၊ မလေးဗီဇာလျှောက်တာ အဲဒီတုန်းက စလုံး ၂၅ ဒေါ်လာပါ။ ၃ရက်ပဲ စောင့်လိုက်ရပါတယ်။ ၃လ အကြိမ်ကြိမ်ဝင်ခွင့် ဗီဇာလေး ကပ်ပေးလိုက်ပါတယ်။

လေယာဉ်လက်မှတ်ကိုတော့ E Ticket ပဲ လုပ်ပါတယ်။ ဘောင်ဝင်အောင် လုပ်တာပါပဲ။ မလေးမှာ ၁ ပတ်နေပြီး စလုံးကို ပြန်ဝင်ရင် ၁လ တုံး လွတ်လွတ်ကျွတ်ကျွတ် ရအောင်ဆိုပြီး လက်မှတ်ကို တစ်လခွဲ၊ နှစ်လလောက် ခွါလုပ်လိုက်ပါတယ်။

အင်တာဗျူးအဖြေမသိရသေး၊ S-Pass တင်မပေးသေးမီ ၂ရက်အလိုမှာ သွေးလန့်နေတာနဲ့ Re-Entry Visa လျှောက်လိုက်ပါတယ်။ စတေးကုန်ပြီး မလေးမှာ ၂ ရက်လောက်နေပြီးတာနဲ့ ပြန်ဝင်လို့ရအောင် ရက်စွဲချိန်ရပါတယ်။ Credit Card နဲ့ ငွေသွင်းရမှာမို့ online သက်တမ်း တိုးတုန်းကလို ကိုယ့်ဘာသာကိုယ် လုပ်လို့ မရတော့ပါဘူး။ ပြီးတော့ ဗီဇာမထုတ်ပေးရင်လည်း အဲဒီ ငွေသွင်းတဲ့ စလုံးဒေါ်လာ၂၀  ဆုံးဦးမှာပါ။ ဒီအချိန် Re-Entry မရခဲ့ရင် KL ကျမှ ပြန်လျှောက်ရင်လည်း ရတယ်လို့တော့ ပြောကြပါတယ်။ အဲဒီဘက်မှာ ပွဲစားနဲ့ ရိုက်လို့ရတယ်လို့လည်း ကြားဖူးပါတယ်။ ဒါပေမယ့် သူ့ဘာသာသူပဲ အဆင်ပြေပြီး Re-entry Sticker လေး ထုတ်ပေးလိုက်ကြပါတယ်။ ကိုယ့်စာအုပ်မှာ ကိုယ့်ဘာသာကိုယ် ကပ်လိုက်ရတာပါ။ အကယ်၍ စာအုပ်ပိုင်ရှင်က မလေးဘက်ရောက်သွားပြီးမှ စလုံးဘက်မှာ ကျန်နေခဲ့တဲ့သူက လျှောက်ပေးရင်လည်း ရပါတယ်။ စတစ်ကာလေးကို မလေးဘက် ရောက်အောင် ပို့ပေးဖို့တော့ လိုတာပေါ့။

တင်ထားတဲ့ S-Pass က Reject ဖြစ်တယ်လို့ သိရတဲ့အချိန်၊ စတေးက ၃ ရက်ပဲ ကျန်ပါတော့တယ်။ MOM နဲ့ သက်တမ်းတိုးဖို့ လုပ်နေတုန်းမှာကို Reject ဖြစ်သွားတာပါ။ ဘယ်မှာ ဘယ်လို နေရမယ်ဆိုတာ မသိသေးတဲ့အချိန်မှာ Re-Entry Visa လျှောက်ပေးတဲ့ အကိုနဲ့ အမတို့အိမ်က ညီမလေးတစ်ယောက်က သူ သွားရှောင်ခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်းနဲ့ ဆက်သွယ်ပြီး ကူညီပေးပါတယ်။ ဒါကတော့ ညောင်ကန်အေးဓမ္မရိပ်သာ (Johor Bahru)ပါ။ ကျောင်းထိုင်ဘုန်းဘုန်း ဦးဥာဏိဿရက လာမယ့်အချိန်မှာ လမ်းမသိရင် သူ့ကို ဖုန်းဆက်မေးပါ၊ Taxi သမားကို သူလမ်းညွှန်ပေးမယ်လို့ မိန့်ပါတယ်။

သက်တမ်းကုန်မယ့်နေ့မနက်မှာ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးတစ်ခု ဖြေသွားပါတယ်။ နေ့လည်၁၂နာရီကျော်ကျော်လေးမှာ SBS Transit စီးလို့ Kranji ကနေ Woodland တံတားကြီးကို ဖြတ်၊ Johor Bahru ကို ချီတက်သွားပါတယ်။ Week-Days ဖြစ်တော့ အဲဒီ နေ့လည်တစောင်းလို အချိန်မှာ လူ နည်းနည်း ရှင်းပါတယ်။

အသွားမှာ Immigrations နှစ်နေရာစလုံးက ဘာမှ မရစ်လိုက်ပါဘူး။ ဖြောင့်ဖြောင့်တန်းတန်း တုံးထုပေးလိုက်ကြပါတယ်။ Woodland တံတားရဲ့ ဟိုဘက်ထိပ်ရောက်တာနဲ့ SingTel ကနေ MyMaxis အဖြစ် Auto Roam ပွင့်သွားပါတယ်။ ကံကောင်းချင်တော့ ဘုန်းဘုန်းက ကိစ္စရှိလို့ City Square ဘက်ရောက်နေတာနဲ့ တစ်ခါတည်း လာခေါ်ပါတယ်။ နေရာက Pelangi နားမှာပါ။ ကျောင်းလို့ ပြောရပေမယ့် Clementi ကျောင်းလိုပါပဲ။ တိုက်ခန်းလေး ဖြစ်ပါတယ်။ စားရိတ်အနေနဲ့ လက်ထဲမှာ ပါလာတဲ့ ရင်းဂစ် ၁၁၀ မှာ ၅၀ ကို ဘုန်းဘုန်းကို န၀ကမ္မ လှူလိုက်ပါတယ်။ ကျောင်းရဲ့ လစဉ်ငှါးရမ်းခ၊ အခြား ရေ/မီးအသုံးစားရိတ်တွေအပြင် ကိုယ့်လို စတေးလာရှောင်သူများအတွက် ချက်ပြုတ်စားသောက်ဖို့ပါ ကိုယ့်အရင် စီနီယာများက လှူတန်းခဲ့ကြတာပါ။ သူတို့ရဲ့ စွန့်စားခန်းတွေက ကိုယ့်ထက်တောင် ရင်သိမ့်တုန်စရာ ဖြစ်ခဲ့ကြဦးမှာပါ။

MyMaxis ဖုန်းကဒ်လေးတစ်ကဒ်ကို ဒီဘက်က အရင်ရှောင်ဖူးတဲ့ ညီမလေးဆီကနေ ငှါးသွားပါတယ်။ 7-Eleven မှာ Top-Up အတွက် ဖုန်းကဒ်ပြ၀ယ်ပါတယ်။ မလေးဘက်ကို ချောချောမောမောရောက်ကြောင်း သူငယ်ချင်းနဲ့ အကို၊အမတွေကို သတင်းပို့ပါတယ်။ ဖုန်းကဒ် မပါလာခဲ့ရင်လည်း ဘုန်းဘုန်းက သူ့ဖုန်းကို ယူသုံးချင်သုံးပါလို့ ခွင့်ပြုပါတယ်။ ဆွမ်းစားဆောင်လို့သဘောထားရမယ့် အခန်းကန့်ထားတဲ့ဘက်မှာ ကိုယ့်လို စတေးရှောင်လာကြသူ အမျိုးသမီးများအတွက် အခန်းတစ်ခန်း သတ်သတ်ရှိပါတယ်။ အမျိုးသားများက ဘုရားခန်းရှေ့က ကော်ဇောမှာ အိပ်ခွင့်ရပါတယ်။ ဘုန်းဘုန်းကတော့ ဘုရားခန်းနဲ့ ကပ်လျက် အခန်းငယ်လေးမှာ ကျိန်းပါတယ်။

နေ့စဉ် မနက်စောစောထပြီး ဘုန်းဘုန်းအတွက် ဆွမ်းထချက်ပါတယ်။ မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ စားစရာတွေကို တတ်သမျှ၊ မှတ်သမျှ ပြင်ဆင်ပြီး ဘုန်းဘုန်းအတွက် အာရုံဆွမ်းကို မနက် ၆း၃၀ နာရီမှာ အပြီး ပြင်ဆင်ရပါတယ်။ ကပ္ပိယကို ကူညီပြီး ဆွမ်းပွဲ ပြင်ပေးပြီးရင် ဘုန်းဘုန်းက မနက် ၇ နာရီမှာ ဆွမ်းဘုဉ်းပေးလေ့ရှိပါတယ်။ နေ့ဆွမ်းကိုတော့ မြန်မာဆိုင်တွေကနေ ဟင်းတွေကို ချိုင့်ဆွဲနဲ့ အလှည့်ကျ လာကပ်ပါတယ်။ ကိုယ်က ကူညီပြီး ဆွမ်းပွဲပြင်ပေး၊ ချိုင့်တွေလှယ်ပေးရုံပါ။ ဘုန်းကြီးပွဲကျကို ၀ိုက်လိုက်တာနဲ့ ကိုယ့်ရဲ့ မနက်စာနဲ့ နေ့လည်စာအဆင်ပြေပါတယ်။ လူတွေများနေရင်တော့ ကိုယ့်ဘာသာကိုယ် ဈေးနည်းနည်းဝယ်ပြီး ချက်ကြရတာပေါ့။ ရှေ့က စီနီယာများ လှူဒါန်းသွားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ကြက်သွန် ဒါတွေအပြင် ဂျိုဟိုးက အမာခံ ဒကာ၊ ဒကာမများကလည်း လှူဒါန်းကြလို့ ကိုယ့်လို ယောင်ချာချာ စတေးရှောင်သမားများအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာလေး ဖြစ်ခဲ့ရတာပါ။

ဒီလိုနဲ့ သုံးရက် အကြာ၊ အင်တာဗျူးနောက်တစ်ခုကို တနင်္လာနေ့ ဖြေရမယ်ဆိုလို့ တနင်္ဂနွေနေ့လည်မှာ ကျောပိုးအိတ်တစ်လုံးပိုက်ပြီး ဘုန်းဘုန်းကို ဦးချ၊ စလုံးဘက်ကို ရင်တမမနဲ့ ခြေဦးပြန်လှည့်ခဲ့ရပါတော့တယ်။ Larkin-City Square ဆိုတဲ့ ဘတ်စ်ကားနဲ့ မလေး ရင်းဂစ် ၁ ကျပ်ထည့်ပြီး မလေးအင်မီဂရေးရှင်းရှိရာကို ချီတက်ခဲ့ရတာပေါ့။

စာကြွင်း။               ။ Bro.DBA ရဲ့ ပြင်ဆင်ခဲ့မှုကို ခုမှ ပြန် link လိုက်ရပါတယ်။ စောစောက မထည့်လိုက်ရသေးခင်မှာ Button မှားနှိပ်ပြီး Publish ဖြစ်သွားတာပါ။ အားလုံးကို တောင်းပန်ပါ၏။ တွေ့ပုချိ 🙂

Advertisements

စတေးနှင့် မလေး

စလုံးကို အလုပ်လာရှာစဉ်က ပြန်မတွေးချင်သော အမှတ်တရ များလေစွ။ ခု ဖူးနုသစ်မှာ စတေးရှောင်သူတစ်ဦး၏ မှတ်တမ်းများကို မြင်ရတော့ ကိုယ့်တုန်းက အဖြစ်အပျက်တွေ အကုန်ပြန်မြင်ယောင်လာသည်။

စကာင်္ပူမှာ အလုပ်လာရှာမည်စိတ်ကူးကတည်းက လေယာဉ်လက်မှတ်ဖိုး၊ အလုပ်ရှာစဉ် ကုန်ကျမည့် နေစရိတ်၊ စားစရိတ်၊ သွားစရိတ်တို့ကိုပါ တွက်ချက်စုဆောင်းပြီး ဘယ်လိုဖြစ်လျှင် ဘာလုပ်မလဲဆိုတာ အောက်ပါအတိုင်း စဉ်းစားရသည်။ အလုပ်သာ တစ်ခါတည်း အဆင်ပြေလျှင်တော့ အတိုင်းထက် အလွန်ပေါ့။ ကံဆိုးကံကောင်း –

၁) အလုပ်မရ၊ အင်တာဗျူးမရ၊ စတေးကျန်လျှင်- ပွဲစားစပ်မည်။ (အင်တာဗျူးမရတာ အခြေအနေ အတော်ဆိုးသည်။ CV အပြင်အဆင် ညံ့ဖျင်းမှု ၅၀% ၊ ကိုယ်တိုင်အရည်အချင်း  ၃၀%၊ Personality အံဝင်ခွင်ကျ ဖြစ်မှု/မဖြစ်မှု ၁၀%၊ ကံ ၁၀%၊ တစ်ခုမှ အားကိုးစရာ မကျန်လျှင် အိမ်က ရင်းနှီးမြှုပ်နှံမှုအတွက် ပြန်ထွက်လာနိုင်အောင် အလုပ်ရကို ရမှ ဖြစ်တော့မည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အလိမ်မခံရရေး ဦးစားပေးပြီး သူငယ်ချင်းများထံမှ ပွဲစား Background စုံစမ်းထားရသည်။)

၂) အလုပ်မရ၊ အင်တာဗျူးရ၊ စတေးမကျန်လျှင်- မလေးရှောင်မည်။ (CV အပြင်အဆင် သင့်တင့်မှု ၅၀%၊ ကိုယ်တိုင်အရည်အချင်း ၃၀%၊ Personality အံဝင်ခွင်ကျ ဖြစ်မှု/မဖြစ်မှု၁၀%၊ ကံ ၁၀%)

၃) အလုပ်ရ၊ စတေးမကျန်၊ MOM တွင် သက်တမ်းတိုး မရလျှင်- မလေးရှောင်မည်။ (CV ကောင်းမွန်၊ ကိုယ်တိုင် အရည်အချင်းရှိ၊ Interviewer.vs.Interviewee အပေးအယူမျှ သော်လည်း ကံဆိုးမှု ၁၀% ပါဝင်နေသေးလျှင် ကိုယ်လုပ်နိုင်သမျှ အလျှော့မပေးတမ်း လုပ်ရန်)

သို့ဖြင့် စရိတ်စကကို မလေးရှောင်စရိတ်ပါ ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်လာခဲ့ပါသည်။

စက်တင်ဘာလတစ်ဝက်အချိန်၊ စလုံးရောက်လာတော့ နှစ်ပတ်အတွင်း အင်တာဗျူး စ, ရပါသည်။ အင်တာဗျူး ညံ့ဖျင်းသော ကိုယ့်အရည်အချင်းကြောင့် အလုပ်မရလိုက်။

အင်တာဗျူးတွေ ရသဖြင့် တစ်လကုန်ပြီး နောက်တစ်လ- သက်တမ်းတိုးသည်။ ရသည်။ မလေး ဗီဇာကို စိတ်ပူသဖြင့် ကြို လုပ်ထားသည်။ ၃လ Multiple Entry ရသည်။ ကြားထဲတွင် အင်တာဗျူးတစ်ခု အဆင်ပြေ၏။underpaid ဖြစ်သော်လည်း အခြေအနေမဆိုး။ Technical ပိုင်း အပေးအယူ မျှသည့်သဘောရှိသည်။ သို့ဖြင့် Pass တင်ရန် ဖြစ်လာသောအခါ ကုမ္ပဏီမှ HR က အခြားနိုင်ငံခြားသားအလုပ်သမား များကို Work Permit သာ တင်ပေးဖူးသည့်အားလျော်စွာ WP ပဲ တင်ပေးမည်တဲ့။ Elegibility အရ S-Pass မှ ဖြစ်ပါမည်ဟု မည်သို့ပင် ပြောပြော လက်မခံ။ အဆင်ပြေသွားမှာပါ ချည့် ပြောသည်။ “ကိုင်း၊ ဒါဖြင့်လည်း တင်”ပေါ့ ။

နေ့ပင်မကူးလိုက်။ Reject ဖြစ်ပါသည်တဲ့။ HR အမျိုးသမီးက ငြိုငြင်လာသည်။ Technical Dept မှ Head က အစည်းအဝေးတွင် ကိုယ့်အတွက်ပြောပေးသဖြင့် S-Pass ကို ပြောင်းတင်ပေးသည်။ သို့သော်—— (လစာဈေးချသည်ဆိုပြီး ၀ိုင်းဆဲလိုက ဆဲကြပါကုန်။ ကိုယ့်ဝမ်းနာ ကိုယ်သာသိပါသည်။) ကိုယ်သဘောတူထားသော လစာက တရားဝင် တင်ပေးရမည့် လစာနှင့် အနည်းငယ် ကွာဟနေသည့်အတွက် သူတို့ကို ညှိပြီးတင်ပေးရန် တောင်းဆိုသော်လည်း…. (ပြောရင်းတောင် ရှက်လာသည်)။ “၀မ်းနည်းပါတယ်။ ငါတို့ကုမ္ပဏီက တရားဝင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းဖြစ်တော့ ဒီလို အစိုးရနဲ့ပတ်သက်တဲ့ကိစ္စမှာ မဖြောင့်မှန်တာ မလုပ်နိုင်ပါဘူး။ တကယ်လို့ မင်း ဒီလစာ သဘောတူညီချက်အတိုင်း လက်ခံနိုင်ရင် ဒီအတိုင်း တင်ပေးပါမယ်။ လစာ ထပ်တိုးဖို့ဆိုရင်တော့ Board of Director ကိုပါ ပြန် တင်ရမှာမို့ ငါမကူညီနိုင်တာ ၀မ်းနည်း ပါတယ်” (သေဟ။ ပြောမိတဲ့ နှုတ်သီးကို ပြန်တီးချင်လာသည်။)။

 “ငါတို့ ဒီအတိုင်း ကြိုးစားကြည့်ကြတာပေါ့” ဟု ဆိုကာ နောက်တစ်ကြိမ် S-Pass ဖြင့် ပြန်တင်သည်။ စတေးက ကုန်လုပြီ။ အချိန်က နိုဝင်ဘာလလယ်။ နောက်လျှောက်ထားသော အင်တာဗျူးတွေကလည်း ကိုယ့်စတေးကုန်ပြီး နောက်တစ်ပတ်လောက်မှ ခေါ်မည်။ ရင်ပူပူနှင့် ပထမအကြိမ် မလေးခရီးစဉ်သည် ရှောင်လွှဲမရနိုင်တော့။

Re-Entry Visa၊ လေယာဉ်လက်မှတ် Confirmation တို့ကို မသွားမီ လုပ်သွားသည်။ ရသည်။ နီးနီးနားနား Johor Bahru ကိုပဲ သွားရန် ဆုံးဖြတ်သည်။ မဟာစည်ရိပ်သာ ခွဲတစ်ခုဖြစ်သော ညောင်ကန်အေး ဘုန်းကြီးကျောင်းခွဲတစ်ခုနှင့် အဆက်အသွယ်ရသည်။ သို့ဖြင့် SBS Transit စီး၍ JB သို့ ချီတက်ရ၏။ ကံကောင်းသည်ဆိုရမည်။ အင်မီဂရေးရှင်းများက ဘာမှ မရစ်လိုက်။

၃ရက် အကြာ။ စလုံးမှာ ထားခဲ့သော ကိုယ့်ဖုန်းကို အင်တာဗျူးလာရန် တစ်နေရာက လှမ်း အကြောင်းကြားသည်တဲ့။ စိတ်လှုပ်ရှားပြီး စလုံးဘက်ကမ်းကို Woodlands တံတားဖြတ်ကာ အပြေးပြန်သည်။ ဒီတစ်ခါ အင်မီဂရေးရှင်းက ဘာမှတော့ မမေး။ မပြော။ ၁၄ ရက်ပဲ တုံးထုပေးသည်။ စိတ်ထဲကတော့ ထင့်ကနဲ။

ကိုယ့်အင်တာဗျူးသည် နောက်တစ်ကြိမ် လွဲချော်ပြန်သောအခါ ၁၄ ရက် စတေးသည်လည်း ဖင်လှည့်၊ ခေါင်းလှည့်နှင့် ကုန်ပြန်၏။ စတေးတိုးမရသည့်အတွက် နောက်တစ်ကြိမ် မလေးသို့ ၀င်သည်။ မလေး အင်မီဂရေးရှင်းကား ကိုယ့် စာအုပ် နီနီလေးကို အတော် မျက်စိ စပါးမွေး စူးဟန်ရှိ၏။ ကောင်တာ ၄ ခုမှ မျက်လုံး ၄ စုံပြူးကြည့်ကာ ပွစိပွစိ ၁၅ ခွန်းခန့် အရစ်တက်ပြီး ကိုယ် အကြောမာမှုအတွက် သင်ခန်းစာပေးရန် Officer နှင့် ပေးတွေ့လိုက်ကြပါတော့သည်။ ကံက ကောင်းပြန်သည်။ ၀င်ခွင့်ရသွားသလို တုံး အရောင်လည်း ပြဿနာ မရှိ။ ဘုန်းကြီးကျောင်းမှာ ကပ္ပိယဘ၀ဖြင့် နေပြီး ၁၀ ရက် အကြာ ပြန်ထွက်လာတော့လည်း စကား ၁၀ ခွန်းခန့် ပိုပြောလိုက်ရတာလောက်ပဲ ။ အခြေအနေ မဆိုး။

စလုံး အင်မီဂရေးရှင်းသည် ကိုယ့် နှလုံးသားလေး အကြမ်းပတမ်း ခုန်နေမည်ကို သိရှိနေဘိသကဲ့သို့ ညှာတာစွာ ၁ လ တုံးပြန်ထုပေး၏။ သို့သော်———- အချိန်က ဒီဇင်ဘာလ ဖြစ်နေချေပြီ။  အလုပ်ရှာရန် လာဖူးသူများ သိကြပါမည်။ ဥရောပနှစ်ကူးနှင့် တရုတ်နှစ်ကူးကြား အချိန်ကာလသည် သေချင်စော် နံလောက်အောင် အလုပ်ရှား၏။

သည်လိုနှင့်……….. နောက်ဆုံး စတေး တစ်လ မကုန်မီ အင်တာဗျူးနောက်တစ်ခု အဆင်ပြေပါသည့်တိုင် Second Interview After Chinese Newyear ဆိုသည့် ဓါးချက်ဖြင့် စလုံးအိမ်မက် ပူဖောင်းသည် ပေါက်ကွဲ လွင့်စဉ်ခြင်းသို့ ရောက်လေ၏။

ခု အလုပ်ကတော့ ပထမဆုံး Option 1 ရဲ့  ရလဒ်ပါပဲ။

အရပ်ကတို့

ပါဝင်သူများ-
(၁) ဒေါ်မြနှစ်- အသက် ၅၀ကျော် (ဘယ်လောက်ကျော်မှန်း အသိမခံ)၊ ကုန်သေးဆိုင်ပိုင်ရှင်

(၂) ကိုစံချိတ်- အသက် ၄၀ကျော် (၅၀နီးဟု ခန့်မှန်းရသည်)၊ ကာလသားခေါင်း (ဟောင်း)

(၃) အိမ်နီးနားချင်း အရပ်သူ အရပ်သားများ

******                ***************                                  ******

– တစ်နေ့စာ ရောင်းရငွေများ၊ အကြွေးစာရင်းပါ မှတ်ထားသော ကုန်ဖိုးမှတ်စာအုပ်၊ တိုလီမိုလီပစ္စည်းများ၊ `ငွေဝင်လာဘ်ပွင့်ဂါထာများ´စာအုပ်တို့ ထည့်လာသည့် ဆွဲခြင်းကို ချရင်း ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ပါ ထိုင်ချကာ တအင်းအင်း တကျွတ်ကျွတ် သံစုံ ထုတ်လွှင့်လိုက်သည်မှာ ဒေါ်မြနှစ်၏ နေ့စဉ် ဈေးပြန်ချိန် မြင်ကွင်း

– လက်တိုလက်တောင်း ခိုင်းကောင်း၍ ဖင်ပေါ့သော တူမလေးကို ကြမ်းပြင်နှင့် တင်ပါး ထိချိန်မရအောင် စီကာစဉ်ကာ ခိုင်းစေရင်း ထိုင်ရာမထ၊ ပွစိပွစိ ဆီမန်းမန်းတတ်သည်မှာ ဒေါ်မြနှစ်၏ life style

– တမြို့တရွာ ရောက်နေကြသော တူ/တူမများက ဘေးတွဲ၊ နောက်တွဲ အသီးသီး အသကနှင့် `အရီး/အန်တီ/ဒေါ်လေး-မြ´ထံ လာရောက် ဂါရ၀ပြု ကြသည့်အခါ ကန်တော့ခံပစ္စည်းနှင့် ပြန်ချီးမြှင့်ရန် မုန့်ဖိုးတို့ကို အချိန်တိုအတွင်း အချိုးချလျက် တွက်ချက် ထုတ်ပေးကာ အလ္လာပသလ္လာပ မြန်မြန် ကိစ္စပြတ်စေသည်က နှစ်စဉ်

`တို့များမှာ အရပ်ကောင်းမှ အလောင်းလှရမှာအေ့´ဟု ပါးစပ်ဖျားမှ မချတမ်းပြောရင်း တစ်ရပ်လုံးမှ ကာလသား/သမီးများ အရေးကို တက်တက်ကြွကြွ၊ စိတ်ပါဝင်စား၊ နားစွင့် မျက်စိဖွင့်လျက် ပါဝင်တတ်သူ အနှီ ဒေါ်မြနှစ်ခမျာ မကြာမကြာ အကြောတက်တတ်၏။ လက်ကတုံးတောင်ဝှေး တူမလေးမှာ ရှိသမျှအင်အားကို နေ့စဉ်ဝတ္တရားများတွင် ရင်းနှီးမြှုပ်နှံလိုက်ရသည့်အတွက် နောက်ဆုံး… လက်အံသေ အားကုန်ခြင်းသာ အဖတ်တင်သည်၊ ဒေါ်မြနှစ်၏ တက်နေသော အကြောတို့ မပြေလေ။

`အံမယ်လေး´ ခပ်ကျယ်ကျယ် နှစ်ခွန်းခန့် ရွတ်ပြီး `အကြောတွေကလည်း တက်လှချည့်နော်၊  အရပ်ကတို့ရေ´ ဟု ဒေါ်မြနှစ် တ,လိုက်လျှင် ဖြတ်သွားဖြတ်လာ အိမ်နီးနားချင်း ကူညီတတ်သူများ ၀င်လာကာ `ကိုင်း၊ ကိုင်း။ အရီး/အမကြီး/ဒေါ်လေး- အနေရဆိုးနေသလား။ အားမနာပါနဲ့။ လုပ်ပေးရမှာပေါ့´ ပြောရင်းဆိုရင်း နင်းကြ၊ နှိပ်ကြ၊ အကြောဖြေပေးကြသည်။ တောင်ဘက် နှစ်အိမ်ကျော်မှ ကိုစံချိတ်ကား ပညာရပ်ပေါင်းစုံ အတော် နှံ့စပ်သူ ဖြစ်သည့်အလျောက် ကောင်းစွာ အကြောဖြေပေးလေ့ရှိသတည်း။

ဒေါ်မြနှစ်၏ `အရပ်ကတို့´အပြီးတွင် ကလေးမလေး တည်ခင်း ဧည့်ခံသော ရေနွေးကြမ်းနှင့် ပဲလှော်၊ ထန်းလျက်၊ ပဲခြမ်းသုတ်၊ လက်ဖက်သုတ်၊ ဂျင်းသုတ် တို့ကို သုံးဆောင်ကာ ထွေရာလေးပါးပြောဆို၍ အိမ်နီးနားချင်း အများ လူစုခွဲကြ၏။ ကိုစံချိတ်ကား အပြောကောင်း၊ အဟောကောင်းပါပေ။

သို့ဖြင့် ဒေါ်မြနှစ်၏ `အရပ်ကတို့´သည် သုံးလတွင် နှစ်ကြိမ်ခန့် ထွက်ပေါ်ရာမှ တစ်လတစ်ကြိမ်ခန့် ဖြစ်လာသောအခါ အရပ်က စ,ကြ၏။ ကိုစံချိတ်မှာ အရေပင် ထူငြားသော်လည်း `အဘွားကြီး´နှင့် အစ,ခံနိုင်ဟန် မရှိ။ ရှက်နိုး၍ တစ်ကြိမ်သော `အရပ်ကတို့´၀ယ် မရောက်၊ မလာ နေဘိ၏။ မကြာမတင်သော အခါ ဒေါ်မြနှစ်၏ `အောင်မလေး- အရပ်ကတို့၊ ကိုစံချိတ်ကတို့ရဲ့´ဟူသော အသံ ကြားရလေတော့သည်။ အရပ်သူ၊ အရပ်သားများကား ပြုံးစိစိ၊ ဒေါ်မြနှစ်က ခပ်တည်တည်၊ မျက်လုံးပင် ဖွင့်မကြည့်။ ကိုစံချိတ်ကား ကြားလိုက်ဟန်မပြ။ ရောက်တော့ ရောက်လာသည်။

*******                           ******************                                  **************

`အဲဒါနဲ့ ဒေါ်မြနှစ်ကြီးလည်း အသက် ၆၀ကျော်၊ ၇၀ နီးတော့ ရဟန်းအမ၊ ကျောင်းအမ၊ အပျိုကြီး ဘ၀နဲ့ပဲ ဆုံးတာပါပဲအေ။ ကိုစံချိတ်ကလည်း `သပ္ပူရိသ ဦးစံချိတ်´တွေ ဘာတွေ ဖြစ်ပြီး တူ/တူမတွေနဲ့ ဒီလိုပဲ နေသွားတာပါပဲ´ ဟု အမေက နိဂုံးချုပ်သည်။

`ဟင် …… ဂလိုကြီးလား။ တို့အိမ်မှာတော့ `ကိုစံချိတ်ကတို့ ´က အဖေထင်တယ်နော် …… အမေ့၊  အဟိ´

`ဒေါက်´

`အား လား လား……….. အမေကလည်း၊ စ,တာကို´

***********                         ***************                                     ************

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ “အရပ်ကတို့” တ, ၍ အလုပ်မဖြစ်သည့်အခါ “ကိုစံချိတ်ကတို့” ပါ ထည့်၍ တ,လိုက်သော စကားတစ်ခွန်းက အိမ်မှာ အတော် တွင်ကျယ်ဖူးပါသည်။ အပျိုကြီး ဆိုသဟာမျိုးက လူတွေ အကြောင်းကို နည်းနည်းသိ- သိသလို အသုံးတည့်ပစ်လိုက်ပြီး အပိုင် မသိမ်းချင်တတ်သော သဘာဝတစ်ရပ်ပါသည်ဟု အမေက မှတ်ချက်ပြု၏။ အသက်ရလာသည်နှင့် အမျှ အရေထူလာသည်ကလည်း သဘာဝတစ်ရပ်ပဲ ထင်ပါသည်။ အမခင်ဦးမေ၏ Nature of Women ကို တစ်တပ်တစ်အား ပါဝင်ကူညီသည့်အနေဖြင့် တင်ဆက်လိုက်ပါသည်။ ဟိ 😛

ဆင်ခြေ၊ ဆင်လက် ၊ ဆင်နားရွက်

ခုတလော စာလည်း မရေးဖြစ်၊ ဘလော့တွေလည်း မလည်ဖြစ်။ Reader ယူထားသမျှကိုသာ တိတ်တိတ်ဆိတ်ဆိတ် ဖတ်ဖြစ်သည်။ Bro. DBA က အလုပ်များနေသလားဆိုပြီး လှမ်းမေးသည်။ (အထင်ကြီးခံရ နည်းသလားနော် 😛 ။ ငြိမ်နေလိုက်ရင် ကောင်းမည်ထင်သည်။) အလုပ်ကတော့ ထူး၍ များမလာပါ။ Draft Post တွေသာ များသထက် များလာပါသည်။ (ကြိုတင် လေသံပစ်ထားတာပါ။ ဘယ်စာတစ်ပုဒ်ကိုမှ အဆုံးမသတ်နိုင်တာ အတော် ဆိုးပါသည်။)

ရုပ်ရှင်ကားတွေကို Download ချပြီး ကြည့်ဖြစ်သည့်အခါ စာရေးချင်စိတ်ပေါ်မိပါသော်လည်း အားလုံးကို ၀ါးတားတားပဲ မှတ်မိသည့်အတွက် မရေးဖြစ်တော့ပါ။ (Side Bar မှာ သူများတွေ သွားလည်နိုင်ရန် လမ်းညွှန်သလိုလိုနှင့် ကိုယ်ချည်း သွားကြည့်နေမိတာပါ)

စုံစီနဖာလေးများ စာမျက်နှာမှာ ဖြည့်ရန် ကြံပါသေးသည်။ WordPress က ကတ်ဖဲ့တိုက်နေသလားမှတ်ရသည်။ တစ်ခုမျှ အကောင်အထည် မမြင်ရ။ (Blogspot က ကလိချင်တိုင်း ကလိလို့ရသေးသည်)

ရှားရှားပါးပါး ကျောင်းတူ-ဘလော့ဂါ-သူငယ်ချင်းများက Tag ရန် ကြံစည်ကြ၏။ ကောင်းပါသည်။ ကိုယ့်ဘလော့လေးကို နာမည်ပေးထားပုံ အစောကြီးကတည်းက ရေးမိထားတာ နည်းနည်း နှမြောသွားသည်။ သူတို့ကိုလည်း တောင်းပန်လိုက်ရသည်။ ခုတော့ အသစ်ပြန်ဖြစ်အောင် လုပ်လို့လည်း မရတော့ပါ။

လတ်လျားလတ်လျား လျှောက်သွားမည် ကြံသောအခါ ပြည်တော် ခဏပြန်မည့်သူငယ်ချင်းနှင့် အိမ်ကို လူကြုံပေးရန် ပစ္စည်းဝယ်ဖြစ်သည်သာ အဖတ်တင်သွားသည်။ Post တစ်ပုဒ်ထွက်မလာ။ (ပိုက်ပိုက်ကုန်သလို စိတ်ပါကုန်သွားပါသည်။ Bro. DB တို့လို သွားဖြစ်လျှင် ၀ိတ်ကျ သွားမည်ဟု မျှော်လင့်မိပါသော်လည်း…….. Shopping Mall ၀င်္ကပါများကို ၁၆ ခေါက်ထက်မနည်း ပတ်ပြီးသောအခါ energy လုံးဝ မကျန်တော့သလောက် ဖြစ်သွားသဖြင့် စိတ်လျှော့လိုက်ရပါသည်)

ပတ်ဝန်းကျင်မှာ မြင်မြင်သမျှကို ကန့်လန့်တိုက်ချင်စိတ်ပေါက်နေသော အခါများတွင်လည်း စာ ကောင်းကောင်း ရေးမရတတ်ပြန်ပါ။ တစ်ယောက်တည်းမှ ဖြစ်နေသော စိတ် အချင်းချင်း ခလုတ်တိုက်မိသောအခါ စာ ချောချောမွေ့မွေ့ မထွက်သည့်အတူတူ မရေးတာကမှ ကောင်းပါမည်ဆိုပြီး တိတ်တိတ်ပဲ နေလိုက်မိပါသည်။ Mr. Republic ကတော့ ဆူညံသော တိတ်ဆိတ်မှုကို အသားကျသွားပြီး အဆင်ပြေပြေ ယစ်မူးနေပုံရ၏။ ဘာသံမျှ မကြားရတာ ကြာပေါ့။ (အမှုလှမ်းတွဲလိုက်ပါသည်။ သူကတော့ ရိုး…ဟိုး…. ဟိုး… နေလောက်ပါပြီ 😀 )

နောက်ဆုံး၏ နောက်ဆုံးတွင် ရှိစုမဲ့စု အင်အားလေးကို ဖြစ်ညှစ်ပြီးသကာလ ကိုယ့်ဘာသာကိုယ် ဖြေသိမ့်သော၊ ဖြေရှင်းသော ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တို့ဖြင့် ပို့စ်တစ်ပုဒ်တင်လိုက်ပါပြီ။ နောက်များ  မကြာမီ ဆက်လက်၍ အကြွေးများ ရှင်းလင်းပါမည့်အကြောင်း ထပ်လောင်းတောင်းပန် အပ်ပါသည်ခင်ဗျား။

လူမှန် နေရာမှန် ?

Once you see this Ads, you’ll see the exact message of agency. (picture credited to RogerS)

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ကြော်ငြာလိုက်တာ hit the bull’s eye လို့ ပြောရလောက်အောင် ထိပါတယ်။ တကယ်သာ အဲဒီ အလယ်လူလို ဘ၀မျိုးဖြစ်နေခဲ့ရင်တော့ အတော် ဆိုးတဲ့ ဘ၀ပါပဲ။ တခြား အခြေအနေမှာသာဆိုရင် အဲဒီ အလယ်လူအတွက် အံဝင်ခွင်ကျ ဖြစ်နိုင်မယ့် အလားအလာ ရှိပါသေးတယ်။ သူကလွဲပြီး ဘယ်သူမှ လုပ်လို့ မရနိုင်တာတွေတောင် ရှိနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင် အလုပ်လုပ်ကြရာမှာ Doing Things Right နဲ့ Doing Right Things ဆိုပြီး ရှိပါသတဲ့။ ကိုယ်ရောက်နေတဲ့ နေရာမှာ လုပ်စရာရှိတာကို အတတ်နိုင်ဆုံး မှန်ကန်အောင် Doing Things Right နဲ့ နေနေတာ အတော်ကြာသွားပြီဆိုတော့ လူက နည်းနည်း ပျင်းလာတယ်။ ဆိုကြပါစို့။ ဒီအလုပ်ကို တခြားလူ ရောက်လာမယ်ဆိုရင်လည်း ဒီလောက်တော့ မှန်ကန်အောင် လုပ်နိုင်မယ် မဟုတ်လား။ ဒါမှမဟုတ်၊ ကိုယ် ဒီမျှမက လုပ်နိုင်နေပါလျက်နဲ့ အခြေအနေက ဒီလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့အခါ ကိုယ်လုပ်နေတာတွေကတော့ Doing Things Right ပါပဲ။ ကိုယ့်အတွက် သင့်တော်တဲ့ နေရာမှန်မှ ဟုတ်ရဲ့လားလို့ တွေးမိလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စဉ်းစားတဲ့အခါ ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး ဖြစ်သွားပါတယ်။ (ကိုယ် ဘယ်လောက် အသိုင်းအ၀ိုင်း ကျယ်ကျယ်ကို တွေးသလဲ။ တွေးသလောက် ကျယ်ပြန့်တဲ့ ကမ္ဘာ ဖြစ်လာမှာပဲကိုး) အဲဒီ ကိုယ့်အသိုင်းအ၀ိုင်းလေးထဲမှာ ကိုယ်ဟာ မရှိမဖြစ်၊ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်နေမှာမို့ Doing Right Things ဖြစ်နိုင်ပါ့မလား။ ဒါလည်း စဉ်းစားစရာပါပဲ။ ပြင်ပကမ္ဘာနဲ့ ကိုယ်ပိုင်ကမ္ဘာ နှိုင်းယှဉ်ကြည့်လို့ရမယ့် Right Things တွေဟာ ကွဲလွဲမှုလည်း ရှိနေနိုင်ပါတယ်။

နောက်ပြီး ခုထိ ကျွန်မရေးပြီးသမျှမှာ ပြန်ရချက်နဲ့ တွက်ကြည့်တာ မပါသေးပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ စွမ်းရည်နဲ့ လုပ်ငန်းသဘောသဘာဝပဲ နှိုင်းယှဉ်ကြည့်နေတာပါ။ ကိုယ်စိုက်ထုတ်ထားတဲ့ အင်အား၊ အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြန်ရချက်ကိုပါ ထည့်စဉ်းစားမယ်ဆိုရင် Doing Right Things မှာ Criteria တွေ တိုးလာပါမယ်။ Doing Things Right ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် Doing Things Right က ပုဂ္ဂိုလ်ရေး နဲ့ ပိုဆက်နွယ်ပြီး Doing Right Things ကတော့ ကျင့်ဝတ်ပိုင်း၊ သဘောထားခံယူမှုအပိုင်းတွေနဲ့ ပိုနီးစပ်မယ်လို့ ယူဆရပါတယ်။

ဒါကတော့ Peter Drucker ရဲ့ အဆိုအမိန့်တစ်ခုပါ။   Management is doing things right; leadership is doing the right things. သူကတော့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုကိုပဲ ပြောသွားတာပါ။ ကျွန်မတို့ နေ့စဉ် လှုပ်ရှားမှုတွေမှာပါ `ဘာလုပ်လုပ် မှန်မှန်ကန်ကန်လုပ်´ ဆိုတာနဲ့ `မှန်တာပဲလုပ်´ဆိုတာ အမြဲတမ်းညှိနေရမယ့် ဒွိဟတစ်မျိုး ဖြစ်နေမှာပါပဲ။

(အဲဒါ Life-and-live မှာ ရေးဖြစ်ထားတဲ့ စာလေးပါ။ Draft ဘ၀မှာ ကာလအတော်ကြာ နေရရှာတဲ့ ပို့စ်လေးလည်း ဖြစ်ပါတယ်။ တခြား ဆေးပညာအသိုင်းအ၀ိုင်းIT Field နဲ့ စီးပွါးရေးဆိုင်ရာ စာတမ်းတွေမှာလည်း လိုက်ရှာ ဖတ်ကြည့်နေခဲ့တာကြောင့်ပါ။ ပို့စ် အပြီးသတ်တော့ ရက်စွဲက စရေးခဲ့တာရဲ့ တစ်လကျော်သွားပါပြီ။ ကျွန်မ ယုံကြည်မိပါသေးတယ်။ လွတ်လပ်မှုဆိုတာကို ကျင့်သုံးတဲ့အခါမှာလည်း တာဝန်ရှိမှု၊ တာဝန်သိမှုဆိုတာတွေ ထည့်သွင်းစဉ်းစားပြီး Right Things တွေကို ရွေးချယ်ဖြစ်ကြမယ်လို့ ။)

ကိုယ့်အကြောင်းနှင့်ကိုယ်

`အဲဒီလူပေါ့ဗျာ…. ဟို ကိစ္စတုန်းက …. သိတယ်မဟုတ်လား´
`ဒီလူ သူ့သမိုင်းသူ ရေးသွားမှာပါကွာ။ အပူမရှာစမ်းပါနဲ့´

***                                                 ***                                                      ***

`ခင်ဗျားတို့ သိထားဖို့က ပြဿနာတစ်စုံတစ်ခု ပေါ်လာပြီဆိုရင် အဲဒီ ပြဿနာထဲမှာ ခင်ဗျားတို့ကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်း ပါတယ်ဆိုတာပဲ´(ရှေ့မှ Management ဆရာ၏ ရှင်းပြနေသံ)

`ပြဿနာရှိနေတယ်ဆိုတာကို လက်ခံမှ ပြဿနာဆိုတာ ရှိမှာဟ။ အဲဒါကိုက ပြဿနာပဲ´

`ဆရာကလည်း ပြဿနာမရှိတာကို ပြဿနာလုပ်ခိုင်းနေတယ်ဟာ´ (နောက်မှ သင်တန်းသားများ၏ ဆွေးနွေးချက်များ)

***                                              ***                                          ***

ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသွားခဲ့သော စာတမ်းများစွာ စာအုပ်အဖြစ်ရောက်လာခဲ့သလို ရောက်မလာခဲ့သည်များလည်း မနည်းပါ။ ဆရာကြီးက သမိုင်းမှတ်တမ်းများစွာ ရေးခဲ့သလို သူ့သမိုင်းကိုလည်း သူကိုယ်တိုင် ရေးသွားခဲ့ပါသည်။ ဆရာကြီး၏ သမိုင်းမှာ ပါဝင်နေသော အခြားသူများ သူတို့သမိုင်းကို သူတို့ရေးထိုးသည့်အခါ ဆရာကြီးပါဝင်သွားသော သမိုင်းအစိတ်အပိုင်းများလည်း သူတို့ဆီမှာ တွေ့ပါလိမ့်မည်။

အမေ လူထု ဒေါ်အမာ၏ စာများကို နှစ်နှစ်သက်သက် ဖတ်ဖြစ်ပါသည်။ ခေတ်၏သမိုင်း၊ ခေတ်အလိုက် လူ့အဖွဲ့အစည်း၏သမိုင်းများကို လေအေးလေးနှင့် ပြောသွားတတ်သော အမေဒေါ်အမာသည်  သူ့သမိုင်းကို သူရေးသွားပါသည်။ သူ့သားများ၏ဘ၀၊ သူ့ခင်ပွန်းသည်၏ဘ၀၊ သူ့ရေးဖော်ရေးဖက် စာပေလောကသား များ၏ဘ၀ …. ဒါတွေကရော သူ့သမိုင်းကို တစ်စိတ်တစ်ဒေသ ရေးဖွဲ့ခြယ်မှုန်းသွားသည်ပဲ မဟုတ်ပါလား။ သူ့ပတ်ဝန်းကျင်မှ အခြားသူများတွင်လည်း အမေဒေါ်အမာ ပါဝင်ဆေးဖြည့်သွားသော စုတ်ချက်တွေ တွေ့နိုင်တာပါပဲ။

ထင်ရှားကျော်ကြားသူများမှ မဟုတ်ပါ။ လူအားလုံးသည် လူ့အဖွဲ့အစည်းထဲမှာ သူတို့ပါဝင်သော အခန်းကဏ္ဍများကို ဆေးရောင်ဖြည့်သွင်းရင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သမိုင်းကို ပါဝင်ရေးထိုးကြခြင်းဖြစ်ပါသည်။ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ စီးပွါးဖက် တရားပြိုင်… အားလုံးသည် လူ့အဖွဲ့အစည်း၏ မှန်ကူကွက်များချည်းပဲ ဟု မြင်ပါသည်။ ကိုယ့်သမိုင်းကိုယ်ရေးကြသလို ကိုယ့်ပတ်ဝန်းကျင်၏ သမိုင်းကိုလည်း ရေးနေကြသည့်အကြောင်း လက်ခံဖို့လိုမည်ထင်ပါသည်။

လောလောဆယ် ဖတ်ဖြစ်သော မောင်ထွန်းသူ မြန်မာပြန် `ဇာစ်မြစ်´ နှင့် မောင်ဝံသစုစည်းသော `သမ္မတကတော်၏ ဘ၀ခရီး´ စာနှစ်အုပ်ကို အခြား ဖတ်ထားမိသမျှ အတ္ထုပ္ပတ္တိများနှင့် ပူးပေါင်း၍ အစာခြေမိသောအခါ ယခုလို အတွေးမျိုးတွေးမိခြင်း ဖြစ်ပါသည်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကဖြင့် ဘယ်သို့ဘယ်ပုံဟု ပြောဆိုသည့်အခါတိုင်း ကိုယ်တိုင်ပါဝင်နေသော ပတ်ဝန်းကျင်၏သမိုင်းကို ကိုယ်လည်း ရေးမိနေကြောင်း သတိပြုမိနိုင်ပါသည်။

`ကိုယ့်သမိုင်းကို ကိုယ်ရေးခြင်း´ ဖြစ်စဉ်သည် `ပြဿနာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုယ်ပါဝင်နေခြင်း´ နှင့် ယှဉ်တွဲဖြစ်တည်နေကြောင်း၊ `ကိုယ့်အကြောင်းနှင့်ကိုယ်´ တွေးမိသမျှ ဒီလောက်ပဲ ရေးနိုင်လိုက်ပါသည်။ စိတ်ချမ်းသာအောင် `ကျကျမ်း´သွားဖတ်လိုက်ပါဦးမည်။ 🙂

Post-Disaster Educare

သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ပြီးသည့်အခါ ဘက်ပေါင်းစုံက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကြရပါသည်။ ကျွန်မကတော့ ကိုယ်နှင့် နီးစပ်ရာ ပညာရေး အကြောင်း တစ်ခုပဲ နည်းနည်းပါးပါး လေကန်ချင်ပါ၏။

1992-93 နှစ်များဆီက ဧရာဝတီတိုင်းတွင် လူ သိန်းနှင့်ချီ ဒုက္ခရောက်ခဲ့ရသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးသည်။ ဟသာင်္တခရိုင်မှ င၀န်မြစ်ကမ်းထိန်း-ထိန်ငူတာ ကျိုးခြင်း။ ဂြိုဟ်တုသတင်းမှာ ထုတ်လွှင့်ပြီး  UNICEF (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ) လို၊ ICRC (နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ) လို နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ လက်ကမ်းလာကြချိန် ဧရာဝတီတိုင်း၊ ဟသာင်္တခရိုင်တစ်ခုလုံးက နိုင်ငံ့ဝန်ထမ်းများအားလုံး အရေးပေါ် တာဝန်တွေ ယူကြရသည်။ အဲဒီအချိန်ကာလ အုပ်ချုပ်ရေး ယန္တရား အခေါ်အဝေါ်များက ‘ရ၀တ၊ မ၀တ၊ ခ၀တ၊ တ၀တ”။ ထွေ/အုပ်က စာရွက်စာတမ်းထိန်းသိမ်းရေးဘ၀ရောက်ကာ တပ်မတော် အရာရှိဟောင်းများက အုပ်ချုပ်ရေးတာဝန် အပြည့်အ၀ ထမ်းဆောင်နေကြချိန်။

င၀န်မြစ်ရေ ၀ါကြန့်ကြန့်က ဒေါနှင့် မာန်နှင့် စီးနေသည်။ လောလောလတ်လတ် လူစုမိရာ ရွာတည်နေကြရသော Survivor များ ကုန်းမို့ရာ မှာ တဲတွေထိုးနေကြရင်း မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်စာ သေကွဲ၊ရှင်ကွဲ လောကဓံ ဒဏ်ချက်များစွာ။ ဆန်စက်တွေ တာကျိုးသည့် ရေလုံးထဲ ပါသွားသောကြောင့် လတ်တလော ပိုင်ဆိုင်ထားသမျှ ဆုံးရှုံးကာ လူမွဲဘ၀ ရောက်သွားကြရသူများကလည်း မနည်း။ The Day After Tomorrow ဆိုသည့် ဇာတ်ကားကို ကြည့်မိသည့်အခါ အဲဒီတာကျိုးတုန်းက ရေလုံးကြီးကို မြင်ယောင်မိသည်။ စက္ကန့်ပိုင်းအတွင်း ထုကြီးထည်ကြီးဖြင့် ရေထုကြီး ကိုယ့်အနားရောက်လာသည်ကို ကိုယ်တွေ့ကြုံကြရသော ကောက်စိုက်သူများ၊ ရွာထဲကို ဘယ်ကမှန်းမသိ ရေတွေ တစ်ရိပ်ရိပ် တိုးဝင်လာသည်ကို ကြောက်ကြောက်နှင့် ရွှေ့ပြောင်းရင်း မိသားစု အကွဲကွဲအပြားပြားဖြစ်သူတို့က မရှား။ မြစ်ရိုးတလျှောက် တာပေါင်ကို လူသွားလမ်းထားတတ်သော ဒေသဖြစ်သည့်အလျောက် ကုန်းလမ်းက အလိုအလျောက် ပြတ်တောက်သွားလေပြီ။

ကျောင်းမှာ အတန်းထဲက သူငယ်ချင်းတော်တော်များများ ကျောင်းလာ မတက်နိုင်ကြတော့။ သူတို့ရွာတွေ ရေ၀င်နေသည်တဲ့။ မူလတန်းကျောင်း အတော်များများ ပိတ်လိုက်ရသည်။ ကျောင်းပါ ပျောက်သည့်ရွာလည်း ပျောက်။ ကျောင်းသားတင်မက၊ မိဘတွေနှင့် ဆရာတွေပါ ဒုက္ခကိုယ်စီတွေ့နေကြရသည့် ကာလ။ ICRC က အရေးပေါ် အ၀တ်အထည်၊ ဆေးဝါးနှင့် အမိုးအကာ အထောက်အပံ့ပစ္စည်းများ ဝေငှနိုင်ရန် အုပ်ချုပ်ရေးယန္တရားက ကူညီပါမည်တဲ့။ အလွန်ကျေးဇူးတင်စရာ။ တစ်မြို့နယ်လုံးမှ ၀န်ထမ်းများကို တာဝန်တွေ ခွဲလိုက်သည်။ အိမ်အောက်မှာ ရေရောက်နေလို့ ဒုက္ခသည်စာရင်း ၀င်မည်မကြံလေနှင့်။ Duty is duty. ။ ဒီလိုနှင့် မြစ်ရိုးတလျှောက်မှ ရွာများ အနောက်ရိုးမဘက်ကို ရွှေ့ကြရသည်။ UNICEF က ရွှေ့သွားသော ရွာများအတွက် စာသင်ကျောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့မည်။ လောလောဆယ် စာသင်ကြားဆဲ ကျောင်းသားများထံ စာရေးကိရိယာများ ပထမအဆင့် ဖြန့်ဝေသည်။ အောင်မြင်ပါသည်။ ဥက္ကဌကတော့ ‘မတန်မရာတွေ သွားဖြန့်နေရအောင် ဘယ်သူက ဘာခွင့်ပြုလို့ ဝေရသလဲ၊ အားလုံးပြန်သိမ်း’ ဟု ရာဇမာန်ရှသည့်အတွက် နောက်တစ်နေ့ အရပ်ထဲ လော်နှင့် လှည့်ကာ အော်ပြီး ပြန်သိမ်းရသည်။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မလျော်ပါဘူး ဆိုကာ ဌာနဆိုင်ရာ အကြီးအကဲများက ၀ိုင်း ဖြောင်းဖြတော့မှ ‘စာရင်းနဲ့ အင်းနဲ့ စနစ်တကျ ဖြန့်ဝေစေ’ ဆိုပြီး ဖြစ်သွားသည်။

တာကျိုးသည့် ရေများ ကျသွားပြီးသောအခါ လယ်အချို့ ပြန်စိုက်ကြသည်။ မြစ်ရေ ဆိုးဆိုးရွားရွား မထိလိုက်သော နေရာများပေါ့။ ဂြိုဟ်ဆိုးတို့သည် အဖေါ်အပေါင်းနှင့်မှ ပျော်ပုံရသည်။ စပါးပင်ဖျက်သော (ပုရစ်နှင့် ခပ်ဆင်ဆင်) ပိုးကောင်များစွာ ကျသည်။ ပိုးကောင်နှိမ်နင်းရေးအတွက် ဌာနဆိုင်ရာ ၀န်ထမ်းပေါင်းစုံ စစ်ဆင်ရေး ထွက်ကြရပြန်သည်။ ကျောင်းသားတို့ကလည်း ကျောင်းမှာ ဖင်မြဲအောင် မနေရနိုင်။ မိဘလယ်ထဲ၊ စက်လှေထဲ သူတို့လေးတွေ ရောက်ကုန်ကြရသည်။ ပြန်ဆောက်နေသော ကျောင်းဆောင်များအတွက် အုပ်ချုပ်ရေးယန္တရား၊ ဌာနဆိုင်ရာနှင့် ကျောင်းသား မိဘဟူသော ဆူးမျိုးစုံကြားညပ်နေရသည့် ‘ဘူးသီး’ ကျောင်းအုပ်ကြီးများမှာ UNICEF ကို ‘ယူနှိပ်စက်-အိုင်စိတ်ညစ်’ ဟု ထုတ်ညည်းဖြစ်ကြရသည် အထိ။ ဒီလောက် အရှည်ကြီးပြောပြီးကာမှ နိုင်ငံတကာ အကူအညီကို နှိပ်စက်သည် ထင်စရာလားဟု အပြစ်တင်ချင်ကြပါမည်။ အုပ်ချုပ်ရေးယန္တရားက နိုင်ငံတကာကို ဘယ်သို့ သဘောထားသည်ကို သိသောသူများက နားလည်စာနာနိုင်ကောင်းပါ၏။

နာဂစ်မွှေပြီးသောအခါ ကျန်ခဲ့သည့် ဒဏ်ရာဒဏ်ချက်ကို ယခုထိ နည်းမျိုးစုံနှင့် ကုစားနေကြဆဲ။ နာဂစ်ကို ကံစမ်းမဲပေါက်ကြသူများဘ၀မှာ နာတာရှည်ဝေဒနာပေါင်းစုံ ၀င်ရောက်နှိပ်စက်နေပြီးသား လူမမာတစ်ယောက်အတွက် ဆေးခန်းသွားနေစဉ် သစ်ကိုင်းခြောက် ကိုယ့်အပေါ်ကျိုးကျသည့်အဖြစ်မျိုးပါပဲ။ ကျွန်မမှာတော့ မုန်တိုင်းအပြီး ရက်များမကြာမီမှာပင် ကျွန်းပေါက်စနပေါ် သောင်လာတင်ခဲ့ရသည့်အတွက် ကာယကံရှင်တစ်ပိုင်း၊ တာဝန်မဲ့တစ်ပိုင်းဘ၀ကို အရှင်လတ်လတ်ရောက်သွားရပါတော့သည်။ သူငယ်ချင်းတစ်ယောက်မှ တစ်ဆင့် မုန်တိုင်းဒဏ်ခံစားခဲ့ကြရသော ကလေးငယ်များ၏ ပညာရေးအတွက် ပါဝင်လှူဒါန်းနိုင်သည်ဆိုသောအခါ You-နှိပ်စက် တို့၊ I စိတ်ညစ်တို့ကို ပြန်သတိရမိသေးသည်။ ကိုယ်လှူချင်သည့်တိုင် ကိုယ်ထိလက်ရောက် ပါဝင်နေကြရမည့်သူများ၏ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတို့ကို ထည့်တွေးရပြန်သည်။

သူငယ်ချင်းတို့၏ အစီအစဉ်မှာ မုန်တိုင်းဒဏ်ကြောင့် ပညာဆက်လက်သင်ယူရန် အခက်အခဲတွေ့ကြုံနေကြရသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးများအတွက် လစဉ် ထောက်ပံ့ပေးရန်ဖြစ်သည်။ ကလေးတစ်ဦးချင်းစီ၏ နောက်ခံအကြောင်းအရာများကို အကျဉ်းချုပ်သိနိုင်ပြီး ကိုယ်ထောက်ပံ့မည့်ကလေးကို ရွေးချယ်နိုင်သလို ထောက်ပံ့သူမရှိသေးသည့်ကလေးများအနက် အလှည့်ကျကလေးအတွက်လည်း ထောက်ပံ့နိုင်သည်။ လစဉ် ကိုယ့်မိသားစုကိုယ် ပြန်ပို့နေသည့်ငွေပမာဏကိုလည်း မထိခိုက်၊ ကိုယ်သုံးစွဲနေကျပမာဏထက်လည်း ထူး မလျော့၊ ပညာသင်လိုသူ ကလေးငယ်တစ်ဦးအတွက် အကူအပံ့ဖြစ်စေနိုင်သော အစီအစဉ်ဖြစ်၍ နီးစပ်ရာ သူငယ်ချင်းများ တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်မှာ ၂၀၀၈-၀၉ ပညာသင်နှစ်ပင် ပြီးဆုံးခဲ့ပါပြီ။ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများကို ဒီနေရာမှာ သွားကြည့်နိုင်ပါသည်။ (သူတို့လေးတွေ ရေးထားသော စာလုံးပေါင်း မှားမှား၊ ပဲပင်ပေါက်စာလေးများကို မြင်သည့်အခါ အစ်မဖြစ်သူ မူလတန်းပြ ဆရာမ၏ တပည့်များကို သတိရသည်။ သင့်ပတ်ဝန်းကျင်မှ အသီးအနှံ(၃)မျိုးကို ရေးပါဆိုတော့ – ‘ကျောက်ဖလုံသီး’ ဆိုပဲ။ သင်နှစ်သက်သော ဟင်း (၃)မျိုးဆိုပြန်တော့ -`ခွေးသား´တဲ့။ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းက မြောက်မကွေရွာကလေးမှာ ၃ နှစ်နီးပါး တာဝန်ကျခဲ့သူ အစ်မက လွမ်းလွမ်းဆွတ်ဆွတ် ပြောတတ်ရှာသည်။ )

စာသင်နှစ်ပြီးဆုံးချိန်တွင် နောက်နှစ်အတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးရန်နှင့် အလှူရှင်အဖြစ် ဂုဏ်ပြုရန် ဖိတ်စာလေးရောက်လာခဲ့ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုနေ့က ပြုလုပ်ခဲ့သော အလှူရှင် ဂုဏ်ပြုပွဲကို ကိုယ်တိုင် မတက်ဖြစ်ခဲ့သော်လည်း Gmail Inbox မှ ဖိတ်စာကိုမြင်မိတိုင်း တစ်ချိန်က `တိုင်းဧရာဝတီ၊ မြို့ရေကြည်၊ လူမည် xxxx၊ ကုန်မှ အေး ´ဟု ရွတ်တွတ်တွတ် ရေရွတ်ရင်း တစ်မြို့နယ်လုံးက ကျောင်းရှိသမျှကို စက်ဘီးတစ်တန်၊ ကုန်းကျောင်းတစ်တန်၊ လှေတစ်တန်သွားကာ စစ်ဆေးတတ်သော လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာချစ် ကို သတိရနေမိပါသည်။ ဆရာချစ်ရေ…………… ခု နာဂစ်အပြီးမှာ ဘယ်လိုများ ရေရွတ်နေဦးမလဲ သိချင်စမ်းပါဘိ။

(စာကြွင်း။           ။ ပမာဏ မများလှပေမယ့် ယမမင်းထံ အစစ်ခံရင် ပထမဆုံး စိတ်ထဲပေါ်လာမယ့် ကောင်းမှုအဖြစ် တွေးမိလိုက်တဲ့ အကြောင်းအရာပါ။ ကလေးတို့ရဲ့ အနာဂတ် သန်စွမ်းတောက်ပနိုင်ပါစေ။)