Gmail Motion!!!!

မနေ့က တစ်နေ့လုံး ကိုယ်တော့ဖြင့် အပြင်ကို မထွက်ဘူး။ (အွန်လိုင်းမှာ လျှောက်မလည်တာ)။ ဧပြီတစ်ရက်လေ။ သိတော်မူကြတဲ့အတိုင်း။

ကိုယ့်ဘာသာကိုယ် မှတ်ချက်ချတယ်။ ငါ ဒီတစ်နှစ် မခံရဘူး – လို့။

ဒါပေမယ့် စာတိုက်ပုံး ဖွင့်သူတိုင်း မြင်ရမယ့် ဖြားယောင်းမှုတစ်ခုပေါ့။

ကိုယ် ကျဆုံးသွားတယ်။ ဂူးဂဲလ်ရယ် – – –

တစ်ကမ္ဘာလုံးကို နောက်တဲ့ ဂူဂဲကြောင့် တဂူးဂူး တဂဲဂဲ မြည်ချင်စိတ် ပေါက်သွားပါပြီ။

ကြည့်တော်မူကြပါကုန်။

အနည်းဆုံး မထွက်သေးဘူးဆိုတော့ လေက မလျှော့ပါကလား ဂူးဂဲလ် ရယ် . . . . . .  .

Advertisements

Time to Smile :)

အသက် သုံးနှစ်ခွဲရောက်ပြီဖြစ်သော မာတင်သည် သူ့အဖေ၏ ကားပေါ်မှာ လိုက်စီးရခြင်းကို အလွန်သဘောကျ၏။ တစ်နေ့တွင် သူတို့ သားအဖ တရိစ္ဆာန်ရုံသို့ သွားကြသည်။ မျောက်ရုံတွင် ချင်ပန်ဇီများ ဆော့ကစားနေကြသည်ကို လူအများက ကြည့်ရှုသဘောကျနေရာသို့ ရောက်သွားကြသည်။
လူအများရှေ့တွင် ချင်ပန်ဇီများသည် ကားတာယာအလွတ်များဖြင့် ဆော့နေကြ၏။
မာတင်သည် ရယ်မောနေရာမှ ရုတ်တရက် အလေးအနက်စဉ်းစားသွားပြီး သူ့အဖေကို မော့ကြည့်ရင်း ပြောပုံမှာ-
“ဖေဖေ – သူတို့မှာ တာယာတွေ ရှိတယ်နော်“
“အေးပေါ့ သားရဲ့”
“ဖေဖေ့၊ ဒါ ကားတာယာတွေနော်”
“ဟုတ်တယ်လေ သားရဲ့”
“ဒါဆို သူတို့လည်း ကားပိုင်တာပေါ့”

***************************************************

စာရေးဆရာ George Mike ရေးသော Wisdom for Other စာအုပ်မှ မျက်စိကျရာ စာပိုဒ်လေးများ ဖြစ်ပါသည်။ ဘလော့တွင်တင်နေသည့် တောင်ထုမျှသော ဖုန်ကို ခါသည့် ကြက်မွေးတစ်ချက်ပမာ ပြုံးစရာဖြစ်ကြပါစေကြောင်း။ 🙂

လွဲလွဲလေးလည်း ကောင်းပါတယ်

အလွဲကြီး –

သူငယ်ချင်းတွေဆီကနေ စာတွေ ဖော်ဝပ်ရင်းနဲ့ (ကိုယ်တိုင်အတွက်) အတော် ကို့ရို့ကားယားနိုင်တဲ့ စာတစ်စောင် ကော်ပီအများကြီးရောက်လာပါတယ်။ ဘာသာရေးဆိုင်ရာကိစ္စပါ။ အများကြီးတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ထော်လော်ကန့်လန့်ဖြစ်နေတယ်ထင်လို့ နည်းနည်းပါးပါးပြောပြီး Reply All လုပ်လိုက်ပါတယ်။ ကိုယ်ပို့လိုက်တဲ့သူတွေထဲက တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်ဘလော့မှာ ၏၊ သည်၊ ၍ မလွဲ အကုန်ကူးချပြီးသကာလ သူဒီလိုရေးဖို့ စိတ်ကူးပေါက်အောင် mail ပို့ပေးတဲ့ ကိုယ့်ကို ကျေးဇူးတင်ထားပါတယ်။

အလွဲလတ် –

သူငယ်ချင်းတစ်ယောက်အတွက် စာနဲ့ စီဒီခွေတစ်ခွေကို တခြား သူငယ်ချင်းတစ်ယောက်က ပို့လိုက်ပါတယ်။ ကိုယ့်အိမ်လိပ်စာနဲ့ဆိုတော့ လာရွေးဖို့ စာတိုက်ကနေ စာဆင့်သွားပါတယ်။ ပစ္စည်းရှင် သူငယ်ချင်းက Jurong East မှာ နေပါတယ်။ ကိုယ့်နေရာနဲ့ အရှေ့ဖျား/အနောက်ဖျားပါ။ သူတို့အနားက IMM မှာ Singpost က စာတိုက်ရှိတယ်လို့ပြောပါတယ်။ သူတို့ဘက်ကို လွှဲပြီး ပို့ခိုင်းပေးပါလို့ ဆိုပါတယ်။ ဖုန်းထဲကနေ လမ်းညွှန်ချက်ပေါင်းစုံ၊ Postal Code ပေါင်းစုံ၊ ခလုပ်ပေါင်းစုံ နှိပ်ပြီးတဲ့အခါ စိတ်လက်ပေါ့ပါးပြီး ရောက်သွားပြီဟေ့ လို့ သူငယ်ချင်းကို လှမ်းအကြောင်းကြားလိုက်ပါတယ်။ ရောက်တော့ ရောက်သွားပါတယ်။ Jurong Point ကိုပါ။

အလွဲလေး –

Site ကနေ ၀ိုင်ယာကြိုးနမူနာတစ်စ ပေးပြီး အဲဒီဝိုင်ယာအရွယ်အစားအတွက် ပစ္စည်း ၃ခု ဒီနေ့ မှာပေးပါလို့ ပြောသွားပါတယ်။ ၀ိုင်ယာတွေကို Distribution Board မှာ ဆင်နေပြီဆိုတော့ Labeling အတွက် အတော် ဦးနှောက်ခြောက်နေရတဲ့အချိန်ပါ။ အဲဒီ ၀ိုင်ယာအရွယ်အစားက Label တပ်ရမယ့်စာရင်းမှာ မရှိတဲ့အတွက် သူနဲ့သင့်တော်တဲ့ လက်သန်းလုံးအရွယ် အဖြူရောင် Labeling Plastic Tube အဆင်သင့်မရှိ ဖြစ်နေပါလေရော။ ဒါနဲ့ site ကို နောက်တစ်ကြိမ် confirm လုပ်တော့ 3/4″  Brass Gland မှာတာ ဖြစ်သွားပါတယ်။ (Nut ခေါင်းလို ပုံစံမျိုးလေ ၊ အတော်နီးစပ်တယ်နော်)။

*******                               ********                                   ********

အလွဲကြီး နောက်ဆက်တွဲ – ဘာမှတော့ မပြောဖြစ်ပါဘူး။ နောက်ထပ်လည်း ဆက်မပြောဖြစ်တော့ဘူးလေ။ ကိုယ် ပြောမိသမျှ သူ အသုံးတည့်ချင်တဲ့နေရာမှာ သွားတည့်နေဦးမှာကိုး။ WeSheMe က ပြောတဲ့ Privacy ကို Trade လုပ်တယ်ဆိုတာကို သတိရမိသွားတယ်။ ကိုယ်ကတော့ Communication ကနေ အမြတ်ထုတ်ခံလိုက်ရတာ လို့ပဲ မှတ်လိုက်ပါတယ်။

အလွဲလတ် ဖြေရှင်းပုံ – သူငယ်ချင်းကို ပေးလိုက်ပြီးသား ပစ္စည်းရွေးရမယ့်စာရွက်ကို သူ့ဆီမှာ ပြန်သွားယူပြီး မနက်ဖြန် Jurong Point မှာ သွားရွေးပေးလိုက်တော့မှာပါ။ ကိုယ်စားရွေးပေးလို့ရတယ်ဆိုတာ လုံးလုံး သတိမရမိခဲ့ဘူးလေ။

အလွဲလေး – ကတော့ ဖြေရှင်းစရာမလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် လူမသိလိုက်ဘဲ လွဲသွားတာဆိုတော့ ခုမှ လူစုံတဲ့နေရာ လာပြီး တိုးတိုးတိတ်တိတ် ပြောပြတာ။ မသိလိုက်ဘူးမဟုတ်လား။ မကြားလိုက်ဘူးလို့ မှတ်လိုက်နော်။ 😛

ပရိသတ်ကြီးနှင့် ကျန်းမာရေး

`ဟုတ်ကဲ့…… ကျွန်တော်များ စိန်မဟာသဘင်မှ ပွဲတိုင်းကျော် မင်းသားလေး၊ ပြည်တော်ချစ် မင်းသားလေး၊ ပြည်သူ့အသည်းစွဲ မင်းသားလေး သားသားလေး ကျွန်တော်မှာ အားပါးတရကြီးကို ဖျော်ဖြေချင်လွန်းလို့ ကြိုးစားပမ်းစားပေါ့ခင်ဗျာ၊ အားခဲထားပါသော်လည်း…….. ကျန်းမာရေးကလည်း မကောင်း´

`ကျန်းမာရေးကောင်းပြန်တော့လည်း အားပေးမယ့် ပရိသတ်ကြီးက မအား၊ မအားတော့ မလာနိုင်၊ မလာနိုင်တော့ ပရိသတ်ကြီးက မရှိ´

`ပရိသတ်ကြီးက ခုလို အားပေးနေပြန်တော့လည်း ကျန်းမာရေးကလည်း မကောင်း´

အထပ်ထပ်ကျော့ကာ ပြောသွားသော ချွန်စက်တို့အဖွဲ့ ပြက်လုံးထုတ်တာ နားထောင်ကောင်းသလောက် ကိုယ်တွေ့ကျ ခံစားမကောင်းပါ။ အတူနေ ထနောင်းခမျာ ခုတလော နေမကောင်းရှာ။ စားချင်သောက်ချင်စိတ် ရှိပါသော်ငြား စား၍ ခံတွင်းမလိုက်သောအခါ စားတိုင်း စိတ်ညစ်ရရှာ၏။ တနင်္ဂနွေနေ့က အပြင်ထွက် စားကြရင်း သူ့ကို ဖြားယောင်းသွေးဆောင်သည့်အနေဖြင့် ဆာတေးတစ်ပွဲကို ရှေ့ချသောအခါ သူပြောတာ အပေါ်က ပြက်လုံးအတိုင်းပါပဲ။

Satay

Satay

စားနိုင်သောက်နိုင်၊ စားကောင်းသောက်ကောင်း အချိန်ကာလများက အပြင်ထွက်စားဖြစ်ခဲပါသည်။ အပြင်ထွက်စားပြီး ကိုယ်တိုင် လုပ်မစားဖြစ်နိုင် သည်များကို ၀ယ်စားကာမှ စားကောင်းသောက်ကောင်း ကျန်းမာရေး မဟုတ်လေသည့်အခါ ………. `ကျန်းမာရေးကလည်း မကောင်း´ ပေါ့ခင်ဗျာ။

အရပ်ကတို့

ပါဝင်သူများ-
(၁) ဒေါ်မြနှစ်- အသက် ၅၀ကျော် (ဘယ်လောက်ကျော်မှန်း အသိမခံ)၊ ကုန်သေးဆိုင်ပိုင်ရှင်

(၂) ကိုစံချိတ်- အသက် ၄၀ကျော် (၅၀နီးဟု ခန့်မှန်းရသည်)၊ ကာလသားခေါင်း (ဟောင်း)

(၃) အိမ်နီးနားချင်း အရပ်သူ အရပ်သားများ

******                ***************                                  ******

– တစ်နေ့စာ ရောင်းရငွေများ၊ အကြွေးစာရင်းပါ မှတ်ထားသော ကုန်ဖိုးမှတ်စာအုပ်၊ တိုလီမိုလီပစ္စည်းများ၊ `ငွေဝင်လာဘ်ပွင့်ဂါထာများ´စာအုပ်တို့ ထည့်လာသည့် ဆွဲခြင်းကို ချရင်း ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ပါ ထိုင်ချကာ တအင်းအင်း တကျွတ်ကျွတ် သံစုံ ထုတ်လွှင့်လိုက်သည်မှာ ဒေါ်မြနှစ်၏ နေ့စဉ် ဈေးပြန်ချိန် မြင်ကွင်း

– လက်တိုလက်တောင်း ခိုင်းကောင်း၍ ဖင်ပေါ့သော တူမလေးကို ကြမ်းပြင်နှင့် တင်ပါး ထိချိန်မရအောင် စီကာစဉ်ကာ ခိုင်းစေရင်း ထိုင်ရာမထ၊ ပွစိပွစိ ဆီမန်းမန်းတတ်သည်မှာ ဒေါ်မြနှစ်၏ life style

– တမြို့တရွာ ရောက်နေကြသော တူ/တူမများက ဘေးတွဲ၊ နောက်တွဲ အသီးသီး အသကနှင့် `အရီး/အန်တီ/ဒေါ်လေး-မြ´ထံ လာရောက် ဂါရ၀ပြု ကြသည့်အခါ ကန်တော့ခံပစ္စည်းနှင့် ပြန်ချီးမြှင့်ရန် မုန့်ဖိုးတို့ကို အချိန်တိုအတွင်း အချိုးချလျက် တွက်ချက် ထုတ်ပေးကာ အလ္လာပသလ္လာပ မြန်မြန် ကိစ္စပြတ်စေသည်က နှစ်စဉ်

`တို့များမှာ အရပ်ကောင်းမှ အလောင်းလှရမှာအေ့´ဟု ပါးစပ်ဖျားမှ မချတမ်းပြောရင်း တစ်ရပ်လုံးမှ ကာလသား/သမီးများ အရေးကို တက်တက်ကြွကြွ၊ စိတ်ပါဝင်စား၊ နားစွင့် မျက်စိဖွင့်လျက် ပါဝင်တတ်သူ အနှီ ဒေါ်မြနှစ်ခမျာ မကြာမကြာ အကြောတက်တတ်၏။ လက်ကတုံးတောင်ဝှေး တူမလေးမှာ ရှိသမျှအင်အားကို နေ့စဉ်ဝတ္တရားများတွင် ရင်းနှီးမြှုပ်နှံလိုက်ရသည့်အတွက် နောက်ဆုံး… လက်အံသေ အားကုန်ခြင်းသာ အဖတ်တင်သည်၊ ဒေါ်မြနှစ်၏ တက်နေသော အကြောတို့ မပြေလေ။

`အံမယ်လေး´ ခပ်ကျယ်ကျယ် နှစ်ခွန်းခန့် ရွတ်ပြီး `အကြောတွေကလည်း တက်လှချည့်နော်၊  အရပ်ကတို့ရေ´ ဟု ဒေါ်မြနှစ် တ,လိုက်လျှင် ဖြတ်သွားဖြတ်လာ အိမ်နီးနားချင်း ကူညီတတ်သူများ ၀င်လာကာ `ကိုင်း၊ ကိုင်း။ အရီး/အမကြီး/ဒေါ်လေး- အနေရဆိုးနေသလား။ အားမနာပါနဲ့။ လုပ်ပေးရမှာပေါ့´ ပြောရင်းဆိုရင်း နင်းကြ၊ နှိပ်ကြ၊ အကြောဖြေပေးကြသည်။ တောင်ဘက် နှစ်အိမ်ကျော်မှ ကိုစံချိတ်ကား ပညာရပ်ပေါင်းစုံ အတော် နှံ့စပ်သူ ဖြစ်သည့်အလျောက် ကောင်းစွာ အကြောဖြေပေးလေ့ရှိသတည်း။

ဒေါ်မြနှစ်၏ `အရပ်ကတို့´အပြီးတွင် ကလေးမလေး တည်ခင်း ဧည့်ခံသော ရေနွေးကြမ်းနှင့် ပဲလှော်၊ ထန်းလျက်၊ ပဲခြမ်းသုတ်၊ လက်ဖက်သုတ်၊ ဂျင်းသုတ် တို့ကို သုံးဆောင်ကာ ထွေရာလေးပါးပြောဆို၍ အိမ်နီးနားချင်း အများ လူစုခွဲကြ၏။ ကိုစံချိတ်ကား အပြောကောင်း၊ အဟောကောင်းပါပေ။

သို့ဖြင့် ဒေါ်မြနှစ်၏ `အရပ်ကတို့´သည် သုံးလတွင် နှစ်ကြိမ်ခန့် ထွက်ပေါ်ရာမှ တစ်လတစ်ကြိမ်ခန့် ဖြစ်လာသောအခါ အရပ်က စ,ကြ၏။ ကိုစံချိတ်မှာ အရေပင် ထူငြားသော်လည်း `အဘွားကြီး´နှင့် အစ,ခံနိုင်ဟန် မရှိ။ ရှက်နိုး၍ တစ်ကြိမ်သော `အရပ်ကတို့´၀ယ် မရောက်၊ မလာ နေဘိ၏။ မကြာမတင်သော အခါ ဒေါ်မြနှစ်၏ `အောင်မလေး- အရပ်ကတို့၊ ကိုစံချိတ်ကတို့ရဲ့´ဟူသော အသံ ကြားရလေတော့သည်။ အရပ်သူ၊ အရပ်သားများကား ပြုံးစိစိ၊ ဒေါ်မြနှစ်က ခပ်တည်တည်၊ မျက်လုံးပင် ဖွင့်မကြည့်။ ကိုစံချိတ်ကား ကြားလိုက်ဟန်မပြ။ ရောက်တော့ ရောက်လာသည်။

*******                           ******************                                  **************

`အဲဒါနဲ့ ဒေါ်မြနှစ်ကြီးလည်း အသက် ၆၀ကျော်၊ ၇၀ နီးတော့ ရဟန်းအမ၊ ကျောင်းအမ၊ အပျိုကြီး ဘ၀နဲ့ပဲ ဆုံးတာပါပဲအေ။ ကိုစံချိတ်ကလည်း `သပ္ပူရိသ ဦးစံချိတ်´တွေ ဘာတွေ ဖြစ်ပြီး တူ/တူမတွေနဲ့ ဒီလိုပဲ နေသွားတာပါပဲ´ ဟု အမေက နိဂုံးချုပ်သည်။

`ဟင် …… ဂလိုကြီးလား။ တို့အိမ်မှာတော့ `ကိုစံချိတ်ကတို့ ´က အဖေထင်တယ်နော် …… အမေ့၊  အဟိ´

`ဒေါက်´

`အား လား လား……….. အမေကလည်း၊ စ,တာကို´

***********                         ***************                                     ************

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ “အရပ်ကတို့” တ, ၍ အလုပ်မဖြစ်သည့်အခါ “ကိုစံချိတ်ကတို့” ပါ ထည့်၍ တ,လိုက်သော စကားတစ်ခွန်းက အိမ်မှာ အတော် တွင်ကျယ်ဖူးပါသည်။ အပျိုကြီး ဆိုသဟာမျိုးက လူတွေ အကြောင်းကို နည်းနည်းသိ- သိသလို အသုံးတည့်ပစ်လိုက်ပြီး အပိုင် မသိမ်းချင်တတ်သော သဘာဝတစ်ရပ်ပါသည်ဟု အမေက မှတ်ချက်ပြု၏။ အသက်ရလာသည်နှင့် အမျှ အရေထူလာသည်ကလည်း သဘာဝတစ်ရပ်ပဲ ထင်ပါသည်။ အမခင်ဦးမေ၏ Nature of Women ကို တစ်တပ်တစ်အား ပါဝင်ကူညီသည့်အနေဖြင့် တင်ဆက်လိုက်ပါသည်။ ဟိ 😛

ဘာပဲဖြစ်ဖြစ်.. မင်းသဘောပါ.. ဘာမဆိုပေါ့

ဘာပဲဖြစ်ဖြစ်-

၁) ငါတို့ ညစာ ဘာစားရင်ကောင်းမလဲဟေ (လွယ်လွယ်ကူကူ ခေါက်ဆွဲခြောက် ပြုတ်ပေါ့)

၂) ဘာပဲဖြစ်ဖြစ်ပါဟာ

၁) ငါတို့ မက္ကဆီကန်အစားအစာ စားကြမလား (ချဉ်ပေါင်ဟင်းလေးနဲ့ ငပိထောင်းဆိုရင်……)

၂) အာ … ဒါတော့ မဖြစ်ဘူးဟ။ ဟိုတစ်ခေါက်က ငါ့မျက်နှာမှာ ၀က်ခြံတွေ ထွက်လာတယ်လေ

၁) အင်း၊ ဒါဆိုလည်း စီချွမ်းဟင်းလျာတွေ သွားစားကြရအောင် (တရုတ်ဆိုင်က This one, That one)

၂) မနေ့ကပဲ အဲဒါစားထားတာကို။ ဒီနေ့ရောပဲလား။

၁) အမ်။ ပင်လယ်စာဆိုရင်တော့ မဆိုးဘူးလားလို့ (ငါးသေတ္တာဗူးလေး ဖောက်ရုံပဲ)

၂) အဲဒါ မကောင်းဘူးဟ။ ငါ ၀မ်းလျှောလိမ့်မယ်

၁) ဒါဆို ဘာစားချင်လဲ

၂) ဘာဖြစ်ဖြစ်ပါဟာ………..

ဘာမဆိုပေါ့ 

၁) ဘာလုပ်ကြရင်ကောင်းမလဲဟင် (ဖဲရိုက်ချင်ထှာ)

၂) ဘာမဆိုပေါ့

၁) ရုပ်ရှင်ကြည့်ကြမလား။ မကြည့်တာ ကြာပြီပဲ (ပိုက်ပိုက်ကုန်လို့)

၂) အချိန်ဖြုန်းတာ တစ်မျိုးပါပဲဟာ။ ဘာကောင်းလို့လဲ။

၁) ဘိုးလင်း သွားကစားကြရင်ရော။ လေ့ကျင့်ခန်းလေးဘာလေး လုပ်ကြတာပေါ့ (အုန်းလွဲသွားရင် မျက်နှာချင်းမဆိုင်ချင်တဲ့လူကို ရှောင်လို့ရတာပေါ့)

၂) ဒီလို ပူလောင်အိုက်စပ်တဲ့နေ့မျိုးမှာ လေ့ကျင့်ခန်းလုပ်မယ် ?

၁) ဒါဆိုလည်း ကဖေးတစ်ခုခုသွားပြီး ကော်ဖီသောက်ကြတာပေါ့ (ကျန်တဲ့ အအေးတွေ အားလုံး ဈေးကြီးတယ်လေ)

၂) ငါ ကဖိန်းဖြတ်ထားတယ်ဟ

၁) ဒါဆို ဘာလုပ်မယ်စိတ်ကူးလဲ

၂) ဘာမဆိုပေါ့ဟာ

နင်ပဲ ဆုံးဖြတ်ပါ

၁) ဒါဆို အိမ်ပြန်ကြမလား (ကြည့်လို့ကောင်းတာလေးတွေ တစ်ယောက်မှ မမြင်ရတဲ့အတူတူ)

၂) နင့် သဘောပါ

၁) ဘတ်စ်နဲ့ ပြန်ကြရအောင်။ ငါ အဖော်လိုက်ခဲ့မယ် (သူများမြင်တော့ ကိုယ့်မှာ တစ်ယောက်တည်း မဟုတ်ဘူးပေါ့။ ရှိတယ်ပေါ့)

၂) ဘတ်စ်တွေက လူကျပ်ကျပ်၊ ညစ်ပတ်ပတ်နဲ့

၁) အိုကေ လေ။ ငါတို့ အငှါးကား စီးကြတာပေါ့ (တစ်စီးမှ မအားကြပါစေနဲ့ဘုရား)

၂) မတန်လိုက်တာ. …. နီးနီးလေးကို

၁) ကောင်းပါပြီ၊ ဒါဆို လမ်းလျှောက်ကြမယ်။ ရာသီဥတုလေးက သာယာပါဘိနဲ့ (မျက်စိအစာကျွေးစရာ လမ်းမှာ ရှာရဦးမယ်)

၂) ဗိုက်ဆာတယ်ဟာ …. မလျှောက်နိုင်ဘူး

၁) ဒါဆို ဘာလုပ်ချင်လဲ (ဘာမှ မလုပ်ချင်တော့ဘူး)

၂) နင့်သဘောပဲ

၁) ညစာ အရင်စားကြရအောင် (ပြောရတာ ဗိုက်တောင် ချောင်လာပြီ)

၂) ဘာပဲဖြစ်ဖြစ်ပေါ့

၁) ဘာစားချင်လဲ (ဈေးမကြီးတာတွေပဲ ဖြစ်ပါစေ)

၂) ဘာမဆိုပါဟာ……..

ဘယ်တော့မှ ဆုံးမလဲလို့ မမေးနဲ့နော်။ အဲဒီဇာတ်လမ်းမှာ ပါဝင် အသုံးတော်ခံသွားသူများကို ကိုယ်မြင်ယောင်ချင်သလို မြင်ယောင်လို့ရအောင် (၁) နဲ့ (၂) လို့ သုံးလိုက်တာ။ သိပြီးသားဆိုရင် ………… (ဖွတဲ့ အလုပ်တော့ လုပ်လိုက်ပြီ၊ ကျန်တဲ့ကိစ္စ ကျွန်မ တာဝန်မဟုတ်တော့ဘူး။ ဟိ 😀 )

( ဒီဇာတ်လမ်းကို ဒီနေရာက ယူထားတာပါ။ အကြည်ဓါတ် ခြောက်ခမ်းနေလို့ နည်းနည်း ပါးပါး ငံပြာရည် ကျိုတာပါ။ )

ဝန်ကြီးဌာနများ

အခုရှိထားသော ၀န်ကြီးဌာနများအကြောင်းကို အတင်းပြောမည်ဟု မထင်ကြပါနှင့်။ Web Browser တွေကို အမျိုးသမီးတွေနှင့် နှိုင်းယှဉ် ရှင်းလင်းပြထားသော forward email ရတာကနေ ဒီစိတ်ကူး ပေါက်ပါသည်။

သူငယ်ချင်းယောကျာင်္းလေးများ-အသက်ကလည်း ၃၀ ကပ်လာပြီ။ ကျော်သည့်သူလည်း ကျော်ကုန်ပြီ။ ခက်တာက အိမ်ထောင် အတည်တကျ မရှိသေး။ သူငယ်ချင်းများကလည်း ကလေးတွဲလောင်းဖြစ်သူကဖြစ်၊ ၀ါမ၀င်ခင် အိမ်ထောင်ထဲ ၀င်သည့်သူက၀င်၊ ၀ါကျွတ်သည်နှင့် လူပျိုကြီးဘ၀ ကျွတ်သူကကျွတ်။ ကိုယ့်မှာ အခြေအနေမဲ့ မဟုတ်သည့်တိုင် လူမဖြစ်သေးသလို ခံစားရသည်က ဒုက္ခ။ ဘ၀က– ၀န်ကြီးတော့ ၀န်ကြီးပါပဲ၊ ဘာဌာနမှာ ၀န်ကြီးလုပ်ရမှန်း မသိသည့်အဖြစ်။
ကိုယ့်အနားရှိနေသည့် မိန်းကလေးများကျပြန်တော့ ၀န်ကြီးပီပီ ရုံးအုပ်ကြီးလို မစဉ်းစားချင်။ ဒီတော့ ၀န်ကြီးဌာနဖြစ်ထိုက်သော အမျိုးသမီးများကို စဉ်းစားရမည်ပေါ့။
၁) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကဲ့သို့သော အမျိုးသမီး- စီမံကိန်းတစ်ခုပြီးတစ်ခု အလျဉ်မပြတ် ရှာဖွေချမှတ်ရင်း မိမိကို ရှင်သန်ရပ်တည်ရေး ကူညီမည့်သူ
၂) ဆောက်လုပ်ရေးဝန်ကြီးဌာနကဲ့သို့သော မိန်းမသား- လူတိုင်းအားကျသွားရမည်။ လက်ထဲရောက်လျှင်တော့ မြဲရန် အတော်ခက်မည်။ ပြိုင်ဖက်က အများသားကိုး။ အောင်မြင်သော မိတ်ဖက်ဖြစ်သည်နှင့်တပြိုင်နက် မိမိကို ရှာကျွေးသည်အထိ ထောက်ပံ့နိုင်သူ
၃) အမျိုးသားစီးပွါးရေးနှင့် စီမံကိန်းဝန်ကြီးဌာနကဲ့သို့သော ဣတ္ထိယ- အလုပ်ဖြစ်မည်/မဖြစ်မည်ကို လူတိုင်းစိတ်မ၀င်စားသော နှစ်၂၀၊ နှစ်၃၀ စီမံကိန်းများဖြင့် တစ်ကိုယ်တည်း အလုပ်ရှုပ်နေလေသူ့အား လူသူလေးပါး မသိကြလေကုန်။
၎) ၀န်ကြီးချုပ်ရုံးဝန်ကြီးကဲ့သို့သော သတို့သမီး- လူတိုင်းလိုလိုနှင့် ဆက်ဆံနိုင်သည်။ လူတိုင်းလိုလို သိသည်။ သိခြင်းနှင့် မသိခြင်း အကျိုးသက်ရောက်မှု မကွာခြား။
၅) လူတိုင်းလိုလိုနှင့် ကောင်းမွန်စွာဆက်ဆံနိုင်သည်၊ ပြင်ပမှ မြင်ရလျှင် အထင်ကြီးဖွယ်အတိ။ အိမ်သားချင်းတော့ အဆင်ပြေစရာမရှိ။ မျက်နှာချင်းဆိုင်မိတိုင်း ပြဿနာတက်မည်-အမှတ် ၁နှင့် ၂ စက်မှုဝန်ကြီးဌာန
၆) လွန်စွာ အဖိုးတန်၊ ဣနြေ္ဒရ၊ လူတိုင်း အဖိုးတန်မှန်းသိသော်လည်း လက်ရှောင်ရမည့် တော်လေး၀၀င် မဒီကညာ-သာသနာရေးဝန်ကြီးဌာန
၇) မိမိတွင် ကောင်းသောအချက်များ ရှိခြင်း၊ မရှိခြင်းကို ကောင်းစွာ သိုဝှက်၍ ဣနြေ္ဒမပျက် ရပ်တည်တတ်သူ အထည်ကြီးပျက် လေဒီသည်ကား – စွမ်းအင်ဝန်ကြီးဌာန
၈) ကာကွယ်ရေးဝန်ကြီးဌာနနှင့်တူသော မိန်းမ- အိမ်သားချင်း ချစ်ခင်သလောက် ပြင်ပမှာ လူကြိုက်မများရှာချေ။
၉) ရပ်တကာရွာတကာ ဖြစ်သမျှကိစ္စ သူ အကုန်ပါ၍ ကောင်းစွာ ကူညီပါသော်ငြား ရလဒ်ကောင်း မထွက်တတ်သလို မျက်နှာကောင်းလည်း မရတတ်ရှာသူ- နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန
၁၀) မယောင်ရာကို ဆီလူးခြင်း၊ နှမ်းဖြူးခြင်းတို့ကို ကျွမ်းကျင်စွာ ဆောင်ရွက်တတ်သူ၊ နေရာတကာတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်တတ်သလောက် အလုပ်မပြီးမြောက်ချေ။ ထိုသို့သော စွမ်းဆောင်ရှင် အမျိုးသမီးမှာ- လူဝင်မှုကြီးကြပ်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန
၁၁) ဒီအရပ်တွင်ဖြစ်သော သတင်းကို ဟိုဘက်နားရောက်အောင်ပို့၍ ဟိုဘက်ကသတင်းကို ဒီဘက်မှာ တစ်မျိုးဖြစ်အောင် ကောင်းစွာမွမ်းမံတတ်သော၊ ထိုအချက်ကို လူတိုင်း သိလျက်နှင့်ပင် သူ့အကျင့်ပဲလေဟု ခွင့်လွှတ်ထားရသူ မိန်းမသူမှာ- (အများသိတော်မူကြသည့်အတိုင်း) ပြန်ကြားရေး ၀န်ကြီးဌာန
၁၂) ကိုယ်တိုင်က ကောင်းရာကောင်းကြောင်း မစဉ်းစား၊ ကောင်းပြီးသားကို ပျက်အောင်ဖျက်ပြီးမှ ကောင်းအောင် မည်သို့လုပ်မည်ဟု လေကြီးမိုးကြီး ပြောလျက် ပျက်သည့်အတိုင်း ဒုံးပေကတ်သတ် အသားကျအောင် နေတတ်သည့် မိန်းမမှာ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
၁၃) ရှေးဆန်သလောက် မက်လောက်စရာ ဘာတစ်ခုမျှ မကျန်တော့သည့် မိန်းမ-သမ၀ါယမ ၀န်ကြီးဌာန

၁၄) ၀င်ငွေ၊ ထွက်ငွေတို့ကို ကောင်းစွာ ချင့်ချိန်၍ ဈေးသုံးအပြင် အ၀တ်အစား၊ လက်ဝတ်လက်စားတို့ကို အဖတ်တင်ရလေအောင် စီမံခန့်ခွဲခြင်း၌ ကျွမ်းကျင်လိမ္မာသူ၊ အခြားသူတို့အား မည်မျှလောက်ရလျှင် မည်သို့မည်ပုံ လောက်ငအောင် သုံးစွဲနိုင်ကြောင်း သင်တန်းပို့ချရာ၌ စံထားရလောက်သူ၊ မိမိထံ Deposit သွင်းလျှင် လက်ခံ၍ Withdrawal ကို နားမလည်သူ အနှီကုမ္မာရီသည်ကား- ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန

၁၅) မြင်လိုက်ရလျှင် စည်းစနစ်လွန်စွာကျနပြီး အလုပ်အကိုင် ထည်ထည်ဝါ၀ါ ရှိသလောက် ဘာရလဒ်မှ မည်မည်ရရ ပြစရာမရှိလာသော မ,ကြီးကျယ်မှာတမူ- လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန

၁၆) ဒင်းမိဘလက်ထက် အမွေရသမျှဖြင့် ငါ့တစ်သက်သုံးဖို့ချည်းဟု အားရပါးရ သွားရည်ကျမည်မကြံလေနှင့်၊ သူကိုယ်တိုင်သုံးစွဲထားသဖြင့် သွားကြားထိုးတံတစ်မျှင်စာ ရလျှင် ကံကောင်းမည်ဟုသာ မှတ်ပါလေ။ ထိုသို့သော အမွေပုံရှင်မှာ- သစ်တောရေးရာ ၀န်ကြီးဌာန

၁၇) မျက်စိသူငယ်၊ နားသူငယ်၊ သနားဖွယ်ရာအတိ။ မိဘထံမှလည်း လောက်ငအောင် မရရှာ။ သူ့ဘာသာသူလည်း လူမွေးလူတောင် ပြောင်အောင် မတတ်နိုင်ရှာ။ လူတကာ စုတ်တသပ်သပ်ပင် ဖြစ်ကြသော်ငြား လားလားမျှ မျက်စောင်းထိုးခြင်းအမှု မပြုကြလေကုန်။ – မသိချင်ယောင် မဆောင်ပါနှင့်။ ပညာရေးဝန်ကြီးဌာနဖြစ်ပါသည်။

၁၈) အရောင်းအ၀ယ် ကုန်သည်ပွဲစားကဲ့သို့ မျက်နှာထား အလွန်တော်သော၊ ပြင်ပဆက်ဆံရေးအလွန်များသော၊ စကားကို ခုတစ်မျိုး၊ တော်ကြာတစ်မျိုး၊ နောက်တစ်နေ့တစ်မျိုး အမျိုးမျိုးတတ်နိုင်သော နှုတ်သီးကောင်းလျှာပါးမကလေးများနှင့်ကြုံလျင်- နိုင်ငံခြားရေးဝန်ကြီးဌာန ပေကိုးဟု သတိရပါ။

‘ဌာနလက်ကိုင်မရှိဝန်ကြီး’သူငယ်ချင်းတို့– စိတ်ဆိုးမည်မကြံကြလေနှင့်။ သင်တို့သည် မိမိကိုယ်ကို ၀န်ကြီးများကဲ့သို့ အခြေအနေတစ်ခု ရောက်အောင် တည်ဆောက်လာခဲ့ကြပြီးလေပြီ။ ၀န်ကြီးဘ၀ ရရှိကြောင်း ပတ်ဝန်းကျင်မှ အသိအမှတ်ပြုရန်အတွက် ဌာနကို လိုက်ရှာနေကြရပေသော သင်တို့ဘ၀ကို နားလည်စာနာသောအားဖြင့် ယခုကဲ့သို့ ၀န်ကြီးဌာန စာရင်းပြုစု ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။ ယခုပြုစုထားသော ၀န်ကြီးဌာန Categories မှာ အကြမ်းဖျဉ်းမျှသာ ရှိသေး၏။ ထပ်မံတွေ့ရှိလာမည့် ၀န်ကြီးဌာနစာရင်းကို ယခုအကြမ်းဖျဉ်းစာရင်းတွင် တိုးချဲ့ဖြည့်သွင်းပေးမည် မဟုတ်ဘဲ Featuring Characteristics များကို တိုးတိုးတိတ်တိတ် မေးမြန်းစုံစမ်းပါက အကြောင်းအားလျော်စွာ ပြန်ကြားပေးမည်ဖြစ်ကြောင်းကိုလည်း လက်သိပ်ထိုး သတင်းပေးလိုက်ပါသတည်း။

စကားချပ်။

သင်သည် ပုရိသတစ်ဦးဖြစ်ပြီး မိမိအစွမ်းအစဖြင့်ဖြစ်စေ၊ မိဘကူညီမှုဖြင့်ဖြစ်စေ အိမ်ထောင်တစ်ခု တည်ထောင်ထားအံ့။ ဒေါသစိတ်ဝင်ရန်မလိုချေ။ သင့်ခံနိုင်ရည်နှင့် သင်သာတည်း။ မင်းယောကျာင်္းသား၊ လူပျိုလားမြောက်လေပြီးက ၀န်ကြီးဘ၀ရောက်လေမှ ဌာနလက်ကိုင်မရှိသည့်အဖြစ်ကို ကြိုတင်မြင်ယောင်နိုင်ရန် အကြံပေးသည်ဟု သဘောပိုက်သင့်ပေသည်။ အကြောင်းသိ သူငယ်ချင်းများ မေးမြန်းစုံစမ်းခြင်းကို ပြန်ကြားဖြေဆိုမည်မဟုတ်ကြောင်း ထပ်လောင်း သိစေအပ်ပါသည်။