Calling Time?

စလုံးကို ရောက်ခါစကတော့ လျှောက်လွှာအတန်တန် မလို၊ ကံစမ်းမဲ စောင့်စရာမလို၊ သူများဆီကနေ ပွဲစားနဲ့ ၀ယ်စရာမလိုဘဲ ကိုယ်ပိုင် ဆက်သွယ်ရန် ဖုန်းတစ်လုံး လွယ်လွယ်ကူကူ ရတာ အတော် ပျော်သား။ အလုပ်လျှောက်ရင် သုံးဖို့ဆိုပြီး ဒီမှာရှိတဲ့ အကိုတစ်ယောက်က SingTel Prepaid ကဒ်လေး တစ်ကဒ် ၀ယ်ထားပေးတယ်။ မူရင်း တန်ဖိုးကတော့ S$ 8 ပဲ ပါပါတယ်။ ထုံးစံအတိုင်း ဟိုလူ၊ ဒီလူ မေးမြန်းပြီး ဘယ်ဟာကို ထပ်ဖြည့်ရင် ဘယ်လောက် အသုံးခံတယ်၊ ဘယ်လိုင်းကမှ တန်တာ စသည်ဖြင့် ပြောကြတော့ နားဝေတိမ်တောင်ပေါ့။ ကိုယ့်ဆီမှာ မြန်မာ့ဆက်သွယ်ရေး တစ်နေရာတည်းက ရနိုင်တယ်ဆိုတော့ ပြိုင်ဖက်မရှိတာ အတော် ရွေးချယ်ရ သက်သာတာပဲ။ အပြိုင်အဆိုင် Promotion တွေများ ပေးလိုက်ကြပုံ ၊ ကိုယ်သာ အာညောင်း/ နားညောင်းခံနိုင်ရင် အလကားပဲ သုံးရတော့မလို။

စကာင်္ပူမှာ Mobile Service ပေးတာ အဓိက ပြိုင်ဖက် လုပ်ငန်းကြီး ၃ ခု ရှိပါတယ်။ SingTel, StarHub နဲ့ M1 လို့ လူသိများတဲ့ Mobile One တို့ပါ။ အဲဒီ ၃ ခုစလုံးက Prepaid Service နဲ့ Subscription Service တွေအပြင် Broadband Internet Service လည်း ပေးပါတယ်။ အဲဒါတွေကို အမှီပြုပြီးသကာလ ကိုယ့်မြေကိုယ့်ရေ ဖုန်းကလေးတွေ ဆက်ကြဖို့ International Calling Card တွေလည်း အပြိုင်းအရိုင်းပါပဲ။ လိုင်းဖုန်းတစ်လုံးကို မှတ်ပုံတင်ပြီး သုံးမယ်ဆိုရင် အ၀င်ခေါ်ဆိုမှုအတွက် အခမဲ့ဖြစ်ပြီး Text Message အရေအတွက်တစ်ခုအထိ အခမဲ့ သုံးစွဲနိုင်တာ Service အားလုံးရဲ့ အခြေခံ တူညီချက်ပါ။ ဒီလို လိုင်းဖုန်းတစ်လုံးနဲ့ လစဉ်ငွေသွင်းရတာ ကိုယ်လို အလုပ်ရှာဖို့ ရောက်လာခါစ သူများအတွက် အကျုံးမ၀င်ပါဘူး။ ကိုယ်လို အထွက်ဖုန်း အခေါ်များသူတွေအတွက် Incoming Free Service က အလဟဿပါပဲ။ နောက်ပြီး အိမ်နဲ့၊ မိသားစုနဲ့ ဖုန်းပြောမယ်ဆိုရင်လည်း Incoming Free ရသူတွေလို Call Back Service သုံးလို့အဆင်မပြေပြန်ပါဘူး။ နိုင်ငံတကာခေါ်ဆိုမှု တွေအတွက် Mobile Service Provider တွေရဲ့ ဈေးဖြတ်မှုက အတော် မြင့်ပါတယ်။ တခြား Service တွေက ထုတ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှု၊ ပြန်ခေါ် (အ၀င်ခေါ်ဆိုမှုသီးသန့်) ခေါ်ဆိုမှုဆိုတာမျိုးတွေက အများကြီးပိုပြီး တွက်ခြေကိုက်သလိုပါပဲ။ သူတို့ဆီက Prepaid/ Subscription Service နဲ့ တွဲပြီး သူတို့ထုတ်တဲ့ International Calling Card တွေကို သုံးမယ်ဆိုရင် Bonus တစ်မျိုးမျိုး ရတတ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Bonus တွေထက် တခြား Service တွေက ပို တန်တယ်လို့ ခံစားရပါတယ်။ စဉ်းစားကြည့်မိတာ ဒီလိုပါ။

SingTel ကနေ International Calling ကို ရည်ရွယ်ပြီး Hello! ကို ထုတ်ပါတယ်။ M1  ပံ့ပိုးတာက အများသိပြီးသား 1818 ပါ။ StarHub ကတော့ အိန္ဒိယနဲ့ ဘင်္ဂလားအလုပ်သမားတွေကို ပစ်မှတ်ထားပြီး India Calling Card ထုတ်ပါတယ်။ Service တွေကို သီးသန့် မသုံးပဲ 1818 သုံးပြီး StarHub လိုင်းသမားက ပြောမယ်ဆိုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် M1 ဖုန်းလိုင်းပိုင်ရှင်ကသာ 1818သုံးထားမယ်ဆိုရင် အဲဒီကဒ်သုံး ခေါ်ဆိုမှုကို Discount ခံစားခွင့်ရမှာပါ။ SingTel Prepaid ကဒ်ဖုန်းကို သုံးပြီး 1818 ကိုသာ ခေါ်ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ရှိပြီးသား Main Account/ International SMS or Calling Account တွေကနေပါ ဖြတ်သွားတာ ကိုယ်တွေ့ပါပဲ။

စကာင်္ပူကို အလုပ်လာရှာသူ အတော်များများဟာ ဖုန်းဝန်ဆောင်မှုလုပ်ငန်းနာမည်တွေနဲ့ မစိမ်းကြပါဘူး။ သို့သော်………….. ကိုယ်သုံးစွဲနေတဲ့ ၀န်ဆောင်မှုက ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာ ချက်ချင်းမသိကြပါ။ လတ်တလော ကိုယ်နေတဲ့ အိမ်က အင်တာနက် ချိတ်ပြီးသားမို့ ဖုန်းလိုင်းကို အထွက်ခေါ်ဆိုမှု အခမဲ့ဖြစ်နေရင် တော်ရဲ့၊ မဟုတ်လို့ကတော့ Prepaid တွေကို လုပ်ကျွေးရတော့တာပါပဲ။

အလုပ်ရပြီးပြန်တော့ လိုင်းဖုန်းစာချုပ်ချုပ်မလားဆိုတာ စဉ်းစားဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ ကျေးဇူးနဲ့ StarHub လိုင်းကို Depandent Subscription လုပ်လိုက်ပါတယ်။ အရောင်းမြှင့်တင်ရေးစကားတွေမှာ နားထွေးပြီး ဘေလ် လာမှ ခံလိုက်ရတာကတော့ Free Subscription ဆိုတဲ့စကားပါ။ လိုင်း Subscription Fees ၂၄ ဒေါ်လာကျော် ကျသင့်ပါသတဲ့။ ပြီးတော့ တစ်လကို မိနစ် ၈၀ အခမဲ့ အထွက်ခေါ်ဆိုမှုကလည်း သာကြောင်းမာကြောင်း သူငယ်ချင်းချင်းပြောတာတောင် ကိုယ့် ပွါးနှုန်းနဲ့ မကိုက်ပြန်။ Call Back ကဒ်တွေ သုံးရင် အကုန်လုံး အ၀င်ခေါ်ဆိုမှုတွေချည်းပဲမို့ တန်သလိုထင်ရပေမယ့် ဖုန်းနံပါတ်ကို Handset ထဲက Contact list မှာပဲ သိမ်းပြီး ခေါင်းထဲ မသိမ်းတတ်တဲ့ ကိုယ့်အတွက် အဆင်မပြေလှ။ ဒီကြားထဲ တစ်ဖက်က ဖုန်းဖြေမယ့်သူကလည်း Unknown/ Withheld/ လိုင်းဖုန်းနံပါတ်နဲ့ ၀င်လာတာဆိုတော့ မြန်မာပြည်ကပဲလား၊ Pfingo နဲ့ ခေါ်နေသလား၊ ဒါမှမဟုတ် ဘယ်အသိမိတ်ဆွေထဲကများ Call Back သုံးသေးလဲဆိုပြီး တော်လှန်ရေးသတိနဲ့ ဖုန်းဖြေရရှာပါတယ်။ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ကဒ်တွေနဲ့ အဆင်တပြေများ ခေါ်လို့မရခဲ့ရင် အိမ်ကို စိတ်ကြီးပြီး တိုက်ရိုက်ခေါ်လိုက်မိလို့ကတော့ မြွေကိုက်နည်းတစ်နည်းပါ။ လကုန်လို့ ဖုန်းဘေလ်မြင်ရင် ရင်ဖိပြီး ကြည့်ရပါလေရော။ ကိုင်း… ရှိစေတော့ဆိုပြီး ဖုန်းပျောက်သွားတာနဲ့ ရောပြီး လိုင်းကိုပါ cancel လိုက်ရပါတယ်။

မိတ်ဆွေတစ်ယောက်မှာ M1 လိုင်းတစ်လိုင်း ပိုနေတယ်ဆိုတာနဲ့ လိုင်းဖုန်းကို စိတ်မကုန့်တစ်ကုန်ဖြစ်နေတာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတဲ့အခါ M1 ကို သုံးဖြစ်ပြန်ပါတယ်။ 1818 ခေါ်တဲ့အခါ အဆင်ပြေတာလေးတစ်ခု ပိုလာပေမယ့် သူဟာလေ ထိုနည်း၎င်း… ထိုနည်း၎င်း ဖြစ်လေတော့ စိတ်လျှော့ပြီး အလုပ်လျှောက်စဉ်ကတည်းက စွဲစွဲမြဲမြဲ သုံးဖြစ်ခဲ့တဲ့ SingTel Prepaid ဖုန်းကလေးပဲ ပြန်သုံးဖြစ်ပါတယ်။ ပင်မအကောင့်မှာ ငွေလက်ကျန် ပြားစွန်းလောက်ပဲ ကျန်တော့တာ ပြဿနာ မရှိပါဘူး။ နိုင်ငံရပ်ခြား ခေါ်ဆိုမှုတွေအတွက်လည်း International Calling Card တွေကို သူ့ Service နဲ့ သူ ရွေးချယ် သုံးစွဲရင် ပြည်တွင်း ခေါ်ဆိုမှုအဖြစ် ဖြတ်သွားတာကြောင့်ပါ။ ဥပမာ – M1 အတွက် 1818 တို့၊ StarHub အတွက် Call Back ကဒ်တွေနဲ့ SingTel အတွက် Sealion/Butterfly/SMS ကဒ်တွေသုံးတာမျိုးပေါ့။ Prepaid Service တွေမှာ StarHub အတွက် Happy 128 တို့၊ M1 အတွက် Super Top-Up တို့၊ SingTel က Hot 128 တို့ဟာ ပုံမှန် ၂၆ ဒေါ်လာလောက်ပဲ ကျသင့်ပြီး နိုင်ငံရပ်ခြား ခေါ်ဆိုမှုအတွက် ၂၈ ဒေါ်လာဖိုးနဲ့ ပြည်တွင်းအတွက် ဒေါ်လာ ၁၀၀ ဖိုး ပါဝင်ပါတယ်။ တောက်လျှောက်သုံးလာတာ ၃ လကျော်ရင် တစ်ကြိမ် တန်ဖိုး ထပ်ဖြည့်တိုင်း ပင်မအကောင့်ကို ၁ဒေါ်လာကျော် ထပ်ဆောင်း ပေါင်းထည့်ပေးပါသေးတယ်။ တစ်ကြိမ် တန်ဖိုး  ဖြည့်လိုက်ရင် ၄၅ ရက် (သို့) ရက် ၅၀ သက်တမ်း ရှိပါတယ်။ သက်တမ်းမကုန်ခင် ပွါးနှုန်းကြောင့် စာရင်းကုန်သွားခဲ့ရင်တော့ ကိုယ့်ဝါယောနဲ့ကိုယ် ဖြည့်ရုံပေါ့။ ပွါးနှုန်းနည်းလို့ သက်တမ်းကုန်ပြီးသည့်တိုင် စာရင်းထဲမှာ ကျန်နေသေးရင် နောက်တစ်ကြိမ်ထပ်ဖြည့်တဲ့အခါ လက်ကျန်နဲ့ ပေါင်းထည့်သွားပါတယ်။ ကိုယ့်လို ပျမ်းမျှ မိတ်ဆွေ အပေါင်းအသင်းရှိသူတစ်ယောက်အနေနဲ့ လစဉ် ဖုန်းခ (နိုင်ငံရပ်ခြား ခေါ်ဆိုမှု အပါအ၀င်) ၄၀ ကနေ ၅၀ ဒေါ်လာလောက်ပဲ ကျသင့်ပါတော့တယ်။

ဒီလို Prepaid Service ကို သုံးစွဲသူတစ်ယောက်အနေနဲ့ Media Message တွေ ပို့လို့/ လက်ခံလို့မရတာ၊ အင်တာနက် ချိတ်ဆက်ပြီး ဖုန်း ကလိလို့မရတာ၊ နိုင်ငံရပ်ခြားကို ကြိုက်တဲ့အချိန် တိုက်ရိုက် ခေါ်လို့မရတာတော့ အားနည်းချက်ရှိပါတယ်။ တခါတလေကျ ဖုန်းကဒ်တွေအကုန်လုံး သုံးလို့ အဆင်မပြေဘဲ တိုက်ရိုက်ခေါ်မှ ရသွားတဲ့ အခါမျိုး၊ ကိုယ်ကလည်း အရေးတကြီး ခေါ်ဖို့လိုနေ၊ ပင်မအကောင့်ထဲမှာ ပိုက်ပိုက် မကျန်တော့ဘူးဆိုရင်တော့………. ကိုယ်တွေ့ဖြေရှင်းနည်းလေး ပြောပြပါ့မယ်။ သူငယ်ချင်းရဲ့ လိုင်းဖုန်းကို ခဏငှါးပြီး ပြောစရာရှိတာကို လို၊ တို၊ ရှင်း ပြောလိုက်ပါတယ်။ လကုန်လို့ ဖုန်းဘေလ် ထွက်လာတဲ့အခါ အဲဒီ Overseas Call အတွက် သူ့ကို ပြန်ပေးလိုက်ပါတယ်။ သူငယ်ချင်းနဲ့ ချစ်ချစ်ခင်ခင် နေဖို့တော့ လိုတာပေါ့ နော်…  😛

ကုမ္ပဏီက ဖုန်းခကို ပမာဏတစ်ခုထိ ခွင့်ပြု ထုတ်ပေးထားတဲ့ သူများကျပြန်တော့ Private Call တွေအတွက် အနည်းနဲ့ အများ ငဲ့ညှာစရာ ဖြစ်လာပြန်ပါရော။ ဒီတော့ Prepaid ဖုန်းတစ်လုံးကို Private သီးသန့်လိုမျိုး သုံးဖို့ တွန်းအားတစ်ရပ် ဖြစ်လာပါတယ်။ သူတို့တွေအတွက်တော့ ဖုန်းဘေလ်က အကြောင်းမဟုတ်ဘဲ Privacy ကသာ အကြောင်းပါ။ အစက ကိုယ်လို ဘတ်ဂျက်သမားတွေပဲ Prepaid Customer တွေ ဖြစ်နေတယ်လို့ ထင်ခဲ့မိတာ ဒီလိုအကြောင်းတွေလည်း ရှိတာပါပဲ။

အဲ………. ဒါပေမယ့် ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြလို့ ဖုန်းခလေးတောင် တွန့်တိုနေရသလားလို့ မေးမယ့်သူများအတွက်တော့ …….. `အချစ်လေး… ကိုယ့်ကို ၅၀ (US$) ပေးပါကလေးရယ်´ 😛

Advertisements

Sometimes love just ain’t enough

သီချင်းနောက်ကြောင်း ရှင်းပြရင် ပိုရှုပ်မယ်ထင်တယ်။ မရှင်းတော့ဘူးနော်။ 😛 ခုတလော Depression Fighting Battlefield ထဲ ရောက်နေလို့ပါ။

ခုတလော နားထောင်ဖြစ်တဲ့ AOL Radio မှာ သီချင်း download လုပ်ရင် ပိုက်ပိုက်ပေးစရာ လိုတယ်။  ကိုယ်က အကုန်မခံနိုင် – ဆိုတော့ ခေါင်းစဉ်နဲ့ အဆိုတော် နာမည် မှတ်ထားပြီး MP3 Raid မှာ ပြန်ရှာတာပေါ့။ တချို့ တချို့သော သီချင်းများဆို ခေါင်းစဉ်ရော အဆိုတော်ရော မေ့ထားတာ ကြာပါပြီ။ ခု AOL Radio မှာက နားထောင်နေတဲ့ သီချင်းထဲက ကြိုက်မိတာ ရှိရင် လိုက်မှတ်ထားလိုက် လို့ ရတာကိုး။ အဲဒီလိုနဲ့ သီချင်းအတော်များများကို အစဆွဲမိသွားတာပါပဲ။

ကဘွိုက်ဇ်ကို အားကျသော်ငြားလည်း ပရိသတ်ကြီးဆီက လွင့်ပျံလာမယ့် ဆုတောင်းမေတ္တာပို့သံများကို အားနာသောကြောင့် မူရင်း အဆိုတော် အသံကိုပဲ ကျေနပ်ကြပါနော်။

အမှတ်တရနေ့ရက်များ

မေး – နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေကျရင် ဘယ်လိုခံစားရပါသလဲ။

ဖြေ – ပျော်တာပေါ့။ ရုံးတွေဘာတွေ ပိတ်တဲ့နေ့တွေကို ပြောတာပါ။ ကိုယ့်တိုင်းပြည်မှာတုန်းက အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့နဲ့ ထပ်နေရင် (ဘာကိုမှန်းမသိ) အားကြီး စိတ်ဆိုးတယ်။

မေး – ရုံးပိတ်ရက်နဲ့ မဆိုင်တဲ့ နှစ်ပတ်လည် (ဘယ်နှစ်နှစ်မြောက်ဆိုတာမျိုးလေ) နေ့တွေမှာရော။

ဖြေ – အဲဒါတွေလည်း အထိုက်အလျောက် စိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြောစရာ အကြောင်းအရာတစ်ခုတိုးတာပေါ့။

မေး – အမှတ်တရနေ့တွေနဲ့ ပတ်သက်တဲ့သဘောထား အမြင်လေး။

ဖြေ – အမှတ်တရနေ့တွေကို သတိတရ ဆင်နွှဲကြတာ ကောင်းပါတယ်။ တစ်နှစ်လုံး အဲဒီ အမှတ်တရ အကြောင်းအရာနဲ့ ပတ်သက်တာချည်း စဉ်းစား သတိရနေနိုင်ကြတာမှ မဟုတ်တာ။ အဲဒီတစ်နေ့လေးလောက် သတိရကြရင်လည်း မဆိုးပါဘူး။ အဲဒီလို ပါဝင်မဆင်နွှဲနေရင်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံး အဲဒီ အကြောင်းအရာမှာ စိတ်ပါဝင်စား လုပ်ကိုင်နေခဲ့နိုင်တာ မဟုတ်သလို နောက်တစ်နှစ်လုံးလည်း ဒီလိုပဲ ဖြတ်သန်းသွားလို့  ဖြစ်နေတာပဲလေ။ ဒီတော့ အမှတ်တရဆိုတာ အမှတ်တရလောက်နဲ့ ရပ်သွားသရွေ့ ဘာမှ မဖြစ်ပါဘူး။

မေး – အများပြည်သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရနေ့တွေကိုရော။

ဖြေ – အများပြည်သူဆိုတာကရော ကိုယ်မဟုတ်လို့လား။ ကိုယ်တိုင်ကရော အများပြည်သူ ဟုတ်မနေလို့လား။ ရှင်းရှင်းလင်းလင်းမေးပါ။ ကမ္ဘာကြီးက သေးသေးလေးပါဗျ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မှ ကွာခြားနေတယ်လို့ မထင်ပါဘူး။

မေး – ဒါဆို တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာပေါ့နော်။

ဖြေ – ဟိုးစတော့။ တာဝန်သိလုပ်သားပြည်သူဘ၀ကနေ ကျွတ်လွတ်ကြပြီလို့ ထင်ပါတယ်။ တာဝန်ဆိုတာ လက်မောင်းမှာ ရှိတယ်။ အဲ – မှားလို့။ တာဝန်ဆိုတာ ပြတတ်ရင် ရှိပါတယ်။ မသိတတ်ရင်လည်း မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် စိတ်ပါလက်ပါ ကောင်းကောင်းမွန်မွန်လုပ်ပြီး လူ့တာဝန်ကျေကြရင် “တာဝန်ဝတ္တရားအရ ဆောင်ရွက်ရပါတယ်” ဆိုတဲ့စကား ဘယ်ရှိပါတော့မလဲ။ ဒါကြောင့် ဟိုးငယ်ငယ်တုန်းက ကျောင်းမှာ ရွတ်ဖူးတာလေး ပြန်ရွတ်ပါ့မယ်။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် –

ကျန်တာတွေက ဘလာ ဘလာ ဘလာ ပေါ့။ ကိုယ့်စကားကိုယ် နားထောင်နိုင်တဲ့ အခြေအနေ အရင် တည်ဆောက်မှ သူများက ကိုယ့်စကား နားထောင်မယ်လို့ တွေးမိပါကြောင်း။

အင်တာဗျူး စီစဉ်တင်ဆက်သူ – ပြင်းရှတဲ့ဝိုင်တစ်ခွက် – ရောက်တတ်ရာရာအစီအစဉ်

မေးမြန်းသူ – နှစ်ချို့ “အပျင်းလွန်”

ဖြေကြားသူ – စားပွဲတင် “အပျော့ဆွဲ”

budget စတေးရှောင်ခြင်း – ၃ (ဇာတ်သိမ်း)

စာရင်းချုပ်ကြပါစို့။

ဒီဇင်ဘာ ၁၀ရက်နေ့ ရောက်သောအခါ ၁၀ရက်ကြာ-ကပ္ပိယဘ၀မှ ပြန်လည် နှုတ်ထွက်ရန် အကြောင်းသင့်လာပါသည်။ Pelangi တွင် အင်တာနက် သွားသုံးရင်း လျှောက်လိုက်သော အလုပ်တစ်ခုမှ အင်တာဗျူးရန် email ၀င်လာခြင်းပါ။ ယခုတစ်ခါ အလုပ်အဆင်ပြေလျှင်ပြေ၊ မပြေလျှင် စတေးတိုးရန် မျှော်လင့်ချက် မရှိတော့။ စုစုပေါင်း ၂ လကျော်၊ ၃လ နီးပါး အချိန်အတွင်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲလေ။ စိတ်ဒုံးဒုံးချကာ ပြန်လှည့်ခဲ့သည်။

ချီကတည်းက ယဉ်သကို- မလေးအင်မီဂရေးရှင်းကောင်တာသည် အေးစက်စက် ကြိုနှင့်သည်။ `မင်း ပြန်ဝင်လာဦးမှာ မဟုတ်လား။ ခုမင်းရဲ့ လေယာဉ်လက်မှတ်က ရက်စွဲဝေး နေသေးတယ်။ နောက်တစ်ခါ စကာင်္ပူမှာ စတေးကုန်ရင် မင်းတိုင်းပြည်ကိုပဲ မင်းပြန်သွားပါ။ ငါတို့ဘက်ကို လာစရာ အကြောင်းမရှိတော့ဘူး။ မင်းတို့ အလုပ်လာရှာဖို့ တို့တိုင်းပြည်ကို အသုံးချနေကြတာပဲ။´ လက်ထဲကို ပတ်စ်ပို့ မပေးသေးဘဲ ရစ်ကြော ရှည်နေသည်ကို စိတ်ကုန်ခမ်းလှသည်။ နောက်ဆုံး ပတ်စ်ပို့စာအုပ်ယူကာ လှည့်အထွက် မကြားတကြား စကားကို ကြားဖြစ်အောင် ကြားလိုက်သေး၏။ `မင်းဘယ်တော့မှ ပြန်မလာပါစေနဲ့လို့ ဆုတောင်းတယ်´ ဆိုပဲ။ `ငါလည်း မလာချင်ပါဘူး´ စိတ်ထဲမှာ ဆက်လက် ခွန်းတုံ့တင်ကာ စလုံးဘက်သွားမည့် ကားကို တိုးတက်ခဲ့တော့သည်။

စလုံးအင်မီဂရေးရှင်းအရောက် ထုံးစံအတိုင်း White Card ဖြည့်၊ လေယာဉ်လက်မှတ်လေး လိုလျှင် အသင့်ထုတ်ပေးနိုင်ရန် ကိုင်ထားပြီး ကောင်တာပေါ် စာအုပ်နှင့် White Card ထိုးပေးလိုက်သည်။ ထိုင်နေသော အမျိုးသမီးက ခပ်တည်တည် မျက်ခုံးပင့်ကြည့်ပြီး စာအုပ်ယူကာ Scanner လေးပေါ်တင်သည်။ ခလုပ်တွေကို တစ်ချက်နှစ်ချက် နှိပ်သည်။ ခေါင်းတစ်ချက်ယမ်းသည်။ ပြန်တင်သည်။ ခလုပ်တွေ နှိပ်ပြန်သည်။ ခေါင်းထပ်ယမ်းသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိ။ ခြေဖျားတွေ အေးလာသည်။ ကျောဘက်ကောင်တာမှ အမျိုးသားကို လှမ်းခေါ်ကာ ကွိစိကွစ ပြောသည်။ စာအုပ်ထောင်ပြသည်။ ဟိုပုဂ္ဂိုလ်က ကောင်တာချင်း ကူးလာကာ ကိုယ့်စာအုပ်ကို ယူကြည့်သည်။ အသက်ကို အောင့်ထားမိသလား၊ ရှူနေမိသလား မမှတ်မိတော့။

“ဩော်၊ မြန်မာပတ်စ်ပို့က မင့်စက်မှာ အော်တို တက်လာမှာ မဟုတ်ဘူး။ သူ့ဒေတာတွေကို manual ပဲ ရိုက်ထည့်မှရမယ်။ မင်းရဲ့ ကံပေါ့” “အိုကေ၊ ကျေးဇူးပဲ။ ပြဿနာတော့ မရှိပါဘူးနော်” ဘိုလိုပြောသမျှလေး နားစွင့်လိုက်မိသည်။ ဒီကောင်တာတော့ ဖြတ်လို့ ရပါရစေဘုရား။ ကိုယ်လုပ်လာသော စလုံး 10 ဒေါ်လာတန် E Ticket သည် လေဆိပ်ကနေ တန်းပြန်၍ ရသော ပုံစံမဟုတ်ကြောင်း လုပ်ကတည်းက သိပြီးသားမို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိသည်။ တစ်ချောက်ချောက်နှင့် ကီးဘုတ်ပေါ်နှိပ်နေသံက နားထဲမှာတော့ တူနှင့်ထုနေသည့်အလား။ ဤသို့ဖြင့် စက္ကန့်ပိုင်းလွန်မြောက်အပြီး-

“ဒုံး”

“အိုကေ၊ သွားနိုင်ပါပြီ”

ဘုရား၊ ဘုရား။ ကိုယ့်နားနှင့် မျက်စိကိုပင် မယုံနိုင်။ ကောင်တာတစ်ဖက်မှာ စာအုပ်ကို ဖွင့်ကြည့်မိတော့ နေထိုင်ခွင့် ရက် ၃၀။ အကျင့်ရနေသော ခြေလှမ်းများက သူ့ဘာသာသူ ဆက်လျှောက်ပြီး Kranji ဘူတာသို့သွားမည့်ကားပေါ် ရောက်လာသည့်တိုင် ရင်ခုန်နှုန်း မငြိမ်သေး။ ဩော်……… ဘ၀၊ ဘ၀။

အင်တာဗျူးသွားဖြေပါသည်။ အဆင်ပြေမလိုလိုနှင့် မပြေလိုက်ပြန်ပါ။ ဥရောပနှစ်သစ်ကူးချိန် နီးသဖြင့် ကုမ္ပဏီကြီးကြီးများမှ လူ(ရာထူး)ကြီးကြီးများ အိမ်ပြန်ကြပါသည်။ ကုမ္ပဏီသေးသေးမှ လူသေးသေးများက ယောင်ကြပါသည်။ ဇန်န၀ါရီလတွင် တရုတ်နှစ်သစ်ကူး ဖြစ်ပါသည်။ မည်သူမျှ အလုပ်ကိစ္စ အားတက်သရော မရှိတော့ပါ။ သတင်းစာတွင် Vacancy ကြော်ငြာ နည်းသွားလိုက်သည်မှာ မပါသလောက်။ ပြန်ရဖို့က သေချာသလောက် ဖြစ်သွားပါပြီ။

ဇန်န၀ါရီပထမပတ် အကုန်တွင် စတေးလည်း ကုန်မည်ဖြစ်၍ ဒီဇင်ဘာလကုန်ခါနီးတွင် နောက်တစ်လသက်တမ်းတိုး ကြိုးစားကြည့်ပါသော်လည်း မအောင်မြင်ခဲ့ပါ။ ထပ်မံဖြေခွင့်ကြုံသော အင်တာဗျူးများကလည်း ဟိုလိုလိုဒီလိုလိုချည်း ဖြစ်ကြသည့်အတွက် Offer ၃ ခုရဖူးသူအဖြစ် ဖျာလေးလိပ်၊ ကျောပိုးအိတ်ကလေးပိုက်ကာ ပြည်တော်ပြန်ခဲ့ရပါကြောင်း။ (ဒါမျိုးလေးတောင် ဖြေစရာမရှိရင် အိမ်ကို ဘယ်သို့ မျက်နှာပြရမည်ကို မစဉ်းစားတတ်တော့ပါ။)

စာကြွင်း။

ပြန်မည်ဆိုတော့ ကုန်ကျရန်ရှိသေးသည့်စာရင်း တွက်ရသည်။ လာခဲ့စဉ်က Air Bagan နှင့် ၃လ လက်မှတ်ဖြစ်သည်။ နိုဝင် ဘာလတွင် Air Bagan ၏ နိုင်ငံခြား ခရီးစဉ်များ ဖျက်သိမ်းလိုက်လေရာ MAI နှင့် လက်မှတ်လဲပေးလိုသူများအား လဲပေးမည်ဆို၏။ ထိုအချိန်က အလုပ် Offer ရထားလေရာ ခပ်တည်တည်ပင် Refund ပြန်ယူမည်ဟု ပြောလိုက်မိသည်။ ခု ပြန်ရတော့မည်။ Jet Star ဖြင့် ပြန်မည်ပေါ့။ ကုန်ကျစရိတ်ခုသာခံသာ ရှိလေရအောင် အပြန် ကီလိုရောင်းသည်။ ဂျိုဟိုးကို သွားစဉ်ကလို ကျောပိုးအိတ်တစ်လုံးနှင့် မရှိမဖြစ် စာရွက်စာတမ်း များသာ ထည့်ကာ ၀န်စည်စလယ် ချုံ့ပစ်လိုက်သည်။ နောက်တစ်ခေါက် ပြန်လာနိုင်ရန် ပစ္စည်းအချို့ကို အကိုတို့၊အမတို့ အိမ်မှာ ထားခဲ့သည်။ အကို့သူငယ်ချင်းတစ်ယောက်က Laptop သယ်ခိုင်းချင်သူရှိကြောင်း သတင်းပေးသည်။ လေယာဉ်လက်မှတ်တန်ဖိုး၏ တစ်ဝက် မျှမက ကျေသွားပါသည်။ ဖူးခက်သို့ ငွေကြေးတတ်နိုင်သူများ ရှောင်ကြသည်လည်း ရှိပါသည်။ ကြားဖူးသော “ပဲရစ်မြို့ သို့ လူမွဲလမ်းညွှန်”ကို အားကျ၍ “ဂျိုဟိုးသို့ ဘတ်ဂျက်လမ်းညွှန်” ထုတ်လိုက်ပါကြောင်း။

Action or Reaction?

လူတော်တော်များများလည်း သိပြီးသားလို့ ထင်ပါတယ်။ ကျွန်မတို့လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆက်ဆံကြတဲ့အခါ Action လို့ ပြောရမယ့် ကိုယ့်သဘောနဲ့ကိုယ် (ကိုယ့်မူနဲ့ကိုယ်) ဆက်ဆံကြတာရယ်၊ သူများကနေ ကိုယ့်အပေါ်ဆက်ဆံလာတဲ့အခါ ပြန်လည်တုန့်ပြန်တဲ့ Reaction (သူတစ်ပါးအခြေခံမူ)ပုံစံနဲ့ ဆက်ဆံကြတာရယ် ရှိပါတယ်။ စစချင်းတော့ ကိုယ်ဟာ Action-oriented person လို့ပဲ အောင့်မေ့ကြတာပဲ များပါတယ်။ နောက်မှ ပြန်စဉ်းစားကြည့်တော့ Reaction သမား ဖြစ်နေပါလေရော။ အခု ကျွန်မ ရေးထားတဲ့ အကြောင်းအရာ အတော်များများမှာ လှုံ့ဆော်မှုတစ်ခု အမြဲတမ်းရှိနေပြီး အဲဒီ လှုံ့ဆော်မှု အခြေအနေဟာ ကိုယ့်မူနဲ့ကိုယ်စတင်တာထက် သူများတွေရဲ့ ထင်မြင်ချက်၊ အခြေအနေတွေကို မူတည်ပြီး ကိုယ့်ရပ်တည်ချက်ကို ပြောတာ များပါတယ်။ အဲဒီတော့ ကျွန်မမှာ ကိုယ့်ရပ်တည်ချက်ဆိုတာ ရှိနေသည့်တိုင်အောင် သူများရဲ့ Action ကို အရင် မြင်ရမှ React လုပ်သူဖြစ်နေပါတယ်။ အခု နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အတွက်ကြောင့်ကိုပဲ ကျွန်မမှာ Reaction ကိုတောင် အတော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေဖြစ်ပါတယ်။ ဘာကြောင့်လဲ-

၁) ကိုယ့်တိုင်းပြည်တွင်းမှာ ကိုယ် မဟုတ်တာပဲလုပ်လုပ်၊ ဟုတ်တာပဲလုပ်လုပ် ကိုယ့်မိဘအိမ်မှာ နေတဲ့ သားသမီးရဲ့ အခွင့်အရေးနဲ့ တာဝန်ပဲ ရှိတယ်။ သူများတိုင်းပြည်မှာ နေရတာက တစိမ်းအိမ်မှာ ကပ်ပါးဘ၀ဖြစ်နေတဲ့အတွက် အစစ၊ အရာရာ သူများမျက်နှာကြည့်ရတယ်။

၂) ကိုယ့်တိုင်းပြည်မှာ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို နည်းနည်း သက်သာအောင်နေမလား။ ပြဿနာက အိမ်က လူကြီးနဲ့ပဲ ဆိုင်တယ်။ ကိုယ့်တစ်ခေါင်းတည်းနဲ့ တစ်အိမ်လုံးကို ရွက်ပြီး သွားနေရတဲ့ တာဝန်မျိုးက ရပ်ဝေးမြေခြားရောက်နေတဲ့လူတွေမှာ ပိုဆိုးတယ်။

၃) နာဖျားမကျန်းမာတာကအစ၊ ပြဿနာ ကြီးကြီးမားမားအဆုံး ကိုယ့်မိဘနဲ့၊ ကိုယ့်မိသားစု အသိုင်းအ၀ိုင်းနဲ့၊  ကိုယ့်မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ တိုင်ပင် ဖြေရှင်းလို့ရတယ်။ (အတ္တာဟိအတ္တနောနာထော ဆိုတဲ့ ဘုရားဟောကို သိတာနဲ့ ကျင့်သုံးတာနဲ့ တစ်ထပ်တည်းမကျသေးသူများ အားလုံး အနည်းနဲ့အများ ဒီကိစ္စ အကျုံးဝင်ပါတယ်)။ တစ်ပြည်တစ်ရွာရောက်နေရင် ခွေယိုင်နေတဲ့ ဒူးလည်း ရေဆွတ်ခုန်ကြရတာပဲ။ ကိုယ့်နောက်က မျက်နှာတွေက အများကြီးကိုး။

၎) စိတ်အခန့်မသင့်လို့ ရန်ဖြစ်ချင်တယ်ဆိုတောင် တစိမ်းနဲ့ ရန်ဖြစ်တာဟာ အိမ်သားချင်း ရန်ဖြစ်တာထက် ပိုဆိုးတယ်ဆိုတာ လူတိုင်းသိပါတယ်။ (အဲဒါကြောင့်ကိုပဲ အိမ်သားချင်း ရန်ဖြစ်တာလည်း တော်တော့်ကို ကြာနေပါပြီ။ ဒီ့ထက်ပြောရင်လည်း အင်း……… ကြည့်ပြောမှ)

အပေါ်မှာ ပြောပြခဲ့တာ ကျွန်မရဲ့ Reaction ကို ချုပ်တည်းနေဖြစ်တဲ့၊ မြင်လွယ်မယ်ထင်တဲ့ အချက်တွေပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်မ Reaction ဖြစ်မှာကတော့ ကျွန်မသူငယ်ချင်း တစ်ယောက် ပြောပြတဲ့ သူ့အမြင်၊ သူ့အတွေး၊ သူ့အရေးတစ်ခုကြောင့်ပေါ့၊ နယ်တွေမှာ စီးပွါးရေးရဲ့ အခြေခံအဆောက်အအုံတစ်ခုဖြစ်တဲ့ လယ်ယာကဏ္ဍမှာ လုပ်သားအင်အား လျော့ပါးပြောင်းရွှေ့မှုတွေနဲ့ အကျိုးဆက်တွေကို သူမြင်သလို ထောက်ပြသွားတာပါ။ သူပြောသွားတဲ့အထဲက ကျွန်မ နားလည် လိုက်မီသလောက် ပြန်ဆွေးနွေးဖို့ ဒီ Reaction ကို လုပ်ဖြစ်ပါတယ်။

ကျေးလက်မြို့ပြ လူနေမှုနဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ကွာဟရာကနေ ဒီပြဿနာ စတယ်လို့ ကျွန်မ သိထားပါတယ်။ ရှေးယခင် မိသားစု စီးပွါးရေး စနစ် ကျင့်သုံးခါစ ကျေးလက်ဒေသတွေမှာ ဓါးမဦးချ လုပ်ကိုင်လာတဲ့ မြေယာတွေဟာ အကန့်အသတ်ရှိပါတယ်။ လူဦးရေတိုးနှုန်းက ပုံမှန်ကိုပဲ ထပ်ကိန်းစနစ်နဲ့ တိုးနေတာပါ။ ကောင်းပြီ။ ဘိုးဘွားတွေလက်ထက်က လယ်ဧက ၁၀၀ မှာ သားသမီးတွေနဲ့ ၀ိုင်းဝန်းလုပ်ကိုင်ခဲ့ကြတာ ဖူလုံတဲ့အပြင် ပိုလျှံလို့ လှူတန်းပေးကမ်းနိုင်ခဲ့ကြပါတယ်။ သားသမီးတွေလက်ထက်မှာ ခွဲဝေပြီး လုပ်ကိုင်ကြပါပြီ။ ဧက ဆယ်ဂဏန်းပေါ့။ ဆက်ချဲ့ရင် ရွာနားက လမ်းမြေ၊ သစ်တောမြေ၊ မြို့နားက စည်ပင်မြေဆိုတာတွေနဲ့ ဘယ်လိုလုပ်ချဲ့နိုင်ပါမလဲ။ လုံလောက်အောင်တော့ ရှာနိုင်ပါသေးတယ်။ ပိုလျှံအောင်ကတော့ သီးထပ်သီးညှပ်တွေနဲ့ နည်းနည်း ပိုပြီး မြေမအား၊ လူမနား ကြိုးစား လုပ်ကိုင်ကြတာပေါ့၊ အောင်မြင်ပါတယ်။ မြေးတို့လက်ထက်မှာ ဒီမြေတွေကိုပဲ ခွဲပေးရမှာကိုး။ စီမံကိန်း အကြီးကြီးတွေမှာ မြေလွတ်မြေရိုင်းတွေ ချဲ့တိုင်း ကိုယ့်ဘိုးဘပိုင် မြေလေးအပြင် တိုးလာမှာတော့ မြင်ယောင်မိပါရဲ့။ အဲဒီ စီမံကိန်းကြီးတွေရဲ့နောက်က ကိုယ်နဲ့ မရင်းနှီးသော စနစ်ဇယား အချက်အလက်တွေကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်လာခဲ့တာပဲ။ မြို့ပြသွားပြီး ကျောင်းထားတဲ့အကျိုးအနေနဲ့ ကိုယ့်သားသမီးတွေထဲက ကိုယ့်ရပ်ကိုယ့်ရွာကို အကြောင်းရှိမှ ပြန်လာတဲ့ အဖြစ်တွေ စလာပါတယ်။ သူတို့ အသိနဲ့သူတို့ အမြင်ပေါ့လေ။ မြို့ကြီး ပြကြီးမှာ ရှာရဖွေရတာ မြေအရင်းအနှီး မလိုဘူးလို့ ပြောကြတာကိုး။ ခုခေတ် မြေအရင်းအနှီးဈေးက သေးတာမဟုတ်တော့ သူတို့လေးတွေ တစ်အိုးတစ်အိမ် ထူထောင်မယ်ဆိုရင် ရင်းနှီးလုပ်ကိုင်စားစရာ မြေက ပြောပလောက်အောင် မရနိုင်တော့။ သူတို့ဘ၀လေးတွေ သူတို့ ရှာနိုင်တာ တော်သေး။ ဒီလိုနဲ့ မန္တလေး၊ ရန်ကုန်နဲ့ အခြား ကုန်သွယ်ရေး၊ စီးပွါးရေးမြို့တွေမှာ ဆိုင်းထမ်းလေးတွေနဲ့တစ်ချို့၊ ပုဆိုးကြမ်းလေး ပုခုံးအုပ်နဲ့ တစ်စု၊ တွန်းလှည်းလေးတွေနဲ့ ဟန်ဟန်ပန်ပန်ပုံတွေက တစ်မျိုး ကျေးလက်ဒေသက လူငယ်တွေ မြို့ပြမှာ လုပ်သားအင်အား ပြောင်းရွှေ့ရောက်လာပါပြီ။ သူတို့တွေဟာ အခြေခံ အလုပ်ကြမ်းတွေ လုပ်ကိုင်ကြတာများပါတယ်။ သူတို့ နေတဲ့ နေရာတွေကလည်း မြို့အစွန်အဖျားမြို့သစ်လို နေရာတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စီမံကိန်းတွေရှိတဲ့ နေရာတွေ အဲဒီလိုနေရာတွေပါ။ သူတို့ မွေးရပ်မြေကို အဆက်အသွယ်ရရဲ့လားလို့ မေးကြည့်တော့ ‘ အိမ်ကို သတင်းပလင်းတော့ ဒီလိုပဲ ကြုံတဲ့ လူနဲ့ မေးမြန်း၊ ငွေတွေဘာတွေ ပို့ရတာပေါ့။ လူတော့ ဘယ်ရောက်နိုင်မတုန်း’ လို့ ဖြေကြပါတယ်။ တချို့များဆို ရခိုင်ရိုးမရဲ့ ဟိုဘက်ဒီဘက် ခြားနေလေတော့ နာရေးကြုံတောင် သတင်းပဲရောက်နိုင်တော့တယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ မိသားစုကလည်း မြို့တက်သွားတဲ့ သားချင်းတွေ အဆင်ပြေသတဲ့လို့ ကြားရင် နောက်သွားမယ့်လူကို ‘ဟဲ့၊ မောင်ဟိုဒင်းတော့ ဘယ်အရပ်မှာ အလုပ်အကိုင်ကောင်းသတဲ့။ မောင်ဟ၀ှါရေ’ ။ ဒီလိုမြင်ကွင်းတွေဟာ မြို့ပြလူနေမှုစနစ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်း ကြုံတွေ့နေကျလို့ပဲ ကျွန်မ သိထားပါတယ်။ ဒါက စီးပွါးရေး ပထ၀ီမှာ အကျုံးဝင်တယ်လို့ ကျွန်မအဖေ စိတ်ရှည်လက်ရှည် သင်ပေးတုန်းက ဒုံးဝေးတဲ့ ကျွန်မ မှတ်ထားတာပါ။

နောက် တခြားတိုင်းပြည်တွေကို သွားတာကလည်း ဒီပုံစံအတိုင်း အဆင့်ဆင့်နဲ့ပေါ့လေ။ အခြေခံပညာလေး အလယ်တန်းလောက် ပြီးပြီဆိုရင် အထက်တန်းပညာရေးအထိ ဆက်သင်ဖို့ ရင်းနှီးမြှုပ်နှံမှာနဲ့ အိမ်ကစီးပွါးရေးကို ကျားကန်ဖို့ ရင်းနှီးမြှုပ်နှံမှာကို ယှဉ်ရပြီပေါ့။ ဒီလိုနဲ့ နိုင်ငံတကာမှာ ရွှေ့ပြောင်းလုပ်သားအင်အား စီးဆင်းမှုတစ်ရပ် ဖြစ်လာပါတယ်။ အဲဒီအခြေအနေမှာ မူလ တိုင်းပြည်အခြေခံ စီးပွါးရေးတည်ဆောက်ပုံအတိုင်း ဆက်လက်ရှင်သန်နေအောင် ဖြေရှင်းဖို့ ပုံသေနည်းတော့ မရှိပါဘူး။ တိုင်းပြည်တွေရဲ့ အခြေခံ တည်ဆောက်ပုံ၊ သဘာဝသယံဇာတပြည့်စုံမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဖူလုံရေး ပြည့်စုံမှု၊ စီးပွါးရေးအသွင်သဏ္ဍာန်၊ အဲဒါတွေအပြင် စီမံခန့်ခွဲမှု(ကဏ္ဍအားလုံးအတွက် အချုပ်)၊ ဒါတွေအများကြီးက ကျေးလက်-မြို့ပြ လုပ်သားအင်အားစီးဆင်းမှုနဲ့ ဒေသတွင်း လုပ်သားအင်အား ရွှေ့ပြောင်းမှုတွေကို အများကြီးပြဌာန်းပါတယ်။

ကျွန်မတို့ သင်ခဲ့ရတဲ့ ဘာသာရပ်တွေထဲမှာ သိပ္ပံဘာသာရပ်တွေကို လူတွေက ပိုပြီး အာရုံစိုက်လေ့လာလိုက်စားကြတာ များပါတယ်။ ခေတ်ကြီးကိုက နည်းပညာခေတ်ဆိုကိုး။ ဒါပေမယ့် အဲဒီခေတ်ကြီးထဲမှာ လူတွေ လှုပ်ရှားနေတာဟာ သိပ္ပံကို မူတည်တာထက် မဏ္ဍိုင်ကြီး ၃ ရပ်ကိုသာ အဓိကမူတည်ကြောင်း ကျွန်မ သိခဲ့ရပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွါးရေးဆိုတဲ့ အချက်ကြီး ၃ ချက်ကို ဘာက ပိုအရေးကြီးသလဲဆိုတာ စဉ်းစား၊ မေးခွန်းထုတ်ရင်းနဲ့ပါ။ သူတို့အားလုံးဟာ လူတိုင်းရဲ့ ဘ၀တွေအတွက် အဓိက လိုအပ်ချက်တွေဖြစ်သလို မောင်းနှင်အားတွေလည်း ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ကိုယ်ကျင့်တရားကောင်းဖို့ ထည့်သွင်းပြောဆိုကြတာ ကြားဖူးပေမယ့် မဏ္ဍိုင်ကြီး ၃ခု ပြည့်စုံရင် အတော်ကို ပြည့်စုံကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နေပါပြီ။ အဲဒီ မဏ္ဍိုင်ကြီး ၃ ရပ်မှာ တစ်ခုခု ချို့ယွင်းလာပြီဆိုရင် ကျန်တဲ့ ၂ခုက ကျားကန်ပေးဖို့ လိုအပ်ပါတယ်။ မနိုင်တော့ဘူးဆိုရင်တော့ ပြိုဖို့ များပါပြီ။ နာတာရှည် ဝေဒနာသည်တစ်ဦးကို အမြဲတင်ထားရတဲ့ အိမ်လိုပေါ့လေ။ အဲဒီ ဝေဒနာကို ကုဖို့ ကြိုးစားနေရတာနဲ့ တခြား လုပ်ငန်းဆောင်တာတွေပါ အလိုအလျောက် နှေးကွေး၊ ရပ်တန့်ချို့ယွင်း၊ နောက်ဆုံးတော့ ပျက်စီးတဲ့ အစိတ်အပိုင်းတွေက များလာ။ သူကပြောတာတော့ အဆိုးကျော့သံသရာစက်ဝန်း ပါတဲ့။ အဖြေရှာရင် ကိုယ်မှာ တွေ့ပါမယ်။

လူမှုစနစ်အတွင်း မေတ္တာအခြေခံတဲ့ ဆက်သွယ်မှုတွေ လျော့ပါးလာတာ၊ စည်းစည်းလုံးလုံး နေကြတဲ့ ကျစ်လျစ်တဲ့ လူ့အဖွဲ့အစည်း အသွင်ကနေ ပြန့်ကျဲနိုင်တဲ့ အသွင် ပြောင်းလာတာ၊ ငွေကြေးလှည့်ပတ်စီးဆင်းမှုတွေကနေ လူမှုစီးပွါးရေးပြဿနာတွေတိုးမြင့်လာစေတာ ဒါတွေဟာ ရှောင်လွှဲလို့ ရနိုင်မယ့် အရာတွေလားလို့ ကျွန်မ စဉ်းစားကြည့်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ‘အညာမင်္ဂလာဆောင်’ လေးချိုးကြီးမှာ ထိထိမိမိ၊ ကွက်ကွက်ကွင်းကွင်း ပြသွားတဲ့ ၁၉၃၀ ၀န်းကျင် စီးပွါးပျက်ကပ်ကာလ အညာလယ်သမားဘ၀ကို ကျွန်မ ပြန်ပြန် မြင်ယောင်ပါတယ်။ အိမ်ထဲမှာ တံခါးပိတ်နေနေကျ ကျွန်မတို့တွေအတွက် လုံခြုံမှုဆိုတာ ဘာလဲ- သဘာဝတရားဟာ နာဂစ်ကတစ်ဆင့် သူ့အင်အားကို သက်သေတစ်ခါပြသွားသလို အခု ကမ္ဘာ့ ငွေကြေး ကမောက်ကမဖြစ်မှုက စတဲ့ စီးပွါးပျက်ကပ်က တစ်ခါ သက်သေပြနေပါပြီ။

ဒီအချိန်ကာလမျိုးမှာ တင်းကျပ်လာတဲ့စိတ်တွေကြောင့် ထွက်ပေါက်ရှာတတ်ကြတာ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မတို့ ကြည့်ရမှာဟာ မျက်စိရှေ့မှာ ရှိတဲ့ နေ့စဉ်လူမှုဖြစ်စဉ်တွေသာမက အဲဒီ ဖြစ်စဉ်တွေရဲ့ နောက်မှာ ရှိနေတဲ့ အင်အားတွေ၊ အကြောင်းအရာတွေလည်း ပါဝင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

အချိန်တန်လို့ပဲဖြစ်ဖြစ်၊ အချိန်မတန်ဘဲဖြစ်ဖြစ် အိမ်ပြန်လာကြမယ့် နိုင်ငံတကာက ရွှေ့ပြောင်းလုပ်သားတွေရဲ့ တံခါးခေါက်သံကို ကျွန်မတို့ရဲ့ အမိမြေက ဘယ်လို တုန့်ပြန်ကြမလဲ ကျွန်မ သိချင်ပါတယ်။ (ပြန်ကြားရေး ၀န်ကြီးပြောတာကို ကျွန်မသိပါတယ်။ ကျွန်မတို့ရဲ့ မိသားစုအဖြစ် သဘောထားတဲ့ ကျွန်မတို့ ထောက်ထားခဲ့တဲ့ မျက်နှာများစွာ၊ နားများစွာကို ကျွန်မ ရည်ညွှန်းတာပါ)

ဒီလုပ်သားတွေရဲ့ စီးပွါးရေး မောင်းနှင်အားနဲ့ လူမှုဆက်ဆံရေး trends တွေကို ဘယ်လို သဘောထားပြီး ဒီလုပ်သားတွေရဲ့ အိမ်အပြန်ကို ဘယ်လို သဘောထားမလဲ ကျွန်မသိချင်ပါတယ်။

ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတဲ့ အကြောင်းကို သိသိကြီးနဲ့ လက်ရှောင်ရှောင်နေရတဲ့ ကျွန်မတို့ ရဲ့ ညီအကိုမောင်နှမများ ထမင်းရည်ပူ/မပူ မသိလည်း နှုတ်ခမ်းကို စေ့ပြီး တခြား လွှဲစရာမရှိတဲ့ အဆိပ်ခွက်တွေဆီ လှမ်းနေမလား၊ ကျွန်မ သိချင်ပါတယ်။

တစ်ခုပဲ ကျွန်မ မျှော်လင့်မိပါတယ်။ ထမ်းတင်ပေးခဲ့သော ပုခုံးများကို ဓါးထက်ထက်တွေနဲ့ မမွှန်းမိကြပါစေနဲ့။ ကျွန်မ စိတ်မကောင်းခြင်းများစွာနဲ့ ဒီစာကို ရေးတာပါ။

ဆုတောင်း

စွန့်လွှတ်လိုက်တာ

ရယူပိုင်ဆိုင်ရဲတဲ့သတ္တိမရှိလို့ပဲဆိုရင်

ပိုင်ဆိုင်ချင်တာဟာ မစွန့်လွှတ်ရဲလို့ပဲပေါ့။

ထွက်ပြေးဖို့ ကြိုးစားတာ

ရင်ဆိုင်ရဲတဲ့သတ္တိမရှိလို့ပဲဆိုရင်

ရင်ဆိုင်ရပ်တည်နေတာ ထွက်မပြေးရဲလို့ပေါ့။

ချန်နေရစ်ခဲ့တာ

လိုက်ခဲ့ဖို့သတ္တိမရှိလို့ပဲဆိုရင်

လိုက်လာခဲ့တာ နေရစ်ဖို့ မ၀ံ့ရဲလို့ပေါ့။

အစွန်းနှစ်ဘက်ကြားမှာ ဆုံးဖြတ်ချက်ချရတိုင်း

အတွေးတစ်ချက်တိုင်းမှာ

မယိမ်းယိုင်ဘူးပဲ ပြောရမလား

မပြတ်သားဘူးပဲဆိုရမလား ………………..

ပြန်ရဖို့ဆိုတာ ပြန်ပေးမယ့်သူပေါ်မှာ မူတည်ပါတယ်။

မျှော်လင့်ဖို့က ကိုယ်ပိုင်ဥစ္စာပဲဆိုပါတော့။

“အတ္တကြီးလိုက်တာ”လို့ မငြင်းမကွယ်သိပါရဲ့

မျှော်လင့်မိတုန်းပဲ………………. “ဆုတောင်းပြည့်ပါရစေ”