ထွေရာလေးပါး – ၁

အသံတိတ်နေမိတာ အတော်ကြာသွားသည်နှင့် တူ၏ ။ စိတ်ထဲက ယားကျိယားကျိ အတော် ပြင်းထန်လာသည်။ ဘယ်အကြောင်းအရာက စရပါမည်နည်း။

ကိုယ့်ဘာသာကိုယ် မျက်နှာ စာအုပ်ကြီးမှာ လယ်စိုက်၊ ဒမြတိုက်နေရသည်က အတော် ငြိမ်းချမ်းသည်။ ဖတ်ချင်သည့် ဘလော့တွေ၊ သူများရှယ်သမျှ အကြောင်းအရာတွေ လျှောက်ဖတ်ရင်း ညောင်းလာလျှင် ကိုယ့်အိမ်ကိုယ်ပြန်ခွေနေနိုင်သည်။ မနေနိုင်မထိုင်နိုင် ဆတ်ဆော့မိတော့ သူများ ဧည့်ခန်းတွေ ဝင်ထိုင်မိပါ၏။ “အဲဒီမှာ စ,တွေ့တာပဲ”

အင်တာနက် စသုံးတတ်ခါစ လွန်ခဲ့သော ၅နှစ် ၆နှစ်ခန့်က သူများတွေ ချက်ပြုတ်နေကြသည်ကို မြင်တွေ့ရစဉ် “စွဲတတ်တယ်ထင်ပါရဲ့” – ပေါ့ပေါ့ပဲ တွေးမိသည်။ ဘာတွေ ပြောကြ၍ ဘယ်သို့ စွဲကြသည် မသိ၊ မစဉ်းစားတတ်။ တစ်ခါတစ်ရံ လူသုံးများသော အင်တာနက်ဆိုင်မှာ “စက်မအားသေးဘူး အမရေ” ဆိုလျှင်တော့ စိတ်ထဲက ခိုးလိုးခုလု ဖြစ်မိသည်မှာ ထိုင်ရာမထတမ်း ချက်ပြုတ်အားကောင်းလှသည့် သူများကို။

အသက်ကြီးမှ အ,သုံးလုံး သင်သလိုတော့ အင်တာနက်သုံးနည်း မသင်ခဲ့ရပါ။ ငယ်ကတည်းက ကွန်ပျူတာ အင်တာနက်နှင့် ဖက်မွေးလာခြင်း မဟုတ်သည့်အတိုင်း စ,သုံးသုံးချင်း အနည်းငယ်တော့ စိမ်းပါသည်။ သို့ဖြင့် အင်တာနက်ဆိုင်တွင် လူရှင်းသော အချိန်များကို မေးကာ သွားတတ်လာသည်။ ပြီးတော့ သူများတကာကို မေးမြန်းကာ ဂူးဂဲလ်ကြီးကို နည်းနည်းပါးပါး တောင်ကြည့်မြောက်ကြည့် ရှာဖွေမိလာသည်။ နောက်ဆက်တွဲအဖြစ် ဟိုဟိုသည်သည် လည်ပတ်တတ်လာသည်။ အဲသည့်အချိန်များမှာ ခေတ်စားသည်က Zorpia Journal။ ဘာမှန်းရေရေရာရာ မသိလိုက်ဘဲ အကောင့်တစ်ခုတော့ ပိုင်ဖူးသည်။ သူများတွေ ချက်ပြုတ်ကြချိန် ရှာစရာ ဖွေစရာ တစ်ပုံကြီး ရှိနေတတ်သူ တစ်ယောက်အဖို့ ဖြတ်သွားဖြတ်လာ ဧည့်ခန်းများပင် ဝင်မထိုင်ခဲ့ရစဖူး။

မကြာသေးမီက ဟိုဟိုသည်သည် လျှောက်သွားရင်း မြန်မာစာနှင့် ချက်ကြသော ဧည့်ခန်းလေးတစ်ခုကို သတိပြုမိသွားပါ၏။ ၀င်ပေါက်မှ ငေးကြည့်နေရင်း ဖြတ်သွားဖြတ်လာ နောက်ကြ၊ ပြောင်ကြ၊ ထိုင်စကားပြောသူများ ပြောကြ၊ ဆိုကြသည်ကို သဘောကျမိသေးတော့သည်။ မိန်းကလေး၊ ယောကျာင်္းလေး မှန်းဆကြည့်၊ ပြောဟန် လေသံအရ အသက်အရွယ် မှန်းဆကြည့်၊ အလုပ်အကိုင်၊ နေပုံထိုင်ပုံ၊ စိတ်သဘောထားပုံတို့ကို မှန်းဆကြည့် နှင့် စိတ်ဝင်စားစရာ အကောင်းသား။ ခင်သန္တာ သက်ချိုပြုံးတို့၏ နုနွဲ့သော စိတ်သဘောထား၊ အတောင် ၂၀ ဝတ် ကိုကိုတို့၏ ပုဆိုးစွန်တောင်ဆွဲကြသော အတင်းပြောပုံများ၊ သွယ်သွယ်ပျောင်းသော မယ်ဖော့ဖယောင်းတို့ စကား ဗလ ပြကြပုံများကဖြင့် အံ့ဩကုန်နိုင်ဖွယ်။

တစ်ခါတစ်ခါတော့ သူရို့ဧည့်ခန်းကလေးမှာ မိန်းကလေးတို့ဖြင့် ကျွက်ကျွက်စီနေတတ်သည်။ သည်ကြားထဲက ကမ္ဘာပတ်နေကြသော ကာလသားများဖြင့်လည်း ဆဲဆိုသံတွေ ညံတတ်ပြန်သေးသည်။ ထိုသို့ ဆဲဆိုနေကြစဉ်တော့ ရှိသမျှ မိန်းကလေးတွေ “အမယ်လေး” အော်ကာ ထွက်ပြေးနေကြတတ်ပါ၏။ သည်လို အချိန်မျိုးတွင် အခန်းပြင်မှာ ရပ်ငေးနေကြည့်မိရင်းက လှည့်ပြန်ခဲ့ဖြစ်တော့သည်။

ရှားပါးလှသော တစ်ရံတစ်ခါတွင်တော့ မိန်းကလေးများ တွတ်ထိုးနေသည်ကို အလကားနေရင်း ထိပ်ပုတ် ခေါင်းပုတ် လုပ်နေသော (လေနှင့်) ထိပ်ပြောင်ကြီးများကို တွေ့ရပြန်လေသည်။ ကိုယ့်မှာ အိမ်ထောင်ရက်သားရှိပြီးသား (ရှိသော်လည်း မရှိသယောင် သဘောထားနေခြင်း) ဖြစ်ပါသော်လည်း နေရာတကာတွင် သူတို့ ကြည့်နေကျ (၁၈နှစ်အောက် မကြည့်ရ) ရုပ်ရှင်မှ မိန်းကလေးများကို မြင်ယောင်နေကြသူများသာတည်း။ ဤသို့လျှင် ဘာကိုယ်ကျင့်ရေးရာမှ ဂရုစိုက်စရာ မထင်သော ပုဂ္ဂိုလ်ကြီးများဖြစ်လေရကား ……… ထိုထိုသော ရုပ်ရှင်ကားများမှ စကားလုံးများ၊ အပြုအမူများကို ဧည့်ခန်းထဲသို့ ပြောင်ပြောင်ကြီး သယ်ဆောင်ကျင့်သုံးကြသည်မှာ မသတီစရာကောင်းလှဘိတောင်း။

အင်း……………… ဒေါ်မာမာအေးက ဘီဘီစီမှာ အစီအစဉ်နာမည်ပေးသလို “ပြောပြစရာတွေလည်း တပုံကြီးကျန်သေးတယ်”ဟုပင် ပြောရမည်ထင်သည်။

Advertisements

Time to Smile :)

အသက် သုံးနှစ်ခွဲရောက်ပြီဖြစ်သော မာတင်သည် သူ့အဖေ၏ ကားပေါ်မှာ လိုက်စီးရခြင်းကို အလွန်သဘောကျ၏။ တစ်နေ့တွင် သူတို့ သားအဖ တရိစ္ဆာန်ရုံသို့ သွားကြသည်။ မျောက်ရုံတွင် ချင်ပန်ဇီများ ဆော့ကစားနေကြသည်ကို လူအများက ကြည့်ရှုသဘောကျနေရာသို့ ရောက်သွားကြသည်။
လူအများရှေ့တွင် ချင်ပန်ဇီများသည် ကားတာယာအလွတ်များဖြင့် ဆော့နေကြ၏။
မာတင်သည် ရယ်မောနေရာမှ ရုတ်တရက် အလေးအနက်စဉ်းစားသွားပြီး သူ့အဖေကို မော့ကြည့်ရင်း ပြောပုံမှာ-
“ဖေဖေ – သူတို့မှာ တာယာတွေ ရှိတယ်နော်“
“အေးပေါ့ သားရဲ့”
“ဖေဖေ့၊ ဒါ ကားတာယာတွေနော်”
“ဟုတ်တယ်လေ သားရဲ့”
“ဒါဆို သူတို့လည်း ကားပိုင်တာပေါ့”

***************************************************

စာရေးဆရာ George Mike ရေးသော Wisdom for Other စာအုပ်မှ မျက်စိကျရာ စာပိုဒ်လေးများ ဖြစ်ပါသည်။ ဘလော့တွင်တင်နေသည့် တောင်ထုမျှသော ဖုန်ကို ခါသည့် ကြက်မွေးတစ်ချက်ပမာ ပြုံးစရာဖြစ်ကြပါစေကြောင်း။ 🙂

အမှတ်တရနေ့ရက်များ

မေး – နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေကျရင် ဘယ်လိုခံစားရပါသလဲ။

ဖြေ – ပျော်တာပေါ့။ ရုံးတွေဘာတွေ ပိတ်တဲ့နေ့တွေကို ပြောတာပါ။ ကိုယ့်တိုင်းပြည်မှာတုန်းက အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့နဲ့ ထပ်နေရင် (ဘာကိုမှန်းမသိ) အားကြီး စိတ်ဆိုးတယ်။

မေး – ရုံးပိတ်ရက်နဲ့ မဆိုင်တဲ့ နှစ်ပတ်လည် (ဘယ်နှစ်နှစ်မြောက်ဆိုတာမျိုးလေ) နေ့တွေမှာရော။

ဖြေ – အဲဒါတွေလည်း အထိုက်အလျောက် စိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြောစရာ အကြောင်းအရာတစ်ခုတိုးတာပေါ့။

မေး – အမှတ်တရနေ့တွေနဲ့ ပတ်သက်တဲ့သဘောထား အမြင်လေး။

ဖြေ – အမှတ်တရနေ့တွေကို သတိတရ ဆင်နွှဲကြတာ ကောင်းပါတယ်။ တစ်နှစ်လုံး အဲဒီ အမှတ်တရ အကြောင်းအရာနဲ့ ပတ်သက်တာချည်း စဉ်းစား သတိရနေနိုင်ကြတာမှ မဟုတ်တာ။ အဲဒီတစ်နေ့လေးလောက် သတိရကြရင်လည်း မဆိုးပါဘူး။ အဲဒီလို ပါဝင်မဆင်နွှဲနေရင်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံး အဲဒီ အကြောင်းအရာမှာ စိတ်ပါဝင်စား လုပ်ကိုင်နေခဲ့နိုင်တာ မဟုတ်သလို နောက်တစ်နှစ်လုံးလည်း ဒီလိုပဲ ဖြတ်သန်းသွားလို့  ဖြစ်နေတာပဲလေ။ ဒီတော့ အမှတ်တရဆိုတာ အမှတ်တရလောက်နဲ့ ရပ်သွားသရွေ့ ဘာမှ မဖြစ်ပါဘူး။

မေး – အများပြည်သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရနေ့တွေကိုရော။

ဖြေ – အများပြည်သူဆိုတာကရော ကိုယ်မဟုတ်လို့လား။ ကိုယ်တိုင်ကရော အများပြည်သူ ဟုတ်မနေလို့လား။ ရှင်းရှင်းလင်းလင်းမေးပါ။ ကမ္ဘာကြီးက သေးသေးလေးပါဗျ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မှ ကွာခြားနေတယ်လို့ မထင်ပါဘူး။

မေး – ဒါဆို တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာပေါ့နော်။

ဖြေ – ဟိုးစတော့။ တာဝန်သိလုပ်သားပြည်သူဘ၀ကနေ ကျွတ်လွတ်ကြပြီလို့ ထင်ပါတယ်။ တာဝန်ဆိုတာ လက်မောင်းမှာ ရှိတယ်။ အဲ – မှားလို့။ တာဝန်ဆိုတာ ပြတတ်ရင် ရှိပါတယ်။ မသိတတ်ရင်လည်း မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် စိတ်ပါလက်ပါ ကောင်းကောင်းမွန်မွန်လုပ်ပြီး လူ့တာဝန်ကျေကြရင် “တာဝန်ဝတ္တရားအရ ဆောင်ရွက်ရပါတယ်” ဆိုတဲ့စကား ဘယ်ရှိပါတော့မလဲ။ ဒါကြောင့် ဟိုးငယ်ငယ်တုန်းက ကျောင်းမှာ ရွတ်ဖူးတာလေး ပြန်ရွတ်ပါ့မယ်။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် –

ကျန်တာတွေက ဘလာ ဘလာ ဘလာ ပေါ့။ ကိုယ့်စကားကိုယ် နားထောင်နိုင်တဲ့ အခြေအနေ အရင် တည်ဆောက်မှ သူများက ကိုယ့်စကား နားထောင်မယ်လို့ တွေးမိပါကြောင်း။

အင်တာဗျူး စီစဉ်တင်ဆက်သူ – ပြင်းရှတဲ့ဝိုင်တစ်ခွက် – ရောက်တတ်ရာရာအစီအစဉ်

မေးမြန်းသူ – နှစ်ချို့ “အပျင်းလွန်”

ဖြေကြားသူ – စားပွဲတင် “အပျော့ဆွဲ”

Icons!

Shortcut Icon တွေကို ပုံစံမျိုးစုံ မြင်ဖူးသည်။ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် ပုံပြောင်း၍ ရသော Icon များရှိသလို Default ပေးထားတာကိုပဲ သုံးရသည်လည်း ရှိသည်။ သူတို့တွေသည် သီးခြား အသုံးချစရာ Software တွေကို ကိုယ်စားပြုနေကြပြီး သူတို့က တဆင့် ကိုယ်ပုံဖေါ်ချင်သော အကြောင်းအရာကို တည်ဆောက်ယူရသည်။

Icon တွေဆိုတာ ကိုယ် အသုံးချဖို့ တီထွင်ထားတာဟု ပြောနိုင်သလို Icon တွေက ကိုယ့်ရွေးချယ်မှုတွေကို ခိုင်းစေနေတာလည်း ဖြစ်တတ်သည်။ အချို့သော အယောင်ဆောင် Icon များက ဗိုင်းရပ်စ်တွေကို ကိုယ်စားပြုပြီး ကိုယ့်ကို ထင်ယောင်ထင်မှား ရွေးချယ်စေသည်။ သည်တော့ Icon တွေက တကယ်အစစ်အမှန် ဟုတ်/မဟုတ် ဆိုပြီး ဆန်းစစ်လာရသည်။ လူတွေအတွက် မြင်သာ၊ မှတ်မိလွယ်သော၊ အကြောင်းအရာတစ်ခုကို အကောင်းဆုံး ကိုယ်စားပြုနိုင်သည့် အမှတ်သင်္ကေတသည် Icon ပေါ့။

သည်လိုနှင့် ကွန်ပျူတာမျက်နှာပြင်ပေါ်မှ Icon ဆိုသော စကားလုံးသည် နေ့စဉ်လူမှုဘ၀ထဲကို မွေးစားပြောင်းလဲ ရောက်ရှိလာခဲ့သည်။ အချို့က Icon တွေကို ဖန်တီးသည်။ အချို့က Icon တွေ ဖြစ်လာသည်။ ဘယ်လှုပ်ရှားမှု၊ အဖွဲ့အစည်းရဲ့ Icon ဘယ်သူ ဆိုတာမျိုး။ အဲဒီ Icon တွေက ကွန်ပျူတာ Icon တွေထက် အများကြီး ရှုပ်ထွေးပါသည်။ သူတို့ သက်တမ်း၊ သူတို့ရရှိသော လူအများစိတ်ဝင်စားမှု၊ သူတို့လုပ်ဆောင်ရသော အကြောင်းအရာတွေက ဘယ်ခလုပ်နှိပ် – ဘယ်မီးလင်းဆိုတာမျိုးမှ မဟုတ်ဘဲလေ။ ခု ပေါ်ပြူလာဖြစ်နေသော အကြောင်းအရာသည် နောက်အချိန်အနည်းငယ်အတွင်း မှေးမှိန်ပျောက်ကွယ်သွားတတ်သည်ပဲ။

သည်လိုနှင့် အချိန်တိုင်း အလုပ်ဖြစ်ရအောင် ခလုပ်မျိုးစုံကို ကိုင်ထားနိုင်သော၊ ဘယ်တော့မှ မီးမပြတ်သည့် “ပါဝါ”ပိုင်ရှင်များကို ခေတ်တိုင်း၊ နေရာတိုင်းတွင် ရှိမြဲ၊ တွေ့ရမြဲ။ ဒါသည်ပင် အရည်အချင်းဖြစ်နိုင်ပါသည်။ ဘယ် Icon ရဲ့ နောက်မှာ ဘာတွေ လုပ်လို့ရသည်ဆိုတာ သိဖို့ပဲ လိုပါသည်။ အသုံးချသူအပေါ် မူတည်၍ ရလဒ်ထွက်ပါသည်။ Killa Kash (မြတ်ကောင်း) ၏ သီချင်းကို မုန်းသူတွေလည်း ရှိမည်။ သဘောကျသူတွေလည်း ရှိမည်။ မှန်တာတွေ အများကြီးပါသည်ဟု တွေးမိပါသည်။ Upload တင်၍ အဆင်မပြေသောကြောင့် ဖိုင်လိုက် Download လုပ်နိုင်ရန် link သာ ထည့်ပေးလိုက်ပါတော့မည်။ နားဆင်ကြည့်ကြပါကုန်။ မိုးမခမှာပါ။

ခေတ်မီလိုက်ရင် ကောင်းမလား!

ခက်တော့ အခက်သား။ စကာင်္ပူမှာ လူ ၁၄၀ ကျော် ကူးနေပြီဖြစ်သော H1N1 သည်းသည်းလှုပ်နေခိုက်မှာ ဖျားသည်။ ကွေးတော့ မကွေးပါ။ လူက မိုးတိုးမတ်တပ် သွားလိုက်လာလိုက်နှင့်။

ဇာတ်လမ်းအစ – ကြာသာပတေးနေ့နှင့် သောကြာနေ့ နှစ်ရက်ဆက်၍ Site သွားသည်။ ကြာသာပတေးနေ့ကတော့ မသိသာသေး။ တောက်လျှောက် ပင်ပန်းထားပြီး သောကြာနေ့လည်မှာ ရုံးကို ပြန်ရောက်တော့ ချွေးတွေ စိုနေရာက အဲကွန်းတန်ခိုးနှင့် ချက်ချင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားပြီး အစိုဓါတ်က နှာခေါင်းဘက် ပြောင်းရွှေ့သွား၏။ သည်အချိန်မှာ စနေနေ့ပြန်မည့် လူကြုံက ပြည်အထိ ရောက်မည်ဆိုသောအခါ — အိမ်ကို လူကြုံပေးရန် ဖုန်းဆက် မေးကာ ညနေရုံးဆင်းချိန်တွင် အပြေး အလွှား ဈေးသွားဝယ်ပါသည်။ Mustafa တွင် ဟိုဘက်၊ ဒီဘက် အဆောက်အဦးနှစ်ခုလုံးကို တက်လိုက်ဆင်းလိုက် ပစ္စည်း ရှာခြင်း၊ ၀ယ်ခြင်းများ ပြီးသည့်နောက် ည ၈ နာရီကျော်။ လူကြုံပေးခြင်းကိစ္စ ပြီးသည်နှင့် အိမ်ကို ငွေလွှဲရန် City Hall ဘက် ခြေဦးလှည့်သည်။ လူကြုံလိုချင်သည် ပြောသော ယုန်မွေးဆွယ်တာ- ပင်နီဆူလာမှာ မြင်ဖူးသလိုလိုပဲဆိုပြီး အထပ်စေ့ ပတ်သည်။ မူစတာဖာတစ်ပတ်နှင့် ညီမျှသောအခါ ခြေကုန်လက်ပန်းကျလာပြီး မတွေ့ကြောင်း အဖြေထွက်လာ၏။ သည်လိုနှင့် အိမ်ပြန်သည့် အခြေအနေဖြစ်တော့ ည ၁၀နာရီခွဲ။ အိမ်ရောက်တော့ Panadol Extra တစ်လုံး ပါးစပ်ထဲ ပစ်ထည့်ကာ မှောက်သွားသည်။ ချွေးလေး စို့ကာ နေသာ ထိုင်သာ ဖြစ်သွားသည်။ `ငါ မဖျားသေး´။

စနေနေ့မနက် နိုးလာတော့ ကောင်းကောင်း မကြည်လင်။ ရုံးမသွားချင်သော ရောဂါအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တော့ ဖျားသည့်ဘက် မလှည့်လိုက်နိုင်။ `တောင်လှည့်၊ မြောက်လှည့်နဲ့ ရုံးချိန်ပြီးသွားမှာပါ´- ကိုယ့်ကိုယ်ကို အားပေးကာ အဲကွန်းခန်းထဲ သွားငုတ်တုတ်ထိုင်လိုက်သည်။ လာလေ့- နေ့တစ်ဝက်။ ရုံးဆင်းသော် ခါတိုင်းကဲ့သို့ ပင်နီဆူလာ၊ လမ်းပြကြယ်တို့ဘက် မလှည့်နိုင်တော့။ အိမ်တန်းပြန်သည်။ ကောင်းကောင်း ဖျားရန် အရှိန်ယူသည်။ ဖြစ်ချင်တော့ တနင်္ဂနွေနေ့တွင် ဂျိုဟိုးလမ်းညွှန် ကူညီ မ,စဖူးသော ညီမလေးက မင်္ဂလာဆောင်မည်။ ကိုယ့်ကိုယ်ကို ဖျားခွင့်မပြုနိုင်ပြန်။ သည်လိုနှင့် တောက်လျှောက် ဖျားခွင့်မရရှာသော ခန္ဓာကိုယ်က တနင်္လာနေ့တွင် ဆန္ဒပြပါသည်။ ဘယ်လိုမှ မကြည်လင်ပါ။

MRT Station နှင့် ရထားပေါ်တွင် တချို့ကလေးများကို မျက်နှာဖုံးစွပ်လျက်သား တွေ့လာရသလို၊ ကလေးအမေ အချို့လည်း မျက်နှာဖုံးကိုယ်စီ နားရွက်မှာ ချိတ်လာကြသည်။ သူတို့ကြည့်ရသည်မှာ အတော်ပင် ကို့လို့ကန့်လန့်နိုင်နေပြီး သူတို့ကိုယ်တိုင်ကလည်း စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သို့ဖြင့် အချိန်များမကြာမီ သူတို့လည်း မျက်နှာဖုံးစွပ်လေးများကို ဖြုတ်သွားကြ၏။ သို့သော် အချို့အချို့သော သူများကား တာဝန်သိပြည်သူများပီသနေကြလေရာ ကိုယ်တိုင် တစ်ရှူးလေးကွယ်ကာ ဟတ်ချိုး ချေခါနီးချိန်တွင် နံဘေးမှ မျက်နှာဖုံးစွပ်များကို ကြည့်ရင်း နည်းနည်း အားနာလာပါသည်။

Today မှ `အော်သံ´ ကဏ္ဍတွင် ကလေးမိခင်တစ်ဦးက ရေးထားသည်။ “You may survive, but my son won’t”၊ သူ့သား ၁၀လသားကလေး မွေးရာပါ ရောဂါကာကွယ်မှု အားနည်းနေသောကြောင့် ဆေးရုံတက်ကာ ကုသမှု ခံယူနေရသည်။ အကယ်၍သာ ယခုအချိန် ပြင်ပမှ အခြားရောဂါများ ကူးစက် ရရှိခဲ့လျှင် မည်သို့မှ ကယ်နိုင်ရန် လမ်းမရှိတော့။ သို့ဖြစ်၍ —–  ကိုယ့်ကိုယ်ကို ဘာမှတော့ မဖြစ်နိုင်ပါဘူးဆိုပြီး လွတ်လွတ်လပ်လပ် လျှောက်သွားနေကြသော၊ မိမိကိုယ်တိုင် မသိနိုင်သည့် ရောဂါပိုးသယ်ဆောင်သူများကို သူ တောင်းဆိုထားသည်က-`ကာကွယ်ခြင်းဖြင့် ကယ်တင်ကြပါ´။

Mask သုံးခြင်း၏ ကောင်းကျိုးများအား မသိမဟုတ်၊ သိပါ၏။ သိပါသော်လည်း – မျက်နှာဖုံးစွပ် တပ်ရမှာ ဘာကြောင့်မှန်းမသိ၊ အတော် ၀န်လေးမိသည်။ ကိုယ်တိုင်ကပဲ အကြောက်အလန့် နည်းလွန်းသလား၊ ကြောက်တတ်သူဟု အထင်ခံရမည်ကိုပင် ကြောက်လွန်းသလား၊ တစ်ခုခုတော့ လွဲနေသည်။ ကွေးရဲလျှင် ကွေး- quarentine ထဲ ရောက်သွားမည် ဆိုပြီး ကြောက်တာက ပိုမည်ထင်ပါသည်။ သို့ဆိုလျှင်လည်း သူများ မျက်နှာဖုံးစွပ်သလို လိုက်စွပ်ပြီး ခေတ်မီလိုက်လျှင် ကောင်းမလား။

မည်သို့ပင်ဖြစ်စေ – အမိမြေမှာ ကိစ္စတစုံတရာရှိ၍ သတင်းထုတ်ပြန်သည့်အခါ ပြည်သူလူထု အစိုးရိမ်လွန်၊ ကြောက်လန့်ကြသည်များ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်သော သတင်းစနစ်ကို အတော်ကျင့်သားရနေသည်ထင့်။ ယခု စကာင်္ပူကျွန်းကလေးမှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးတယူ လှုပ်လှုပ်ရှားရှား လုပ်နေသည်ကိုပင် စိတ်ထဲမှာ သည်းသည်းသန်သန် ဖြစ်မလာ။ ကြောက်စရာလား။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိနေသေးလျှင် ခံနိုင်ရည်အရာမှာ ဧတဒဂ်ပေးလောက်သော `ငါဟဲ့- မြန်မာ´။

လတ်တလော သတင်းထုတ်ပြန်ချက်။

ယနေ့ ရုံးမှ ခွင့်ယူ၍ အိမ်တွင် အားရပါးရ ဖျားပါသည်။ မောင်ထွန်းသူ မြန်မာပြန် `ပီကင်း´နှင့် တက္ကသိုလ်နေ၀င်းမြန်မာပြန် `ဂေါ့ဒ်ဖားသား´အားကိုး ရှိပါသည်။ တစ်မနက်လုံးဆေးသောက်လိုက်၊ ပြန်အိပ်လိုက် လုပ်ပြီးသောအခါ အတော်လေး နေသာထိုင်သာ ရှိနေပါပြီ။ ဆေးခန်းမသွားပါ။ အကြောင်းရင်းက တုပ်ကွေးမဟုတ်ကြောင်း ကိုယ့်ဘာသာ သေချာသော်လည်း Quarentine ထဲ ရောက်မှာစိုးပြီး မသွားခြင်းဖြစ်ပါသည်။ ခေတ်မီအောင် မကွေးရဲလိုက်ပါ။ ကောင်းမလားလို့ တွေးကြည့်လိုက်တာပါပဲ။ ခုတော့-

`အားလုံးကောင်းပါသည်ခင်ဗျား´

budget စတေးရှောင်ခြင်း – ၃ (ဇာတ်သိမ်း)

စာရင်းချုပ်ကြပါစို့။

ဒီဇင်ဘာ ၁၀ရက်နေ့ ရောက်သောအခါ ၁၀ရက်ကြာ-ကပ္ပိယဘ၀မှ ပြန်လည် နှုတ်ထွက်ရန် အကြောင်းသင့်လာပါသည်။ Pelangi တွင် အင်တာနက် သွားသုံးရင်း လျှောက်လိုက်သော အလုပ်တစ်ခုမှ အင်တာဗျူးရန် email ၀င်လာခြင်းပါ။ ယခုတစ်ခါ အလုပ်အဆင်ပြေလျှင်ပြေ၊ မပြေလျှင် စတေးတိုးရန် မျှော်လင့်ချက် မရှိတော့။ စုစုပေါင်း ၂ လကျော်၊ ၃လ နီးပါး အချိန်အတွင်း အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီပဲလေ။ စိတ်ဒုံးဒုံးချကာ ပြန်လှည့်ခဲ့သည်။

ချီကတည်းက ယဉ်သကို- မလေးအင်မီဂရေးရှင်းကောင်တာသည် အေးစက်စက် ကြိုနှင့်သည်။ `မင်း ပြန်ဝင်လာဦးမှာ မဟုတ်လား။ ခုမင်းရဲ့ လေယာဉ်လက်မှတ်က ရက်စွဲဝေး နေသေးတယ်။ နောက်တစ်ခါ စကာင်္ပူမှာ စတေးကုန်ရင် မင်းတိုင်းပြည်ကိုပဲ မင်းပြန်သွားပါ။ ငါတို့ဘက်ကို လာစရာ အကြောင်းမရှိတော့ဘူး။ မင်းတို့ အလုပ်လာရှာဖို့ တို့တိုင်းပြည်ကို အသုံးချနေကြတာပဲ။´ လက်ထဲကို ပတ်စ်ပို့ မပေးသေးဘဲ ရစ်ကြော ရှည်နေသည်ကို စိတ်ကုန်ခမ်းလှသည်။ နောက်ဆုံး ပတ်စ်ပို့စာအုပ်ယူကာ လှည့်အထွက် မကြားတကြား စကားကို ကြားဖြစ်အောင် ကြားလိုက်သေး၏။ `မင်းဘယ်တော့မှ ပြန်မလာပါစေနဲ့လို့ ဆုတောင်းတယ်´ ဆိုပဲ။ `ငါလည်း မလာချင်ပါဘူး´ စိတ်ထဲမှာ ဆက်လက် ခွန်းတုံ့တင်ကာ စလုံးဘက်သွားမည့် ကားကို တိုးတက်ခဲ့တော့သည်။

စလုံးအင်မီဂရေးရှင်းအရောက် ထုံးစံအတိုင်း White Card ဖြည့်၊ လေယာဉ်လက်မှတ်လေး လိုလျှင် အသင့်ထုတ်ပေးနိုင်ရန် ကိုင်ထားပြီး ကောင်တာပေါ် စာအုပ်နှင့် White Card ထိုးပေးလိုက်သည်။ ထိုင်နေသော အမျိုးသမီးက ခပ်တည်တည် မျက်ခုံးပင့်ကြည့်ပြီး စာအုပ်ယူကာ Scanner လေးပေါ်တင်သည်။ ခလုပ်တွေကို တစ်ချက်နှစ်ချက် နှိပ်သည်။ ခေါင်းတစ်ချက်ယမ်းသည်။ ပြန်တင်သည်။ ခလုပ်တွေ နှိပ်ပြန်သည်။ ခေါင်းထပ်ယမ်းသည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိ။ ခြေဖျားတွေ အေးလာသည်။ ကျောဘက်ကောင်တာမှ အမျိုးသားကို လှမ်းခေါ်ကာ ကွိစိကွစ ပြောသည်။ စာအုပ်ထောင်ပြသည်။ ဟိုပုဂ္ဂိုလ်က ကောင်တာချင်း ကူးလာကာ ကိုယ့်စာအုပ်ကို ယူကြည့်သည်။ အသက်ကို အောင့်ထားမိသလား၊ ရှူနေမိသလား မမှတ်မိတော့။

“ဩော်၊ မြန်မာပတ်စ်ပို့က မင့်စက်မှာ အော်တို တက်လာမှာ မဟုတ်ဘူး။ သူ့ဒေတာတွေကို manual ပဲ ရိုက်ထည့်မှရမယ်။ မင်းရဲ့ ကံပေါ့” “အိုကေ၊ ကျေးဇူးပဲ။ ပြဿနာတော့ မရှိပါဘူးနော်” ဘိုလိုပြောသမျှလေး နားစွင့်လိုက်မိသည်။ ဒီကောင်တာတော့ ဖြတ်လို့ ရပါရစေဘုရား။ ကိုယ်လုပ်လာသော စလုံး 10 ဒေါ်လာတန် E Ticket သည် လေဆိပ်ကနေ တန်းပြန်၍ ရသော ပုံစံမဟုတ်ကြောင်း လုပ်ကတည်းက သိပြီးသားမို့ ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိသည်။ တစ်ချောက်ချောက်နှင့် ကီးဘုတ်ပေါ်နှိပ်နေသံက နားထဲမှာတော့ တူနှင့်ထုနေသည့်အလား။ ဤသို့ဖြင့် စက္ကန့်ပိုင်းလွန်မြောက်အပြီး-

“ဒုံး”

“အိုကေ၊ သွားနိုင်ပါပြီ”

ဘုရား၊ ဘုရား။ ကိုယ့်နားနှင့် မျက်စိကိုပင် မယုံနိုင်။ ကောင်တာတစ်ဖက်မှာ စာအုပ်ကို ဖွင့်ကြည့်မိတော့ နေထိုင်ခွင့် ရက် ၃၀။ အကျင့်ရနေသော ခြေလှမ်းများက သူ့ဘာသာသူ ဆက်လျှောက်ပြီး Kranji ဘူတာသို့သွားမည့်ကားပေါ် ရောက်လာသည့်တိုင် ရင်ခုန်နှုန်း မငြိမ်သေး။ ဩော်……… ဘ၀၊ ဘ၀။

အင်တာဗျူးသွားဖြေပါသည်။ အဆင်ပြေမလိုလိုနှင့် မပြေလိုက်ပြန်ပါ။ ဥရောပနှစ်သစ်ကူးချိန် နီးသဖြင့် ကုမ္ပဏီကြီးကြီးများမှ လူ(ရာထူး)ကြီးကြီးများ အိမ်ပြန်ကြပါသည်။ ကုမ္ပဏီသေးသေးမှ လူသေးသေးများက ယောင်ကြပါသည်။ ဇန်န၀ါရီလတွင် တရုတ်နှစ်သစ်ကူး ဖြစ်ပါသည်။ မည်သူမျှ အလုပ်ကိစ္စ အားတက်သရော မရှိတော့ပါ။ သတင်းစာတွင် Vacancy ကြော်ငြာ နည်းသွားလိုက်သည်မှာ မပါသလောက်။ ပြန်ရဖို့က သေချာသလောက် ဖြစ်သွားပါပြီ။

ဇန်န၀ါရီပထမပတ် အကုန်တွင် စတေးလည်း ကုန်မည်ဖြစ်၍ ဒီဇင်ဘာလကုန်ခါနီးတွင် နောက်တစ်လသက်တမ်းတိုး ကြိုးစားကြည့်ပါသော်လည်း မအောင်မြင်ခဲ့ပါ။ ထပ်မံဖြေခွင့်ကြုံသော အင်တာဗျူးများကလည်း ဟိုလိုလိုဒီလိုလိုချည်း ဖြစ်ကြသည့်အတွက် Offer ၃ ခုရဖူးသူအဖြစ် ဖျာလေးလိပ်၊ ကျောပိုးအိတ်ကလေးပိုက်ကာ ပြည်တော်ပြန်ခဲ့ရပါကြောင်း။ (ဒါမျိုးလေးတောင် ဖြေစရာမရှိရင် အိမ်ကို ဘယ်သို့ မျက်နှာပြရမည်ကို မစဉ်းစားတတ်တော့ပါ။)

စာကြွင်း။

ပြန်မည်ဆိုတော့ ကုန်ကျရန်ရှိသေးသည့်စာရင်း တွက်ရသည်။ လာခဲ့စဉ်က Air Bagan နှင့် ၃လ လက်မှတ်ဖြစ်သည်။ နိုဝင် ဘာလတွင် Air Bagan ၏ နိုင်ငံခြား ခရီးစဉ်များ ဖျက်သိမ်းလိုက်လေရာ MAI နှင့် လက်မှတ်လဲပေးလိုသူများအား လဲပေးမည်ဆို၏။ ထိုအချိန်က အလုပ် Offer ရထားလေရာ ခပ်တည်တည်ပင် Refund ပြန်ယူမည်ဟု ပြောလိုက်မိသည်။ ခု ပြန်ရတော့မည်။ Jet Star ဖြင့် ပြန်မည်ပေါ့။ ကုန်ကျစရိတ်ခုသာခံသာ ရှိလေရအောင် အပြန် ကီလိုရောင်းသည်။ ဂျိုဟိုးကို သွားစဉ်ကလို ကျောပိုးအိတ်တစ်လုံးနှင့် မရှိမဖြစ် စာရွက်စာတမ်း များသာ ထည့်ကာ ၀န်စည်စလယ် ချုံ့ပစ်လိုက်သည်။ နောက်တစ်ခေါက် ပြန်လာနိုင်ရန် ပစ္စည်းအချို့ကို အကိုတို့၊အမတို့ အိမ်မှာ ထားခဲ့သည်။ အကို့သူငယ်ချင်းတစ်ယောက်က Laptop သယ်ခိုင်းချင်သူရှိကြောင်း သတင်းပေးသည်။ လေယာဉ်လက်မှတ်တန်ဖိုး၏ တစ်ဝက် မျှမက ကျေသွားပါသည်။ ဖူးခက်သို့ ငွေကြေးတတ်နိုင်သူများ ရှောင်ကြသည်လည်း ရှိပါသည်။ ကြားဖူးသော “ပဲရစ်မြို့ သို့ လူမွဲလမ်းညွှန်”ကို အားကျ၍ “ဂျိုဟိုးသို့ ဘတ်ဂျက်လမ်းညွှန်” ထုတ်လိုက်ပါကြောင်း။

ရပ်တည်မှု၊ နားလည်မှု

အခုတလော တွေးမိတာတွေ များနေသည်ထင့်။ လူအများနှင့်စကားပြောလျှင် အဆင်ပြေအောင် မနည်း သတိထား နေရသည်။ နားလည်မှုဆိုသည်ကလည်း တည်ဆောက်ရ လက်ပေါက်ကတ်သလောက် လွဲချင်လျှင် အတော့်ကို ပြောင်မြောက်အောင် လွဲနိုင်သည့်အမျိုး။ Tolerate ကောင်းကောင်း လုပ်တတ်လျှင် လူဖြစ်ပြီဟု အမေကတော့ ဆုံးမဖူးသည်။

နားလည်မှု (၁)

ပြီးခဲ့သည့်တစ်ပတ်က သူငယ်ချင်း တစ်ယောက်နှင့် ဆုံခိုက် သူ့အိမ်က missed call ပေးသည်။ သူလည်း 1818 အားပြုပြီး ပြန်ဆက်ရလေသည်။။ နားထဲ ၀င်လာသမျှတို့ကို ပြန်ရေးပြပါမည်။ (တစ်ဖက်စကား စစ်စစ်ဖြစ်ပါသည်။ ဟိုတစ်ဖက်က စကားများကို ကိုယ့်ဘာသာဖြည့်ပြီး စဉ်းစားကြပါကုန်)

`နေထိုင်ကောင်းပါတယ်။ အမေတို့ကိုသာ ကျွန်တော်က စိတ်ပူရတာ။ ဒီမှာနေရတာ အဆင်ပြေပါတယ်´

`——- —- ———´

`ပင်ပန်းတာကတော့ ပြောမနေနဲ့တော့။ တစ်နေ့တစ်နေ့ ရုံးကနေ ည ၉နာရီမထိုးဘဲနဲ့ မပြန်နိုင်ဘူး၊ မနက်မိုးမလင်းခင် အိမ်ကထွက်။ တစ်နေ့တစ်နေ့ နေကို မမြင်ရဘူး´

`ဟာ… ကျွန်တော်ပြောထားသားပဲ။ အဲဒီ ပြီးခဲ့တဲ့လက ပို့လိုက်တဲ့ ပိုက်ဆံနဲ့  ဖုန်းလိုင်းတစ်လိုင်းလေး ဖြစ်အောင် ၀ယ်လိုက်ပါဆို။ အဲဒီ ခြင်းဖုန်းကြီး ၀ယ်ပြီး PCO ထိုင်ရအောင် ဘယ်သူ့ကို ခိုင်းဦးမှာလဲ´

`အဲဒီလူတွေက အမေတို့ကို ရှာဖွေလုပ်ကိုင်ကျွေးနေဦးမယ်။ စိတ်ကြီးချ။´

`ဘုရား ရှိခိုးတာကိုတော့ ကျွန်တော်က ရှိခိုးမနေနဲ့လို့ ပြောမလား။ အမေတို့ ငွေဝင်စရာက ဒီမှာ OT တစ်လကို နာရီ ၂၀၀ မပြည့်မချင်းလုပ်မှပဲ ဖြစ်မှာလေ။ ကျွန်တော်လည်း အသက်ထွက်တော့မယ်။´

`ပြန်တာကတော့ ပြန်လာချင်တာပေါ့။ ခု ပြန်လာတော့ အဲဒီမှာ ဆက်ပြီး လုပ်ကိုင်စားလို့ရအောင် ပါဦးမှကို။ ကျွန်တော် ပို့ထားတာတွေက ဒီပုံစံနဲ့ဆို ဘာများ စုမိမှာလဲ။´

`နားမလည်တာမဟုတ်ဘူးလေ။ ကျွန်တော်လည်း ဒီမှာ ဒီကအလုပ်ကိုလုပ်ရတဲ့ အခက်အခဲတော့ ရှိတာပဲ။ အဲကွန်းနဲ့ ဇိမ်နဲ့ နှပ်နေရတယ်တော့ ဟုတ်မလား၊ ´

`ဟုတ်ပါပြီ။ ကျွန်တော့်လည်း နားလည်ပေးကြပါဦး။ အခု ပင်နီဆူလာရောက်နေတာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အမေတို့က ခေါ်လို့ ချက်ချင်းပြန်မဖြေရင် စိတ်ပူနေမှာစိုးလို့ ပြန်ခေါ်တာ။ ညကျ ပြန်ခေါ်လိုက်မယ်။ ဟုတ်လား။ ကျွန်တော် ခေါ်ဖြစ်အောင် ခေါ်မှာ၊ စိတ်ချ။ ဒါပဲ၊ ဒါပဲ´

ဖုန်းနှင့်အတူ သက်ပြင်းကြီးကြီးပါ တစ်ပါတည်း ရောချသွားသော သူငယ်ချင်းကိုကြည့်ရင်း ကိုယ်တိုင်လည်း သက်ပြင်းချမိသွားပါသည်။

နားလည်မှု (၂)

တပြည်တရွာ အလုပ်လုပ်ရန် ထွက်မလာမီ မိသားစု အစည်းအဝေးထိုင်နေကြသည်။ သုံးပွင့်ဆိုင်တွေ၊ ရင်ကြားစေ့တွေ လောက်တော့ `ပျင်း,သနား´သွားမည်။ ဒူးတိုက်တွေ၊ နဖူးတိုက်တွေ အကုန်ပါသည်။ ရှုစားကြပါဦး။

`နင့်ဟာက ဖြစ်ရော ဖြစ်နိုင်လို့လား။ သူများတကာ သွားကြ၊ လုပ်ကြတယ်ဆိုတာ ဟိုမှာ အလုပ်တို့ အကိုင်တို့ ရပြီးသားတွေ။ နင်က ကိုယ့်ဘာသာ သွားရှာမယ်ဆိုတော့ ဘယ့်နှယ်ဟာတုန်း´

`သူငယ်ချင်းတွေလည်း ဒီလိုပဲ သွားကြတာပဲဗျာ။ ရနိုင်လို့ပါ´

`ဟဲ့ လမ်းပေါက်လမ်းစ မရှိလို့မှ နင် ဒီလောက်ကြာနေတာလေ၊ ဒီမှာတင် ရတဲ့အလုပ်လေး ၀င်လုပ်နေပါ ဆိုတော့လည်း အဖြစ်ရှိအောင် မရှာ။ ရန်ကုန် ကုန်ကျစရိတ်ဆိုတာ သေးတာမဟုတ်ဘူး။ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများ မျက်စိနောက်အောင် မနေရင် တ၀မ်းတခါးတော့ ဖြစ်အောင် နေလို့ရတယ်။ အသက်ကလည်း မငယ်တော့ဘူး။ ဒီလိုဖြစ်နေတာ ဣနြေ္ဒမရဘူးဟဲ့။ ပြန်ခဲ့တော့´

`ဟာ … မမကြီးကလည်း၊ ကျွန်တော်တို့ သိသလောက်တော့ သူဂျီး(ချေး)များလို့ အလုပ်မရတာမှ မဟုတ်တာ။ တော်ရုံတန်ရုံ အလုပ်ရှင်တွေက အဲဒီလောက် တတ်တဲ့လူတွေ ငါတို့ဆီမှာ အလုပ်လုပ်ရင် မြဲမှာ မဟုတ်ဘူးဆိုတာနဲ့ မရနိုင်တော့ဘူးလေ။ ရမယ့်လစာကလည်း survive ဖြစ်ဖို့ မလွယ်ဘူး။ တအားကောင်းတဲ့ ရေနံကုမ္ပဏီတွေကျပြန်တော့ သူလုပ်လာတဲ့ Experience တွေနဲ့က မလုံလောက်ပြန်ဘူး။ ဒီလို ဖြစ်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး မမကြီးရဲ့´

`အဖေမြင်တာကတော့ ကျောင်းပြီးခါစတုန်းကလည်း နိုင်ငံခြားသွား၊ ကျောင်းဆက်တက်မယ်ဆိုပြီး လုပ်နေတာမြင်တာပဲ။ ရသလား/ မရသလား၊ ဆိုတာကတော့ ကိုယ့်ကိုယ်နဲ့ကိုယ် အသိဆုံး။ ဟုတ်လား။ အခု အလုပ် သွားလုပ်မယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ လိုအပ်သလိုမျိုးပဲ၊ ဟိုမှာရှိမယ့် အလုပ်ခွင်အခြေအနေတို့၊ အလုပ်ရှင်တို့ ဆိုတာကိုလည်း နားမလည်ချင်လို့ မရဘူး။ ပိုပြီး ပင်ပန်းမှာ။ ကိုယ့်ဘက်က တစ်ခွန်းအပြောခံရစရာ မရှိအောင် နေနိုင်လုပ်နိုင်မှ ဖြစ်မှာ။ အဲဒါရော သိသလား၊ နားလည်လား´

`အဖေရာ။ သူများတကာ မော်တာနဲ့ရေတင်နေတဲ့အချိန်မှာ သမီးတို့က လက်ခုပ်နဲ့ရေသယ်နေရတာပါ။ ဒီ့ထက်တော့ ထူးပြီး မပင်ပန်းနိုင် တော့ပါဘူး။ ခုလည်း စုမိဆောင်းမိလေး ဖြစ်လာရင် ရေပုံးလေး၊ ရေစည်လှည်းလေးလောက် ဖြစ်လာအောင်လို့ပါ။ ပြီးတော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးနဲ့ ရပ်တည်လို့ရတယ်ဆိုတာ ယုံကြည်တာကြောင့်လည်း ပါပါတယ်။ ဒီမှာ ရပ်လို့မရပေမယ့် ဟိုမှာ ရပ်လို့ရမှာပါ။ နားလည်ပါတယ်။´

`ဩ၊ ယုံရလောက်သားပဲ။ နင့်စကား နင်ပဲ ပြန်စဉ်းစားစမ်းပါဦး။ ဒီမှာတောင် လူမြင်ကောင်းအောင် အလုပ်တစ်ခုမလုပ်နိုင်ဘဲနဲ့ ဟို အထိသွားပြီးများ အလုပ်လုပ်ဦးမတဲ့။ ငါ အပြတ်ပြောထားမယ်နော်။ အားအားယားယား အပျင်းသွားဖြေရလောက်တာတွေ အားကျဖို့ စိတ်ကူးရင် ပြန်လာဖို့ စိတ်ကူးထဲတောင် မထည့်နဲ့။ ရှင်းလား။ ဒါပဲ´

အရှင်းဆုံး ရာဇသံ ပေးပြီးသည်နှင့် အမကြီးက ဆံထုံးကို ခပ်ဆောင့်ဆောင့် ပြင်ထုံးရင်း အိမ်ခန်းထဲ ၀င်သွားသလို အဖေက ဘုရားခန်းဘက် လှည့်ရင်း သက်ပြင်းချသည်။ အမလတ်နှင့် ယောက်ဖက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကိုယ့်ဘက်ကို ပြိုင်တူ လှည့်ကြည့်သည်။ ဒီစက္ကန့်ပိုင်းသည် အသက်ရှူရ အပင်ပန်းဆုံး ဖြစ်ချိမ့်မည်။ နားလည်ရတာတွေ များလှချည့်လေ။

********                                         ******************                                                  ***********

ရပ်တည်ရာ အနေအထားတွေ ကွာခြားသလို နားလည်မှုတွေ ပြောင်းလဲသွားလျှင်လည်း တစ်မျိုးတော့ အဆင်ပြေမည်ထင်ပါသည်။ တချို့ကလည်း `ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည့်အတူတူ တော်ရာမှာ ပျော်တာပဲ ကောင်းပါတယ်´ဟု ဆိုသည်။ တချို့က `ပျော်သည်ဖြစ်ဖြစ်၊ မပျော်သည်ဖြစ်ဖြစ် သင့်တော်တဲ့ ရလဒ်တစ်ခု ထွက်တာပဲ၊ တော်ပြီပေါ့´ ဟု မှတ်ချက်ပြုသည်။

အိမ်ကလူတွေ ဒီလိုတော့ဖြင့် နားလည်စေချင်မိသေးသည်။