ထွေရာလေးပါး – ၁

အသံတိတ်နေမိတာ အတော်ကြာသွားသည်နှင့် တူ၏ ။ စိတ်ထဲက ယားကျိယားကျိ အတော် ပြင်းထန်လာသည်။ ဘယ်အကြောင်းအရာက စရပါမည်နည်း။

ကိုယ့်ဘာသာကိုယ် မျက်နှာ စာအုပ်ကြီးမှာ လယ်စိုက်၊ ဒမြတိုက်နေရသည်က အတော် ငြိမ်းချမ်းသည်။ ဖတ်ချင်သည့် ဘလော့တွေ၊ သူများရှယ်သမျှ အကြောင်းအရာတွေ လျှောက်ဖတ်ရင်း ညောင်းလာလျှင် ကိုယ့်အိမ်ကိုယ်ပြန်ခွေနေနိုင်သည်။ မနေနိုင်မထိုင်နိုင် ဆတ်ဆော့မိတော့ သူများ ဧည့်ခန်းတွေ ဝင်ထိုင်မိပါ၏။ “အဲဒီမှာ စ,တွေ့တာပဲ”

အင်တာနက် စသုံးတတ်ခါစ လွန်ခဲ့သော ၅နှစ် ၆နှစ်ခန့်က သူများတွေ ချက်ပြုတ်နေကြသည်ကို မြင်တွေ့ရစဉ် “စွဲတတ်တယ်ထင်ပါရဲ့” – ပေါ့ပေါ့ပဲ တွေးမိသည်။ ဘာတွေ ပြောကြ၍ ဘယ်သို့ စွဲကြသည် မသိ၊ မစဉ်းစားတတ်။ တစ်ခါတစ်ရံ လူသုံးများသော အင်တာနက်ဆိုင်မှာ “စက်မအားသေးဘူး အမရေ” ဆိုလျှင်တော့ စိတ်ထဲက ခိုးလိုးခုလု ဖြစ်မိသည်မှာ ထိုင်ရာမထတမ်း ချက်ပြုတ်အားကောင်းလှသည့် သူများကို။

အသက်ကြီးမှ အ,သုံးလုံး သင်သလိုတော့ အင်တာနက်သုံးနည်း မသင်ခဲ့ရပါ။ ငယ်ကတည်းက ကွန်ပျူတာ အင်တာနက်နှင့် ဖက်မွေးလာခြင်း မဟုတ်သည့်အတိုင်း စ,သုံးသုံးချင်း အနည်းငယ်တော့ စိမ်းပါသည်။ သို့ဖြင့် အင်တာနက်ဆိုင်တွင် လူရှင်းသော အချိန်များကို မေးကာ သွားတတ်လာသည်။ ပြီးတော့ သူများတကာကို မေးမြန်းကာ ဂူးဂဲလ်ကြီးကို နည်းနည်းပါးပါး တောင်ကြည့်မြောက်ကြည့် ရှာဖွေမိလာသည်။ နောက်ဆက်တွဲအဖြစ် ဟိုဟိုသည်သည် လည်ပတ်တတ်လာသည်။ အဲသည့်အချိန်များမှာ ခေတ်စားသည်က Zorpia Journal။ ဘာမှန်းရေရေရာရာ မသိလိုက်ဘဲ အကောင့်တစ်ခုတော့ ပိုင်ဖူးသည်။ သူများတွေ ချက်ပြုတ်ကြချိန် ရှာစရာ ဖွေစရာ တစ်ပုံကြီး ရှိနေတတ်သူ တစ်ယောက်အဖို့ ဖြတ်သွားဖြတ်လာ ဧည့်ခန်းများပင် ဝင်မထိုင်ခဲ့ရစဖူး။

မကြာသေးမီက ဟိုဟိုသည်သည် လျှောက်သွားရင်း မြန်မာစာနှင့် ချက်ကြသော ဧည့်ခန်းလေးတစ်ခုကို သတိပြုမိသွားပါ၏။ ၀င်ပေါက်မှ ငေးကြည့်နေရင်း ဖြတ်သွားဖြတ်လာ နောက်ကြ၊ ပြောင်ကြ၊ ထိုင်စကားပြောသူများ ပြောကြ၊ ဆိုကြသည်ကို သဘောကျမိသေးတော့သည်။ မိန်းကလေး၊ ယောကျာင်္းလေး မှန်းဆကြည့်၊ ပြောဟန် လေသံအရ အသက်အရွယ် မှန်းဆကြည့်၊ အလုပ်အကိုင်၊ နေပုံထိုင်ပုံ၊ စိတ်သဘောထားပုံတို့ကို မှန်းဆကြည့် နှင့် စိတ်ဝင်စားစရာ အကောင်းသား။ ခင်သန္တာ သက်ချိုပြုံးတို့၏ နုနွဲ့သော စိတ်သဘောထား၊ အတောင် ၂၀ ဝတ် ကိုကိုတို့၏ ပုဆိုးစွန်တောင်ဆွဲကြသော အတင်းပြောပုံများ၊ သွယ်သွယ်ပျောင်းသော မယ်ဖော့ဖယောင်းတို့ စကား ဗလ ပြကြပုံများကဖြင့် အံ့ဩကုန်နိုင်ဖွယ်။

တစ်ခါတစ်ခါတော့ သူရို့ဧည့်ခန်းကလေးမှာ မိန်းကလေးတို့ဖြင့် ကျွက်ကျွက်စီနေတတ်သည်။ သည်ကြားထဲက ကမ္ဘာပတ်နေကြသော ကာလသားများဖြင့်လည်း ဆဲဆိုသံတွေ ညံတတ်ပြန်သေးသည်။ ထိုသို့ ဆဲဆိုနေကြစဉ်တော့ ရှိသမျှ မိန်းကလေးတွေ “အမယ်လေး” အော်ကာ ထွက်ပြေးနေကြတတ်ပါ၏။ သည်လို အချိန်မျိုးတွင် အခန်းပြင်မှာ ရပ်ငေးနေကြည့်မိရင်းက လှည့်ပြန်ခဲ့ဖြစ်တော့သည်။

ရှားပါးလှသော တစ်ရံတစ်ခါတွင်တော့ မိန်းကလေးများ တွတ်ထိုးနေသည်ကို အလကားနေရင်း ထိပ်ပုတ် ခေါင်းပုတ် လုပ်နေသော (လေနှင့်) ထိပ်ပြောင်ကြီးများကို တွေ့ရပြန်လေသည်။ ကိုယ့်မှာ အိမ်ထောင်ရက်သားရှိပြီးသား (ရှိသော်လည်း မရှိသယောင် သဘောထားနေခြင်း) ဖြစ်ပါသော်လည်း နေရာတကာတွင် သူတို့ ကြည့်နေကျ (၁၈နှစ်အောက် မကြည့်ရ) ရုပ်ရှင်မှ မိန်းကလေးများကို မြင်ယောင်နေကြသူများသာတည်း။ ဤသို့လျှင် ဘာကိုယ်ကျင့်ရေးရာမှ ဂရုစိုက်စရာ မထင်သော ပုဂ္ဂိုလ်ကြီးများဖြစ်လေရကား ……… ထိုထိုသော ရုပ်ရှင်ကားများမှ စကားလုံးများ၊ အပြုအမူများကို ဧည့်ခန်းထဲသို့ ပြောင်ပြောင်ကြီး သယ်ဆောင်ကျင့်သုံးကြသည်မှာ မသတီစရာကောင်းလှဘိတောင်း။

အင်း……………… ဒေါ်မာမာအေးက ဘီဘီစီမှာ အစီအစဉ်နာမည်ပေးသလို “ပြောပြစရာတွေလည်း တပုံကြီးကျန်သေးတယ်”ဟုပင် ပြောရမည်ထင်သည်။

Advertisements

Calling Time?

စလုံးကို ရောက်ခါစကတော့ လျှောက်လွှာအတန်တန် မလို၊ ကံစမ်းမဲ စောင့်စရာမလို၊ သူများဆီကနေ ပွဲစားနဲ့ ၀ယ်စရာမလိုဘဲ ကိုယ်ပိုင် ဆက်သွယ်ရန် ဖုန်းတစ်လုံး လွယ်လွယ်ကူကူ ရတာ အတော် ပျော်သား။ အလုပ်လျှောက်ရင် သုံးဖို့ဆိုပြီး ဒီမှာရှိတဲ့ အကိုတစ်ယောက်က SingTel Prepaid ကဒ်လေး တစ်ကဒ် ၀ယ်ထားပေးတယ်။ မူရင်း တန်ဖိုးကတော့ S$ 8 ပဲ ပါပါတယ်။ ထုံးစံအတိုင်း ဟိုလူ၊ ဒီလူ မေးမြန်းပြီး ဘယ်ဟာကို ထပ်ဖြည့်ရင် ဘယ်လောက် အသုံးခံတယ်၊ ဘယ်လိုင်းကမှ တန်တာ စသည်ဖြင့် ပြောကြတော့ နားဝေတိမ်တောင်ပေါ့။ ကိုယ့်ဆီမှာ မြန်မာ့ဆက်သွယ်ရေး တစ်နေရာတည်းက ရနိုင်တယ်ဆိုတော့ ပြိုင်ဖက်မရှိတာ အတော် ရွေးချယ်ရ သက်သာတာပဲ။ အပြိုင်အဆိုင် Promotion တွေများ ပေးလိုက်ကြပုံ ၊ ကိုယ်သာ အာညောင်း/ နားညောင်းခံနိုင်ရင် အလကားပဲ သုံးရတော့မလို။

စကာင်္ပူမှာ Mobile Service ပေးတာ အဓိက ပြိုင်ဖက် လုပ်ငန်းကြီး ၃ ခု ရှိပါတယ်။ SingTel, StarHub နဲ့ M1 လို့ လူသိများတဲ့ Mobile One တို့ပါ။ အဲဒီ ၃ ခုစလုံးက Prepaid Service နဲ့ Subscription Service တွေအပြင် Broadband Internet Service လည်း ပေးပါတယ်။ အဲဒါတွေကို အမှီပြုပြီးသကာလ ကိုယ့်မြေကိုယ့်ရေ ဖုန်းကလေးတွေ ဆက်ကြဖို့ International Calling Card တွေလည်း အပြိုင်းအရိုင်းပါပဲ။ လိုင်းဖုန်းတစ်လုံးကို မှတ်ပုံတင်ပြီး သုံးမယ်ဆိုရင် အ၀င်ခေါ်ဆိုမှုအတွက် အခမဲ့ဖြစ်ပြီး Text Message အရေအတွက်တစ်ခုအထိ အခမဲ့ သုံးစွဲနိုင်တာ Service အားလုံးရဲ့ အခြေခံ တူညီချက်ပါ။ ဒီလို လိုင်းဖုန်းတစ်လုံးနဲ့ လစဉ်ငွေသွင်းရတာ ကိုယ်လို အလုပ်ရှာဖို့ ရောက်လာခါစ သူများအတွက် အကျုံးမ၀င်ပါဘူး။ ကိုယ်လို အထွက်ဖုန်း အခေါ်များသူတွေအတွက် Incoming Free Service က အလဟဿပါပဲ။ နောက်ပြီး အိမ်နဲ့၊ မိသားစုနဲ့ ဖုန်းပြောမယ်ဆိုရင်လည်း Incoming Free ရသူတွေလို Call Back Service သုံးလို့အဆင်မပြေပြန်ပါဘူး။ နိုင်ငံတကာခေါ်ဆိုမှု တွေအတွက် Mobile Service Provider တွေရဲ့ ဈေးဖြတ်မှုက အတော် မြင့်ပါတယ်။ တခြား Service တွေက ထုတ်တဲ့ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ဆိုမှု၊ ပြန်ခေါ် (အ၀င်ခေါ်ဆိုမှုသီးသန့်) ခေါ်ဆိုမှုဆိုတာမျိုးတွေက အများကြီးပိုပြီး တွက်ခြေကိုက်သလိုပါပဲ။ သူတို့ဆီက Prepaid/ Subscription Service နဲ့ တွဲပြီး သူတို့ထုတ်တဲ့ International Calling Card တွေကို သုံးမယ်ဆိုရင် Bonus တစ်မျိုးမျိုး ရတတ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ Bonus တွေထက် တခြား Service တွေက ပို တန်တယ်လို့ ခံစားရပါတယ်။ စဉ်းစားကြည့်မိတာ ဒီလိုပါ။

SingTel ကနေ International Calling ကို ရည်ရွယ်ပြီး Hello! ကို ထုတ်ပါတယ်။ M1  ပံ့ပိုးတာက အများသိပြီးသား 1818 ပါ။ StarHub ကတော့ အိန္ဒိယနဲ့ ဘင်္ဂလားအလုပ်သမားတွေကို ပစ်မှတ်ထားပြီး India Calling Card ထုတ်ပါတယ်။ Service တွေကို သီးသန့် မသုံးပဲ 1818 သုံးပြီး StarHub လိုင်းသမားက ပြောမယ်ဆိုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် M1 ဖုန်းလိုင်းပိုင်ရှင်ကသာ 1818သုံးထားမယ်ဆိုရင် အဲဒီကဒ်သုံး ခေါ်ဆိုမှုကို Discount ခံစားခွင့်ရမှာပါ။ SingTel Prepaid ကဒ်ဖုန်းကို သုံးပြီး 1818 ကိုသာ ခေါ်ဖြစ်မယ်ဆိုရင်တော့ ကိုယ့်ဆီမှာ ရှိပြီးသား Main Account/ International SMS or Calling Account တွေကနေပါ ဖြတ်သွားတာ ကိုယ်တွေ့ပါပဲ။

စကာင်္ပူကို အလုပ်လာရှာသူ အတော်များများဟာ ဖုန်းဝန်ဆောင်မှုလုပ်ငန်းနာမည်တွေနဲ့ မစိမ်းကြပါဘူး။ သို့သော်………….. ကိုယ်သုံးစွဲနေတဲ့ ၀န်ဆောင်မှုက ဘယ်လို အားသာချက်၊ အားနည်းချက်တွေ ရှိတယ်ဆိုတာ ချက်ချင်းမသိကြပါ။ လတ်တလော ကိုယ်နေတဲ့ အိမ်က အင်တာနက် ချိတ်ပြီးသားမို့ ဖုန်းလိုင်းကို အထွက်ခေါ်ဆိုမှု အခမဲ့ဖြစ်နေရင် တော်ရဲ့၊ မဟုတ်လို့ကတော့ Prepaid တွေကို လုပ်ကျွေးရတော့တာပါပဲ။

အလုပ်ရပြီးပြန်တော့ လိုင်းဖုန်းစာချုပ်ချုပ်မလားဆိုတာ စဉ်းစားဖြစ်ပါတယ်။ သူငယ်ချင်းရဲ့ ကျေးဇူးနဲ့ StarHub လိုင်းကို Depandent Subscription လုပ်လိုက်ပါတယ်။ အရောင်းမြှင့်တင်ရေးစကားတွေမှာ နားထွေးပြီး ဘေလ် လာမှ ခံလိုက်ရတာကတော့ Free Subscription ဆိုတဲ့စကားပါ။ လိုင်း Subscription Fees ၂၄ ဒေါ်လာကျော် ကျသင့်ပါသတဲ့။ ပြီးတော့ တစ်လကို မိနစ် ၈၀ အခမဲ့ အထွက်ခေါ်ဆိုမှုကလည်း သာကြောင်းမာကြောင်း သူငယ်ချင်းချင်းပြောတာတောင် ကိုယ့် ပွါးနှုန်းနဲ့ မကိုက်ပြန်။ Call Back ကဒ်တွေ သုံးရင် အကုန်လုံး အ၀င်ခေါ်ဆိုမှုတွေချည်းပဲမို့ တန်သလိုထင်ရပေမယ့် ဖုန်းနံပါတ်ကို Handset ထဲက Contact list မှာပဲ သိမ်းပြီး ခေါင်းထဲ မသိမ်းတတ်တဲ့ ကိုယ့်အတွက် အဆင်မပြေလှ။ ဒီကြားထဲ တစ်ဖက်က ဖုန်းဖြေမယ့်သူကလည်း Unknown/ Withheld/ လိုင်းဖုန်းနံပါတ်နဲ့ ၀င်လာတာဆိုတော့ မြန်မာပြည်ကပဲလား၊ Pfingo နဲ့ ခေါ်နေသလား၊ ဒါမှမဟုတ် ဘယ်အသိမိတ်ဆွေထဲကများ Call Back သုံးသေးလဲဆိုပြီး တော်လှန်ရေးသတိနဲ့ ဖုန်းဖြေရရှာပါတယ်။ အပြည်ပြည်ဆိုင်ရာ ဖုန်းခေါ်ကဒ်တွေနဲ့ အဆင်တပြေများ ခေါ်လို့မရခဲ့ရင် အိမ်ကို စိတ်ကြီးပြီး တိုက်ရိုက်ခေါ်လိုက်မိလို့ကတော့ မြွေကိုက်နည်းတစ်နည်းပါ။ လကုန်လို့ ဖုန်းဘေလ်မြင်ရင် ရင်ဖိပြီး ကြည့်ရပါလေရော။ ကိုင်း… ရှိစေတော့ဆိုပြီး ဖုန်းပျောက်သွားတာနဲ့ ရောပြီး လိုင်းကိုပါ cancel လိုက်ရပါတယ်။

မိတ်ဆွေတစ်ယောက်မှာ M1 လိုင်းတစ်လိုင်း ပိုနေတယ်ဆိုတာနဲ့ လိုင်းဖုန်းကို စိတ်မကုန့်တစ်ကုန်ဖြစ်နေတာနဲ့ အံဝင်ခွင်ကျ ဖြစ်သွားတဲ့အခါ M1 ကို သုံးဖြစ်ပြန်ပါတယ်။ 1818 ခေါ်တဲ့အခါ အဆင်ပြေတာလေးတစ်ခု ပိုလာပေမယ့် သူဟာလေ ထိုနည်း၎င်း… ထိုနည်း၎င်း ဖြစ်လေတော့ စိတ်လျှော့ပြီး အလုပ်လျှောက်စဉ်ကတည်းက စွဲစွဲမြဲမြဲ သုံးဖြစ်ခဲ့တဲ့ SingTel Prepaid ဖုန်းကလေးပဲ ပြန်သုံးဖြစ်ပါတယ်။ ပင်မအကောင့်မှာ ငွေလက်ကျန် ပြားစွန်းလောက်ပဲ ကျန်တော့တာ ပြဿနာ မရှိပါဘူး။ နိုင်ငံရပ်ခြား ခေါ်ဆိုမှုတွေအတွက်လည်း International Calling Card တွေကို သူ့ Service နဲ့ သူ ရွေးချယ် သုံးစွဲရင် ပြည်တွင်း ခေါ်ဆိုမှုအဖြစ် ဖြတ်သွားတာကြောင့်ပါ။ ဥပမာ – M1 အတွက် 1818 တို့၊ StarHub အတွက် Call Back ကဒ်တွေနဲ့ SingTel အတွက် Sealion/Butterfly/SMS ကဒ်တွေသုံးတာမျိုးပေါ့။ Prepaid Service တွေမှာ StarHub အတွက် Happy 128 တို့၊ M1 အတွက် Super Top-Up တို့၊ SingTel က Hot 128 တို့ဟာ ပုံမှန် ၂၆ ဒေါ်လာလောက်ပဲ ကျသင့်ပြီး နိုင်ငံရပ်ခြား ခေါ်ဆိုမှုအတွက် ၂၈ ဒေါ်လာဖိုးနဲ့ ပြည်တွင်းအတွက် ဒေါ်လာ ၁၀၀ ဖိုး ပါဝင်ပါတယ်။ တောက်လျှောက်သုံးလာတာ ၃ လကျော်ရင် တစ်ကြိမ် တန်ဖိုး ထပ်ဖြည့်တိုင်း ပင်မအကောင့်ကို ၁ဒေါ်လာကျော် ထပ်ဆောင်း ပေါင်းထည့်ပေးပါသေးတယ်။ တစ်ကြိမ် တန်ဖိုး  ဖြည့်လိုက်ရင် ၄၅ ရက် (သို့) ရက် ၅၀ သက်တမ်း ရှိပါတယ်။ သက်တမ်းမကုန်ခင် ပွါးနှုန်းကြောင့် စာရင်းကုန်သွားခဲ့ရင်တော့ ကိုယ့်ဝါယောနဲ့ကိုယ် ဖြည့်ရုံပေါ့။ ပွါးနှုန်းနည်းလို့ သက်တမ်းကုန်ပြီးသည့်တိုင် စာရင်းထဲမှာ ကျန်နေသေးရင် နောက်တစ်ကြိမ်ထပ်ဖြည့်တဲ့အခါ လက်ကျန်နဲ့ ပေါင်းထည့်သွားပါတယ်။ ကိုယ့်လို ပျမ်းမျှ မိတ်ဆွေ အပေါင်းအသင်းရှိသူတစ်ယောက်အနေနဲ့ လစဉ် ဖုန်းခ (နိုင်ငံရပ်ခြား ခေါ်ဆိုမှု အပါအ၀င်) ၄၀ ကနေ ၅၀ ဒေါ်လာလောက်ပဲ ကျသင့်ပါတော့တယ်။

ဒီလို Prepaid Service ကို သုံးစွဲသူတစ်ယောက်အနေနဲ့ Media Message တွေ ပို့လို့/ လက်ခံလို့မရတာ၊ အင်တာနက် ချိတ်ဆက်ပြီး ဖုန်း ကလိလို့မရတာ၊ နိုင်ငံရပ်ခြားကို ကြိုက်တဲ့အချိန် တိုက်ရိုက် ခေါ်လို့မရတာတော့ အားနည်းချက်ရှိပါတယ်။ တခါတလေကျ ဖုန်းကဒ်တွေအကုန်လုံး သုံးလို့ အဆင်မပြေဘဲ တိုက်ရိုက်ခေါ်မှ ရသွားတဲ့ အခါမျိုး၊ ကိုယ်ကလည်း အရေးတကြီး ခေါ်ဖို့လိုနေ၊ ပင်မအကောင့်ထဲမှာ ပိုက်ပိုက် မကျန်တော့ဘူးဆိုရင်တော့………. ကိုယ်တွေ့ဖြေရှင်းနည်းလေး ပြောပြပါ့မယ်။ သူငယ်ချင်းရဲ့ လိုင်းဖုန်းကို ခဏငှါးပြီး ပြောစရာရှိတာကို လို၊ တို၊ ရှင်း ပြောလိုက်ပါတယ်။ လကုန်လို့ ဖုန်းဘေလ် ထွက်လာတဲ့အခါ အဲဒီ Overseas Call အတွက် သူ့ကို ပြန်ပေးလိုက်ပါတယ်။ သူငယ်ချင်းနဲ့ ချစ်ချစ်ခင်ခင် နေဖို့တော့ လိုတာပေါ့ နော်…  😛

ကုမ္ပဏီက ဖုန်းခကို ပမာဏတစ်ခုထိ ခွင့်ပြု ထုတ်ပေးထားတဲ့ သူများကျပြန်တော့ Private Call တွေအတွက် အနည်းနဲ့ အများ ငဲ့ညှာစရာ ဖြစ်လာပြန်ပါရော။ ဒီတော့ Prepaid ဖုန်းတစ်လုံးကို Private သီးသန့်လိုမျိုး သုံးဖို့ တွန်းအားတစ်ရပ် ဖြစ်လာပါတယ်။ သူတို့တွေအတွက်တော့ ဖုန်းဘေလ်က အကြောင်းမဟုတ်ဘဲ Privacy ကသာ အကြောင်းပါ။ အစက ကိုယ်လို ဘတ်ဂျက်သမားတွေပဲ Prepaid Customer တွေ ဖြစ်နေတယ်လို့ ထင်ခဲ့မိတာ ဒီလိုအကြောင်းတွေလည်း ရှိတာပါပဲ။

အဲ………. ဒါပေမယ့် ချစ်ကြ၊ ခင်ကြ၊ ကြင်နာကြလို့ ဖုန်းခလေးတောင် တွန့်တိုနေရသလားလို့ မေးမယ့်သူများအတွက်တော့ …….. `အချစ်လေး… ကိုယ့်ကို ၅၀ (US$) ပေးပါကလေးရယ်´ 😛

ဖျော်ဖြေရေး

ခုတလော online radio အစီအစဉ်တွေ အများကြီး စုပြီး နားထောင်ဖြစ်သည်။

 အိမ်မက်လှိုင်းအဖြူရောင်သံစဉ်၊ (Google Desktop မှာ Radio Player ထည့်ပြီး Station URL ပေးလိုက်လျှင် အတော်အဆင်ပြေတာ တွေ့ရပါသည်)

 မြန်မာ့ဂန္ထ၀င်၊ (ကြာကြာ နားမထောင်ဖြစ်ပါ။ သို့သော် အလှည့်တစ်ခုပေးလိုက်လျှင်တော့ ခဏတဖြုတ် နားထောင်ဖြစ်တတ်သည်။)

AOL radio programs (Lite Rock, Pop Rock တွေမှာ ကိုယ်နားစွဲပြီးသား သီချင်းများ၊ (သို့မဟုတ်) ကိုယ်သဘောကျတတ်သော သံစဉ်အဖွဲ့များ ကြားရတတ်သည်။ Google Desktop – Radio Player မှာတော့ ပေါင်းထည့်၍ မရ။ သူ့ Player မှာ station ရွေးစရာတွေ အများကြီးပါလာပြီး သီချင်းပုဒ်လိုက် ကျော်၍ရသည်။)

သီချင်းတွေ နားထောင်ရင်း အလုပ်ထဲ စိတ်နှစ်ထားရတာ နည်းနည်း စိတ်ဖိစီးမှုသက်သာသည်ထင်၍ပါ။ တစ်ဖက်စားပွဲမှ ဖွင့်ထားတတ်သော စကာင်္ပူတရုတ် FM ရေဒီယိုအစီအစဉ် အမြဲတမ်းကြားနေရတတ်သော်လည်း ကိုယ်နားမလည်သော ကွိစိကွစများချည်း ဖြစ်လေရာ ကိုယ်နားလည်သော အစီအစဉ်ကို ကိုယ့်ဘာသာကိုယ်ပဲ ရွေးချယ်လိုက်ပါတော့သည်။ နားလည်မှုရှိတာ တော်သေးတာပေါ့လေ။ (အဲဒီတစ်မှတ်ကလွဲလျှင် Boss ကို အမှတ်`Minus´ ပဲ ပေးမိတာများပါသည်။)

Stress-Survival Fight တွင် Entertainment တပ်ကူသာမရှိလျှင် အတော် အထိနာမည် ထင်ပါသည်။ ကြိုက်မိသည်များကို မျှဝေလိုက်ပါသည်။

လူမှန် နေရာမှန် ?

Once you see this Ads, you’ll see the exact message of agency. (picture credited to RogerS)

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ကြော်ငြာလိုက်တာ hit the bull’s eye လို့ ပြောရလောက်အောင် ထိပါတယ်။ တကယ်သာ အဲဒီ အလယ်လူလို ဘ၀မျိုးဖြစ်နေခဲ့ရင်တော့ အတော် ဆိုးတဲ့ ဘ၀ပါပဲ။ တခြား အခြေအနေမှာသာဆိုရင် အဲဒီ အလယ်လူအတွက် အံဝင်ခွင်ကျ ဖြစ်နိုင်မယ့် အလားအလာ ရှိပါသေးတယ်။ သူကလွဲပြီး ဘယ်သူမှ လုပ်လို့ မရနိုင်တာတွေတောင် ရှိနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင် အလုပ်လုပ်ကြရာမှာ Doing Things Right နဲ့ Doing Right Things ဆိုပြီး ရှိပါသတဲ့။ ကိုယ်ရောက်နေတဲ့ နေရာမှာ လုပ်စရာရှိတာကို အတတ်နိုင်ဆုံး မှန်ကန်အောင် Doing Things Right နဲ့ နေနေတာ အတော်ကြာသွားပြီဆိုတော့ လူက နည်းနည်း ပျင်းလာတယ်။ ဆိုကြပါစို့။ ဒီအလုပ်ကို တခြားလူ ရောက်လာမယ်ဆိုရင်လည်း ဒီလောက်တော့ မှန်ကန်အောင် လုပ်နိုင်မယ် မဟုတ်လား။ ဒါမှမဟုတ်၊ ကိုယ် ဒီမျှမက လုပ်နိုင်နေပါလျက်နဲ့ အခြေအနေက ဒီလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့အခါ ကိုယ်လုပ်နေတာတွေကတော့ Doing Things Right ပါပဲ။ ကိုယ့်အတွက် သင့်တော်တဲ့ နေရာမှန်မှ ဟုတ်ရဲ့လားလို့ တွေးမိလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စဉ်းစားတဲ့အခါ ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး ဖြစ်သွားပါတယ်။ (ကိုယ် ဘယ်လောက် အသိုင်းအ၀ိုင်း ကျယ်ကျယ်ကို တွေးသလဲ။ တွေးသလောက် ကျယ်ပြန့်တဲ့ ကမ္ဘာ ဖြစ်လာမှာပဲကိုး) အဲဒီ ကိုယ့်အသိုင်းအ၀ိုင်းလေးထဲမှာ ကိုယ်ဟာ မရှိမဖြစ်၊ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်နေမှာမို့ Doing Right Things ဖြစ်နိုင်ပါ့မလား။ ဒါလည်း စဉ်းစားစရာပါပဲ။ ပြင်ပကမ္ဘာနဲ့ ကိုယ်ပိုင်ကမ္ဘာ နှိုင်းယှဉ်ကြည့်လို့ရမယ့် Right Things တွေဟာ ကွဲလွဲမှုလည်း ရှိနေနိုင်ပါတယ်။

နောက်ပြီး ခုထိ ကျွန်မရေးပြီးသမျှမှာ ပြန်ရချက်နဲ့ တွက်ကြည့်တာ မပါသေးပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ စွမ်းရည်နဲ့ လုပ်ငန်းသဘောသဘာဝပဲ နှိုင်းယှဉ်ကြည့်နေတာပါ။ ကိုယ်စိုက်ထုတ်ထားတဲ့ အင်အား၊ အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြန်ရချက်ကိုပါ ထည့်စဉ်းစားမယ်ဆိုရင် Doing Right Things မှာ Criteria တွေ တိုးလာပါမယ်။ Doing Things Right ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် Doing Things Right က ပုဂ္ဂိုလ်ရေး နဲ့ ပိုဆက်နွယ်ပြီး Doing Right Things ကတော့ ကျင့်ဝတ်ပိုင်း၊ သဘောထားခံယူမှုအပိုင်းတွေနဲ့ ပိုနီးစပ်မယ်လို့ ယူဆရပါတယ်။

ဒါကတော့ Peter Drucker ရဲ့ အဆိုအမိန့်တစ်ခုပါ။   Management is doing things right; leadership is doing the right things. သူကတော့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုကိုပဲ ပြောသွားတာပါ။ ကျွန်မတို့ နေ့စဉ် လှုပ်ရှားမှုတွေမှာပါ `ဘာလုပ်လုပ် မှန်မှန်ကန်ကန်လုပ်´ ဆိုတာနဲ့ `မှန်တာပဲလုပ်´ဆိုတာ အမြဲတမ်းညှိနေရမယ့် ဒွိဟတစ်မျိုး ဖြစ်နေမှာပါပဲ။

(အဲဒါ Life-and-live မှာ ရေးဖြစ်ထားတဲ့ စာလေးပါ။ Draft ဘ၀မှာ ကာလအတော်ကြာ နေရရှာတဲ့ ပို့စ်လေးလည်း ဖြစ်ပါတယ်။ တခြား ဆေးပညာအသိုင်းအ၀ိုင်းIT Field နဲ့ စီးပွါးရေးဆိုင်ရာ စာတမ်းတွေမှာလည်း လိုက်ရှာ ဖတ်ကြည့်နေခဲ့တာကြောင့်ပါ။ ပို့စ် အပြီးသတ်တော့ ရက်စွဲက စရေးခဲ့တာရဲ့ တစ်လကျော်သွားပါပြီ။ ကျွန်မ ယုံကြည်မိပါသေးတယ်။ လွတ်လပ်မှုဆိုတာကို ကျင့်သုံးတဲ့အခါမှာလည်း တာဝန်ရှိမှု၊ တာဝန်သိမှုဆိုတာတွေ ထည့်သွင်းစဉ်းစားပြီး Right Things တွေကို ရွေးချယ်ဖြစ်ကြမယ်လို့ ။)

April Fool-နောက်ဆက်တွဲ

April Fool အတွက် မျိုးစုံ လုပ်သမျှထဲမှာ ဒီတစ်ခုကတော့ အလွန်ဆုံးပဲလို့ ထင်ပါတယ်။ စံချိန်တင် နှိပ်စက်နိုင်သူများပါ။ ဒါကို အရူးလုပ်တယ်လို့ မယူဆချင်ပေမယ့် ဒီနေ့မှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ရတယ်လို့ဗျာ။ ကို ဒီဘီကြီးတို့ သတိဝီရိယ အပြည့်နဲ့ လည်တာတောင် ခံလိုက်ရတာ ရှိသေးတာပဲဆိုပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်ထားပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ် (စန်ဒီယာဂို)

ကယ်လီဖိုးနီးယားတက္ကသိုလ် (စန်ဒီယာဂို)

ဒါပေမယ့် တစ်ခုတွေးစရာရှိတာက တက္ကသိုလ်က လုပ်တဲ့ ဧပရယ်ဖူးလ် ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်။ လော့စ်အိန်ဂျလိစ်တိုင်းမ် သတင်းစာက နောက်တာလားမှ မသိတာ။ အပြည့်အစုံ ဖတ်ချင်သူများ ကိုညီညီ(သံလွင်) ရေးတဲ့ ဆောင်းပါးကိုသာ သွားဖတ်ကြပါ။ အဲဒီမှာ ရက်စွဲ ထည့်မရေးထားပေမယ့် ပြီးခဲ့တဲ့ 1st April ဟာ ဗုဒ္ဓဟူးနေ့ဖြစ်ကြောင်း မှတ်မိမယ်ဆိုရင် ဒီလို သံသယ၀င်ဖို့ လို/မလို စဉ်းစားမိကြမယ် ထင်ပါတယ်။

ဒီနှစ် ကျောင်းလျှောက်ရင် ကောင်းမလားလို့ စဉ်းစားနေမိတယ်။ ကိုဒီဘီကြီးရေးတာကို ဖတ်မိတာကြောင့်လည်း နည်းနည်းပိုပြီး စိတ်ပါလာတာ။ အခုလို နောက်ပြောင်တာမျိုးတော့ မကြုံပါရစေနဲ့ …… ဘုရား…. ဘုရား……။

Alexandra Arch သွားတောလား

ဒီကိုလာ ဘလော့မှာ အဲဒီခရီးစဉ်ထဲမှာ ပါတဲ့ Henderson Waves ဆိုတဲ့ တံတားကြီးကို သွားချင်နေတာ အတော်ကြာသွားပြီ။ အဲဒါနဲ့ တနင်္ဂနွေတစ်ရက်မှာ အကြီးအကျယ်ပြင်ဆင်ပြီး သွားတယ်။ မသွားခင် ထုံးစံအတိုင်း Googling လုပ်လိုက်တော့ မြေပုံတောင် ဆွဲပြထားရှာတယ်။ Nature Walk (Southern Ridges) ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အဲဒီ တံတားကိုရောက်ဖို့ လျှောက်ရမယ့် လမ်းက မသက်မသာ နိုင်လိုက်တာဗျာ။ ဒီမှာကြည့်။

လမ်းညွှန်

လမ်းညွှန်

လမ်းလျှောက်ဖို့ အစအဆုံးသွားရင် 9 ကီလိုမီတာကျော်ကျော်လေး လျှောက်ရပါမယ်။ မနက် ၁၀ နာရီခွဲလောက်မှာ Harbor Front MRT ကိုေ၇ာက်ပါတယ်။ MRT ကနေ ထွက်လိုက်ရင် Merang Trail အစဘက်ကို ရောက်ပါတယ်။ Trail အစမှာ အခုလို လမ်းပေါ်မှာ ရေးထားတာတွေ့ရပါတယ်။ Mount Faber Park အစမှာလည်း အဲဒီလို စာတမ်းလေး ထိုးထားပါသေးတယ်။

ပထမ ဟောဟဲ

ပထမ ဟောဟဲ

ခပ်ကြမ်းကြမ်း အတက်လေး ၃ ခု အပြီးမှာ Mount Faber Park ထိပ်ကို ရောက်ပါမယ်။
သစ်ပင်တွေကြားထဲကနေ မြို့ထဲကို လှမ်းမြင်နေရတဲ့ ကားလမ်းအတိုင်း ကုန်းပေါ်မှာ လျှောက်သွားရုံပါပဲ။ တံတားကို သွားတဲ့ လမ်းထိပ်မှာ ခန့်ခန့်ကြီး လမ်းညွှန်တစ်ခုထားထားတာ တွေ့ရပါတယ်။

တံတားကိုပဲ သွားမယ်ဆိုရင်တော့ တံတားအောက်ဘက် အထိ SBS Transit ဘတ်(စ်)ကား 145 နဲ့ 131 (harbor front MRT/Vivo City ရှေ့က မှတ်တိုင်ကနေ စီးရင် ၄/၅ မှတ်တိုင်လောက်ဆို ရောက်ပါတယ်။ After Henderson Hights မှတ်တိုင်ပါ) , 273 (အဲဒါတော့ ဘယ်က ပြောင်းစီးလို့ရမလဲ မသိပါ) တို့ ရောက်ပါတယ်။ ကုန်းပေါ်ကိုတက်တဲ့အခါမှာတော့ ကို TZA ပြောသလို ဟောဟဲ ၃ ကြိမ်မက ရေရွတ်ရနိုင်ပါတယ်။ တံတားရဲ့ တဘက်ကနေ တခြားတဘက်ကို လျှောက်တာကတော့ တခြား ထူးထူး ခြားခြား မခံစားရပါ၊ နားချင်ရင် လှိုင်းခုံးအောက်တွေမှာ ထိုင်စရာ၊ ခြေဆင်းလဲလူ နေစရာလေးတွေ ရှိတာတော့ သဘောကျစရာပါပဲ။

လှိုင်းခုံးအောက်က နားစရာ

လှိုင်းခုံးအောက်က နားစရာ

နားနားနေနေ မုန့်စား၊ ရေသောက်ပြီး ဆက်လျှောက်တော့ လျှိုလိုဖြစ်နေတဲ့နေရာပေါ်မှာ တောက်လျှောက် လျှောက်လမ်းဖေါ်ထားတဲ့ Canopy Walk ဘက်ကို သွားပါတယ်။ အဲဒီလျှောက်လမ်းမှာ အဆင်းအရမ်း မတ်ရင် ZigZag ကွေ့လိုက်ပြီး လှေခါးထစ်သုံးစရာမလိုအောင် လုပ်ထားတာကြောင့် ရှမ်းပြည်ဘက်က တောင်ပတ်ကားလမ်းတွေကို သတိရသွားပါတယ်။ ဒါကတော့ တောင်ပတ် လူသွားလမ်းပေါ့။

Metal Canopy Walk

Metal Canopy Walk

အဲဒီလျှောက်လမ်းအဆုံးမှာတော့ ကိုTZA က ‘ခပ်မိုက်မိုက်’ လို့ မှတ်ချက်ချထားတဲ့ Alexandra Arch တံတားကို ရောက်ပါတယ်။ တံတားနှစ်ခုလုံးက ကားလမ်းအပေါ်ကို ကျော်ထားတာခြင်း တူပါတယ်။

Alexandra Arch

Alexandra Arch

နောက်ပြီး Southern Ridges အစအဆုံးလျှောက်ဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ ကား/ရထား စီးဖို့ အဆင်ပြေတာ ဒီနေရာပါ။ ကျွန်မကတော့ လမ်းလျှောက်နိုင်သလောက် လျှောက်ပြီး ကြုံတဲ့နေရာက ကားပြောင်းစီးမယ့် အကြံနဲ့ ဆက်လျှောက်လိုက်တာ…….. Floral Walk လမ်းတိုလေး လျှောက်၊ ရောက်သွားတဲ့ နောက်တစ်နေရာက Hort Park ပါ။

Hort Park

Hort Park

ပန်းတွေ လှတယ်ထင်လို့ ပါသွားတဲ့ လက်ကိုင်ဖုန်း အစုတ်လေးနဲ့ပဲ ဖြစ်သလို ရိုက်ခဲ့ပါတယ်။ သူများတွေတော့ လှတပတ ရိုက်ထားကြမယ် ထင်ပါတယ်။
Kent Ridge Park ဘက်ကို ဆက်လျှောက်တော့ လူက နည်းနည်းတော့ ညောင်းနေပြီ။ အဲဒီမှာက Forest Walk ဆိုပြီး သစ်ပင်တွေကြားထဲမှာ သစ်သားလျှောက်လမ်းလုပ်ထားတယ်လို့ တွေ့ရတယ်။ ဒါနဲ့ ဆက်လျှောက်တာ၊ မတတ်နိုင်ရင်တော့လည်း အဲဒီနေရာကျမှ အပြင်ထွက်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့ပါ။ သစ်သားလျှောက်လမ်းပေါ်ကို တက်ဖို့ အတော် မောသဗျ။ ကုန်းပေါ်ကို အတက်မှာ ဟောဟဲဆိုက်နေလို့ မျက်နှာချင်းဆိုင်က ဂျပန်မိသားစုက ခိုးခိုးခစ်ခစ် ရီသွားကြသေးတယ်။ သူတို့က အဆင်းလမ်း။ သူတို့ တက်လာတဲ့ဘက်ကို ကြည့်မိမှ သေဟဲ့ နန္ဒိယ လို့ ရွတ်မိတယ်။ ကိုယ်တက်လာတာ Park ထိန်းသိမ်းရေးဝန်ထမ်းတွေရဲ့ ခြေသွားလမ်းကိုး။ မြွေလိမ်မြွေကောက် ဖောက်ထားတဲ့ လမ်းလေးက မျက်စပစ်ပြနေသလိုပဲ။

Kent Ridge Park

Kent Ridge Park

အဲဒီ သစ်သားလျှောက်လမ်းထိပ်မှာ အဲဒီနေ့အတွက် ဒုတိယမ္ပိ ဟောဟဲခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမှာပဲ စကာင်္ပူကျွန်းကလေးရဲ့ သမိုင်းဝင်နေရာတွေကို တွေ့ခဲ့၊ သိခဲ့ရတော့ ဟောဟဲရကျိုးနပ်တယ် ဆိုရမှာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျပန်တွေ မလေးကျွန်းဆွယ်ကို လုံးဝ ထိန်းချုပ်နိုင်ဖို့အတွက် နောက်ဆုံးနေရာလို့ ဆိုရမယ့် စကာင်္ပူက တိုက်ပွဲတွေ၊ ခံစစ်နေရာတွေ၊ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်သွားခဲ့တဲ့ အင်္ဂလိပ်စစ်တပ်တွေ၊ မြေပုံတွေကိုပါ Kent Ridge Park ကုန်းထိပ်မှာ Look Out Point အနီး ပြသထားပါတယ်။
နောက်ဆုံး နေ့ခင်း ၂နာရီခွဲလောက်ရောက်တော့  West Coast Park အထိ ဆက်မလျှောက်တော့ဖို့ ဆုံးဖြတ်ပြီး အနီးဆုံး Buona Vista MRT ကို SBS Tranist ရဲ့ Service 200 နဲ့ ပြန်ခဲ့ပါတယ်။ ရွှေတောင်ကြားလို နေရာထဲရောက်သွားသလိုပါပဲ။ အနီးအနားမှာတော့ Science Park ဘက်ကို ထွက်လို့လည်း ရပါတယ်။ မိုးတိမ်တွေ မှောင်မည်းလာလို့ မသွားဖြစ်တော့တာပါ။
အဲဒီ Kent Ridge Park ကနေ မြို့ထဲကို ပြန်ထွက်တဲ့လမ်းမှာတော့ SBS ရဲ့ Driver တွေကို အထင်အမြင် မသေးတော့ပါဘူး။ မေမြို့ကို အသွားလမ်းတို့၊ ကွတ်ခိုင်ကို အသွားလမ်းတို့ အရင်တုန်းက ကျဉ်းပါတယ်။ ကားနှစ်စီး ရှောင်သာရုံတောင် နေရာတိုင်းမရှိပါဘူး။ ဒါကြောင့် အဲဒီဒေသက ကားသမားတွေကို စံထားလောက်တယ် အောက်မေ့ပါတယ်။ အခုတော့ အဲဒီလမ်းကြောတွေလည်း တောင်တွေ ဖြိုပြီး ချဲ့လိုက်တာ အတော် ကျယ်ကုန်ပါပြီ။ အခု ဒီလမ်းမှာ အဲဒီ လမ်းတွေကို ပြန်သတိရမိတယ်ခင်ဗျ။ တော်တော်ကျဉ်းတဲ့ တောင်ပတ်လမ်းမှာ မျက်နှာချင်းဆိုင်ကလည်း ကားတွေ တ၀ီးဝီး၊ ကိုယ်စီးတဲ့ကားကလည်း သေးသေးကွေးကွေးမဟုတ်၊ အရှိန်ကလည်း ခပ်တင်းတင်း၊ ခဏတဖြုတ်မို့ တော်သေးတာပါ။ ဒီလိုနဲ့ပဲ မိုးပေါက်တွေ မသည်းခင်ပဲ MRT ထဲ ၀င်ပြီး ကိုယ့်ခြေသလုံးလေး ကိုယ်နှိပ်ရင်း အိမ်ကို ပြန်ခဲ့ရပါကြောင်း။

နောက်ဆုံး မှတ်မိလိုက်တာကတော့ အဲဒီနေ့ ညနေ 5:30 မှာ Merlion ကြီး မိုးကြိုးခ ခဲ့တဲ့ အကြောင်းပါ။ နောက်နေ့ ညနေမှ သိပါတယ်။ အဲဒီနေ့ ညနေခင်းက သည်းကြီးမည်းကြီး မိုးရွာ၊ မိုးကြိုးတွေ ပစ်၊ လျှပ်စီးတွေလက်နဲ့ အိမ်ရောက်တော့တောင် ကံကောင်းလို့ မိုးလွတ်တာလို့ ပြောဖြစ်ပါသေး။

Utility ပြီးတော့ Utilized

ပထမတစ်ခုကို အသုံးချနိုင်မှုဟု ခေါ်မလားတော့ မသိ။ နောက်တစ်ခုက အသုံးချခံရခြင်း ဖြစ်မည်ထင်သည်။ ရုံးမှာ Utility Bill ဆိုလျှင် လျှပ်စစ်မီတာ၊ ဖုန်း၊ ရေ သုံးမျိုးစလုံးပါလေ့ရှိသည်။ ပြီးတော့ Gas, Internet အဲဒါတွေလည်း ပါသည်။

ဒီ အင်တာနက် ဆိုတာကြီးသည် Utility တစ်မျိုးဖြစ်၍ သုံးတာကတော့ သုံးကို သုံးမှဖြစ်ပါမည်။ ကိုယ်မသုံး၊ ကိုယ်ရှုံးတာပေါ့။ ဒီလို လစဉ်ငွေကြေးအနည်းငယ်သွင်းရုံမျှဖြင့် အတော် သုံးပျော်၊ စွဲပျော်သော အင်တာနက် လိုင်းတစ်လိုင်း ရရှိနိုင်သော နေရာမျိုးတွင် အခြား အကြောင်းတွေ  လျှောက်စဉ်းစားနေလျှင် ကိုယ်လုပ်ချင်တာ မလုပ်ရရုံသာ ရှိပေမပေါ့။ ဒါမှမဟုတ်လည်း ရွှေပြည်ကြီးမှာ ပြန်ပြီး အဲဒီ အင်တာနက် ဆိုသဟာကြီးနှင့် ကင်းလွတ်သော တစ်စုံတစ်ခုကို ရှာကြံလုပ်နေပေါ့။ (ကိုယ့်ကိုယ်ကို အားပေးတာပါ။ ခုထိတော့ စဉ်းစားမရသေးပါ။) ဒီစိတ်ဖြင့် အင်တာနက် လိုင်းတစ်လိုင်း ယူပါသည်။

ဟုတ်ကဲ့၊ အဲဒီ အင်တာနက် လိုင်းလေး ရပြီး ဘာများ သုံးဖြစ်ပါသလဲ။ သိတော်မူကြသည့်အတိုင်း ဘလော့တွေ ဖတ်ဖြစ်ပါသည်။ ချက်တင်တွေ ၀င်ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ၀ါစာကမာ သုံးလေးငါးပုဒ်ရေးဖြစ်ပါသည်။ ဒါပဲလား……… အခု သူများပေးသည့် လမ်းညွှန်အရ အဝေးသင် ကျောင်းသားလက်သစ် လုပ်နေပါသည်။ ဒါပဲလား ……….. ဒါပါပဲ။ ကိုယ်ကတော့ ဒီမှာပဲ လမ်းဆုံးပါသည်။ ပြောချင်တာက Utility ရှိသည့်အခါတိုင်း utilized အပြည့်အ၀ ဖြစ်သွားတာမျိုးတော့ မဟုတ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လူမှုရေးတွေကို အထိုက်အလျောက် အကူအညီ ရတာ မှန်သော်လည်း အဲဒီ လူမှုရေး အကျိုးအမြတ်တွေကို ကိုယ်တိုင်က ပြန်ပြီး အသုံးမချတာများသော အကျင့်ရှိပါသည်။ သုံးသည့်သူတွေကတော့ သုံးပါသည်ခင်ဗျား။

ရှင်းပါမည်။ ကိုယ်ရေးသောစာ၊ ကိုယ်ပြောသောစကားကို တာဝန်ခံသူတစ်ဦးအနေဖြင့် ရေးပြီးသမျှကို ဝေဖန်ခဲ့လျှင် လက်ခံနိုင်ရန် ပြင်ဆင်ထားပါသည်- ဒါ ဘလော့ဂါများ၏ လက်စွဲ၊ မူဝါဒ၊ ကျင့်ဝတ်ဆိုကြပါစို့။ ကိုယ်ရေးထား၊ ပြောထား၊ တွေးထားတာလေးတွေကို လူတွေ စိတ်ဝင်စားကြလျှင် အလွန် ၀မ်းမြောက်ပါသည်။ ထို့ထက်ပို၍ စိတ်ဝင်စားသူများက နှုတ်ခွန်းဆက်သွား၊ ဝေဖန်သွားလျှင် အတော်ကြီးကို မနေတတ်မထိုင်တတ်ဖြစ်အောင် ၀မ်းသာပါသည်။ (ကိုယ့်အကြောင်းကိုယ်ပြောနေတာပါ) ကိုယ်ပြောတာတစ်မျိုး၊ ဝေဖန်သူက တစ်မျိုးမြင်သွားလျှင် ကိုယ်ရေးတာ မပေါ်လွင်လို့ဟု မှတ်ပါသည်။ ထို့ထက်မကခဲ့လျှင်လည်း သူနဲ့မှ သဘောချင်းမတိုက်ဆိုင် တာပဲလေဟု တာဝန်ငြိမ်း နှလုံးသွင်းပါသည်။ လိုအပ်သည်များကို ညွှန်ကြားသွားပါကလည်း လက်ခံသင့်လျှင် လက်ခံရန် ကိုယ့်ကိုယ်ကို ဆုံးမထားပါသည်။ ကိုယ်က ခုမှ မူကြိုကိုး။

နောင်တော့်နောင်တော်များ၏ ဘလော့များထံ အလည်သွားသည့်အခါ တိတ်တိတ်ဆိတ်ဆိတ် လည်ဖြစ်တာ များပါသည်။ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ရွှင်ရွှင် အုပ်လိုက်၊ သင်းလိုက်ရှိနေသော ဘလော့ဂါများကို မြင်ရသည့်အခါ ကိုယ်တိုင်လည်း ဘာရယ်မဟုတ် အလွန်ပျော်ပါသည်။ ကိုယ်တိုင်ကမူ ဘယ်အဖွဲ့ အသင်းနှင့်မျှ မဆက်စပ်မိလှ။ သို့သော်- အုပ်စုလိုက် ချိန်းပွဲချသကဲ့သို့ ဖြစ်နေသော ကွန်မန့်တိုက်ပွဲများကို မျက်စိလည်လမ်းမှားပြီး မြင်ရသည့်အခါ ထို ပျော်စရာစိတ်လေးများ ကုန်ပါလေရော။ ငါ့အမြင်ငါပြောတာ ဘယ်သူ့ဂရုစိုက်ရမတုန်း-ဆိုသော ဆရာများ၊ ငါ့ဆရာပြောတာ မှန်မှမှန် ၊ ဘယ်သူခံပြောဝံ့သတုန်း-ဆိုသော တပည့်များ၊ ကြုံတုန်း ၀င်တွယ်သွားမှ၊ ဒီဆရာ့တပည့် အထင်ခံရနည်းလား-ဆိုသော ‘ကြုံတပည့်’များ၊ ဒီရိုက်ချက်က အမိုက်စား၊ ဒီလိုလူမျိုးရဲ့ ဆရာ အထင်ခံရနည်းလား-ဆိုသော ‘ထင်ဆရာ’များ၊ ဒီလို ဆွမ်းကြီးလောင်းမျိုးမှာမှ ၀င်မနွှဲလျှင် လူစဉ်မီမှာမဟုတ်၊ နွှဲလိုက်ဦးမည်-ဆိုသော ‘ကြုံတိုင်း’များ ………………… ထိုထိုသော ရိုက်ချက်၊ နှက်ချက်၊ ဗျင်းချက်၊ တီးချက်များကြားတွင် မူရင်း စာပိုဒ်များသည် အလိုအလျောက် ဖုံးလွှမ်းခံကြရရှာလေသည်။

ဘလော့ဂင်းကြရာတွင် ရည်ရွယ်ချက် မျိုးစုံ ရှိကြပါမည်။ utility တစ်မျိုးဖြစ်၍ ဒါလေးမှတစ်ဆင့် အခြားအခြားသော အကျိုးရလဒ်များရအောင် သုံးကြပါမည်။ အရှင်းဆုံး အသုံးချခြင်းအနေဖြင့် ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အရေးများကို ပြောဖြစ်၊ ရေးဖြစ်ကြ၊ ကိုယ်သိသမျှကို မျှဝေကြပါသည်။ ပိုမို အဆင့်မြင့်သော အသုံးချခြင်းအဖြစ် ရွှေပြည်ကြီးအတွက် တစ်စုံတစ်ခု ရည်ရွယ်သော အကြောင်းအရာများကို ပြောကြ၊ ရေးကြ၊ ဆွေးနွေးကြပါသည်။ အားရှိစရာကောင်းပါသည်။ အင်တာနက်ပေါ်မှ ရနိုင်သော လွတ်လပ်မှုကို အစွမ်းကုန် အသုံးချကြပါသည်။ ရွှေပြည်ကြီးထဲက လူများ အဲဒီလို လွတ်လပ်နိုင်လျှင် ပို၍ ပို၍ ကောင်းပါမည်။ အဲဒီလွတ်လပ်မှုသည် ကိုယ်ပိုင်တာဖြစ်ကြောင်း သိပြီး ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန် စိတ်ကူးပေါက်လာလျှင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ဒါပေသိ အဲဒီ ‘လွတ်လပ်သော’ ဆိုတာကြီးကကို ကျိန်စာသင့်နေသလား မပြောတတ်ပါ။ ဒါကြီးအကြောင်း ဆွေးနွေးကြတိုင်း ဘယ်က ထွက်ထွက်လာမှန်းမသိသော ခါတော်မီ လွတ်လပ်ရေးဆရာများက လွတ်လပ်စွာကွဲလွဲခွင့်ကို အကာအကွယ်ယူကာ လွတ်လွတ်လပ်လပ်ကြီး ဆွမ်းကြီးလောင်းကြပါသတည်း။

မင်းက ဘာမို့လို့တုန်း-ဟုမေးလျှင် ဘာမှမဟုတ်ပါဟု အမှန်အတိုင်း ဖြေပါမည်။ ကိုယ့်လို ဘာမှမဟုတ်သူများ အများကြီးရှိသော ဒီမြေမှာ ကိုယ်က ဒီကိစ္စကို အရေးမလုပ်ပါ။

ကိုယ့်တိုင်းပြည်ကောင်းစားရေးနောက်ထား၍ ကိုယ့်မိသားစုပင် မကောင်းစားသေးပါ။ အသက်ရှူချောင်မည် ကြံရုံရှိပါသေးသည်။ ကိုယ့်မိသားစု တည်တည်ငြိမ်ငြိမ်လေး နေထိုင် ရပ်တည်၍ ရနိုင်လောက်သော အနေအထားရလျှင် အိမ်ပြန်ပြီး စာသင်စားမည်ဟု စိတ်ကူးရှိပါသည်။

ပိုက်ပိုက်ရှိလျှင် ပညာရေးသုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောင်မည်ဟု စိတ်ကူးယဉ်ပါသည်။ ထောင်ပြီးသား ရန်ပုံငွေ ဆိုသဟာတွေက နိုင်ငံတော်တနံတလျား သုံးစရာတွေက အများသားကလား။ သူငယ်ချင်း ကျူရှင်ဆရာများကို မေးမကြည့်ရသေးပါ။

ဒီအင်တာနက် ဆိုသဟာကြီးကနေ ဘာတွေ၊ ညာတွေ လေ့လာပြီး ပြန်မျှဝေမည်ဟုလည်း စိတ်ကူး ကြီးကြီးမားမား ရှိပါသည်။ အခု ကိုယ်တိုင် ဖိုရမ်တွေဝင်ပြီးလေ့လာတော့ ကိုယ်ဘာမှ မသိသေးတာတွေပဲ တွေ့ပါသည်။

ကိုယ်ကြိုက်တာလေးတွေ့လျှင် ကိုယ့် Reader လေးထဲ ကိုယ်မှတ်ကာ တိတ်တိတ်လွတ်လပ်တာက အုပ်စုတိုက်ပွဲများနှင့် ကင်းလွတ်ပါသည်။ တစ်ကိုယ်တော် သွားသော ခရီးမို့ လွတ်လပ်ခြင်း အရသာကို အတော်ကြီး ခံစားရပါသည်။ ကိုယ့်လွတ်လပ်ခွင့်ကလေးကို ကာကွယ်ရန် ကိုယ့်တာဝန်ဖြစ်သည့်အတွက် မျက်စိနောက်စရာ မဖြစ်ရအောင်တော့ ထိန်းထိန်းသိမ်းသိမ်း နေရပါသည်။ ကိုယ်က ဘာကောင်မှ မဟုတ်သည့်အတွက် ကိုယ့်အတွက် ဆရာလည်း ပေါ်မလာတော့၊ တပည့်လည်း ပေါ်မလာတော့။ ဘယ့်ဂလောက်များ အေးချမ်းလိုက်ပါသနည်း။ လူမှုရေးအကျိုးအမြတ်ကို မသုံးသ၍ ဒီလိုအခြေအနေလေး တည်မြဲနေနိုင်လောက်ပါ၏။ အစက ပြောခဲ့သကဲ့သို့ပင် ကိုယ်မသုံးတော့ ကိုယ်ရှုံးတာပေါ့လို့ ဒီတစ်မျိုးတော့ မယူဆချင်ပါ။ လူမှုရေးအမြတ်မထုတ်တတ်တာ ကောင်းသည်ဟု မိဘများက ဆုံးမထားတာ ဒါလေးတစ်ခုတော့ ကိုယ်တိုင်လည်း လက်ခံထားပါသည်။ တော်ကြာ ကိုယ့်ကိုပါ utilized လုပ်သွားမှာ ကြောက်လှပါသည်ခင်ဗျား။

(ကြောက်ကြောက်နဲ့ တင်တဲ့ ပို့စ် ပါ။ မနေနိုင်လွန်းလို့သာ တင်ရတာ။ ကိုယ်ရပြီးသား လွတ်လပ်ခွင့်လေးကို ခုခံ ကာကွယ်ဖို့ အတော်ကို ကြိုးစားပမ်းစား ရုန်းကန်ရမယ်နဲ့ တူပါရဲ့။)