သီတင်းကျွတ်ရင် …

သီတင်းကျွတ်လ

ကျွန်မကတော့ သီတင်းကျွတ်ကို ထူးပြီးမပျော်မိပါဘူး၊ အဲဒီလို ပြန်ပြောလို့ မကြီးခင် အံ့ဩသွားပုံရတယ်။ သူ မသိနိုင်တဲ့ ကျွန်မရဲ့ သီတင်းကျွတ်တွေက ကျွန်မကို ပျော်ခွင့်မပြုခဲ့ဘူးဆိုတာ သူ့ကို ဘယ်လို ရှင်းပြရမှာလဲနော်။

x x x x x x x x x x x x x x

“အမကြီး-အမိအရာ”ဆိုသည့်စကား ကို တခါတလေများ မုန်းပင်မုန်းမိသည်။ အိမ်နောက် မြစ်ပြင်ဘက်က လေစတိုက်လာပြီ။ အေးစက်စက်၊ ၀ရုန်းဆန်လို့။ အကျိုးနည်း ကြမ်းတဲ့လေ။ “အငယ်လေး ဗူးညွှန့်သွားခူးတာ ပြန်မလာသေးဘူးလားဟေ” အကျင့်ပါနေသော မျက်လုံးများက သောင်ပြင်ကျယ်ကြီးရဲ့ အစပ်နားဆီမှ စိမ်းညို့ညို့ အကွက်လေးဆီ လှမ်းကြည့်ရင်း တစ်လက်စတည်း အော်လိုက်သည်။ “အငယ်လေးရေ… အေ၊ အငယ်လေး။ တက်ခဲ့တော့။ လေကြမ်းမှာစိုးလို့ စောစော သွားခူးခိုင်းတုန်းက အဆော့မက်နေပြီးတော့၊ သဲဆေးရတာနဲ့၊ ရောင်းရတာနဲ့ ကိုက်တာလည်း မဟုတ်ဘူး” ကျန်တဲ့ ဗျစ်တီးဗျစ်တောက်တွေကို အမေဆက်ရွတ်ဖို့ ချန်ဦးမှ။

အကျင့်ပါဆဲလက်က တို့ဟူးကို ပါးပါးလှီးသည်။ နားက အိမ်ရှေ့က စက်ဘီးဒေါက်ထောက်သံကို ကြားသည်။ ကမ်းနားတဲပီပီ ကမ်းပါးမေးတင်ဆောက်ထားသော ကပြင်မှာ ထမင်းအိုးထိုင်မွှေနေသော အငယ်မကို လှမ်းခိုင်းရသည်။ “မိငယ်၊ အိမ်ရှေ့မှာ ၀ယ်သူရောက်နေလား၊ သွားကြည့်လိုက်ဦး၊ အမေက လှေကြီးကုန်းဘက် ၀က်စာသွားယူတုန်း၊ ဪ.. နေတော့ ၊ ငါပဲ ထွက်လိုက်တော့မယ်။” လက်ထဲက တို့ဟူးဗန်းကိုင်လျက် အိမ်ရှေ့ထွက်သည်။ အဖေ့ဆရာကြီး (သူကတော့ ဘဆရာကြီးဟု ခေါ်မြဲ)ကို စက်ဘီးသော့ခတ်လက်စ တွေ့တော့ အားနာသွားသည်၊ ” ဘဆရာကြီးကိုး၊ အဖေက စက်ရုံက မဆင်းသေးဘူး ဘရဲ့၊ သမီးက နောက်ထဲရောက်နေတော့ ဘ ရောက်နေတာတောင် မသိလိုက်ဘူး၊ အားနာလိုက်တာ” ပြောရင်း နောက်ထဲလှည့်ကြည်တော့့ ဟင်းအိုးနားယောင်ပေယောင်ပေလုပ်နေသော အငယ်မကို ဖျတ်ခနဲ မြင်လိုက်သည်။ မျက်နှာရိပ်မျက်နှာကဲနှင့် အသံတိတ်လှမ်းမာန်ရသည်။ နို့မို့ ညစာသော ဘာသော နားလည်ချင်တာမဟုတ်။

“အာ.. ကိစ္စမရှိဘူးသမီး၊ မောင်ကျော်မင်းမရောက်သေးလည်း သမီးပဲမှာခဲ့မယ်လေ၊ လွှတ်မနေနဲ့တော့၊ ဘတို့အိမ်လည်း ခုရက်ပိုင်းက အလုပ်က များနေတော့ သမီးတို့အိမ်က ကူနိုင်မယ်ဆိုရင် တစ်ယောက်လောက်လာပြီး ကူပေးနိုင်မလားလို့လာပြီး အကူအညီတောင်းတာပါကွာ။ အမှုန့်ကြိတ်သမားတွေများလာတော့ သမီးကြီးကြီးနဲ့ မမလည်း မနိုင်မနင်းဖြစ်နေလို့၊ အဲဒါ”

“ဪ၊ ရပါတယ် ဘရဲ့၊ ဒီရက်က သမီးတို့ စက်ရုံကလည်း ပိတ်ထားပေးတာဆိုတော့ သမီးအားပါတယ်။ လာမှာပေါ့၊ ဘယ်အချိန်လောက် လာပေးရမလဲ”

” သမီးအဆင်ပြေတဲ့အချိန်လာပါကွယ်၊ ညနေဖြစ်ဖြစ်ပေါ့။ ဒါမှမဟုတ်လည်း နေ့ခင်းနေ့လည်ပိုင်းလောက်ပါပဲ၊ အဲဒီအချိန်ကျတော့ မနက်ကတည်းက လုပ်ထားတဲ့လူတွေက အရှိန်က နည်းနည်းကျချင်ပြီဟေ့၊ သမီး မမလည်း ကြီးကြီးကို ညှာပြီး သူချည်းလုပ်နေတာ တကယ်တော့ ဘယ်နိုင်လိမ့်မတုန်း၊ အေးအေး၊ ကျေးဇူးပဲကွယ်၊ သမီး ဖေဖေကိုတော့ မစောင့်တော့ဘူးနော်။ ဘဘ ခွင့်တောင်းသွားတယ်လို့သာ ပြောလိုက်တော့၊ သွားလိုက်ဦးမဟေ့”

စက်ဘီးသော့လေးပြန်ဖွင့်ကာ ဘဘကြီး ထွက်သွားခိုက် အနားက လှိုင်မြရှင်ဘုရားဝင်းထဲက ပရိတ်သင်းက ရွတ်သော ဓမ္မစကြာသံနှင့် နေကျော်တန်းဘက်ကဆွမ်းလောင်းသင်း၏ ဆွမ်းသိမ်းပွဲမှ လေးဖြူသီချင်းသံက အပြိုင်ဝင်လာသည်။ အမေက သီချင်းသံကို နားဆူသည်ထင်သော်လည်း သူကတော့ ဒီသီချင်းသံကိုစိတ်မကွက်မိပေ၊ ကိုယ့်အိမ်မှာဆို ရေဒီယိုတောင် ရှိတာမဟုတ်။ ဒါတောင် ချောင်းဒေါင့်ဘက်က ချမ်းသာကြီးဘုရားဘက်က လေမသင့်သေးလို့။ ညနက်ရင်တော့ ဂေါပကအဖွဲ့ဝင် ဦးသောင်းကြည်၏ သပ္ပူရိသအပေါင်းသူတော်ကောင်းတို့ အစချီသော အလှူခံ တရားစာများ ကြားရဦးမည်။ ဒါမှလည်း သီတင်းကျွတ်ဆိုတာနဲ့ တူပေမပေါ့။ အမေပြန်လာရင်တော့ ဘဆရာကြီးလာသွားသည့်အကြောင်းပြောရမည်။ အမှုန့်ကြိတ်စက်မှာ ဒီလိုရက်တွေဆို မုန့်ဖက်ထုပ်လုပ်မည့်သူများက ပြုံတိုးအပ်တတ်သည်။ ရက္ကန်းစက်က ခုရက် အလုပ်သမားအားလုံးကို နားခိုင်းထားသည်။ သူတို့ရွာပြန်ပြီး အလှူလုပ်မလို့ဆိုပဲ၊ ကိုယ်ကတော့ နေ့တွက်ကိုတွေးပြီးနှမြောနေရသည်။ ခု ဘဆရာလာသွားတော့ တော်သေးတာပေါ့။ အိမ်က အသုတ်ဆိုင်ကလည်း အလှူအတန်းပေါသော ရာသီမို့ အရောင်းပါးလှသည်။ ခါတိုင်း တို့ဟူးဗန်းအလတ်တစ်ဗန်းကုန်နေကျ အမေ့ခမျာ ခုတော့ ဗန်းအသေးနှင့်ပြောင်းကျိုနေရသည်။ နေရင်းထိုင်ရင်းပင် မှောင်လာတော့မည်။ အလတ်ကောင်ကို ဘက်ထရီအိုးသွားယူခိုင်းဦးမှ၊ ၁ ပေ မီးချောင်းလေးကို ချိတ်ကာ တို့အိမ်မှာ သီတင်းကတော့ နေ့တိုင်းကျွတ်နေတာပါပဲဟု ဖြေတွေးတွေးဖြစ်သည်။ ဟုတ်တယ်လေ၊ တစ်မြို့လုံး မီးပျက်နေလည်း အိမ်တစ်အိမ်လုံးအတွက် ၁ပေ မီးချောင်းလေးက သီတင်းကျွတ်ဖြစ်စေသည်။

x x x x x x x x x x x x x x x

ဘဆရာတို့အိမ်ရောက်တိုင်း မျက်စိလွှဲလို့မရအောင်ပင် စာအုပ်တွေ ပေါလှသည်။ ခု သီတင်းကျွတ်ရက်မို့ ကြိတ်ထားသော မုန့်မှုန့်တွေ ခွဲခြားဖြန့်ထားရအောင်၊ မကြိတ်ရသေးသော ဆန်တွေကို ဆေးကြောပြီး ရေစစ်ဖို့ လေသလပ်အောင် မနည်း နေရာရှင်းထားပုံရသည်။ ဒါတောင် စာအုပ်ဗီရိုတွေနားမှာ လူဝင်သာအောင် ထားသည်။ အိမ်ရှေ့ သမံတလင်းခင်းထားသော နေရာတွင်တော့ သေချာ တံမြက်စည်းလှည်းထားကာ ဂုံနီအိတ်ပါးတွေ ဖြန့်ခင်းလျက် ဆေးထားသော ဆန်ဖွေးဖွေးတွေအပြန့်လိုက်အပြန့်လိုက်၊ ဒါတွေ တပွေ့ရစ်လောက်မှ ကြိတ်စက်ထဲပို့ရမည်။ မမ ကို ချက်ချင်းမတွေ့၊ အိမ်နောက်ဘက် ရေကန်ဘက်သွားတော့ အိမ်တွင်း လမ်းမြောင်တစ်လျှောက်လုံး မကြိတ်ရသေးသော ကောက်ညှင်းဆန်၊ ဆန်ကွဲ၊ ဆန်ကြမ်း မျိုးစုံ၊ အိတ်မျိုးစုံ၊ အထုပ်မျိုးစုံ၊ ပုဆိုးစလေးနှင့်ထုပ်ထားတာပင်ပါသေး၊ လမ်းလျှောက်သာရုံ ဘေးတစ်ဘက်တစ်ချက်တွင် တန်းစီလျက်တွေ့ရသည်။

” အေ။ မင်းမင်း။ ဒီကိုလာဟ။ အိမ်က ကိစ္စ၀ိစ္စတွေ ပြီးခဲ့ပလား၊ငါ ခု ထမင်းစားမလို့၊ လာ ၊ စားဦး”

‘စားခဲ့ပြီ မမ၊ အိမ်မှာ အငယ်လေးတို့လည်း ရှိပါတယ်။ နေ့ခင်းနေ့လည် သူတို့ လည်စရာဘာရှိတာမှတ်လို့ ၊ အမေ့ကို ကူကြမှာပေါ့၊ မမ ခုမှ စားတာလား ၊ နေ့လည်ပဲ ၂ နာရီရှိပေါ့’

‘ဒီရက်တော့ ဒီလိုပါပဲဟာ၊ မနက်ကလည်း ငါစားတာ နောက်ကျပါတယ်။ ကိစ္စမရှိပါဘူး’ ပြောပြော စားစား ထမင်းပန်းကန်ပေါ် ဟင်းတွေပုံလျက် စားနေလေသည်။

နောက်ဘက် ရေကန်နားအရောက် ဆန်ဆေးစရာဒန်အိုးတွေ ကြီးစဉ်ငယ်လိုက်အပြင် ကြံကြံဖန်ဖန် အုပ်ဆောင်းကြီးတစ်ခုကိုပါတွေ့သည်။ ” မမ ၊ အဲဒီအုပ်ဆောင်းကြီးက ဘာလုပ်ဖို့လဲ။” ” ဟေ၊ အဲဒါ ဆန်စစ်ဖို့ဟာ ၊ ကြာလာတော့ အိုးတွေ အားအောင်လည်း မစောင့်နိုင်တော့ပါဘူး၊ အဲဒါကြီးထဲ ထည့်ပြီးတော့သာ စစ်လိုက်တော့” ရယ်လည်း ရယ်ချင်၊ စိတ်လည်း ညစ်စရာကောင်းသည်နော်။ သူတို့အိမ်မှာ အိုးတွေ၊ ပလုံးတွေ အများကြီးပဲကို၊

ပြည် ၂၀ ကျော်လောက် ဆက်တိုက်ဆေးပြီးသော အခါ ပထမဆုံးဆေးပြီးသော ဆန်များက ပွနေပြီ၊ ဒီတော့ စစ်ရ၊ ဖြန့်ရ၊ ကြီးကြီးက ဒူးမကောင်း၊ တန်းလျားပေါ်ကနေ စီမံသည်။ ဒီနေ့ ကျောနည်းနည်းတောင့်ချင်လာပြီ၊ ရက္ကန်းရုံမှာက မတ်တတ်တစ်မျိုးသာ ရှိသည်။ ဒီမှာက မတ်တတ်လည်းပါ၊ ဆောင့်ကြောင့်လည်း ထိုင်၊ အိမ်ရှေ့နောက်ဖေး၊ ကူးချည်သန်းချည်လည်း လုပ်ရရဲ့။ ဘဆရာကြီးတို့က နေ့တွက်လောက်တော့ စို့စို့ပို့ပို့ ပေးကောင်းပါရဲ့ တွေးမိသည်။ တွေးသာတွေးရ၊ ဘဆရာတို့ဆီလာအပ်သူတွေက ကိုယ်လိုလူစား အများသား။ စားလောက်ရုံလေးအပြင် ဒီလို အခါကြီးရက်ကြီးမျိုး အလှူလုပ်ချင်ကြတာကိုး။ ညနေ မှောင်ရီပျိုးချိန်ရောက်တော့ လူလည်း ဒူးခွေချင်လာသည်။ ဒါတောင် မမက ထမင်းစားပြီးသည်နှင့် ဒိုင်ခံ ဆန်ဆေးသည်။ ရေစစ်သည်။ သူက ကြီးကြီး စီမံသလို ဆန်ဖြန့်၊ ကြိတ်ရုံပို့၊ အင်း…………………… ရက္ကန်းရုံထက်တော့ ကိုက်မှ ဖြစ်တော့မည်။

x x x x x x x x x x x x x x x x x x x x

“သမီးရေ၊ ညည်း ဘဆရာကြီးတို့ဆီသွားတုန်း ဆွေဆွေလာသွားတယ်။ ညည်း စာမေးပွဲနားနီး ၃လလောက်လိုရင် အတူတူ အနီးကပ်ကျူရှင်တက်ချင်တယ်ပြောထားလို့ဆိုတာပဲ။” စိတ်ထဲမှာတော့ လွဲပြန်ပြီတစ်ခါ ဟုတွေးမိသည်။ ရက္ကန်းရုံမှာ မီးက ခုတလော မမှန်ချင်၊ ဟိုတလောက ဘဆရာကြီးတို့ဆီမှာ သွားကူတုန်းကလည်း ကိုက်လှသည်တော့မဟုတ်၊ မမနှင့်စကားလက်ဆုံကျကာ သူ့ကျောင်းတုန်းက စာအုပ်ဟောင်းတွေရလာတာသာ အမြတ်ထွက်သည်။ “အမြတ်ထွက်တယ်”ဆိုတော့တကယ်ကော မြတ်တယ်ခေါ်သလား၊ သူမသိ။ ဒီနှစ် ၁၀တန်းအောင်ဖို့ လိုမှာလား၊ သူမသိ။ မောင်လေး ၁၀ တန်း ရောက်ရင်တော့ သုံးလို့ရဦးမည်ထင်သည်။ သူကတော့ ဒီနှစ်ဖြေနိုင်ပါဦးမလား။ မမက တက္ကသိုလ်တက်တုန်း၊ သူ ဒီနှစ် ၁၀ တန်း ဒုတိယအကြိမ်ဖြေမည်ဟု သိသောအခါ သူ့စာအုပ်တွေပေးရင်း စာတွေရသေးရဲ့လား မေးနေသည်။ ဘယ့်နှယ်လုပ်ရနိုင်ပါ့မတုန်းနော်။

“အင်း ၊ ရက္ကန်းရုံကလည်း မီးက လာတုန်းလေး ပြေးခတ်ရတာ၊ အမေရယ်၊ ကျူရှင်က သူပဲ တက်ပါစေတော့၊ သမီး တော့ စာအုပ်တွေရှိသေးတာပဲ၊ ဖတ်ရင်မှတ်မိမှာပါ၊” ချွေးသိပ်တဲ့စကား အမေ မသိဘဲနေမလား၊ မျက်နှာမကောင်းရှာ။ အဖေကတော့ ဘဆရာကြီးတို့အိမ်ကနေ စာအုပ်တွေယူယူလာသည်။ ညဘက် ၁ပေ မီးချောင်းလေးနှင့် စာအုပ်တွေဖတ်သည်။ စာအုပ်ထူထူ ဟောင်းဟောင်းတွေ၊ အဖေ့အာရုံမှာ စက်ရုံက စက်အပျက် တွေပြင်တာအပြင် နောက်ထပ် ဒီစာအုပ်တွေထဲက အကြောင်းတွေ ထည့်နိုင်သေးသည်၊ အံ့စရာ။ ဖတ်ပြီးတော့လည်း ‘သမီးကြီးရဲ့’ အစချီကာ ကိုယ်မတတ်နိုင်တာတွေကို ရည်ရွယ်ပြီး အဖေပြောသမျှ သူ စိတ်ပင်ပန်းရလေသည်။ အားတက်ဖို့ထက် ဘ၀အခြေအနေက ပေးသလောက်ကို ရနိုင်သလောက်တော့ ကျေနပ်ရမှာပေါ့။

x x x x x x x x x x x x x x x x x x x x x

‘မမ၊ အဖေက စာအုပ်တွေ ပြန်ပေးခိုင်းလိုက်လို့၊ နောက်ထပ်တော့ မယူနိုင်သေးဘူးတဲ့၊ ဘဆရာကြီး အရင်တစ်ခေါက်က ပေးထားတာ တစ်အုပ်ကျန်သေးတယ်ပြောတယ်’

‘အေးအေ။ စားပွဲပေါ်သာတင်ခဲ့၊ ရတယ်၊ ရတယ်။’ အိမ်နောက်က အသံထွက်လာပြီးမှ လူက ထွက်လာသည်။ မမရဲ့ အမ ၊ မမကြီးပေါ့။ မမကြီးကိုတွေ့ရင် လူက နေရင်းထိုင်ရင်း ရှိန်နေသည်။ ဆရာမဆိုသည့်ပုံက ပြောစရာမလိုအောင် တံဆိပ်ကပ်ထားသူကိုး။ ခုလည်း သူ့ကိုမြင်သည်နှင့်မေးတော့မည့်မေးခွန်းကို သိနေပြီ၊ မမေးစေချင်လည်း မေးလျှင်တော့ ဖြေရမည်သာ။ စိတ်ညစ်လိုက်တာ။

‘မင်းမင်းမဟုတ်လား၊ ဒီနှစ်ပြန်ဖြေမယ်ဆို၊ ကိုကျော်မင်းပြောသွားလို့’

‘ဟုတ်ကဲ့ မမကြီး၊ ဖြေတော့ ဖြေဖြစ်လောက်မယ်ထင်တာပါပဲ၊ သူငယ်ချင်းက အနီးကပ် တစ်လသွားတက်ရင် အဲဒီတော့မှပဲ ပေါင်းတက်လိုက်မလားလို့’

‘ဟယ်။ အဲဒီလောက်ကပ်နေမှတော့ ဖြစ်မလားအေ့၊ ကျူရှင်ဆိုတာမျိုးကလည်း ကျောင်းချိန်လောက် များများ စာသင်ချိန်ရှိတာမဟုတ်၊ တစ်နှစ်လုံးစာမဟုတ်တောင် စိတ်လုံအောင်တော့ ကိုယ့်ဘက်က ကျက်ထား၊ လုပ်ထားနိုင်မှ ဖြစ်မှာပေါ့၊ ကျူရှင်ချိန်တွေကျတော့ရော၊ သွားတက်ဖြစ်လား၊’

‘စဖွင့်ရင်တော့ ကြိုးစားပြီးတက်ရတော့မှာပေါ့ မမကြီးရယ်၊ ခုထိတော့ မလိုသေးတော့ ရက္ကန်းရုံဘက်လည်း ပြောမထားသေးဘူး၊ လိုရင်တော့ သူတို့လည်း ကူညီမယ်ပြောပါတယ်’

‘အီးဘုတ်ရေ၊ ဟဲ့ အီးဘုတ်၊ နင် မင်းမင်းလာရင် ပြောမယ်ဆိုတာလာပြောလေ၊’ မမကြီးက နောက်ဘက်လှည့်ကာ လှမ်းအော်သည်။ ‘လာပြီ၊ လာပြီ၊ ခဏလေးနေဦးဟေ့၊ မင်းမင်းရေ၊ ခဏလေးဟ’ အသံရှည်ဆွဲအော်ရင်း မမ ထွက်လာသည်။ သွားပါပြီ။ ဒီနေ့ မီးပျက်လှည့်မို့လို့သာတော်တော့သည်။ အိမ်အတွက် ဘက်ထရီအိုးက အပြန်ဝင်ယူရဦးမည်။

သူစိတ်ညစ်ရသောအရာဟုတ်မဟုတ် သူ မှတ်ချက်ချဖို့စောလွန်းသွားခဲ့သည်။

x x x x x x x x x x x x x x x x x

ကျူရှင်ယူဖို့ ဘယ်နှစ်ဘာသာကျန်သေးလဲ၊ မကျန်တော့သလောက်ပင်။ သူ စိတ်တွေ အတော်ပေါ့ပါးသွားရသည်။ အင်္ဂလိပ်စာ တစ်ဘာသာကိုတော့ မမက သူ့အင်္ဂလိပ်စာ ငယ်ဆရာနှင့်အပ်ပေးမည်တဲ့။ ကျန်တဲ့ဘာသာတွေက ကျက်စာကို ကိုယ့်ဘာသာကျက်ရုံ၊ မမက အနှစ်ချုပ်ပေးမည်။ သချာင်္နှင့် ရူပ၊ ဓါတု၊ ဇီဝ ၄ ဘာသာကို တစ်ပတ်ထဲမှာ အလှည့်နှင့် မမက ပြန်သင်ပေးမည်။ အချိန်က ရက္ကန်းရုံက မီးပျက်သည့်အလှည့်များ နှင့်တိုက်ပြီး သင်မည်။ သူဂရုစိုက်ရမှာ အင်္ဂလိပ်စာ ဆရာကြီး စိတ်မဆိုးအောင် ကြိုးစားသင်ဖို့သာဖြစ်သည်။ ဒီလိုတော့လည်း လောကကြီးက ဖြေသာ နေသာ ရှိပါသေးလား။ရက္ကန်းရုံပိုင်ရှင်၏သမီးကလည်း သူ့လိုပင် ၁၀ တန်းကို ဒုတိယအကြိမ် ၀င်ဖြေမည်ဖြစ်သည်။ ဆရာမတွေ၊ စာကျက်အကူတွေ ၀င်လိုက်ထွက်လိုက်ရှိလှသည်။ သူ့ကိုလည်း စာနာကြပါသည်။ မေးခွန်းတွေ စပေါ့ရရင် သူ့လည်း ပေးမည် ပြောတာပဲ။သူ့စိတ် စနောင့်စနင်းဖြစ်တာ တစ်ခုပဲရှိသည်။ အမေနှင့်အဖေ ခုတလော ပိုအဆင်မပြေလာတာ သိသာသည်။ အဖေ့ရက္ကန်းရုံစက်ပြင်အလုပ်က ဟိုရုံဒီရုံသွားနိုင်မှ တော်ကာကျသည်။ တစ်ရုံဆိုတစ်ရုံ၊ လက်စွဲဖြစ်တာက ကောင်းတာတစ်ဝက်ဆိုးတာတစ်ဝက်။ အမေကတော့ အိမ်ကပြင်အောက်မှာ ခြံခတ်မွေးထားသော ၀က်ကို ထုတ်ရောင်းမည်ဆိုသည်။ ၀က်က အကောင်နည်းနည်းငယ်သေးသည်။ ရောင်းလည်း တန်ဖိုးမရမှတော့ အဖေက မရောင်းစေချင်။ အမေက ဒီကိစ္စဘာကြောင့်အလျင်စလိုလုပ်ချင်နေရတာလဲ သူမေးတော့ ဟိုဒီစကားတွေရှောင်လွှဲနေခဲ့သည်။ အလတ်ကောင်ခုတလော အိမ်မမြဲတာလည်း မသကာင်္စရာ။ အလတ်ကောင်ကို တိတ်တိတ်ကျိတ်မေးဖို့ သူဆုံးဖြတ်သည်။

x x x x x x x x x x x x x x x x x

ဝင်းထရံနားက ရိပ်ကနဲမြင်ရုံသာရှိသေးသည်၊လူက အနားရောက်နှင့်ပြီ၊ “နင့်အရင်ထမင်းစားလာတာပါ အလတ်ကောင်ရယ်၊ ဒါက ဘယ်သွားမလို့လဲ” လန့်သွားမှန်းသိလိုက်သည့်တိုင် မလန့်သယောင်ဆောင်သော အလတ်ကောင်က ယောင်ဝါးဝါးနှင့် “ဘယ်မှ မသွားပါဘူး၊ မမကြီး ဘာခိုင်းမလို့လဲ” ဟုဖြေသည်။

“အောင်မာ၊ နင့်ကို ငါက ဘာမှ မခိုင်းလိုပါဘူးနော်။ ဒီနှစ် ရှစ်တန်းကို ဒုတိယမ္ပိ ပြန်ဖြေရမယ်ဆိုတာ သတိရောရသေးရဲ့လားလို့ သတိပေးတာပါ။ နင် အမေ့ကို သီတင်းကျွတ်တုန်းက ဘာပူဆာလိုက်လဲ၊ ပြောစမ်း”

‘ငါက ဘာမှ မပူဆာပါဘူးဟာ၊ နင်ကလဲ”

‘ပူဆာချင်လည်း ငါ့အရင်ပြောပေါ့၊ ဦးလှမြင့်တို့ သီတင်းကျွတ်မုန့်ဖိုးပေးထားတာလေးတွေ ငါ့မှာရှိသေးတယ်သိလား၊ အမေတို့ကို သွားပြီး အပူကပ်မနေနဲ့၊ အဲဒါ ပြောမလို့၊ နောက်ပြီး ဆရာမ ဒေါ်အေးမြင့်ကိုလည်း ငါတွေ့ပြီးပြီ၊ နင့်အကြောင်းလည်း ငါ့ပြောသွားတယ်၊ သိပ် အကဲထ မနေနဲ့၊ ဒါပဲပြောမယ်၊ သွားတော့ ၊ ငမောင်တို့နဲ့ ဆုံပြီး ရပ်ကျော်ရွာကျော်ဖြစ်မလာစေနဲ့”

စောင်းငန်းစောင်းငန်းနှင့်ထွက်သွားသော အလတ်ကောင်ကို ဆက်မကြည့်ဖြစ်။ ဒါဖြင့် အမေဘာကြောင့် ၀က် ရောင်းရမလဲ၊ တွေးရင်း မျက်နှာပူသွားသလိုဖြစ်သွားသည်။ သူ မမတို့ဆီက ပြန်လာတော့ စာမေးပွဲနှင့်စာသင်ပေးမည့်ကိစ္စကို အားရ၀မ်းသာ ပြောခဲ့သည်။ သူ့စိတ်ထဲက ဖြစ်ချင်တာပဲတွေးမိပြီး မိဘ ရင်ပူရမည်ကို မေ့ခဲ့သည်ကော။ စာသင်ချိန်တွေရရင် ၀င်ငွေရှာချိန်လျော့ပြီပဲ။ တစ်ခုရရင် တစ်ခုစွန့်လွှတ်ရမည်ဆိုလည်း အိမ်အပူကို မျှယူနေကျသမီးကြီးက တာဝန်မယူပဲ နေရမလား၊ အသုပ်ဆိုင်မှာ ယောင်လည်လည်ဖြစ်စပြုလာသော အငယ်မကိုလည်း ကျောင်းပဲသွားစေချင်သည်၊ ကိုင်းစပ်နားမှာ ပဲညွန့်ဆင်းဆင်းခူးရင်း ကိုင်းသမားတွေထဲ ပျော်သွားမှာစိုးသည်။ ဆောင်းလေအေးထက် ဆောင်းနေက ပိုပူလာသလိုပင်။

x x x x x x x x x x x x x x x x

စက်ရုံက သွပ်အမိုးအောက်မှာ စက်သံတစ်ဂျောက်ဂျောက်၊ တဂျက်ဂျက်ကြားနေကျနားက ဆေးရုံက လူနာတင်လှည်းတွန်းသံကို နားမခံသာပေ။ အဖေ အစားအသောက်ပျက်ကာ လူနုံးသည်ဟု ပြောတာ ပြီးခဲ့တဲ့ နှစ်ပတ်ကပေါ့။ ဒါပေမယ့်လည်း အချိုရည် အအေးပုလင်းလေးတွေ ၀ယ်ခိုင်းကာ ကိုယ့်ကိုယ်ကို အားဖြည့်ရင်း အဖေ စက်ရုံတွေဆီသွားမြဲသွားခဲ့သည်။ “အချိုရည်လေးသောက်လိုက်တော့ အမောတော့ ပြေသား သမီးရဲ့” အဖေပြောတတ်ခဲ့သည်။ အဲဒီအချိုရည်တွေဟာ အဖေကိုယ်တိုင်မသိလိုက်တဲ့ ဆီးချိုရောဂါရဲ့ သေမင်းတမန်တွေမှန်း သမီးတို့လည်း မသိနိုင်ခဲ့။ ခြေမက ခြေစွယ်ငုတ်တာ မကျက်နိုင်သလို ခြေထောက်တွေ ဖောလာခဲ့သည်။ အိမ်ကို လာကြည့်သည့် ဘဆရာတိုက်တွန်းလွန်းလို့သာ အဖေက ဆေးရုံသွားဖြစ်တာ။ နို့မို့ဆို ဇီးကုန်းက သူ့အမတွေ မရောက်မချင်း ဘယ်ဆေးဆရာမှလည်း သေချာပြဖြစ်မည်မထင်။ အခုတော့ ခြေမ,တင်မက ခြေကျင်းဝတ် အောက်ပိုင်းက ဖြတ်ရတော့သည်။ ဆေးလိုလျှင်ဆေး၊ သွေးလိုလျှင်သွေး အဆင်သင့်ပြေးရှာနိုင်ရန် စက်ရုံကလူတွေကလည်း ကူညီသည်။ သူငယ်ချင်းများလည်း ၀ိုင်းဝန်းကြသည်။ ဒီအထဲကပင် အဖေသည် ခြေထောက်ဖြတ်အပြီး နောက်တစ်ပတ်တွင် မိသားစုကိုပါ ဖြတ်ထားခဲ့လေသည်။

x x x x x x x x x x x x x x x

“အငယ်လေး၊ ကျောင်းသွားပြီလားဟေ၊ မနက်ဖြန် စာအုပ်ဖိုးတွေကောက်တော့မယ်ဆို၊ လာယူချည်”

ရုံးမသွားခင်လေး အမေ့ကို ကူကာ အသုပ်ထုပ်ဖို့ဖက်တွေကို အ၀တ်နှင့်ပွတ်သုတ်ရင်း အငယ်လေးကို လှမ်းအော်သည်။ ရှစ်တန်းကျောင်းသူမ ကလေးက ကျောင်းလွယ်အိတ်ကို စလွယ်သိုင်းကာ ထမင်းဗူးကို လက်သုတ်ပုဝါနှင့် ထုပ်လက်စတန်းလန်း လက်ဆွဲလျက် ထွက်လာသည်။

‘လာ၊ ရော့၊ ဒါက စာအုပ်ဖိုး၊ ပေး၊ ထမင်းဗူး၊ မုန့်ဆိုင်နား ယောင်တောင်ပေါင်တောင် ငေးမနေနဲ့၊ ဗိုက်မ၀ဘူး၊ ငါ သိပ်ထည့်ပေးလိုက်တယ်၊ အစားတွေ များပြီး နေ့ခင်းကျ ငိုက်တယ်ကြားလို့ကတော့ အသေပဲ၊ သိလား၊ သွားတော့၊ ဟိုမှာ နွယ်နီတို့ စောင့်နေတော့မယ်”

“အမေ့၊ သမီး ဒီနေ့ ရုံးက ရက်ချိန်းတွေပေးရုံပဲဆိုရင် အခြေအနေကြည့်ပြီး ပြန်ခဲ့မယ်၊ သိလား၊ မကြီးသာတို့ဆီ အမေကိုယ်တိုင်သွားမနေနဲ့။ သမီးပဲသွားပြောလိုက်မယ်၊ အမေ့သား တပ်ပြန်မသွားခင်က စက်ဘီးကို ဘယ်သဲလမ်းကြောင်းထဲ ထိုးမှောက်ပစ်ခဲ့လဲမသိဘူး၊ စက်ဘီးက ထိန်းမကောင်းဘူး၊ အမေနိုင်မှာမဟုတ်ဘူး၊ နော်၊ သိလား၊ ‘ ပြောပြောဆိုဆို ထမင်းဗူးလေးကို လက်သုတ်ပုဝါနှင့်ထုပ်ကာ လမ်းဟိုတစ်ဘက်ထိပ်က မငုဝါတို့ဆီထွက်ခဲ့သည်။ သူ့စက်ဘီးကို ပြင်ဆိုင် မပို့ရသေးမီ အဝေးပြေးလမ်းပေါ်စီးရန် စိတ်မချသည်မို့ မငုဝါကို တင်ကာ မြို့နယ်တရားရုံးဆီ မှန်မှန်နင်းခဲ့သည်။ လမ်းတစ်လျှောက် တရားသူကြီးအကြောင်း၊ ရှေ့နေများအကြောင်း၊ အမှုပွဲစားများအကြောင်း မငုဝါ လေကန်သမျှကို အလိုက်သင့်ထောက်ပေးရင်း မြို့နယ်တရားရုံးက စာရေးမအဖြစ် တစ်လမ်းလုံးသူ အရှိန်ယူလာခဲ့လေသည်။

ခုတော့လည်း လစာ ပုံမှန်ရကာ အဆင်ပြေလျှင် ရှေ့နေကောင်းကောင်းနောက်လိုက်ရင်း သူရထားသည့် အဝေးသင်ဥပဒေဘွဲ့ကို သုံးဖို့ စိတ်ကူးနိုင်ခဲ့ပြီ၊ ညီမငယ်ကို အတန်းပိုင်ဆရာမက အလွန်ချီးမွမ်းသည်။ သူဘာဖြစ်ချင်သည်ပဲဖြစ်ဖြစ်၊ ညီမငယ်တို့အတွက် ထီးတစ်လက်တော့ သူဖြစ်ခွင့်ရခဲ့ပြီပဲ။ အပွင့်အဆင်ရိုးသော်ငြား လုံခြုံအောင် ကာပေးမည့် ထီးတစ်လက်ဖြစ်ရတာ သူ စိတ်ချမ်းသာပါသည်။ ကြားထဲမှာ ဖြတ်သန်းခဲ့ရသော သီတင်းကျွတ်ချိန်များစွာ၊ သူ…………. စာမေးပွဲချိန်တွေဖြတ်ခဲ့သည်၊ အလုပ်ချိန်များစွာ ဖြစ်ခဲ့သည်။ ပြီးတော့… ၁ ပေ မီးချောင်းလေးတွေ တစ်ချောင်းပြီးတစ်ချောင်းလဲခဲ့ကာ သူလည်း အလင်းတစ်ချို့ ကူးယူနိုင်ခဲ့သည်။ သူ… ဘွဲ့ရခဲ့ပါပြီ။ ဘ၀ အလင်းတစ်ချို့ ထွန်းညှိကူးယူရင်း ခု သီတင်းကျွတ်မှာ အိမ်က ၄ ပေ မီးချောင်း ကျွမ်းခါနီးကို လဲဖြစ်ဖို့လည်း သူသတိရပါသည်။ ခုတော့ ၄ပေ မီးချောင်းပေါ့။

အဖေရဲ့ ၁ပေ မီးချောင်းအောက်က စာအုပ်ထူထူဟောင်းဟောင်းတွေကို ဖတ်သည့်အချိန်ကသာ တကယ့်သီတင်းကျွတ်ဖြစ်ခဲ့သည်။ အဖေ ဖတ်နေသည့်စာအုပ်များထဲက (ကိုယ့်ဘ၀နှင့် မအပ်စပ်သေးသမျှ)အကြောင်းအရာများကလည်း ဘက်ထရီအိုးထဲက အက်ဆစ်ထက် လောင်ကျွမ်းမှု ပိုကောင်းခဲ့သည်။ ဆေးရုံပေါ်မှာ မကြာလိုက်သော်ငြား၊ စကားများစွာ အမှာမပါးရငြား၊ အဖေသည် ၁ ပေ မီးချောင်းလေးနှင့် စာအုပ်ဖတ်သည့် အလေ့အကျင့်ကို သမီးကြီးကို ဆက်လုပ်စေလိုကြောင်းတော့ မှာခဲ့နိုင်လေသည်။ စစချင်းတော့ မလုပ်နိုင်ခဲ့။ ခွင့်လွှတ်မယ်မဟုတ်လား အဖေ။ အဖေငှါးထားခဲ့သော တက်ကျမ်းတွေ၊ ပညာရေးလမ်းညွှန်တွေကို ငေးမော လှန်လှောရင်း၊ “သမီးကြီးရဲ့” အစချီမြဲ အဖေ့စကားသံကြားယောင်ရင်း ခုကိစ္စ၊ ခုရှင်းစနစ်ဖြင့် ၁၀ တန်း ဖြေမည့်စာများကိုသာ အရင်ကြည့်ဖြစ်ခဲ့ပါသည်။

“ဘဆရာကြီးတို့၊ စက်ရုံမိသားစုတို့ ၀ိုင်းဝန်းပံ့ပိုးသမျှ အကျိုးမဲ့မဖြစ်စေနဲ့၊ အဖေ့သမီးဟာ ထီးတစ်လက်သာဖြစ်ရမယ်၊ မီးတစ်စမဖြစ်စေနိုင်ဘူး၊ သမီး၊ တောင်ပြိုလို့ တောင်ရိပ်ခိုစရာမရှိလည်း သမီး ထီးရိပ်မှာ ခိုမယ့်မောင်ညီမတွေကို သမီး အရိပ်မိုးပေးနိုင်ပါစေကွယ်” ဆိုသော အဖေ့စကားသံဖြင့် သူ အားတင်းနိုင်ခဲ့သည်။ အဖေဆုံးပြီး နောက်၂လအကြာတွင် ကျင်းပသော ထိုနှစ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သူ အောင်မြင်ခဲ့သည်။ ဇီးကုန်းမှ အဖေ့ အမများထံ သူ တစ်နွေလုံး အလုပ်သွားကူလုပ်ပေးပြီး အဝေးသင်တက္ကသိုလ်ဆက်တက်စဉ် အမေနှင့် မောင်ညီမများနှင့်အတွက် အမိုးမလျော့စေခဲ့။ နောက်ဆုံး မောင်လေး အလတ်ကောင် ၁၀ တန်း ဆက်မဖြေဘဲ တပ်ထဲဝင်မည်ဆိုသည်အထိပေါ့။

* * * * * * * * * * * * * * * *

ကျွန်မနဲ့ ခင်မင်ဖူးတဲ့ ညီမငယ်တစ်ယောက်က ပြန်ပြောပြတဲ့ သူ့ဘ၀အကြောင်းလေးပါ။ ခု သီတင်းကျွတ်မှာ သူ့အိမ်ကလေးအတွက် မီးပုံးလေးတွေဝယ်ဖြစ်ပြီတဲ့။ သီတင်းကျွတ်မှာ သတိရမိတဲ့အကြောင်းလေးရေးလိုက်တာပါ။

Advertisements

2 thoughts on “သီတင်းကျွတ်ရင် …

  1. ဟူး…:) တော်သေးတာပေါ့ ဒီတစ်ခါ သီတင်းကျွတ်ရင် မီးပုံးလေးတွေနဲ့ဖြစ်သွားပြီပေါ့။ အဲဒီအတွက် ဂုဏ်ယူပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s