Torrents & Me

Torrent Sites

ရုပ်ရှင် ကြိုက်တယ်၊ သီချင်းလည်း ကြိုက်တယ်။ စာအုပ်လည်း ဖတ်ချင်တယ်။ အလုပ်ဆိုလည်း ပိုက်ဆံရတဲ့ အလုပ်ကလွဲရင် ပျော်ပျော်လုပ်နိုင်တယ်။ ကိုင်း……. လူတန်းစေ့ဖို့တော့ မလွယ်တော့ဘူးနဲ့ တူပါရဲ့။

ကြည့်မိတယ်၊ ကြိုက်သွားတယ်။ The Illusionist Torrent တွေပဲ ရှာပြီး ဒေါင်းလုပ်ချချ၊ http://mediafire-strain.blogspot.com မှာပဲ ရှာရှာ၊ တွေ့နိုင်ပါတယ်။ Mediafire ဖိုင်တွေရှာချင်ရင် search engine တွေတော့ ရှိပါရဲ့၊ Rapidshare လိုမျိုး စိတ်ထဲက မကြိုက်လှဘူး။ ဒါနဲ့ Torrent ပဲ အားပေးနေတာပဲ။ သူခိုးအားပေး ပဲ ဆိုဆို။

ဒါမျိုးလေးတွေ တွေ့ရင် အဖေ့ကို သတိရတယ်။ အဖေ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထိ သဘောကျတတ်တဲ့ catagory မျိုး။ ခု ကြိုက်ပါဦးတော့မလားတော့ မသိ။ ဖုန်းမပြောရတာ ၃ လရှိပြီ။ တဆင့်ခေါ်ဖုန်းက ဘီးဇီး၊ တစ်ဆင့်ထပ်ခေါ် ဟန်းဖုန်းက လိုင်းမမိ။ အဖေ ပေးလိုက်တဲ့ စာအုပ်ကို ၃၊ ၄ ရွက်လောက်ပဲ လှန်ပြီး မဖတ်ဖြစ်တော့ဘူးဆိုရင် စိတ်များ မကောင်းဖြစ်လေမလား။

အကြွေးတွေတော့ များလှပြီ။ အလုပ်တွေလည်း ကျန်၊ စကားတွေလည်း ကျန်၊ အတွေးတောင် အကြွေးကျန်တယ် ထင်မိပါရဲ့။ ပြန်တွေးဦးမှပါ။ စဉ်းစားလို့ရမှပဲ ပြန်ပြောပြတော့မယ်။ ခုတော့ တော်သေးပြီ။

(ရောက်ရာပေါက်ရာ လေလျှောက်ပြောမိသွားပါသည်။ ဒီလိုပဲ ဖြစ်တတ်ပါသည်။ အားလည်းနာပါသည်။ ခင်လည်းခင်ပါသည်။ အကြွေးတွေကို လျှော်ပစ်နိုင်လျှင် အားကြီး၊ အများကြီး ပျော်ပါမည်။ 😀 )

 

 

စာသင်ခြင်း

ကျောင်းစာသင်ခန်းကို ခွဲခွါခဲ့သည်မှာ ၈ နှစ်။
အကြာကြီးတော့ မဟုတ်သေးပါ။

တစ်ခါတစ်ခါ ကျောင်းလေးဘာလေး ပြန်တက်ချင်စိတ်ပေါက်ဖူးပါသည်။ ကိုယ်ကျင်လည်နေရသည့်အလုပ်က ကျောင်းမှာ သင်ခဲ့ရသည့်၊ ကိုယ်လည်း စိတ်ဝင်စားသည့် ဘာသာရပ်မဟုတ်။ ဒါနှင့်ပဲ အလုပ်မှာ စိတ်မဝင်စား၊ မပျော်မရွှင်တော့လည်း မဟုတ်ပြန်ပါ။ နဂိုစိတ်က ဘာပဲ လုပ်ရသည် ဖြစ်စေ တတ်နိုင်သလောက်တော့ အံဝင်ခွင်ကျ ဖြစ်ချင်သည့်အတိုင်း ဖြစ်အောင်နေသည်ပေါ့။ စာထပ်သင်ရမည်ကို စဉ်းစားသည့်အချိန်မှာ ကိုယ့် နဂို သင်ကြားခဲ့သော လမ်းကြောင်းကို ပြန်ကူးပြောင်းလျှင် ကောင်းမလား၊ လက်ရှိ လုပ်ငန်းခွင်မှာ အဆင်ပြေစေမည့်လမ်းကြောင်းကိုပဲ လျှောက်မည်လား။ ပိုဆိုးသည့်မေးခွန်းက – “ငါ စာသင်လို့ ဖြစ်ပါဦးတော့မလား”

ခု ပြီးခဲ့သည့် တနင်္လာမှ ကြာသာပတေးထိ ရက်တိုသင်တန်းတစ်ခု တက်ရပါသည်။ လုပ်ငန်းခွင် လိုအပ်ချက်အရ အလုပ်က ထားပေးသော သင်တန်းပါ။ Building Construction Supervisor Safety Course ဖြစ်ပါသည်။ ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ကျင်လည်နေရသည်မို့ ဆိုက်ထဲက ဒါရှိမှ အဝင်ခံမည်ဆိုလျှင် ဒါလေးရှိအောင် ပြေးလုပ်ရမည်ပေါ့။ ဖြစ်ပေါ်ခဲ့သော စိတ်အလျဉ်မှာ ဤသို့ –

ပထမနေ့ – နောက်တော့ ဘယ်ကျောင်းမှ ထပ်မတက်တော့ပါဘူးဟာ

ဒုတိယနေ့ – တက်တော့လည်း ဖြစ်တော့ ဖြစ်သွားမှာပါလေ။

တတိယနေ့ – ခုနေ ကျောင်းထပ်တက်ရင် ဖြစ်လောက်ပါသေးတယ်။ ငါ ဒီလောက် မဝေးသေးပါဘူး။

စတုတ္ထနေ့ – စာမေးပွဲသာ မဖြေရရင် ကျောင်းတက်ရတာ အတော်ကောင်းမှာပဲ။

စာမေးပွဲဖြေရန် ၅ မိနစ်အလို – မေးချင်တာသာ မေးတော့၊ ဖြေချင်တာ ဖြေတော့မှာပဲ။ အောင်လက်မှတ် ရတော့ ရကောင်းပါရဲ့။

စာမေးပွဲ ပထမပိုင်းဖြေပြီး ဒုတိယပိုင်း မဖြေမီ – အင်း ဒီတိုင်းဆို ငါ့ခေါင်း မှတ်နိုင်သေးသား။ စလုံးစခုလည်း မျိုချရုံပေါ့။ မကျေလည်း ရပါတယ်။

စာမေးပွဲ ဒုတိယပိုင်း ဖြေပြီးချိန် – ပြီးတော့လည်း ပြီးတာပါပဲလေ။ စာသင်ရတာလည်း လက်မှတ်ရဖို့ဆိုရင်တော့ အဆင်ပြေမှာပါ။

တနင်္လာနေ့ အောင်စာရင်းထွက်ပါမည်။ အောင်မည်ဟုလည်း ထင်ပါသည်။ အလုပ်နှင့်ပတ်သက်သော လက်မှတ် နောက်တစ်ခု ထပ်ရအောင် ၆လကြာ သင်တန်းတစ်ခု တက်ချင်စိတ် ပေါက်ပါသည်။ ပိုက်ဆံ ၆၀၀၀ လောက် ကုန်ပါမည်။ လခ ကောင်းကောင်းရအောင် ထပ်ရင်းမည့် ပိုက်ပိုက် ၆၀၀၀ ကို အိမ်မှာ လုပ်ငန်းတစ်ခု ထောင်ရင်ကောင်းမလား ချိန်ထိုးကြည့်လိုက်ပါဦးမည်။

ခဏတဖြုတ် ကျောင်းသားပြန်လုပ်သော ကျည်ပွေ့ သတင်းအစီရင်ခံခြင်း ဤတွင် ပြီးပါပြီ။ 🙂

Gmail Motion!!!!

မနေ့က တစ်နေ့လုံး ကိုယ်တော့ဖြင့် အပြင်ကို မထွက်ဘူး။ (အွန်လိုင်းမှာ လျှောက်မလည်တာ)။ ဧပြီတစ်ရက်လေ။ သိတော်မူကြတဲ့အတိုင်း။

ကိုယ့်ဘာသာကိုယ် မှတ်ချက်ချတယ်။ ငါ ဒီတစ်နှစ် မခံရဘူး – လို့။

ဒါပေမယ့် စာတိုက်ပုံး ဖွင့်သူတိုင်း မြင်ရမယ့် ဖြားယောင်းမှုတစ်ခုပေါ့။

ကိုယ် ကျဆုံးသွားတယ်။ ဂူးဂဲလ်ရယ် – – –

တစ်ကမ္ဘာလုံးကို နောက်တဲ့ ဂူဂဲကြောင့် တဂူးဂူး တဂဲဂဲ မြည်ချင်စိတ် ပေါက်သွားပါပြီ။

ကြည့်တော်မူကြပါကုန်။

အနည်းဆုံး မထွက်သေးဘူးဆိုတော့ လေက မလျှော့ပါကလား ဂူးဂဲလ် ရယ် . . . . . .  .

ယူနီဗာဆယ် . . . . .

ကျွန်းပိစိလေးမှာ ဘယ်မှလည်း သွားစရာ ထွေထွေထူးထူး မရှိတာနဲ့ ဒီနေ့ (၄-၂-၂၀၁၁) ယူနီဗာဆယ်စတူဒီယို (ဆန်တိုဆာ) ကို ရောက်ပါတယ်။

ဝင်သွားပြီး အလကား ရတာတွေ အကုန်ကြည့်ပါတယ်။ ပိုက်ဆံ ထပ်မပေးရသမျှ အကုန်လုပ်ပါတယ်။ ဟဲ ဟဲ။ ဝင်ကြေးကလွဲရင် အကုန်မခံဘူးဆိုပြီးတော့ သန္နိဌာန် ချထားတာလည်း ပါတာပေါ့လေ။ မကုန်ကုန်အောင် ဆွဲဆောင်ထားတာကလည်း ရောက်သွားတဲ့ ဇုန်တိုင်းဆိုပါတော့။ ဒါပေမယ့် ခုအချိန်က သူတို့ ဖွင့်တဲ့ နှစ်ပတ်လည် ဖြစ်နေလို့ပဲလားတော့ မပြောတတ်ဘူး။ ဒီလို ရို လာကိုစတာကြီးဆို ထပ်ပေးစရာမလိုဘဲ စီးလို့ရသဗျ။ စီးခဲ့လားလို့တော့ မမေးပါနဲ့။ သတ္တိခဲ ရဲရဲနီ ကုမ်ရာသီသူ တစ်ယောက် မစီးခဲ့ပါဘူး။

ကုမ်ရာသီသူတို့ စီးခဲ့တာ စစချင်း Madagascar (Escape to Africa) က ဇာတ်ကောင်တွေနဲ့ ပတ်လည်လှည့်တဲ့ ကလေးစီး ချားရဟတ်ပါ။ ပုံတွေကို ရေထိုးဖို့ ပြန်ရှာတော့ ကိုယ့်ဘာသာ ရိုက် တာတွေက တစ်ခုမှ ဆင်ဆာ မလွတ်တာနဲ့ Google Images ကပဲ ယူပါတယ်။ ဟဲ ဟဲ။ အဲဒီမှာ လျှောက်သွားရင်းနဲ့ စိတ်ကူးတောင် ပေါက်ပါသေး။ Johny Depp နဲ့ Angelina Jolie တို့ ရိုက်သွားတဲ့ The Tourist မှာ ဒီလို နေရာမျိုးကနေ ဇာတ်ကွက် ဇာတ်လမ်း စိတ်ကူးရသွားလားမသိ။ ပြီးတော့ အဲဒီ ဇာတ်လမ်းထဲက အဓိက သီချင်းနဲ့ အဓိက ဇာတ်ဆောင်အရုပ်ထဲ ဝင်ထားတဲ့ လူတွေ ကကြပါတယ်။ ဇာတ်လမ်းထဲက လိုပါပဲ။ ဒါပေမယ့် နေပူပူမှာ အဝတ်ထူထူကြီးတွေအောက်က ပူလောင် နွမ်းနယ်နေမယ့်လူတွေကို မြင်ယောင်ရင်း ဆက် မကြည့်ဖြစ်တော့ဘဲ ဘီလူးအိမ်သာဘက် ဆက်လျှောက်ခဲ့ပါတော့တယ်။

ပြီးတာနဲ့ ရောက်လာတာ ဘီလူးမောင်နှံ 4-Dimension နဲ့ ပြတဲ့ ဇာတ်ရုံပေါ့။ တန်းစီရတာကတော့ နေရာတိုင်းမှာ နာရီဝက်အသာလေးပဲ။ ရှေ့မှာ တန်းစီတဲ့ အသက် ၆၀ကျော်အရွယ် ဖွားဖွားတစ်ယောက်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုတောင် ငါ တော်တော် အိုစာပါ့လားလို့ တွေးမိလိုက်ပါသေး။ ဟယ်လိုကစ်တီ ထီးပန်းရောင်လေးနဲ့၊ ဖိနပ်ခုံမြင့်ကို အသားကပ်ခြေအိတ်လေးနဲ့ လှပဲ လှသေးတော့ (နောက်ကနေ ကြည့်တာနဲ့ကို အိုတော့ အိုနေပြီမှန်း သိပေမယ့် ရှေ့ကကြည့်မိတော့မှ အတော် လေ သွားပါလေရော)။ ရုံထဲရောက်တော့ လူ ရေ ကြည့်မိတယ်။ တစ်သုတ်ကို အယောက် ၅၀၀ လောက် သွင်းပါတယ်။ တစ်သုတ်ကို မိနစ် ၂၀လောက် ကြာတဲ့ ဇာတ်လမ်းတိုလေးကို ကြည့်ရတာပါ။ ကိုယ့်မျက်နှာ လာမှန်မယ့် မီးခဲတို့၊ ပိတ်ကားထဲက နှာချေလိုက်တာတွေ စင်မှာစိုးတာတို့ (တကယ် စင်သဗျ၊ ရေတွေ ဖျန်းတယ်နဲ့ တူတယ်)၊ ပစ္စည်းတွေဘာတွေ လွင့်လာတယ်ထင်တာတို့တော့ ပြောမနေနဲ့တော့။ ထိုင်ခုံပေါ် ခြေထောက်တွေဘာတွေ တင်၊ မျက်နှာနား စာရွက်နဲ့ ကာတာကာ၊ ခေါင်းတွေဘာတွေ ငဲ့တဲ့အခါငဲ့။ ဝှူး…. အလုပ်ကို များသွားတာပါပဲ။ စကားမစပ် အဲဒီဇုန်နဲ့ The Lost World – Jurassic Park ကြားမှာ ATM တွေ တွေ့ပါတယ်။ အထဲမှာ ပိုက်ဆံကုန်သမျှ ကဒ်နဲ့ ပေးလို့မှ မရဘဲကိုး။

အဲဒါနဲ့ Jurassic Park ကို မကူးမီ နေ့လည်စာ ဆွဲကြပါတယ်။ အမှန်တော့ Food Republic ကနေ ထမင်းဘူးလေး၊ ဘာလေး ဝယ်သွားကြတာပါ၊ ဟိုကျ အဲဒါတွေ အထဲ သယ်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ အထဲမဝင်မီ တစ်နေ့လုံးစာ Locker ၂၀ ဖိုး ထည့်ပြီး ပစ္စည်းတွေ ထားသွားရပါတယ်။ နာရီပိုင်းအလိုက်လည်း ထည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါ ဖွင့်ပြီးရင် နောက်တစ်ခါ ထပ်သုံးချင်တိုင်း ပိုက်ဆံ ထပ်ပေးရမှာပါ။ အဲ EZ-Link ကဒ်နဲ့ ပေးလို့ ရသဗျ။ ဖြည့်ထားတဲ့ ပမာဏကလည်း များတော့ ဒါလေးပဲ ကပ်လိုက်ပါတယ်။ အထဲမှာ ပေါက်စီ ဝယ်စား၊ ဈေးကလည်း ကြီးပါ့။ ရေဗူးတော့ အိတ်တွေထဲ ထည့်သယ်သွားတာ ပါသွားလို့ တော်ပါသေး။ ဒါပေမယ့် အဲဒီမှာ သူတို့ရဲ့ Attraction က ရေစိုမယ်၊ ပြီးတော့ ပိုက်ပိုက်လည်း ထပ်ပေးရမှာဆိုတော့ မဝင်ဖို့ အားလုံး သဘောတူကြပါတယ်။ ပိုက်ဆံ အကုန်ခံချင်လို့ အပင်ပန်းခံပြီး လုပ်ခဲ့တာက နံရံတောင်တက်တာပါ။ တစ်ယောက်ကို ၅ ဒေါ်လာ ထပ်ပေးရပါတယ်။ အနာတရ ဖြစ်ခဲ့ရင် တရားမစွဲပါဘူးဆိုတဲ့ Letter of Consent မှာ လက်မှတ်ထိုး ပေးရပါတယ်။ တစ်ခါမှ မစမ်းဖူးတဲ့အကြောင်း ပြောပြတော့ အောက်မှာ ကြိုးနဲ့ ထိန်းပေးမယ့် လူတွေက အားပေးပါတယ်။ အဟဲ။ ကိုကြီး ဒီဘီတို့လို လူမျိုးအတွက် ဆိုရင်တော့ ထိန်းပေးမယ့်လူ အတော် ရှားမယ်ခင်ဗျ။ ကိုယ်ခန္ဓာအလေးချိန် သိပ်မကွာသူများက ထိန်းပေးဖို့ ရွေးချယ်ရလို့ပါ။ ကလေးတွေရော၊ လူလတ်ပိုင်းတွေရော ဖားကပ်၊ တောက်တဲ့ကပ်၊ အိမ်မြှောင်ကပ်၊ ပုတ်သင်ကပ်၊ အဲ. . . ကပ်နည်းပေါင်းစုံနဲ့ ကုမ်ရာသီသူတစ်ယောက် လူ တစ်ရပ်ကျော်တော့ ရောက်ခဲ့ပါတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်ထဲက ၃ ပွိုင့် မြဲရင် တစ်ပွိုင့်လွှတ်ပြီး ကုပ်၊ကပ် တက်သွားရတာကိုး။ ထိပ်ဆုံးက ကြိုးအဆုံးက ကွင်းကို လက်နဲ့ပုတ်ပြီးရင်တော့ ဒီ နံရံတောင်တက် စာမေးပွဲ အောင်ပြီပေါ့။ ကိုယ့်ဘာသာကိုယ် အားပေးပါတယ်။ ဒါ ပထမအကြိမ်ပဲလေ။ ထိပ်ဆုံး မရောက်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါတယ်။

ရှေးဟောင်း အီဂျစ်ဇုန်မှာတော့ မှောင်မှောင်ပိန်းပိန်း ပိရမစ်အတုထဲမှာ မမ်မီကလဲ့စားကို တင်ဆက်ပါမယ်တဲ့။ မဝင်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဝံပုလွေခေါင်းဆောင်းနဲ့ ကုလားမခြေထောက်ပိုင်ရှင်များက တကားကား၊ သူတို့နဲ့ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်သူများက တဖျပ်ဖျပ်၊ ဗလ တပြပြနဲ့ အီဂျစ်ဖာရိုအတုများကလည်း တလွှားလွှားပါပဲ။ ကုမ်ရာသီသူတို့ ညောင်းတာနဲ့ အင်္ဂတေကို သဲကျောက်တုံးနဲ့ တူအောင်လုပ်ထားတဲ့ စဖင့်ရုပ်အတုကြီးရဲ့ ခြေထောက်ခုံမှာ ထိုင်ပြီး နားကြပါတယ်။ အင်း . . .  ဒီနေရာကြီး တစ်ခုလုံးကကို Real Time Setting ဖြစ်နေတာကိုးလို့ မှတ်ချက်ချမိပါသေးတယ်။ နောက် ဇုန်ကတော့ သိပ္ပံကားတွေ ရိုက်နေကျ သိပ္ပံမြို့တော် အတုပါ။ ရိုလာကိုစတာကို အဲဒီနေရာမှာ စီးရပါတယ်။ မဝင်ပါဘူး။ အဖေါ်တွေ စီးတာကို ပစ္စည်းတွေ အကုန် ယူထားပေးပြီး ဝင်ပေါက်မှာ စောင့်ပါတယ်။ ပြီးတော့ ထွက်လာရင် ဒူးခွေလာလို့ကတော့ ဓါတ်ပုံ ရိုက်မှာပဲ ဆိုပြီး လုပ်ကြံဖို့ပေါ့လေ။ သူတို့က ထွက်လာတာ အေးဆေး ပုံမှန်ပဲ ခင်ဗျ။

အဟဲ။ ဟိုတလောလေးကမှ Step Up 3D ကြည့်ဖူးကြတဲ့ အမ ဂွိတို့ ကိုယ်တိုင် ပါဝင်ပြီး အကြောလျှော့လို့ရတဲ့နေရာ နယူးယောက်က ဟောလီးဝုဒ်ပါ။ ဒီမှာ ဒီအဖွဲ့ ရှိပါတယ်။ ကလေးတစ်ယောက်၊ ကလေးမတစ်ယောက်၊ အိန္ဒိယမင်းသားတစ်ယောက်တို့ ဗော်လံတီယာ ပါဝင်တဲ့ Chain Dance, Free Style Dance တို့နဲ့ လက်ခုပ်တွေ တီးကြ၊ လက်တွေ မြှောက်ပြီး ယမ်းရ (မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် ဆိုတော့လည်း ပျော်ပျော်ပါပဲ)၊ အတော် မြိုင်ဆိုင်ပါတယ်။ အဲဒီမှာ ကုမ်ရာသီသူ အတော် သဘောတွေ့သွားတာက စတီဗင် စပီးဘတ်ဂ်ရဲ့ တင်ဆက်မှု (The Day After Tomorrow က ဇာတ်ဝင်ခန်းတစ်ခုလို့ ထင်ပါတယ်) Light, Camera, Action! အစီအစဉ်ပါ။ တစ်နာရီ မိုင်တစ်ရာ့ငါးဆယ်နှုန်းနဲ့ မုန်တိုင်းက နယူးယောက်ကို ဖြတ်သန်းမယ့် အချိန်၊ ကိုယ်က သဘောင်္ကျင်းတစ်ခုထဲ ရောက်နေပြီး မိုးကြိုးတွေပစ်၊ လေတွေတိုက်၊ လျှပ်စစ် ရှော့ဖြစ်ပြီး ရေထဲမှာ မီးတွေတောက်၊ ထုပ်တန်းတွေ ဘာတွေ ကျိုး၊ မော်တော်ဘုတ်တွေ ဘာတွေ လေထဲ လွင့်၊ နောက်ဆုံး . .  သွားနေတဲ့ သဘောင်္ကြီးက တအိအိနဲ့ သဘောင်္ကျင်း တံခါးဝကနေ ရွေ့ဝင်လာပြီး ကိုယ့်ရှေ့နားထိ ရောက်လာတာ အင်း . . . . . ဒီ အတုက မီးတွေလည်း ပူ၊ ရေတွေလည်း စင်၊ အစစ်လိုလည်း ထင်ယောင်ထင်မှား ခံစားနိုင်စေတာ အတော်ကို သဏ္ဍာန်လုပ်၊ သရုပ်တူနိုင်ပါပေတယ်။ စကားမစပ် ၂၀၁၂ ကမ္ဘာကြီးကို့လို့ကန့်လန့်ဖြစ်မယ်ဆိုရင် ဆိုပြီး ရင်ထဲမှာ နည်းနည်းတော့ ဖိုးသိုးဖတ်သပ်ဖြစ်သွားပါတယ်။

ပြီးတာနဲ့ ထွက်ပြီး ပစ္စည်းလေးတွေ ရွေး၊ ပန်းပွဲတော်ကို ဆက်မသွားခင် သယ်သွားတဲ့ မုန့်တွေ၊ ရေတွေ ဝိတ်လျှော့တဲ့အနေနဲ့ ထိုင်စရာ ရှာပြီး စားကြ၊ ဝါးကြပါတယ်။ ယုန်ရုပ်ကလေးတွေ၊ ၁၂ကောင်ရုပ်တွေကို ပန်းတွေနဲ့ ပုံစံဖေါ်ထားတာ ဓါတ်ပုံတွေ ရိုက်ကြတာပေါ့လေ။ ငါးမဟုတ်၊ ခြင်္သေ့မဟုတ် အကောင်ကြီးဘက်ကို ဖြတ်လျှောက်တော့ လိမ္မော်သီးလေးတွေနဲ့ အလှဆင်ထားတာ အတော်များများမှာ အသီးပြုတ်ရာ၊ အညှာလေးတွေ ဖွာဖွာနဲ့ တွေ့ရပါတယ်။ သူငယ်ချင်းက သတိမထားမိသေးခင် “ဖြုတ်စားရင် ရမလားမသိ”လို့ ပြောပါတယ်။ သူ့ကို အညှာရာလေးတွေနဲ့ အောက်ကျနေတဲ့ ရော်နေပြီဖြစ်တဲ့ လိမ္မော်သီးတစ်လုံးကို ပြလိုက်ပါတယ်၊ “ဒီလိုကိစ္စမျိုး ရှိသကိုး”လို့ သူက ပေါင်ချိန်လေနဲ့ မှတ်ချက်ချပါတယ်။

နောက်မှ သူငယ်ချင်းတွေဆီက သိရတာပါ။ ယူနီဗာဆယ်စတူဒီယို စဖွင့်ကာစ အချိန်က ဒီလို Attraction အစီအစဉ်တွေကို ဝင်ကြည့်ချင်ရင် သတ်သတ် ပိုက်ပိုက် ပေးရပါသတဲ့။ ဝင်ကြေးကလည်း ၁၀၀ ကျော်ပါသတဲ့။ ခုမှ ဝင်ကြေး ၇၂ ဒေါ်လာ ပေးပြီးရင် ဒါတွေပါ အပါအဝင်ဖြစ်သွားတာ ဆိုပဲ။ တော်သေးတာပေါ့။ အင်း . . . ပုရွက်ဆိတ်အုံအလား လူအုပ်ထဲမှာ တိုးရင်း၊ တန်းစီရင်း ကြည့်ခဲ့၊ ရောက်ခဲ့တာကို ခု ရုံးပြန်တက်ခါနီးမှ ရေးပြလို့ ကုမ်ရာသီသူကို မထောင်းကြတန်ရာနော်။ နံရံတောင်တက်ပြီး ကောင်လုံးနာနေတာနဲ့ (ဘိတ်/မြိတ်-သံနဲ့ ပြောတာပါ။ တစ်ကိုယ်လုံးနာတာကို ကောင်လုံးနာတယ်လို့ ပြောပါတယ်) ခုမှပဲ ဒီ ရေထိုးတဲ့ ပို့စ် လေး ပြီးပါတယ်။ ခွင့်လွှတ်ကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။ 🙂

ထွေရာလေးပါး – ၂

ရေဒီယိုအစီအစဉ်တွေ နားထောင်ဖြစ်ကြောင်း ပြောထားပြီး ရေဒီယိုလိုင်းတွေကို အချိန်နှင့် တပြေးညီ မပြောင်းထားမိ၍ AOL Radio ကို ဖွင့်မရကြောင်းလည်း မပြောဖြစ်ပါ။ ခု နောက်တစ်မျိုးတိုးပြီး မျိုးစုံ ကလိနိုင်သော Live 365 Radio ထဲမှ Cyclone Radio ကို မှန်မှန် ဖွင့်ဖြစ်ပါသည်။ ဘယ့်ကလောက် စုံသနည်းဆိုသော်……… ၁၉၄၀ ခုနှစ်များဆီမှ နာမည်ကြီး Hit သီချင်းများအစ၊ ၁၉၈၀ ပတ်ဝန်းကျင် ပေါ့ပ် သီချင်းများ အလယ်၊ နောက်ဆုံးပေါ် အော်တာနေးတစ်ဗ်ဆိုသည်များ အဆုံး အကုန်လုံးကို တစ်နေ့လုံးနေ၍ သီချင်းတစ်ပုဒ်မထပ်ရအောင် လွှင့်နိုင်ပါပေသည်။ (အဲ – ပြောနေရင်း မနေ့က နေ့လည်လွှင့်သွားသော ခေတ်ဟောင်းသီချင်းလေး ပြန်လာနေ၏၊ 😦 )

မနေ့ တနေ့ကမှ ရွှေကမ္ဘာလုံးဆုသတင်းဓါတ်ပုံတွေ ကြည့်မိသည်။ ဒီတော့ Julie & Julia ကြည့်ချင်သွားသည်။ ရှာမည်။ တွေ့လျှင် ဒေါင်းမည်၊ ကြည့်မည်။ ချက်တင်ထိုင်ရင်း ရုပ်ရှင်ကြည့်မည် စိတ်ကူးသည်။

Jurong East ပေါ်ပြူလာမှာ ဆိုင်ပြောင်းခါနီး အလွန့်အလွန် ဈေးတွေ ချနေသည်။ နောက်တစ်ပတ်ခံပါဦးမည်လားမသိ။ မထင်။ စနေ နေ့ နောက်ဆုံးထား၍ အလကားနီးနီး ဈေးချမည့် စာအုပ်ပုံများထဲမှ မူကြိုကလေးဖတ်ရန်စာအုပ်များကို သဲကြီး မဲကြီး ဖယ်ကာ လိုချင်တာ မရသေးသလိုပုံစံနှင့် ရှာဖွေရေး ဆင်းနေသူ အပြင်းစား ကုမ်ရာသီသူကို မမြင်ယောင်ဆောင်သွားကြပါရန် ကြိုတင် မေတ္တာ ရပ်ခံပါသည်။ (ဟဲ ဟဲ)

IMM နှင့် တစ်မှတ်တိုင်အကွာ International Business Park နှင့် မျက်နှာချင်းဆိုင်တွင် The Chevrons ရှိသည်။ စနေနေ့ နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း Branded ပစ္စည်းမျိုးစုံ လျှော့ဈေးချမည်ဟု ကြော်ငြာ ကပ်ထားသည်ကို တွေ့ရပါသည်။ စိတ်ပါဝင်စားသူများ ယောင်တောင်ပေါင်တောင် ပိုက်ဆံကုန်ရအောင် အဖေါ်ညှိလိုက်ပါကြောင်း။

ဤတွင် လတ်တလောသတင်းများကို ရောက်တတ်ရာရာ ပေါက်ပေါက်ဖောက် အစီရင်ခံခြင်းများ ခေတ္တရပ်ဆိုင်းခွင့်ပြုပါရန်။ 😀

ထွေရာလေးပါး – ၁

အသံတိတ်နေမိတာ အတော်ကြာသွားသည်နှင့် တူ၏ ။ စိတ်ထဲက ယားကျိယားကျိ အတော် ပြင်းထန်လာသည်။ ဘယ်အကြောင်းအရာက စရပါမည်နည်း။

ကိုယ့်ဘာသာကိုယ် မျက်နှာ စာအုပ်ကြီးမှာ လယ်စိုက်၊ ဒမြတိုက်နေရသည်က အတော် ငြိမ်းချမ်းသည်။ ဖတ်ချင်သည့် ဘလော့တွေ၊ သူများရှယ်သမျှ အကြောင်းအရာတွေ လျှောက်ဖတ်ရင်း ညောင်းလာလျှင် ကိုယ့်အိမ်ကိုယ်ပြန်ခွေနေနိုင်သည်။ မနေနိုင်မထိုင်နိုင် ဆတ်ဆော့မိတော့ သူများ ဧည့်ခန်းတွေ ဝင်ထိုင်မိပါ၏။ “အဲဒီမှာ စ,တွေ့တာပဲ”

အင်တာနက် စသုံးတတ်ခါစ လွန်ခဲ့သော ၅နှစ် ၆နှစ်ခန့်က သူများတွေ ချက်ပြုတ်နေကြသည်ကို မြင်တွေ့ရစဉ် “စွဲတတ်တယ်ထင်ပါရဲ့” – ပေါ့ပေါ့ပဲ တွေးမိသည်။ ဘာတွေ ပြောကြ၍ ဘယ်သို့ စွဲကြသည် မသိ၊ မစဉ်းစားတတ်။ တစ်ခါတစ်ရံ လူသုံးများသော အင်တာနက်ဆိုင်မှာ “စက်မအားသေးဘူး အမရေ” ဆိုလျှင်တော့ စိတ်ထဲက ခိုးလိုးခုလု ဖြစ်မိသည်မှာ ထိုင်ရာမထတမ်း ချက်ပြုတ်အားကောင်းလှသည့် သူများကို။

အသက်ကြီးမှ အ,သုံးလုံး သင်သလိုတော့ အင်တာနက်သုံးနည်း မသင်ခဲ့ရပါ။ ငယ်ကတည်းက ကွန်ပျူတာ အင်တာနက်နှင့် ဖက်မွေးလာခြင်း မဟုတ်သည့်အတိုင်း စ,သုံးသုံးချင်း အနည်းငယ်တော့ စိမ်းပါသည်။ သို့ဖြင့် အင်တာနက်ဆိုင်တွင် လူရှင်းသော အချိန်များကို မေးကာ သွားတတ်လာသည်။ ပြီးတော့ သူများတကာကို မေးမြန်းကာ ဂူးဂဲလ်ကြီးကို နည်းနည်းပါးပါး တောင်ကြည့်မြောက်ကြည့် ရှာဖွေမိလာသည်။ နောက်ဆက်တွဲအဖြစ် ဟိုဟိုသည်သည် လည်ပတ်တတ်လာသည်။ အဲသည့်အချိန်များမှာ ခေတ်စားသည်က Zorpia Journal။ ဘာမှန်းရေရေရာရာ မသိလိုက်ဘဲ အကောင့်တစ်ခုတော့ ပိုင်ဖူးသည်။ သူများတွေ ချက်ပြုတ်ကြချိန် ရှာစရာ ဖွေစရာ တစ်ပုံကြီး ရှိနေတတ်သူ တစ်ယောက်အဖို့ ဖြတ်သွားဖြတ်လာ ဧည့်ခန်းများပင် ဝင်မထိုင်ခဲ့ရစဖူး။

မကြာသေးမီက ဟိုဟိုသည်သည် လျှောက်သွားရင်း မြန်မာစာနှင့် ချက်ကြသော ဧည့်ခန်းလေးတစ်ခုကို သတိပြုမိသွားပါ၏။ ၀င်ပေါက်မှ ငေးကြည့်နေရင်း ဖြတ်သွားဖြတ်လာ နောက်ကြ၊ ပြောင်ကြ၊ ထိုင်စကားပြောသူများ ပြောကြ၊ ဆိုကြသည်ကို သဘောကျမိသေးတော့သည်။ မိန်းကလေး၊ ယောကျာင်္းလေး မှန်းဆကြည့်၊ ပြောဟန် လေသံအရ အသက်အရွယ် မှန်းဆကြည့်၊ အလုပ်အကိုင်၊ နေပုံထိုင်ပုံ၊ စိတ်သဘောထားပုံတို့ကို မှန်းဆကြည့် နှင့် စိတ်ဝင်စားစရာ အကောင်းသား။ ခင်သန္တာ သက်ချိုပြုံးတို့၏ နုနွဲ့သော စိတ်သဘောထား၊ အတောင် ၂၀ ဝတ် ကိုကိုတို့၏ ပုဆိုးစွန်တောင်ဆွဲကြသော အတင်းပြောပုံများ၊ သွယ်သွယ်ပျောင်းသော မယ်ဖော့ဖယောင်းတို့ စကား ဗလ ပြကြပုံများကဖြင့် အံ့ဩကုန်နိုင်ဖွယ်။

တစ်ခါတစ်ခါတော့ သူရို့ဧည့်ခန်းကလေးမှာ မိန်းကလေးတို့ဖြင့် ကျွက်ကျွက်စီနေတတ်သည်။ သည်ကြားထဲက ကမ္ဘာပတ်နေကြသော ကာလသားများဖြင့်လည်း ဆဲဆိုသံတွေ ညံတတ်ပြန်သေးသည်။ ထိုသို့ ဆဲဆိုနေကြစဉ်တော့ ရှိသမျှ မိန်းကလေးတွေ “အမယ်လေး” အော်ကာ ထွက်ပြေးနေကြတတ်ပါ၏။ သည်လို အချိန်မျိုးတွင် အခန်းပြင်မှာ ရပ်ငေးနေကြည့်မိရင်းက လှည့်ပြန်ခဲ့ဖြစ်တော့သည်။

ရှားပါးလှသော တစ်ရံတစ်ခါတွင်တော့ မိန်းကလေးများ တွတ်ထိုးနေသည်ကို အလကားနေရင်း ထိပ်ပုတ် ခေါင်းပုတ် လုပ်နေသော (လေနှင့်) ထိပ်ပြောင်ကြီးများကို တွေ့ရပြန်လေသည်။ ကိုယ့်မှာ အိမ်ထောင်ရက်သားရှိပြီးသား (ရှိသော်လည်း မရှိသယောင် သဘောထားနေခြင်း) ဖြစ်ပါသော်လည်း နေရာတကာတွင် သူတို့ ကြည့်နေကျ (၁၈နှစ်အောက် မကြည့်ရ) ရုပ်ရှင်မှ မိန်းကလေးများကို မြင်ယောင်နေကြသူများသာတည်း။ ဤသို့လျှင် ဘာကိုယ်ကျင့်ရေးရာမှ ဂရုစိုက်စရာ မထင်သော ပုဂ္ဂိုလ်ကြီးများဖြစ်လေရကား ……… ထိုထိုသော ရုပ်ရှင်ကားများမှ စကားလုံးများ၊ အပြုအမူများကို ဧည့်ခန်းထဲသို့ ပြောင်ပြောင်ကြီး သယ်ဆောင်ကျင့်သုံးကြသည်မှာ မသတီစရာကောင်းလှဘိတောင်း။

အင်း……………… ဒေါ်မာမာအေးက ဘီဘီစီမှာ အစီအစဉ်နာမည်ပေးသလို “ပြောပြစရာတွေလည်း တပုံကြီးကျန်သေးတယ်”ဟုပင် ပြောရမည်ထင်သည်။

ဘောလုံးပွဲကြည့်နေသည်

မနေနေနိုင်ရဲ့ ဘလော့ကနေ ရလာတဲ့ လင့်ကို အကြောင်းပြု၍ အားရပါးရ ဘောလုံးပွဲ အိပ်ပျက်ခံပြီး ကြည့်ပါသည်ဆိုလျှင် ဟိုနှစ်ရက်လောက်က ဆေးခန်းသွားပြပြီး ဆေးခွင့်ယူထားရပါကြောင်း မည်သူက ယုံနိုင်ပါမည်နည်း။

ကျားကိုးစီး စားမကုန်ဟုတော့ အာမ,မခံပါ။ အာဠာဝက-ဟုတော့ အတူနေသူငယ်ချင်းညီမငယ်က ထောမနာပြုပါသည်။ သံနှင့်သွန်းသော စက်ရုပ်မဟုတ်သော်လည်း သူ့ဖုန်းထဲမှာ ကိုယ့်အတွက် Ring Tone ကို Robot ဟု အမည်ရသော အသံသတ်မှတ်ပေးထားပါသည်။

ငယ်ကတည်းက ဘောလုံးပွဲကြိုက်သည်။ အော်ဟစ်၍လည်း အားပေးတတ်သည်။ အားမလိုအားမရလည်း အသံထွက်တတ်သည်။ ညဘက် တိတ်တိတ်ခိုးကြည့်ပြီး ပါးစပ်မှာ ခေါင်းအုံးအပ်ကာ ဂိုးးးးးးးးးးးးးး လိုက်ပြီး အောင်ပွဲခံဖူးသည်။

ခုတော့ နားကျပ်ကလေးတပ်ကာ ကြည့်နေရပြန်ပြီ။ ဗူဗူဇီလာသံတွေ၊ ဂျာဘူလာနီဘောလုံး မြင်ကွင်းတွေနှင့် ကိုယ်နှင့် သမုဒ္ဒရာကြီးခြားသော ဖီဖာ-အသက်ဝင် အစီအစဉ်ကို အားပေးနေဆဲ……..

အဲဗျ။

ခု ပေါ်တူဂီ-ဘရာဇီးပွဲ ဆက်ကြည့်လိုက်ပါဦးမည်။

(Plug in ကို စိတ်ချလက်ချ Download လုပ်ပြီး အသင့်ကြည့်ရှုနိုင်ပါကြောင်း)