ပြော … မပြောချင်ဘူး – ၁

ခုတလော မြင်ရကြားရတာ စိတ်ကို မချမ်းသာရဘူး၊ ၁၆နှစ်သမီး Secondary ကျောင်းသူက  တိုက်ပေါ်ကနေ ခုန်ကျသေကြောင်းကြံတယ်၊ ရည်းစားဟောင်းက မျက်နှာစာအုပ်ပေါ်လာပြီး ပြဿနာ ကွန်မန့်တွေ ရေးလို့။ ၂၂နှစ် ရှိတဲ့ သူနာပြုမိန်းကလေးက ကိုယ့်ကိုယ်ကို သတ်သေတယ်၊ ရည်းစားက ကိုယ့်ကို ပစ်ပြီး တစ်ခြားတစ်ယောက်ကိုချစ်တယ်လို့ ပြောလို့။ အဲ့ဒီမိန်းကလေးရဲ့ မျက်နှာဘုတ်အုပ်မှာ ခင်သူ၊ မင်သူ၊ သတင်းကြားလို့ မှတ်ချက်ပေးသူတွေက မနည်းမနောပဲ။ ခုနောက်ဆုံးအခြေအနေမှာ အားကျတယ်ဆိုပြီး Status Update လုပ်ထားတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို ဆက်သွယ်လို့ရဖို့ အသိမိတ်ဆွေတွေက ကြိုးစားပမ်းစား ဆက်သွယ်နေကြသလို ဒေါမနဿတွေ ပွါးပြီး “အာလူးလာမပေးနဲ့”လို့ ပြောတဲ့လူက ပြောကုန်ကြပါပြီ။

တစ်မိသားနဲ့ တစ်မိသား ချစ်ကြ၊ ကြိုက်ကြတာ ဆန်းသလား၊ မဆန်းပါဘူး။ ဒါဖြင့် ပြတ်ကြ၊ စဲကြတာရော ဆန်းစရာလိုလား။ ဝင်ကြေးမပေးရလို့ ဝင်လိုက်တဲ့ကပွဲခန်းမကနေ ထွက်လာတဲ့လူတွေကို ထွက်ခ ကောက်သလိုမျိုးများ ဖြစ်နေကြပြီလား။ ဟုတ်ကဲ့၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်တာတွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ သာယာမှုတွေ၊ ကြင်နာမှုတွေ ဒါတွေ ဝန်ဆောင်မှုပေးခဲ့ကြရလို့ ထွက်လာခဲ့ချိန်မှာ နာကြင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်ခြင်းတွေ၊ အားငယ်စိတ်တွေ၊ မကျေနပ်တာတွေ ထွက်ခပေးကြရတာပေါ့။ ကပွဲခန်းမကြီးမှာ နှစ်ပါးသွားကို မဆုံးတမ်းကမယ်ဆိုပြီး အိမ်ထောင်များပြုကြရင်တော့ ဒါ ကိုယ့်ဘာသာကိုယ် ပရိုက်ဗိတ်ခန်းပြောင်းတာနဲ့ ဆင်တူပါတယ်။ ထွက်မယ်ဆို ကြေးပိုကြီးတာပေါ့။ ကွာကြရှင်းကြ၊ ပြတ်ကြစဲကြရင် ပြောပါတယ်။

“မျက်စပ်ပိုးဝင်၊ ဆံတစ်ပင်တင်း၊ ချစ်ခြင်းမယား၊ ရည်းစားလူလု၊ အူနုကျွဲခတ်” ဆိုတဲ့ အခံရခက်တဲ့ ဝေဒနာတွေကို ဘာမဟုတ်တာတွေလို့ မပြောလိုပါဘူး။ ဆိုးလို့မှ စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်တာပေါ့။ မာနတွေ၊ သိက္ခာတွေ အသာထားပါ၊ ကိုယ်ပေးတာနဲ့ ပြန်ရတာ အဆင်မပြေတော့ သူများကို ထိ/မထိတော့ မသိဘူး၊ ကိုယ့်တော့ အရင်ထိခိုက်တာကိုး။ အသည်းကွဲသီချင်းတွေ၊ ခံစားမှုတွေတော်တော်များများမှာ စဉ်းစားကြည့်ပါ၊ ကိုယ်လိုချင်တာ မရလို့ ဖြစ်တာချည်းပဲ။ “မရတဲ့နောက် နေပါစေတော့” လို့ စဉ်းစားကြည့်ပါဦးတော့လား။ ပြောတော့ဖြင့် “ကိုယ်က ချစ်လိုက်ရတာ၊ ကိုယ့်ချစ်သူကို ပျော်စေချင်လှ”ဆို၊ ကိုယ်မပျော်နိုင်လောက်တဲ့ အနေအထားမရောက်ခင်ဘဲ သူ့ကို ပျော်စေချင်တာလား။ ချစ်လွန်လွန်းလို့၊ သူမချစ်တာ မခံစားနိုင်တော့လို့ဆိုပြီး လာမပြောနဲ့။ ကိုယ်က ဘာတတ်နိုင်မှာတုန်း၊ အစကတည်းက သူ့ရင်ဘတ်ထဲကဟာကို ကိုယ်ပိုင်တယ်လို့ ဘာအကြောင်းက အာမခံချက် ပေးသတုန်း။ သူ့ကို ကိုယ့်လောက် ဘယ်သူမှ မချစ်နိုင်ဘူးဆိုပြီး ထင်လား။ သူလိုချင်တာနဲ့ ကိုယ်ပေးနိုင်တာနဲ့၊ ကိုယ်လိုချင်တာကို သူပေးနိုင်တာနဲ့ အမြဲတမ်း တစ်ထပ်ထည်းသာ ကျနေမယ်ဆို ဒီကမ္ဘာမှာ အားလုံး ရင်ဘတ်ကိုယ်စီမှာ ဂျက်ပင်ကိုယ်စီနဲ့ ဖြစ်နေမှာပဲ။ အဓိကထိခိုက်တာ ကိုယ့်ခံစားမှုကြောင့်၊ ကိုယ့်ဒေါသနဲ့ကိုယ်၊ ကိုယ့်သောကနဲ့ကိုယ် ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်တာနဲ့ ဟိုယှဉ်၊ ဒီယှဉ် ရင်နာရတာတွေ အများကြီး အားကြီး သက်သာသွားတယ်၊ တကယ်လုပ်ကြည့်။

ကိုယ့်ရဲ့ ချစ်တာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေ၊ ခံစားတာတွေ ရင်ဘတ်ကြီးနဲ့တစ်ပြည့် ခံစားတာ သူများဆီမရောက်သေးတော့ “အုံ့ပုန်း”တဲ့။ သူရဲဘောကြောင်သတဲ့။ ဟုတ်ကဲ့၊ အဲ့ဒါ အနှုတ်လက္ခဏာ တုန့်ပြန်မှုကို ရင်ဆိုင်လက်ခံနိုင်လောက်အောင် သတ္တိမကောင်းသူများအတွက် အားသာချက်ပါ။ အပေါင်းလက္ခဏာ၊ အချစ်ဆုလာဘ်အတွက် မထိုက်တန်ဘူးလို့ ဆိုချင်ဆိုနိုင်ပါတယ်၊ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးတဲ့အတွက် သိပ်မဆိုးသေးပါဘူး။

“တစ်ကမ္ဘာလုံးသိအောင် မောင်းခတ်ကြေညာလိုက်မယ်၊ ချစ်သူသိစေ” ဆိုသူများက ချဲထီမှာ ပတ်လည်ထိုး၊ ထီမှာ မင်္ဂလာစုံတွဲ ဆယ်စောင်တွဲထိုးသလိုပေါ့။ ခံစားမှုအရင်းအနှီး၊ ဖော်ထုတ်မှု အရင်းအနှီးတွေက များလာပြီလေ။ ဒဲ့ကွက်မိတော့ ချစ်သူဘဝရောက်မယ်၊ တွဒ်ကွက်မိတော့ ခင်တာတွေ၊ နားလည်မှုတွေ၊ သံယောဇဉ်တွေနဲ့ နှုတ်ဆက်ကြမယ်။ “ပလုံ”ဆိုပြီး ရေထဲကို ခဲပစ်တာမှ အသံမြည်မယ်၊ မေတ္တာအသွားအပြန်မရသူများကတော့ အရင်းဆုံးပေါ့။ “စွန့်ရဲလား၊ ပြန်မရရင် ခံနိုင်လား”လို့ ကိုယ့်ကိုယ်ကို မေးပြီးမှ ထီထိုးမယ်ဆိုရင် တစ်သက်လုံး ထိုးဖြစ်မှာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်တော့ ဆုကြီးချိတ်နိုးနိုးနဲ့ ထီထိုးကြတာပဲ မဟုတ်လား။

အိမ်ထောင်ပြုတာကိုတော့ လူနှစ်ယောက်၊ ဘဝနှစ်ခုနဲ့ လောင်းကြေးထပ်ပြီး ပေါင်းစပ်ဘဝတစ်ခုဖန်တီးတာလို့ ပြောချင်တယ်။ လောင်းကြတာပဲ၊ ကံကြမ္မာအလှည့်အပြောင်း ဘယ်လိုကြုံမလဲနောက်ထား၊ ယုံကြည်ရလောက်တယ်၊ အောင်မြင်လောက်တယ်ထင်တဲ့ မျှော်လင့်ချက်နဲ့၊ အချစ်နဲ့၊ ဘဝနဲ့ ပုံအောပြီး လောင်းကြရတာပဲ။ အချစ်နဲ့ပြီးတဲ့ အိမ်ထောင်ရေးတွေ ရှုံးတာလည်း ရှိမယ်၊ ဖြေသာ၊ထေသာလည်း ရှိမယ်။ အရှုံးကြီးရှုံးပြီး ကွဲကြ၊ ပြဲကြလည်း ရှိကြတာပဲ။ အစကတည်းက ရင်းနှီးခဲ့တဲ့ သူ့ဘဝမှာရော၊ ကိုယ့်ဘဝမှာရော ပြန်မရတော့မှာတွေ၊ ပြန်စွန့်ပစ်လို့မရနိုင်တော့တာတွေ၊ အသစ်လဲလို့မရတော့မှာတွေ ရှိကြတာချင်းအတူတူ ကိုယ် နာတယ် လို့ တွေးသရွေ့ နာမှာပဲ၊ ဘဝကို အသစ်ပြန်စတယ်လို့ ဆိုချင်လည်း ဆိုပါ၊ ရှေ့ဆက်လျှောက်ရင် လျှောက်သလောက်တော့ ရောက်မှာပဲလေ။

အချိန်တွေ ပြန်မရဘူး၊ ခံစားမှုတွေ ပြန်မရဘူး၊ တန်ဖိုးထားခဲ့တဲ့အရာတွေ မရှိတော့ဘူး၊ ဘာတတ်နိုင်မှာလဲ။ ကိုယ့်ဘာသာကိုယ် ကြိုက်သလောက် စီမံခန့်ခွဲနိုင်တဲ့ အချိန်တွေ၊ ခံစားမှုတွေ၊ တန်ဖိုးထားနိုင်တဲ့အရာတွေ ပြန်ဖန်တီးပစ်လိုက်မှာပေါ့။ မတရားဘူးထင်တဲ့ လောကကြီးနဲ့ ကိုယ့်အမြတ်တနိုးခံစားမှုတွေကို အဖက်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် ဘဝကို ရှာဖွေရတာ၊ တည်ဆောက်ရတာ ……… ပင်ပန်းပေမယ့် ပျော်လာမှာပါ။ သေချာတယ်၊ စိတ်ချ။ ပြော ……. မပြောချင်ဘူး။ အဲ့ဒီရင်ဘတ်ကြီးထဲက အကြောင်းအရာတွေကို။         

Advertisements