ဝန်ဆောင်မှု ကဏ္ဍ

ခေါင်းစဉ် ကြီးကြီးတပ်ပါသည်။ စကားလုံးကြီးကြီး စဉ်းစားဖြစ်ညှစ်ပြီး ပြောရန် ကြံပါသည်။ သို့သော် အကြောင်းအရာက ထူးမခြားနားသီချင်းကြီးဖြစ်နေသောကြောင့် မျက်နှာမလှရပြန်ပါ။

ဇာတ်လမ်းကို လူငယ် မြန်မာအလုပ်သမား ၆ ဦးမှ စဖွင့်ပါသည်။ သူတို့၏ အလုပ်သမား ပါမစ်သက်တမ်းမှာ မတ်လ ဆန်းပိုင်းတွင် ကုန်ပါမည်။ သူတို့၏ အလုပ်ရှင်မှာ ယခုနှစ်တွင် လုပ်ငန်းကိုင်ငန်း မကောင်းတတ် ကောင်းတတ်ဖြစ်နေသဖြင့် သူတို့ အုပ်စုမှ လူခွဲပြီး အခြား လုပ်ငန်းတစ်ခုထံ လွှဲပြောင်းပေးရန် အစီအစဉ် ရှိနေသည်။ သူတို့ ဆက်လုပ်ချင်သလော၊ ပြန်ချင်သလောဟု သဘောထား ကောက်ခံပြီးသည့်အခါ သက်တမ်းတိုးရန် သဘောတူကြ၏။ အိမ်ထောင်ရှင်များအတွက် နှစ်လယ်ပိုင်း လုပ်ငန်းတစ်ဝက်သိမ်းပြီးသည့်အခါ ပြန်သွားခွင့်ပြုရန် တစ်ပါတည်း ညှိနှိုင်းကြသည်။ ဤသို့ သက်တမ်းတိုးနိုင်ရန်မှာ သူတို့၏ နိုင်ငံကူးလက်မှတ်များတွင် သက်တမ်းတိုးရန် ပထမ အရေးကြီးကိစ္စ ဖြစ်လာလေပြီ။

အားလုံး၏ နိုင်ငံကူးစာအုပ် နီနီကလေးများကို သူဌေးထံမှ ထုတ်ယူပြီးသည့်နောက် အားလုံး အလုပ်မပျက် စာအုပ်လဲ (Machine Readable ဘဝပြောင်းခြင်း)၊ သက်တမ်းတိုးနိုင်ရန် ဝန်ဆောင်မှုပေးသော မြန်မာဆိုင်တစ်ဆိုင်သို့ ချဉ်းကပ်ကြရ၏။ နှစ်နှစ်လုံး နေ၍ တစ်ခါမှ မဆောင်ခဲ့ကြသော အခွန်တော်ငွေများကိုပါ ဆောင်ရမည်ဖြစ်ရာ သူတို့လုပ်ငန်းရှင်ထံမှ ဖွတ်ကလိဒင်္ဂါးများလည်း ကြိုတင် ထုတ်ယူခဲ့ကြပြီး ဖြစ်သည်။ (လုပ်ခလစာများမှ ဖဲ့ပြီး စုဆောင်းထားရန် လစဉ်ပင် ကြံစည်ကြိုးကုတ် အားထုတ်ခဲ့ကြသော်ငြား တစ်လထက်တစ်လ နောက်ကျရရှိသော လစာငွေအခြေအနေအရ လက်တွေ့ အထမြောက်ခဲ့သူ တစ်ယောက်မျှ မပါချေ။) ကူညီဝန်ဆောင်မှုပေးသူတို့သည် ဝန်ဆောင်ခ အသပြာ ၅၀ တိတိ လက်ခံ ရရှိပြီးသောအခါ စာအုပ်၊ ပါမစ်ကဒ်မိတ္တူ၊ အခွန်တော်ငွေများ စုံညီရယူ၍ ရွှေပြည်ကြီး သံရုံးတွင် စာအုပ်သက်တမ်းတိုးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အနက် လက်ဗွေနှိပ်ခြင်းမှတပါး ကိုယ်စားဆောင်ရွက်ပေးရန် အာမခံလိုက်ကြ၏။ သည်အဆင့်က ဇန်နဝါရီလ ဒုတိယပတ်။

ဝန်ဆောင်မှုပေးရာ ဌာနမှ စာအုပ်တွေ သံရုံးမှာ ထပ်ပြီးလျှင် လက်ဗွေနှိပ်နိုင်မည့် ရက်စွဲကိုပါ ပြန်ချိန်းပေးမည် ဖြစ်၏။ ကျေးဇူးကြီးပါပေ့။ ဘယ့်ကလောက် အလုပ်သက်သာသနည်း။ ည သန်းခေါင် လူစာရင်း ရေးရန်မလို၊ အုတ်ခုံ ပလက်ဖောင်း ခေါင်းမှီ စောင့်ရန်မလို၊ ဟိုစာရွက် မိတ္တူဆွဲ၊ ဒီစာရွက်ဖြည့် လုပ်ငန်းစဉ်လည်း လျော့၊ ကောင်းလေစွ။ အချိန်ကတော့ ကြာပေမပေါ့။ တစ်လပျော့ပျော့တော့ ရှိမည်။ တရုတ်နှစ်ကူးရက်များပါ ခံသည့်အလျောက် လုပ်ငန်းစဉ်များလည်း အလိုအလျောက် ရွေ့လျောကြရသည်ကိုး။ သည်သို့ တစ်လခန့်ကြာမည်ဆိုသည့် အခြေအနေကို သူဌေးခမျာ နားမလည်နိုင်ရှာ။ နိုင်ငံကူးလက်မှတ်များ သူ့လက်ထဲမှာ မရှိတော့သည့် အခြေအနေတွင် စိတ်လက် မအေးနိုင်ရှာ။ တခြားနိုင်ငံသားအလုပ်သမားများ သက်တမ်းတိုးလျှင် စာအုပ်ကလေးတွေက ယနေ့ပျောက်၊ မနက်ဖြန်ရောက်။ ရွှေပြည်ကြီးမှ လုပ်သားကလေးများ အလုပ်ထဲမှာ အလုပ်မပျက် အကိုင်မပျက် ရှိသည်ကို ကြေနပ်သည်က တစ်ဖက်၊ စာအုပ်ပုံ ပြန်မရောက်နိုင်၊ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးအတွက် လျှောက်ရန် ထားရန် အခက်တွေ့ရသည်က တစ်ချက်။

သည်သို့ တအုံနွေးနွေးကာလအတွင်း ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်တွင် သူတို့ထဲမှ တစ်ယောက်က အိမ်ပြန်မှ ဖြစ်မည့်အခြေအနေ ဆိုက်လာသည်။ သူ ပြန်မည်ဆိုတော့ သက်တမ်းတိုးဖို့ မလိုပြီ။ ဝန်ဆောင်ဌာနမှာ စာအုပ်သွားပြန်ယူသည်။ အံ့ဩဖွယ်အတိ။ သည်အချိန်ထိ သံရုံးကို စာအုပ်မထပ်ရသေးပါတဲ့။ သို့နှင့် ကုမ်ရာသီသူ စိတ်ထွက်ကာ အခြားစာအုပ်များ ပါမစ်သက်တမ်းတိုး လက်ကျန်ရက်များတွက်ပြရန်နှင့် အခြေအနေ အတိအကျ သိရှိနိုင်ရန် ဝန်ဆောင်မှုဌာနသို့ ချီတက်သွားပါသည်။ အခြေအနေအကြောင်းစုံကို ခရေစေ့တွင်းကျ ရှင်းလင်းပြပြီး အပ်နှံထားသော စာအုပ်များ အခြေအနေကို မေးမြန်းရာ ခန့်ခန့်ကြီးထိုင်နေသော မမကြီးက နွမ်းဖတ်ဖတ် ကုမ်ရာသီသူအား မိန့်မိန့်ကြီး ပြောလိုက်သည်မှာ တစ်ခွန်းတည်း။

“ကျွန်မတို့ကို စာရွက်စာတမ်းနဲ့ လိုအပ်တာ အကုန်ပုံပေးရင် ကျွန်မတို့က အစီအစဉ်အတိုင်း အဆင့်ဆင့် လုပ်ပေးမှာပဲလေ။ တစ်ယောက်တစ်မျိုးတော့ လုပ်ပေးမနေနိုင်ဘူး။ အားလုံး သံရုံးထဲ ရောက်သွားပြီ။ ရက်ချိန်းအတိုင်း ထွက်လာမှာပဲ။ ဒီကြားထဲတော့ ဘာမှ ထူးခြားမှာမဟုတ်ဘူး”

သည်သို့ အဆိုရှိ၏။ ဒါဖြင့် ဟိုတစ်အုပ် ပြန်မယူမချင်း အဘယ့်ကြောင့် မထပ်ခဲ့ပါသနည်း။ တစ်ခွန်းပဲ ထပ်ဖြေပါသည်။ “ရောက်သွားပြီလေ၊ အမတို့က တခြား ဘာကတိမှ မပေးနိုင်ဘူး။ ရက်ချိန်းက သံရုံးက ပေးတဲ့အတိုင်းပဲ ပေးတာ”။ ရှိစေတော့လေ။ ကိုယ်ကရော ဘာများ တတ်နိုင်ဦးမည်နည်း။

ယခု တနင်္လာနေ့က လက်ဗွေနှိပ်ရန် အလှည့်ကျသူ လုပ်သားတစ်ဦး အခွန်ပြဿနာ ပေါ်သဖြင့် ကုမ်ရာသီသူတို့ မျက်လုံးပြူးရ၏။ သူက မလေးရှားတွင် နှစ်နှစ်ကြာ အလုပ်လုပ်ဖူးသည်။ မလေးရှား မြန်မာသံရုံးတွင် အခွန် မဆောင်ခဲ့။ ယခုအလုပ် မလုပ်မီ မြန်မာနိုင်ငံတွင် စာအုပ်သက်တမ်းတိုးစဉ်က ပွဲစားဖြင့် အခွန်ဆောင်၊ သက်တမ်းတိုးခဲ့သည်။ မြန်မာငွေ ၃ သိန်း ကျသင့်ခဲ့ပါသတဲ့။ ပြေစာတော့ မရခဲ့ပါ။ သက်တမ်း ၂ နှစ်တော့ တိုး၍ ရခဲ့သည်။ ယခု စကာင်္ပူ မြန်မာသံရုံးက ထိုစဉ် အခွန်ဆောင်ထားသော ပြေစာကို ပြခိုင်းပါသည်။ မပြနိုင်လျှင် အခွန် ဆောင်မထားသူအဖြစ် သဘောထားမည်ဖြစ်၍ ထို နှစ်နှစ်စာကို တစ်လလျှင် စကာင်္ပူ ဒေါ်လာ ၄၀ နှုန်းဖြင့် ဆောင်ခိုင်းပါမည်။ (မလေးရှားတွင် အခွန်ဆောင်ခဲ့ပါက တစ်လလျှင် မလေးရှား ရင်းဂစ် ၂၀ နှုန်း ဖြစ်ပါသည်။ ငွေလဲနှုန်းဖြင့် တွက်ပါက ၄ ဆခွဲ ကွာပါသည်။)

ကုမ်ရာသီသူ သက်တမ်းတိုးစဉ်ကလည်း ၁၀ လစာ အခွန်ဆောင်၍ နှစ်နှစ် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးပေးခဲ့သော အကြောင်းရှိသည်။ သို့ဖြစ်ရကား ယင်း ပြေစာ ကိစ္စကို ဖြေရှင်းရစရာ အကြောင်းမမြင်သည့်အလျောက် အခွန်ဆောင်ခိုင်းရသည်။ သူဌေးက အများတကာကို ထုတ်ပေးထားသည့် ပမာဏမှာ ပထမအကြိမ် ပေးသွင်းရာတွင် ကုန်လေပြီ။ ယခု ထပ်သွင်းရန် မရှိတော့ပြီ။ ထုတ်ပေးလေဦး နောက်တစ်ခါ။ ပထမတစ်ကြိမ်က အားလုံးအတွက် တစ်ယောက်က သွားသွင်းပေးရသည်ဟု ကာယကံရှင်က ဆိုလာသည်တွင် ယခုတစ်ကြိမ် ပိုက်ဆံသွားသွင်းရန် ဝန်ဆောင်ဌာနကို ကုမ်ရာသီသူ ဖုန်းဆက်အကြောင်းကြား၏။ ခန့်ခန့်ကြီးနှင့် မမကြီးက နောက်နေ့ သွားသွင်းရမည့် သံရုံးမှ ဝန်ထမ်းနာမည်ကို ဖုန်းတွင် ညွှန်ကြားလိုက်သည်။ သွားသွင်းသည့်နေ့ မျက်စိသူငယ် နားသူငယ်နှင့် ကာယကံရှင်သာ တန်းစီရသည်ပင်၊ ငွေသွင်းကိစ္စ တောက်လျှောက် ဝန်ဆောင်ဌာနမှ မည်သို့မျှ လိုက်ပါဆောင်ရွက်ပေးခြင်း မရှိ။ ၎င်းဝန်ဆောင်ဌာနမှ မည်သူမျှလည်း (သံရုံးမပြောနှင့်၊ Orchard MRT အနီးတွင်ပင်) ရောက်ရှိနေခြင်း မရှိ။ တစ်နေကုန်မှ လက်ဗွေနှိပ်ခြင်းကိစ္စပြီးစီးကာ နောက်တစ်ပတ် စာအုပ်ထွက်မည်ဟု သိခဲ့ရ၏။ 

ကိုင်း – အစကတည်းက ကိုယ့်ဘာသာ အိပ်ရေးပျက်ခံလိုက်ရင် ပြီးရော။ ဘာကြောင့်များ အသပြာ ၅၀ တိတိ ပေးခဲ့ရပါသနည်း။

Advertisements