ယူနီဗာဆယ် . . . . .

ကျွန်းပိစိလေးမှာ ဘယ်မှလည်း သွားစရာ ထွေထွေထူးထူး မရှိတာနဲ့ ဒီနေ့ (၄-၂-၂၀၁၁) ယူနီဗာဆယ်စတူဒီယို (ဆန်တိုဆာ) ကို ရောက်ပါတယ်။

ဝင်သွားပြီး အလကား ရတာတွေ အကုန်ကြည့်ပါတယ်။ ပိုက်ဆံ ထပ်မပေးရသမျှ အကုန်လုပ်ပါတယ်။ ဟဲ ဟဲ။ ဝင်ကြေးကလွဲရင် အကုန်မခံဘူးဆိုပြီးတော့ သန္နိဌာန် ချထားတာလည်း ပါတာပေါ့လေ။ မကုန်ကုန်အောင် ဆွဲဆောင်ထားတာကလည်း ရောက်သွားတဲ့ ဇုန်တိုင်းဆိုပါတော့။ ဒါပေမယ့် ခုအချိန်က သူတို့ ဖွင့်တဲ့ နှစ်ပတ်လည် ဖြစ်နေလို့ပဲလားတော့ မပြောတတ်ဘူး။ ဒီလို ရို လာကိုစတာကြီးဆို ထပ်ပေးစရာမလိုဘဲ စီးလို့ရသဗျ။ စီးခဲ့လားလို့တော့ မမေးပါနဲ့။ သတ္တိခဲ ရဲရဲနီ ကုမ်ရာသီသူ တစ်ယောက် မစီးခဲ့ပါဘူး။

ကုမ်ရာသီသူတို့ စီးခဲ့တာ စစချင်း Madagascar (Escape to Africa) က ဇာတ်ကောင်တွေနဲ့ ပတ်လည်လှည့်တဲ့ ကလေးစီး ချားရဟတ်ပါ။ ပုံတွေကို ရေထိုးဖို့ ပြန်ရှာတော့ ကိုယ့်ဘာသာ ရိုက် တာတွေက တစ်ခုမှ ဆင်ဆာ မလွတ်တာနဲ့ Google Images ကပဲ ယူပါတယ်။ ဟဲ ဟဲ။ အဲဒီမှာ လျှောက်သွားရင်းနဲ့ စိတ်ကူးတောင် ပေါက်ပါသေး။ Johny Depp နဲ့ Angelina Jolie တို့ ရိုက်သွားတဲ့ The Tourist မှာ ဒီလို နေရာမျိုးကနေ ဇာတ်ကွက် ဇာတ်လမ်း စိတ်ကူးရသွားလားမသိ။ ပြီးတော့ အဲဒီ ဇာတ်လမ်းထဲက အဓိက သီချင်းနဲ့ အဓိက ဇာတ်ဆောင်အရုပ်ထဲ ဝင်ထားတဲ့ လူတွေ ကကြပါတယ်။ ဇာတ်လမ်းထဲက လိုပါပဲ။ ဒါပေမယ့် နေပူပူမှာ အဝတ်ထူထူကြီးတွေအောက်က ပူလောင် နွမ်းနယ်နေမယ့်လူတွေကို မြင်ယောင်ရင်း ဆက် မကြည့်ဖြစ်တော့ဘဲ ဘီလူးအိမ်သာဘက် ဆက်လျှောက်ခဲ့ပါတော့တယ်။

ပြီးတာနဲ့ ရောက်လာတာ ဘီလူးမောင်နှံ 4-Dimension နဲ့ ပြတဲ့ ဇာတ်ရုံပေါ့။ တန်းစီရတာကတော့ နေရာတိုင်းမှာ နာရီဝက်အသာလေးပဲ။ ရှေ့မှာ တန်းစီတဲ့ အသက် ၆၀ကျော်အရွယ် ဖွားဖွားတစ်ယောက်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုတောင် ငါ တော်တော် အိုစာပါ့လားလို့ တွေးမိလိုက်ပါသေး။ ဟယ်လိုကစ်တီ ထီးပန်းရောင်လေးနဲ့၊ ဖိနပ်ခုံမြင့်ကို အသားကပ်ခြေအိတ်လေးနဲ့ လှပဲ လှသေးတော့ (နောက်ကနေ ကြည့်တာနဲ့ကို အိုတော့ အိုနေပြီမှန်း သိပေမယ့် ရှေ့ကကြည့်မိတော့မှ အတော် လေ သွားပါလေရော)။ ရုံထဲရောက်တော့ လူ ရေ ကြည့်မိတယ်။ တစ်သုတ်ကို အယောက် ၅၀၀ လောက် သွင်းပါတယ်။ တစ်သုတ်ကို မိနစ် ၂၀လောက် ကြာတဲ့ ဇာတ်လမ်းတိုလေးကို ကြည့်ရတာပါ။ ကိုယ့်မျက်နှာ လာမှန်မယ့် မီးခဲတို့၊ ပိတ်ကားထဲက နှာချေလိုက်တာတွေ စင်မှာစိုးတာတို့ (တကယ် စင်သဗျ၊ ရေတွေ ဖျန်းတယ်နဲ့ တူတယ်)၊ ပစ္စည်းတွေဘာတွေ လွင့်လာတယ်ထင်တာတို့တော့ ပြောမနေနဲ့တော့။ ထိုင်ခုံပေါ် ခြေထောက်တွေဘာတွေ တင်၊ မျက်နှာနား စာရွက်နဲ့ ကာတာကာ၊ ခေါင်းတွေဘာတွေ ငဲ့တဲ့အခါငဲ့။ ဝှူး…. အလုပ်ကို များသွားတာပါပဲ။ စကားမစပ် အဲဒီဇုန်နဲ့ The Lost World – Jurassic Park ကြားမှာ ATM တွေ တွေ့ပါတယ်။ အထဲမှာ ပိုက်ဆံကုန်သမျှ ကဒ်နဲ့ ပေးလို့မှ မရဘဲကိုး။

အဲဒါနဲ့ Jurassic Park ကို မကူးမီ နေ့လည်စာ ဆွဲကြပါတယ်။ အမှန်တော့ Food Republic ကနေ ထမင်းဘူးလေး၊ ဘာလေး ဝယ်သွားကြတာပါ၊ ဟိုကျ အဲဒါတွေ အထဲ သယ်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ အထဲမဝင်မီ တစ်နေ့လုံးစာ Locker ၂၀ ဖိုး ထည့်ပြီး ပစ္စည်းတွေ ထားသွားရပါတယ်။ နာရီပိုင်းအလိုက်လည်း ထည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါ ဖွင့်ပြီးရင် နောက်တစ်ခါ ထပ်သုံးချင်တိုင်း ပိုက်ဆံ ထပ်ပေးရမှာပါ။ အဲ EZ-Link ကဒ်နဲ့ ပေးလို့ ရသဗျ။ ဖြည့်ထားတဲ့ ပမာဏကလည်း များတော့ ဒါလေးပဲ ကပ်လိုက်ပါတယ်။ အထဲမှာ ပေါက်စီ ဝယ်စား၊ ဈေးကလည်း ကြီးပါ့။ ရေဗူးတော့ အိတ်တွေထဲ ထည့်သယ်သွားတာ ပါသွားလို့ တော်ပါသေး။ ဒါပေမယ့် အဲဒီမှာ သူတို့ရဲ့ Attraction က ရေစိုမယ်၊ ပြီးတော့ ပိုက်ပိုက်လည်း ထပ်ပေးရမှာဆိုတော့ မဝင်ဖို့ အားလုံး သဘောတူကြပါတယ်။ ပိုက်ဆံ အကုန်ခံချင်လို့ အပင်ပန်းခံပြီး လုပ်ခဲ့တာက နံရံတောင်တက်တာပါ။ တစ်ယောက်ကို ၅ ဒေါ်လာ ထပ်ပေးရပါတယ်။ အနာတရ ဖြစ်ခဲ့ရင် တရားမစွဲပါဘူးဆိုတဲ့ Letter of Consent မှာ လက်မှတ်ထိုး ပေးရပါတယ်။ တစ်ခါမှ မစမ်းဖူးတဲ့အကြောင်း ပြောပြတော့ အောက်မှာ ကြိုးနဲ့ ထိန်းပေးမယ့် လူတွေက အားပေးပါတယ်။ အဟဲ။ ကိုကြီး ဒီဘီတို့လို လူမျိုးအတွက် ဆိုရင်တော့ ထိန်းပေးမယ့်လူ အတော် ရှားမယ်ခင်ဗျ။ ကိုယ်ခန္ဓာအလေးချိန် သိပ်မကွာသူများက ထိန်းပေးဖို့ ရွေးချယ်ရလို့ပါ။ ကလေးတွေရော၊ လူလတ်ပိုင်းတွေရော ဖားကပ်၊ တောက်တဲ့ကပ်၊ အိမ်မြှောင်ကပ်၊ ပုတ်သင်ကပ်၊ အဲ. . . ကပ်နည်းပေါင်းစုံနဲ့ ကုမ်ရာသီသူတစ်ယောက် လူ တစ်ရပ်ကျော်တော့ ရောက်ခဲ့ပါတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်ထဲက ၃ ပွိုင့် မြဲရင် တစ်ပွိုင့်လွှတ်ပြီး ကုပ်၊ကပ် တက်သွားရတာကိုး။ ထိပ်ဆုံးက ကြိုးအဆုံးက ကွင်းကို လက်နဲ့ပုတ်ပြီးရင်တော့ ဒီ နံရံတောင်တက် စာမေးပွဲ အောင်ပြီပေါ့။ ကိုယ့်ဘာသာကိုယ် အားပေးပါတယ်။ ဒါ ပထမအကြိမ်ပဲလေ။ ထိပ်ဆုံး မရောက်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါတယ်။

ရှေးဟောင်း အီဂျစ်ဇုန်မှာတော့ မှောင်မှောင်ပိန်းပိန်း ပိရမစ်အတုထဲမှာ မမ်မီကလဲ့စားကို တင်ဆက်ပါမယ်တဲ့။ မဝင်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဝံပုလွေခေါင်းဆောင်းနဲ့ ကုလားမခြေထောက်ပိုင်ရှင်များက တကားကား၊ သူတို့နဲ့ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်သူများက တဖျပ်ဖျပ်၊ ဗလ တပြပြနဲ့ အီဂျစ်ဖာရိုအတုများကလည်း တလွှားလွှားပါပဲ။ ကုမ်ရာသီသူတို့ ညောင်းတာနဲ့ အင်္ဂတေကို သဲကျောက်တုံးနဲ့ တူအောင်လုပ်ထားတဲ့ စဖင့်ရုပ်အတုကြီးရဲ့ ခြေထောက်ခုံမှာ ထိုင်ပြီး နားကြပါတယ်။ အင်း . . .  ဒီနေရာကြီး တစ်ခုလုံးကကို Real Time Setting ဖြစ်နေတာကိုးလို့ မှတ်ချက်ချမိပါသေးတယ်။ နောက် ဇုန်ကတော့ သိပ္ပံကားတွေ ရိုက်နေကျ သိပ္ပံမြို့တော် အတုပါ။ ရိုလာကိုစတာကို အဲဒီနေရာမှာ စီးရပါတယ်။ မဝင်ပါဘူး။ အဖေါ်တွေ စီးတာကို ပစ္စည်းတွေ အကုန် ယူထားပေးပြီး ဝင်ပေါက်မှာ စောင့်ပါတယ်။ ပြီးတော့ ထွက်လာရင် ဒူးခွေလာလို့ကတော့ ဓါတ်ပုံ ရိုက်မှာပဲ ဆိုပြီး လုပ်ကြံဖို့ပေါ့လေ။ သူတို့က ထွက်လာတာ အေးဆေး ပုံမှန်ပဲ ခင်ဗျ။

အဟဲ။ ဟိုတလောလေးကမှ Step Up 3D ကြည့်ဖူးကြတဲ့ အမ ဂွိတို့ ကိုယ်တိုင် ပါဝင်ပြီး အကြောလျှော့လို့ရတဲ့နေရာ နယူးယောက်က ဟောလီးဝုဒ်ပါ။ ဒီမှာ ဒီအဖွဲ့ ရှိပါတယ်။ ကလေးတစ်ယောက်၊ ကလေးမတစ်ယောက်၊ အိန္ဒိယမင်းသားတစ်ယောက်တို့ ဗော်လံတီယာ ပါဝင်တဲ့ Chain Dance, Free Style Dance တို့နဲ့ လက်ခုပ်တွေ တီးကြ၊ လက်တွေ မြှောက်ပြီး ယမ်းရ (မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် ဆိုတော့လည်း ပျော်ပျော်ပါပဲ)၊ အတော် မြိုင်ဆိုင်ပါတယ်။ အဲဒီမှာ ကုမ်ရာသီသူ အတော် သဘောတွေ့သွားတာက စတီဗင် စပီးဘတ်ဂ်ရဲ့ တင်ဆက်မှု (The Day After Tomorrow က ဇာတ်ဝင်ခန်းတစ်ခုလို့ ထင်ပါတယ်) Light, Camera, Action! အစီအစဉ်ပါ။ တစ်နာရီ မိုင်တစ်ရာ့ငါးဆယ်နှုန်းနဲ့ မုန်တိုင်းက နယူးယောက်ကို ဖြတ်သန်းမယ့် အချိန်၊ ကိုယ်က သဘောင်္ကျင်းတစ်ခုထဲ ရောက်နေပြီး မိုးကြိုးတွေပစ်၊ လေတွေတိုက်၊ လျှပ်စစ် ရှော့ဖြစ်ပြီး ရေထဲမှာ မီးတွေတောက်၊ ထုပ်တန်းတွေ ဘာတွေ ကျိုး၊ မော်တော်ဘုတ်တွေ ဘာတွေ လေထဲ လွင့်၊ နောက်ဆုံး . .  သွားနေတဲ့ သဘောင်္ကြီးက တအိအိနဲ့ သဘောင်္ကျင်း တံခါးဝကနေ ရွေ့ဝင်လာပြီး ကိုယ့်ရှေ့နားထိ ရောက်လာတာ အင်း . . . . . ဒီ အတုက မီးတွေလည်း ပူ၊ ရေတွေလည်း စင်၊ အစစ်လိုလည်း ထင်ယောင်ထင်မှား ခံစားနိုင်စေတာ အတော်ကို သဏ္ဍာန်လုပ်၊ သရုပ်တူနိုင်ပါပေတယ်။ စကားမစပ် ၂၀၁၂ ကမ္ဘာကြီးကို့လို့ကန့်လန့်ဖြစ်မယ်ဆိုရင် ဆိုပြီး ရင်ထဲမှာ နည်းနည်းတော့ ဖိုးသိုးဖတ်သပ်ဖြစ်သွားပါတယ်။

ပြီးတာနဲ့ ထွက်ပြီး ပစ္စည်းလေးတွေ ရွေး၊ ပန်းပွဲတော်ကို ဆက်မသွားခင် သယ်သွားတဲ့ မုန့်တွေ၊ ရေတွေ ဝိတ်လျှော့တဲ့အနေနဲ့ ထိုင်စရာ ရှာပြီး စားကြ၊ ဝါးကြပါတယ်။ ယုန်ရုပ်ကလေးတွေ၊ ၁၂ကောင်ရုပ်တွေကို ပန်းတွေနဲ့ ပုံစံဖေါ်ထားတာ ဓါတ်ပုံတွေ ရိုက်ကြတာပေါ့လေ။ ငါးမဟုတ်၊ ခြင်္သေ့မဟုတ် အကောင်ကြီးဘက်ကို ဖြတ်လျှောက်တော့ လိမ္မော်သီးလေးတွေနဲ့ အလှဆင်ထားတာ အတော်များများမှာ အသီးပြုတ်ရာ၊ အညှာလေးတွေ ဖွာဖွာနဲ့ တွေ့ရပါတယ်။ သူငယ်ချင်းက သတိမထားမိသေးခင် “ဖြုတ်စားရင် ရမလားမသိ”လို့ ပြောပါတယ်။ သူ့ကို အညှာရာလေးတွေနဲ့ အောက်ကျနေတဲ့ ရော်နေပြီဖြစ်တဲ့ လိမ္မော်သီးတစ်လုံးကို ပြလိုက်ပါတယ်၊ “ဒီလိုကိစ္စမျိုး ရှိသကိုး”လို့ သူက ပေါင်ချိန်လေနဲ့ မှတ်ချက်ချပါတယ်။

နောက်မှ သူငယ်ချင်းတွေဆီက သိရတာပါ။ ယူနီဗာဆယ်စတူဒီယို စဖွင့်ကာစ အချိန်က ဒီလို Attraction အစီအစဉ်တွေကို ဝင်ကြည့်ချင်ရင် သတ်သတ် ပိုက်ပိုက် ပေးရပါသတဲ့။ ဝင်ကြေးကလည်း ၁၀၀ ကျော်ပါသတဲ့။ ခုမှ ဝင်ကြေး ၇၂ ဒေါ်လာ ပေးပြီးရင် ဒါတွေပါ အပါအဝင်ဖြစ်သွားတာ ဆိုပဲ။ တော်သေးတာပေါ့။ အင်း . . . ပုရွက်ဆိတ်အုံအလား လူအုပ်ထဲမှာ တိုးရင်း၊ တန်းစီရင်း ကြည့်ခဲ့၊ ရောက်ခဲ့တာကို ခု ရုံးပြန်တက်ခါနီးမှ ရေးပြလို့ ကုမ်ရာသီသူကို မထောင်းကြတန်ရာနော်။ နံရံတောင်တက်ပြီး ကောင်လုံးနာနေတာနဲ့ (ဘိတ်/မြိတ်-သံနဲ့ ပြောတာပါ။ တစ်ကိုယ်လုံးနာတာကို ကောင်လုံးနာတယ်လို့ ပြောပါတယ်) ခုမှပဲ ဒီ ရေထိုးတဲ့ ပို့စ် လေး ပြီးပါတယ်။ ခွင့်လွှတ်ကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။ 🙂

Advertisements