ထွေရာလေးပါး – ၁

အသံတိတ်နေမိတာ အတော်ကြာသွားသည်နှင့် တူ၏ ။ စိတ်ထဲက ယားကျိယားကျိ အတော် ပြင်းထန်လာသည်။ ဘယ်အကြောင်းအရာက စရပါမည်နည်း။

ကိုယ့်ဘာသာကိုယ် မျက်နှာ စာအုပ်ကြီးမှာ လယ်စိုက်၊ ဒမြတိုက်နေရသည်က အတော် ငြိမ်းချမ်းသည်။ ဖတ်ချင်သည့် ဘလော့တွေ၊ သူများရှယ်သမျှ အကြောင်းအရာတွေ လျှောက်ဖတ်ရင်း ညောင်းလာလျှင် ကိုယ့်အိမ်ကိုယ်ပြန်ခွေနေနိုင်သည်။ မနေနိုင်မထိုင်နိုင် ဆတ်ဆော့မိတော့ သူများ ဧည့်ခန်းတွေ ဝင်ထိုင်မိပါ၏။ “အဲဒီမှာ စ,တွေ့တာပဲ”

အင်တာနက် စသုံးတတ်ခါစ လွန်ခဲ့သော ၅နှစ် ၆နှစ်ခန့်က သူများတွေ ချက်ပြုတ်နေကြသည်ကို မြင်တွေ့ရစဉ် “စွဲတတ်တယ်ထင်ပါရဲ့” – ပေါ့ပေါ့ပဲ တွေးမိသည်။ ဘာတွေ ပြောကြ၍ ဘယ်သို့ စွဲကြသည် မသိ၊ မစဉ်းစားတတ်။ တစ်ခါတစ်ရံ လူသုံးများသော အင်တာနက်ဆိုင်မှာ “စက်မအားသေးဘူး အမရေ” ဆိုလျှင်တော့ စိတ်ထဲက ခိုးလိုးခုလု ဖြစ်မိသည်မှာ ထိုင်ရာမထတမ်း ချက်ပြုတ်အားကောင်းလှသည့် သူများကို။

အသက်ကြီးမှ အ,သုံးလုံး သင်သလိုတော့ အင်တာနက်သုံးနည်း မသင်ခဲ့ရပါ။ ငယ်ကတည်းက ကွန်ပျူတာ အင်တာနက်နှင့် ဖက်မွေးလာခြင်း မဟုတ်သည့်အတိုင်း စ,သုံးသုံးချင်း အနည်းငယ်တော့ စိမ်းပါသည်။ သို့ဖြင့် အင်တာနက်ဆိုင်တွင် လူရှင်းသော အချိန်များကို မေးကာ သွားတတ်လာသည်။ ပြီးတော့ သူများတကာကို မေးမြန်းကာ ဂူးဂဲလ်ကြီးကို နည်းနည်းပါးပါး တောင်ကြည့်မြောက်ကြည့် ရှာဖွေမိလာသည်။ နောက်ဆက်တွဲအဖြစ် ဟိုဟိုသည်သည် လည်ပတ်တတ်လာသည်။ အဲသည့်အချိန်များမှာ ခေတ်စားသည်က Zorpia Journal။ ဘာမှန်းရေရေရာရာ မသိလိုက်ဘဲ အကောင့်တစ်ခုတော့ ပိုင်ဖူးသည်။ သူများတွေ ချက်ပြုတ်ကြချိန် ရှာစရာ ဖွေစရာ တစ်ပုံကြီး ရှိနေတတ်သူ တစ်ယောက်အဖို့ ဖြတ်သွားဖြတ်လာ ဧည့်ခန်းများပင် ဝင်မထိုင်ခဲ့ရစဖူး။

မကြာသေးမီက ဟိုဟိုသည်သည် လျှောက်သွားရင်း မြန်မာစာနှင့် ချက်ကြသော ဧည့်ခန်းလေးတစ်ခုကို သတိပြုမိသွားပါ၏။ ၀င်ပေါက်မှ ငေးကြည့်နေရင်း ဖြတ်သွားဖြတ်လာ နောက်ကြ၊ ပြောင်ကြ၊ ထိုင်စကားပြောသူများ ပြောကြ၊ ဆိုကြသည်ကို သဘောကျမိသေးတော့သည်။ မိန်းကလေး၊ ယောကျာင်္းလေး မှန်းဆကြည့်၊ ပြောဟန် လေသံအရ အသက်အရွယ် မှန်းဆကြည့်၊ အလုပ်အကိုင်၊ နေပုံထိုင်ပုံ၊ စိတ်သဘောထားပုံတို့ကို မှန်းဆကြည့် နှင့် စိတ်ဝင်စားစရာ အကောင်းသား။ ခင်သန္တာ သက်ချိုပြုံးတို့၏ နုနွဲ့သော စိတ်သဘောထား၊ အတောင် ၂၀ ဝတ် ကိုကိုတို့၏ ပုဆိုးစွန်တောင်ဆွဲကြသော အတင်းပြောပုံများ၊ သွယ်သွယ်ပျောင်းသော မယ်ဖော့ဖယောင်းတို့ စကား ဗလ ပြကြပုံများကဖြင့် အံ့ဩကုန်နိုင်ဖွယ်။

တစ်ခါတစ်ခါတော့ သူရို့ဧည့်ခန်းကလေးမှာ မိန်းကလေးတို့ဖြင့် ကျွက်ကျွက်စီနေတတ်သည်။ သည်ကြားထဲက ကမ္ဘာပတ်နေကြသော ကာလသားများဖြင့်လည်း ဆဲဆိုသံတွေ ညံတတ်ပြန်သေးသည်။ ထိုသို့ ဆဲဆိုနေကြစဉ်တော့ ရှိသမျှ မိန်းကလေးတွေ “အမယ်လေး” အော်ကာ ထွက်ပြေးနေကြတတ်ပါ၏။ သည်လို အချိန်မျိုးတွင် အခန်းပြင်မှာ ရပ်ငေးနေကြည့်မိရင်းက လှည့်ပြန်ခဲ့ဖြစ်တော့သည်။

ရှားပါးလှသော တစ်ရံတစ်ခါတွင်တော့ မိန်းကလေးများ တွတ်ထိုးနေသည်ကို အလကားနေရင်း ထိပ်ပုတ် ခေါင်းပုတ် လုပ်နေသော (လေနှင့်) ထိပ်ပြောင်ကြီးများကို တွေ့ရပြန်လေသည်။ ကိုယ့်မှာ အိမ်ထောင်ရက်သားရှိပြီးသား (ရှိသော်လည်း မရှိသယောင် သဘောထားနေခြင်း) ဖြစ်ပါသော်လည်း နေရာတကာတွင် သူတို့ ကြည့်နေကျ (၁၈နှစ်အောက် မကြည့်ရ) ရုပ်ရှင်မှ မိန်းကလေးများကို မြင်ယောင်နေကြသူများသာတည်း။ ဤသို့လျှင် ဘာကိုယ်ကျင့်ရေးရာမှ ဂရုစိုက်စရာ မထင်သော ပုဂ္ဂိုလ်ကြီးများဖြစ်လေရကား ……… ထိုထိုသော ရုပ်ရှင်ကားများမှ စကားလုံးများ၊ အပြုအမူများကို ဧည့်ခန်းထဲသို့ ပြောင်ပြောင်ကြီး သယ်ဆောင်ကျင့်သုံးကြသည်မှာ မသတီစရာကောင်းလှဘိတောင်း။

အင်း……………… ဒေါ်မာမာအေးက ဘီဘီစီမှာ အစီအစဉ်နာမည်ပေးသလို “ပြောပြစရာတွေလည်း တပုံကြီးကျန်သေးတယ်”ဟုပင် ပြောရမည်ထင်သည်။

Advertisements