ပြန်ပါဦးမယ် ပြန်ဦးမယ်

နှစ်ကြိမ်၊ နှစ်ရာသီတိတိ Happy New Year! လို့ ဗြိတိသျှလိုတစ်မျိုး၊ ကုန်းရှီဖချိုင်လို့ စိနဘာသာနဲ့ တစ်ဖုံ ရွတ်ဆို နှုတ်ဆက်ခြင်းများကို ကျော်လွန်ဖြတ်သန်းအပြီး အိမ်ကို ပြန်လိုက်ပါဦးမယ်။ ပိတောက်ပွင့်တဲ့ သင်္ကြန်တစ်ကြိမ်၊ ပိတောက်ပွင့်ချိန်မရလိုက်တဲ့ သင်္ကြန်တစ်ကြိမ်ကိုလည်း ကျော်လွန်ခဲ့ပြီကိုး။

ပိုက်ပိုက်ရှိလို့လားဆိုတော့ ………… ဒီလိုပါပဲ။ (မြင်ဆရာ၊ ကြားဆရာ – အမခင်ဦးမေ) တတိတိ ၀ယ်စုထားတဲ့ အထုပ်အပိုးလေးတွေပိုက်ပြီး ရုပ်တည်နဲ့ ရွာပြန်မှာပေါ့။ ကီလို ၂၅ ပဲ ရတယ်ဆိုတော့ ကီလိုလည်း မရောင်းဖြစ်ပါဘူး၊ သူငယ်ချင်းတွေရဲ့ လူကြုံပစ္စည်း၊ ကိုယ်ကိုယ်တိုင်ရဲ့ လက်ဆောင်ပစ္စည်း……. ဒါတွေ ပေါင်းရင် လက်ဆွဲမှာပဲ ကိုယ့်ပစ္စည်းပါတော့မယ်ထင်တာပဲ။

အပြီးလား။ မဟုတ်ပါ။ မိုးဘယ်တော့ စဲမလဲမသိသေးလေတော့ ရေဖလားတစ်ခွက်ပြီးတစ်ခွက် ခံရဦးမပေါ့။ ပြီးတော့လည်း သူငယ်ချင်း မောင်ရွှေအောင် တွေးတောပြဖူးတဲ့ အကြောင်းအရာလို – အရင်းအနှီးဆိုသဟာ၊ ဘာလုပ်မလဲဆိုသဟာ… အဲဒါတွေအကြောင်းပြုပြီး ပြန်လာရဦးမှာပါပဲ။ တကယ်ပါပဲ။ ခုနေ အိမ်ပြန်တော့ ဘာလုပ်ဖို့ –

မိသားစုနဲ့ ခဏဖြစ်ဖြစ် ပြန်ဆုံစည်းခွင့်ရဖို့

အလုပ်နဲ့ ခဏဖြစ်ဖြစ် ဝေးကွာခွင့်ရဖို့ – အဓိကပါပဲ။

ဒီလောက်ပဲတော့ ဟုတ်ဟန်မတူပါဘူးလို့ ထေ့မယ့်သူများ……. ဆန္ဒရှိသလို ထင်မြင်ယူဆနိုင်ပါတယ်။

မေလ ၁၅ ရက်နေ့ ……………. Count Down ရေရင်း အလုပ်တွေ ကျုံးလုပ်နေပါတယ်။

မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပိုက်ဆံတောင်းစရာ အလုပ်များကို အပြီးဖြတ်ဖို့ Main Contractor ဆီက Dead Line ပေးထားပါလျက်နဲ့ ပြန်ချင်တယ်ဆိုလို့ ကိုယ့်သူဌေးကတော့ မျက်နှာမကောင်းရှာ။ အားလည်းနာ…….. ခင်လည်းခင်………… ပြန်လည်းပြန်ချင်။

(ပြန်ချင်ပါလျက်နဲ့ ပြန်ဖြစ်ဖို့ အစီအစဉ်တွေကို ရွှေ့ဆိုင်းပြီးရင်း ရွှေ့ဆိုင်းရင်း ညီမ ထနောင်း ……… ကို အကြောင်းများစွာအတွက် ကျေးဇူးတွေ တစ်သီကြီး တင်နေဆဲ)