ကြည့်မိ၍ မြင်သည်၊ ကြည့်သော်လည်း မမြင်၊ မမြင်လို၍ မကြည့်?

ပရောဂျက်ကြီး မပြီးတပြီးပေမယ့် စိတ်ထဲမှာ ပြီးသလောက်ပေါ့သွားတဲ့အတွက် ဒီတနင်္ဂနွေ နားပါသည်။ နားသမှ စိတ်ပါလက်ပါ ဝတ္ထုတိုပေါင်းချုပ် နှစ်အုပ်၊ ရုပ်ရှင် ၄ကား၊ MP3 Selection တစ်ခွေတို့ကို လက်ဖက်ရည်တစ်ခွက်၊ ရေနွေးကြမ်းတစ်ခွက်နှင့် တစ်နေကုန်နှပ်ဖြစ်သည်။

၁) ခုနစ်ထွေမန္တလေး (ခြင်နဲ့စင်ရော်ကလွဲလျှင် ဘာမှ မထူးခြားသလိုပဲ)

၂) ရွှေဥဒေါင်းဝတ္ထုတိုပေါင်းချုပ် နဝမတွဲ (ဘယ်အချိန်ဖတ်ဖတ် ပြောင်းသွားသည်မရှိသော ရွှေဥဒေါင်းဟော်မုန်းတွေ)

၃) Philadelphia (သီချင်းတွေ ၊ Dialogue တွေ အကုန်လောက်နီးနီး ကြိုက်သည်။ နောက်ဆုံး ဇာတ်သိမ်းသီချင်းကိုတော့ မှတ်မှတ်ရရရှိသည်။ Don’t turn your back on me, I don’t want to be alone….. )

၎) The Terminal (တောသားမြို့ရောက်၊ ဖာလူဒါသောက်၊ ဓါတ်ရှင်ကြည့်၊ ဘုရားသွား၊ တိရိစ္ဆာန်ရုံသွားဆိုသော စကားကို သတိရမိသွားစေသည်၊ အတော်လည်သော ဗော်လ်ကန်သား)

၅) Forest Gump (ဇာတ်လမ်းက ၉၅ပြား ဥာဏ်ရည်ရှိသူအကြောင်းပြု၍ အမေရိကအကြောင်းကို သရော်ရင်း ရိုက်ထားသော်လည်း ဇာတ်လိုက်အပေါ် ကိုယ့်မှတ်ချက်က ၁၀၅ပြား ဖြစ်နေသည်။)

၆) The Green Mile (အမေရိကန်ကားများကို သိပ်မကြိုက်မိရသည့်အထဲ ဇာတ်လမ်းက 5Movies မှာ ကြည့်ပြီးသားဖြစ်နေလေသောအခါ………. )

၇) In The Hot Zone (Kelvin Site ၏ ကမ္ဘာတလွှား ပဋိပက္ခများအကြောင်း စုစည်းထားသည့် စာနယ်ဇင်း Snap Shot များ၊ ဖတ်လိုက်၊ မဖတ်လိုက်)

Denzel Washington နှင့် Tom Hanks နှစ်ယောက်တွဲမိသော ဖီလာဒဲလ်ဖီးယားမှ အစပြု၍ အစဉ်အလိုက်ကြည့်မိသည်မှာ ကံကောင်းသည်။ The Green Mile ကို သေချာမကြည့်ဘဲ Download ချလိုက်ရာ စကားပြောဘာသာစကားတလွဲကြီး ဖြစ်နေပါလေ၏။ အဘယ်ဥာဏ်ကြီးရှင်ကများ စိတ်ကူးပေါက်ခဲ့သည်မသိ။ ကိုယ့်သဘောပြောရလျှင် စကားတွေပြန်သွင်းခြင်းကို စာတန်းထိုးခြင်းထက် မုန်းသည်။ တချို့တချို့သော ရုပ်ရှင်များသည် ဘာသာစကားပြန်စရာပင် မလိုပါချေ။ လူတွေအကြောင်းကို လူတွေစင်စစ်က သရုပ် ဆောင်ကြသည်ပဲ။ အရုပ်တွေကို လူ့သဘာဝတွေသွင်းပြီး ကြွက်ကလေး ရက်တာတိုလီ၊ စက်ရုပ်ကလေး Wall-E၊ ဂြိုဟ်သားကလေး ET တို့မှတဆင့် ပြောတော့လည်း ဒီ Message၊ လူတွေ၊ ဇာတ်လမ်းတွေကနေပြောသည်လည်း ဒီ Message …….. ဘယ့်နှယ်များ ကြားခံတွေ ဖြည့်ချင်ကြသည်လဲ။

မျက်မှန်စိမ်းတပ်ကြည့်မိတော့လည်း စိမ်းစိမ်းပဲ မြင်မိသည်။ ကိုယ်ရည်ရွယ်ကြည့်ရင်းစွဲဖြစ်သော စိတ်ထွက်ပေါက်ကိုမမြင်မိ၊ သို့တည်းမဟုတ် ကိုယ်တိုင်ကပင် သေချာမမြင်လိုမိသည်ပဲလား။ အချုပ်ပြောရလျှင် ရက်များစွာ ကြာလာသည့်နောက်  ကြည့်မိ၊ မြင်မိသလောက် ကမ္ဘာကြီးထဲမှာ ကိုယ်တိုင်ဖြစ်တည်နေမှုကို ကိုယ့်ဘာသာကိုယ်ကျေနပ်မိလာသော နေ့ဖြစ်ပါသည်တမုံ့။ 

ခုတော့လည်း . . . .

သူငယ်ချင်းတစ်စုရှိလေသည်။

ဒီလိုအစချီမိတော့ ဟိုရှေးပဝေသဏီက ဘိုးဘိုးအောင်သီချင်းကို ဆိုပြမည် ထင်ကြလေမလား။ မဟုတ်ရေးချ၊ ၀စ္စပေါက် မဟုတ်ပါ။

မိတ်ဆွေဖွဲ့ခြင်းနှင့် မိတ်ဖြစ်ဆွေဖြစ် ပေါင်းသင်းဆက်ဆံရေး ထိန်းသိမ်းစောင့်ရှောက်ခြင်း အနုပညာများမှာ ညံ့ဖျင်းသည့် သူ့အားနည်းချက်က – ငယ်ငယ်က မူကြို မတက်ဖူးခဲ့သော၊

ကလေးဖော် မရှားသော်လည်း မများလှသည့် လမ်းထဲမှာ ကျောင်းတက်ဖော်မရှိခဲ့သော၊

မွေးချင်းမောင်နှမအင်အား မသေးသော်လည်း အထက်အောက် အသက်ဝေးလှသည့် အဖော်အလှော်မရှိသော

ယောင်ချာချာ ကလေးဘ၀မှစခဲ့သည်။

စာသင်နှစ် တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းလာခဲ့သည်။ နေရာဒေသတစ်ခုပြီး တစ်ခုပြောင်းခဲ့သည်။ အသက်တစ်နှစ်ပြီးတစ်နှစ်တိုးသလောက် သူငယ်ချင်းကတော့ အရေအတွက် တိုးလာခဲ့ သည်မရှိ။ ဒီနေရာမှာ ဒီလူတွေနှင့် ဒီခုံမှာ ထိုင်မည်။ ဒီစာတွေကို သင်မည်။ ဟိုနေရာမှာ ဟို……….. သည်သို့သော အခြေခံပညာ စာသင်နှစ်များကျော်လွန်ဖြတ်သန်းအပြီး သူ့အတွက် ငယ်သူငယ်ချင်း အဖတ်မတင်ခဲ့။ ကသုတ်ကရက်၊ ဗရုတ်ဗရက် စာသင်နှစ်များဖြစ်သော တက္ကသိုလ်ဘ၀တွင်လည်း စိတ်ချင်း ရင်းနှီးနီးကပ်သလိုရှိသော သူငယ်ချင်းများ သူ့အတွက် ရှားပါးလှ ပါသည်။ သို့စဉ်လျက် တက္ကသိုလ်စာသင်နှစ်များကပင် သင်းကွဲသူ့အတွက် နုညံ့သိမ်မွေ့လှသည့်  မြတ်နိုးတန်ဖိုးထား ချစ်ခင်ဖွယ်ရာ ညီမငယ်လို သူငယ်ချင်းမျိုး  ဆောင်ကျဉ်းပေးခဲ့သည်။ ပြင်ပသွင်ပြင် နွဲ့ပျောင်းသလောက် စိတ်ထားခိုင်မာသော သူငယ်ချင်းမျိုး သူရရှိခဲ့သည်။ ပွင့်လင်းသွက်လက်၍ သဘောကောင်းလှသော၊ သူ့အပေါ် နားလည်ပေးနိုင်လှသော သူငယ်ချင်း ကိုလည်း သူ တွေ့ဆုံခဲ့ရသည်။

သည်သူငယ်ချင်းများနှင့် ဘ၀၏ ပူလောင်သော အခိုက်အတန့်များကို အတူတူ ကျော်ဖြတ်ခဲ့ဖူးသည်။ ရွှံ့နွံလမ်းများမှာ လျှောက်သွားရစဉ် သူငယ်ချင်းများထံမှ ဖေးမကူညီမှုတွေ ရရှိခဲ့ ဖူးသည်။ သည်သူငယ်ချင်းတွေကပင် လောကမိုးရေထဲမှာ ဖြတ်သန်းလာသူ သူ့အတွက် ရေနွေးငှဲ့ပေးကြဖူးသည်။ စိတ်မွန်းကျပ်မှုများ ပြည့်ကျပ်နေခိုက် တစ်ယောက်ရင်ခွင်မှာ တစ်ယောက် မျက်ရည် စိုခဲ့ကြဖူးသည်။

တစ်ယောက်တစ်နေရာစီ အခြေစိုက်ကြသော ညီမငယ် သူငယ်ချင်းနှင့်လည်း မတွေ့ဖြစ်ရသည်မှာ ကြာလှပြီ။ အတူရှိနေပြီး သူ့အပေါ် နားလည်နိုင်လွန်းသည့် သူငယ်ချင်း ညီမ ငယ်နှင့် စကားပြောဖြစ်ဖို့ နေ့လည်စာချိန်တွေမှာ ဖုန်းလိုင်းကိုသာ အားပြုရသည်မှာလည်း ကာလမနည်းတော့။ အလုပ်ကိစ္စများကို အကြောင်းပြု၍ အိမ်ပြန်ချိန်တွေလည်း နောက်ကျခဲ့တာ ကြာခဲ့ပြီ။ အလုပ်က ရသည့်ငွေကြေး အကျိုးအမြတ်ထက် ဆုံးရှုံးရသည့် နွေးထွေးမှုတွေက များနေခဲ့ပြီလား။ ခါးသက်သက် အတွေးများနှင့် ရေနွေးကြမ်းကျကျ၊ ကော်ဖီပြင်းပြင်း၊ လက်ဖက်ရည်ပူပူတို့ ရောမွှေသောက်သုံးခဲ့ဖြစ်သောအခါ ဘ၀၏ အချိန်ခါးခါးများကို Forward Speed များများတင်ပြီး မြန်မြန်ရစ်ပစ်ချင်လာမိသည်။

ဩော်………….. ခုတော့လည်း…………..