နွဲ့တယ်ကွယ်

တချို့ကပြောတယ်…….

`ရင်ကိုထုဆစ်လို့

ဖြစ်လာတဲ့အချစ်နဲ့

ဘာမဆိုဖန်ဆင်း

အသက်သွင်းလို့ရခဲ့ရင်

ကောင်းကင်လိုအုပ်မိုး

ချစ်သူကို မြတ်နိုးချင်တယ်´တဲ့။

ချစ်သူရယ်…….

မြေပြင်လို မင်းလျှောက်ဖို့လမ်းခင်း

မင်းနားခိုဖို့ အေးချမ်းတဲ့သစ်ပင်

စိတ်မထင်လည်း ခုတ်ပစ်ပေါ့

မင်းမော့မကြည့်လည်း သိရမယ့်အရာတွေ

ကိုယ်……… ဖြစ်ချင်ပါဘိ။

တကယ်တော့ ဘာရယ်မဟုတ်။ စာအုပ်တွေ၊ စာရွက်တွေ၊ အတိုအစတွေ ရှင်းရင်းနဲ့ ထွက်လာတဲ့ စာရွက်ဟောင်းလေးမှာ ပြန်တွေ့လို့ တက္ကသိုလ်ပထမနှစ် စာရူးပေရူးဘ၀ အစကို ပြန်လည် ဖော်ထုတ်လိုက်ပါတယ်။ ခုတလော စိတ်လက်မကြည်လင်တာနဲ့ ရှင်းလင်းရေး လုပ်ငန်းလုပ်နေဖြစ်ပါတယ်။ စာလည်း မရေးဖြစ်ပါဘူး။ အင်အားကျန်ရင် စာဖတ်ပါတယ်။ မကျန်ရင် အိပ်ပါတယ်။ လူနေကောင်းပေမယ့် စိတ်ဆိုတာမျိုးက မျောက်ထက်ဆိုးတာကိုး။ ဒီတော့လည်း ဖုန်နံ့ရှူရင်း ကိုယ့်ကိုယ်ကို အနားမပေးလိုက်တာ အတော် အမှိုက်ရှင်းသွားပါပြီ။ စိတ်ရှင်းမှ စာရှင်းရှင်းရေးဖြစ်တော့မယ် ထင်ပါတယ်။ Dashboard ကို ကြည့်မိတော့ ကိုယ်သာ မ၀င်ဖြစ်တာ၊ ၀င်ကြည့်ဖြစ်တဲ့သူတွေရှိနေတာ တွေ့ရပါတယ်။ အတော် အားနာလှပါတယ်။

နောက်ဆုံးရေးဖြစ်တဲ့စာက ဖျားတာကို အမှုလုပ်ထားတာဆိုတော့ အမခင်ဦးမေက သတင်းမေးသွားပါသေးတယ်။ ကျေးဇူးလည်းတင် အားလည်းနာပါတယ်။ ၀က်ဝံ ဆောင်းခိုသလိုမျိုး တစ်လလောက် အသံတိတ်၊ လူပါ စားလိုက်အိပ်လိုက်ဖြစ်နေတာ။ လူရဲ့ ၀ိတ်ကတော့ စဉ်းစားကြည့်ဖို့တောင် လိုမယ်မထင်ပါဘူး။ 😀 စလုံးက ကြက်၀၀ကြီးတွေကိုပဲ အပြစ်တင်ရတော့မှာပဲ။

ခုတင်လိုက်တဲ့စာကို ခေါင်းစဉ်ပေးမယ်လုပ်တော့ အတူနေညီမက ဩဘာပေးမှာ ကြားယောင်ပြီး ပေးလိုက်တာပါ။ `ခင်သန္တာသက်ချိုပြုံး´ ကိုယ့်ကိုယ်ကို မှ အားမနာ၊ အတော်နွဲ့နိုင်တယ်ဆိုပြီးလေ။ 😛

Advertisements