အရပ်ကတို့

ပါဝင်သူများ-
(၁) ဒေါ်မြနှစ်- အသက် ၅၀ကျော် (ဘယ်လောက်ကျော်မှန်း အသိမခံ)၊ ကုန်သေးဆိုင်ပိုင်ရှင်

(၂) ကိုစံချိတ်- အသက် ၄၀ကျော် (၅၀နီးဟု ခန့်မှန်းရသည်)၊ ကာလသားခေါင်း (ဟောင်း)

(၃) အိမ်နီးနားချင်း အရပ်သူ အရပ်သားများ

******                ***************                                  ******

– တစ်နေ့စာ ရောင်းရငွေများ၊ အကြွေးစာရင်းပါ မှတ်ထားသော ကုန်ဖိုးမှတ်စာအုပ်၊ တိုလီမိုလီပစ္စည်းများ၊ `ငွေဝင်လာဘ်ပွင့်ဂါထာများ´စာအုပ်တို့ ထည့်လာသည့် ဆွဲခြင်းကို ချရင်း ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ်ပါ ထိုင်ချကာ တအင်းအင်း တကျွတ်ကျွတ် သံစုံ ထုတ်လွှင့်လိုက်သည်မှာ ဒေါ်မြနှစ်၏ နေ့စဉ် ဈေးပြန်ချိန် မြင်ကွင်း

– လက်တိုလက်တောင်း ခိုင်းကောင်း၍ ဖင်ပေါ့သော တူမလေးကို ကြမ်းပြင်နှင့် တင်ပါး ထိချိန်မရအောင် စီကာစဉ်ကာ ခိုင်းစေရင်း ထိုင်ရာမထ၊ ပွစိပွစိ ဆီမန်းမန်းတတ်သည်မှာ ဒေါ်မြနှစ်၏ life style

– တမြို့တရွာ ရောက်နေကြသော တူ/တူမများက ဘေးတွဲ၊ နောက်တွဲ အသီးသီး အသကနှင့် `အရီး/အန်တီ/ဒေါ်လေး-မြ´ထံ လာရောက် ဂါရ၀ပြု ကြသည့်အခါ ကန်တော့ခံပစ္စည်းနှင့် ပြန်ချီးမြှင့်ရန် မုန့်ဖိုးတို့ကို အချိန်တိုအတွင်း အချိုးချလျက် တွက်ချက် ထုတ်ပေးကာ အလ္လာပသလ္လာပ မြန်မြန် ကိစ္စပြတ်စေသည်က နှစ်စဉ်

`တို့များမှာ အရပ်ကောင်းမှ အလောင်းလှရမှာအေ့´ဟု ပါးစပ်ဖျားမှ မချတမ်းပြောရင်း တစ်ရပ်လုံးမှ ကာလသား/သမီးများ အရေးကို တက်တက်ကြွကြွ၊ စိတ်ပါဝင်စား၊ နားစွင့် မျက်စိဖွင့်လျက် ပါဝင်တတ်သူ အနှီ ဒေါ်မြနှစ်ခမျာ မကြာမကြာ အကြောတက်တတ်၏။ လက်ကတုံးတောင်ဝှေး တူမလေးမှာ ရှိသမျှအင်အားကို နေ့စဉ်ဝတ္တရားများတွင် ရင်းနှီးမြှုပ်နှံလိုက်ရသည့်အတွက် နောက်ဆုံး… လက်အံသေ အားကုန်ခြင်းသာ အဖတ်တင်သည်၊ ဒေါ်မြနှစ်၏ တက်နေသော အကြောတို့ မပြေလေ။

`အံမယ်လေး´ ခပ်ကျယ်ကျယ် နှစ်ခွန်းခန့် ရွတ်ပြီး `အကြောတွေကလည်း တက်လှချည့်နော်၊  အရပ်ကတို့ရေ´ ဟု ဒေါ်မြနှစ် တ,လိုက်လျှင် ဖြတ်သွားဖြတ်လာ အိမ်နီးနားချင်း ကူညီတတ်သူများ ၀င်လာကာ `ကိုင်း၊ ကိုင်း။ အရီး/အမကြီး/ဒေါ်လေး- အနေရဆိုးနေသလား။ အားမနာပါနဲ့။ လုပ်ပေးရမှာပေါ့´ ပြောရင်းဆိုရင်း နင်းကြ၊ နှိပ်ကြ၊ အကြောဖြေပေးကြသည်။ တောင်ဘက် နှစ်အိမ်ကျော်မှ ကိုစံချိတ်ကား ပညာရပ်ပေါင်းစုံ အတော် နှံ့စပ်သူ ဖြစ်သည့်အလျောက် ကောင်းစွာ အကြောဖြေပေးလေ့ရှိသတည်း။

ဒေါ်မြနှစ်၏ `အရပ်ကတို့´အပြီးတွင် ကလေးမလေး တည်ခင်း ဧည့်ခံသော ရေနွေးကြမ်းနှင့် ပဲလှော်၊ ထန်းလျက်၊ ပဲခြမ်းသုတ်၊ လက်ဖက်သုတ်၊ ဂျင်းသုတ် တို့ကို သုံးဆောင်ကာ ထွေရာလေးပါးပြောဆို၍ အိမ်နီးနားချင်း အများ လူစုခွဲကြ၏။ ကိုစံချိတ်ကား အပြောကောင်း၊ အဟောကောင်းပါပေ။

သို့ဖြင့် ဒေါ်မြနှစ်၏ `အရပ်ကတို့´သည် သုံးလတွင် နှစ်ကြိမ်ခန့် ထွက်ပေါ်ရာမှ တစ်လတစ်ကြိမ်ခန့် ဖြစ်လာသောအခါ အရပ်က စ,ကြ၏။ ကိုစံချိတ်မှာ အရေပင် ထူငြားသော်လည်း `အဘွားကြီး´နှင့် အစ,ခံနိုင်ဟန် မရှိ။ ရှက်နိုး၍ တစ်ကြိမ်သော `အရပ်ကတို့´၀ယ် မရောက်၊ မလာ နေဘိ၏။ မကြာမတင်သော အခါ ဒေါ်မြနှစ်၏ `အောင်မလေး- အရပ်ကတို့၊ ကိုစံချိတ်ကတို့ရဲ့´ဟူသော အသံ ကြားရလေတော့သည်။ အရပ်သူ၊ အရပ်သားများကား ပြုံးစိစိ၊ ဒေါ်မြနှစ်က ခပ်တည်တည်၊ မျက်လုံးပင် ဖွင့်မကြည့်။ ကိုစံချိတ်ကား ကြားလိုက်ဟန်မပြ။ ရောက်တော့ ရောက်လာသည်။

*******                           ******************                                  **************

`အဲဒါနဲ့ ဒေါ်မြနှစ်ကြီးလည်း အသက် ၆၀ကျော်၊ ၇၀ နီးတော့ ရဟန်းအမ၊ ကျောင်းအမ၊ အပျိုကြီး ဘ၀နဲ့ပဲ ဆုံးတာပါပဲအေ။ ကိုစံချိတ်ကလည်း `သပ္ပူရိသ ဦးစံချိတ်´တွေ ဘာတွေ ဖြစ်ပြီး တူ/တူမတွေနဲ့ ဒီလိုပဲ နေသွားတာပါပဲ´ ဟု အမေက နိဂုံးချုပ်သည်။

`ဟင် …… ဂလိုကြီးလား။ တို့အိမ်မှာတော့ `ကိုစံချိတ်ကတို့ ´က အဖေထင်တယ်နော် …… အမေ့၊  အဟိ´

`ဒေါက်´

`အား လား လား……….. အမေကလည်း၊ စ,တာကို´

***********                         ***************                                     ************

မည်သူ့ကိုမျှ မရည်ရွယ်ပါ။ “အရပ်ကတို့” တ, ၍ အလုပ်မဖြစ်သည့်အခါ “ကိုစံချိတ်ကတို့” ပါ ထည့်၍ တ,လိုက်သော စကားတစ်ခွန်းက အိမ်မှာ အတော် တွင်ကျယ်ဖူးပါသည်။ အပျိုကြီး ဆိုသဟာမျိုးက လူတွေ အကြောင်းကို နည်းနည်းသိ- သိသလို အသုံးတည့်ပစ်လိုက်ပြီး အပိုင် မသိမ်းချင်တတ်သော သဘာဝတစ်ရပ်ပါသည်ဟု အမေက မှတ်ချက်ပြု၏။ အသက်ရလာသည်နှင့် အမျှ အရေထူလာသည်ကလည်း သဘာဝတစ်ရပ်ပဲ ထင်ပါသည်။ အမခင်ဦးမေ၏ Nature of Women ကို တစ်တပ်တစ်အား ပါဝင်ကူညီသည့်အနေဖြင့် တင်ဆက်လိုက်ပါသည်။ ဟိ 😛

Advertisements

ရပ်တည်မှု၊ နားလည်မှု

အခုတလော တွေးမိတာတွေ များနေသည်ထင့်။ လူအများနှင့်စကားပြောလျှင် အဆင်ပြေအောင် မနည်း သတိထား နေရသည်။ နားလည်မှုဆိုသည်ကလည်း တည်ဆောက်ရ လက်ပေါက်ကတ်သလောက် လွဲချင်လျှင် အတော့်ကို ပြောင်မြောက်အောင် လွဲနိုင်သည့်အမျိုး။ Tolerate ကောင်းကောင်း လုပ်တတ်လျှင် လူဖြစ်ပြီဟု အမေကတော့ ဆုံးမဖူးသည်။

နားလည်မှု (၁)

ပြီးခဲ့သည့်တစ်ပတ်က သူငယ်ချင်း တစ်ယောက်နှင့် ဆုံခိုက် သူ့အိမ်က missed call ပေးသည်။ သူလည်း 1818 အားပြုပြီး ပြန်ဆက်ရလေသည်။။ နားထဲ ၀င်လာသမျှတို့ကို ပြန်ရေးပြပါမည်။ (တစ်ဖက်စကား စစ်စစ်ဖြစ်ပါသည်။ ဟိုတစ်ဖက်က စကားများကို ကိုယ့်ဘာသာဖြည့်ပြီး စဉ်းစားကြပါကုန်)

`နေထိုင်ကောင်းပါတယ်။ အမေတို့ကိုသာ ကျွန်တော်က စိတ်ပူရတာ။ ဒီမှာနေရတာ အဆင်ပြေပါတယ်´

`——- —- ———´

`ပင်ပန်းတာကတော့ ပြောမနေနဲ့တော့။ တစ်နေ့တစ်နေ့ ရုံးကနေ ည ၉နာရီမထိုးဘဲနဲ့ မပြန်နိုင်ဘူး၊ မနက်မိုးမလင်းခင် အိမ်ကထွက်။ တစ်နေ့တစ်နေ့ နေကို မမြင်ရဘူး´

`ဟာ… ကျွန်တော်ပြောထားသားပဲ။ အဲဒီ ပြီးခဲ့တဲ့လက ပို့လိုက်တဲ့ ပိုက်ဆံနဲ့  ဖုန်းလိုင်းတစ်လိုင်းလေး ဖြစ်အောင် ၀ယ်လိုက်ပါဆို။ အဲဒီ ခြင်းဖုန်းကြီး ၀ယ်ပြီး PCO ထိုင်ရအောင် ဘယ်သူ့ကို ခိုင်းဦးမှာလဲ´

`အဲဒီလူတွေက အမေတို့ကို ရှာဖွေလုပ်ကိုင်ကျွေးနေဦးမယ်။ စိတ်ကြီးချ။´

`ဘုရား ရှိခိုးတာကိုတော့ ကျွန်တော်က ရှိခိုးမနေနဲ့လို့ ပြောမလား။ အမေတို့ ငွေဝင်စရာက ဒီမှာ OT တစ်လကို နာရီ ၂၀၀ မပြည့်မချင်းလုပ်မှပဲ ဖြစ်မှာလေ။ ကျွန်တော်လည်း အသက်ထွက်တော့မယ်။´

`ပြန်တာကတော့ ပြန်လာချင်တာပေါ့။ ခု ပြန်လာတော့ အဲဒီမှာ ဆက်ပြီး လုပ်ကိုင်စားလို့ရအောင် ပါဦးမှကို။ ကျွန်တော် ပို့ထားတာတွေက ဒီပုံစံနဲ့ဆို ဘာများ စုမိမှာလဲ။´

`နားမလည်တာမဟုတ်ဘူးလေ။ ကျွန်တော်လည်း ဒီမှာ ဒီကအလုပ်ကိုလုပ်ရတဲ့ အခက်အခဲတော့ ရှိတာပဲ။ အဲကွန်းနဲ့ ဇိမ်နဲ့ နှပ်နေရတယ်တော့ ဟုတ်မလား၊ ´

`ဟုတ်ပါပြီ။ ကျွန်တော့်လည်း နားလည်ပေးကြပါဦး။ အခု ပင်နီဆူလာရောက်နေတာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အမေတို့က ခေါ်လို့ ချက်ချင်းပြန်မဖြေရင် စိတ်ပူနေမှာစိုးလို့ ပြန်ခေါ်တာ။ ညကျ ပြန်ခေါ်လိုက်မယ်။ ဟုတ်လား။ ကျွန်တော် ခေါ်ဖြစ်အောင် ခေါ်မှာ၊ စိတ်ချ။ ဒါပဲ၊ ဒါပဲ´

ဖုန်းနှင့်အတူ သက်ပြင်းကြီးကြီးပါ တစ်ပါတည်း ရောချသွားသော သူငယ်ချင်းကိုကြည့်ရင်း ကိုယ်တိုင်လည်း သက်ပြင်းချမိသွားပါသည်။

နားလည်မှု (၂)

တပြည်တရွာ အလုပ်လုပ်ရန် ထွက်မလာမီ မိသားစု အစည်းအဝေးထိုင်နေကြသည်။ သုံးပွင့်ဆိုင်တွေ၊ ရင်ကြားစေ့တွေ လောက်တော့ `ပျင်း,သနား´သွားမည်။ ဒူးတိုက်တွေ၊ နဖူးတိုက်တွေ အကုန်ပါသည်။ ရှုစားကြပါဦး။

`နင့်ဟာက ဖြစ်ရော ဖြစ်နိုင်လို့လား။ သူများတကာ သွားကြ၊ လုပ်ကြတယ်ဆိုတာ ဟိုမှာ အလုပ်တို့ အကိုင်တို့ ရပြီးသားတွေ။ နင်က ကိုယ့်ဘာသာ သွားရှာမယ်ဆိုတော့ ဘယ့်နှယ်ဟာတုန်း´

`သူငယ်ချင်းတွေလည်း ဒီလိုပဲ သွားကြတာပဲဗျာ။ ရနိုင်လို့ပါ´

`ဟဲ့ လမ်းပေါက်လမ်းစ မရှိလို့မှ နင် ဒီလောက်ကြာနေတာလေ၊ ဒီမှာတင် ရတဲ့အလုပ်လေး ၀င်လုပ်နေပါ ဆိုတော့လည်း အဖြစ်ရှိအောင် မရှာ။ ရန်ကုန် ကုန်ကျစရိတ်ဆိုတာ သေးတာမဟုတ်ဘူး။ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများ မျက်စိနောက်အောင် မနေရင် တ၀မ်းတခါးတော့ ဖြစ်အောင် နေလို့ရတယ်။ အသက်ကလည်း မငယ်တော့ဘူး။ ဒီလိုဖြစ်နေတာ ဣနြေ္ဒမရဘူးဟဲ့။ ပြန်ခဲ့တော့´

`ဟာ … မမကြီးကလည်း၊ ကျွန်တော်တို့ သိသလောက်တော့ သူဂျီး(ချေး)များလို့ အလုပ်မရတာမှ မဟုတ်တာ။ တော်ရုံတန်ရုံ အလုပ်ရှင်တွေက အဲဒီလောက် တတ်တဲ့လူတွေ ငါတို့ဆီမှာ အလုပ်လုပ်ရင် မြဲမှာ မဟုတ်ဘူးဆိုတာနဲ့ မရနိုင်တော့ဘူးလေ။ ရမယ့်လစာကလည်း survive ဖြစ်ဖို့ မလွယ်ဘူး။ တအားကောင်းတဲ့ ရေနံကုမ္ပဏီတွေကျပြန်တော့ သူလုပ်လာတဲ့ Experience တွေနဲ့က မလုံလောက်ပြန်ဘူး။ ဒီလို ဖြစ်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး မမကြီးရဲ့´

`အဖေမြင်တာကတော့ ကျောင်းပြီးခါစတုန်းကလည်း နိုင်ငံခြားသွား၊ ကျောင်းဆက်တက်မယ်ဆိုပြီး လုပ်နေတာမြင်တာပဲ။ ရသလား/ မရသလား၊ ဆိုတာကတော့ ကိုယ့်ကိုယ်နဲ့ကိုယ် အသိဆုံး။ ဟုတ်လား။ အခု အလုပ် သွားလုပ်မယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ လိုအပ်သလိုမျိုးပဲ၊ ဟိုမှာရှိမယ့် အလုပ်ခွင်အခြေအနေတို့၊ အလုပ်ရှင်တို့ ဆိုတာကိုလည်း နားမလည်ချင်လို့ မရဘူး။ ပိုပြီး ပင်ပန်းမှာ။ ကိုယ့်ဘက်က တစ်ခွန်းအပြောခံရစရာ မရှိအောင် နေနိုင်လုပ်နိုင်မှ ဖြစ်မှာ။ အဲဒါရော သိသလား၊ နားလည်လား´

`အဖေရာ။ သူများတကာ မော်တာနဲ့ရေတင်နေတဲ့အချိန်မှာ သမီးတို့က လက်ခုပ်နဲ့ရေသယ်နေရတာပါ။ ဒီ့ထက်တော့ ထူးပြီး မပင်ပန်းနိုင် တော့ပါဘူး။ ခုလည်း စုမိဆောင်းမိလေး ဖြစ်လာရင် ရေပုံးလေး၊ ရေစည်လှည်းလေးလောက် ဖြစ်လာအောင်လို့ပါ။ ပြီးတော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးနဲ့ ရပ်တည်လို့ရတယ်ဆိုတာ ယုံကြည်တာကြောင့်လည်း ပါပါတယ်။ ဒီမှာ ရပ်လို့မရပေမယ့် ဟိုမှာ ရပ်လို့ရမှာပါ။ နားလည်ပါတယ်။´

`ဩ၊ ယုံရလောက်သားပဲ။ နင့်စကား နင်ပဲ ပြန်စဉ်းစားစမ်းပါဦး။ ဒီမှာတောင် လူမြင်ကောင်းအောင် အလုပ်တစ်ခုမလုပ်နိုင်ဘဲနဲ့ ဟို အထိသွားပြီးများ အလုပ်လုပ်ဦးမတဲ့။ ငါ အပြတ်ပြောထားမယ်နော်။ အားအားယားယား အပျင်းသွားဖြေရလောက်တာတွေ အားကျဖို့ စိတ်ကူးရင် ပြန်လာဖို့ စိတ်ကူးထဲတောင် မထည့်နဲ့။ ရှင်းလား။ ဒါပဲ´

အရှင်းဆုံး ရာဇသံ ပေးပြီးသည်နှင့် အမကြီးက ဆံထုံးကို ခပ်ဆောင့်ဆောင့် ပြင်ထုံးရင်း အိမ်ခန်းထဲ ၀င်သွားသလို အဖေက ဘုရားခန်းဘက် လှည့်ရင်း သက်ပြင်းချသည်။ အမလတ်နှင့် ယောက်ဖက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကိုယ့်ဘက်ကို ပြိုင်တူ လှည့်ကြည့်သည်။ ဒီစက္ကန့်ပိုင်းသည် အသက်ရှူရ အပင်ပန်းဆုံး ဖြစ်ချိမ့်မည်။ နားလည်ရတာတွေ များလှချည့်လေ။

********                                         ******************                                                  ***********

ရပ်တည်ရာ အနေအထားတွေ ကွာခြားသလို နားလည်မှုတွေ ပြောင်းလဲသွားလျှင်လည်း တစ်မျိုးတော့ အဆင်ပြေမည်ထင်ပါသည်။ တချို့ကလည်း `ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည့်အတူတူ တော်ရာမှာ ပျော်တာပဲ ကောင်းပါတယ်´ဟု ဆိုသည်။ တချို့က `ပျော်သည်ဖြစ်ဖြစ်၊ မပျော်သည်ဖြစ်ဖြစ် သင့်တော်တဲ့ ရလဒ်တစ်ခု ထွက်တာပဲ၊ တော်ပြီပေါ့´ ဟု မှတ်ချက်ပြုသည်။

အိမ်ကလူတွေ ဒီလိုတော့ဖြင့် နားလည်စေချင်မိသေးသည်။

ဆင်ခြေ၊ ဆင်လက် ၊ ဆင်နားရွက်

ခုတလော စာလည်း မရေးဖြစ်၊ ဘလော့တွေလည်း မလည်ဖြစ်။ Reader ယူထားသမျှကိုသာ တိတ်တိတ်ဆိတ်ဆိတ် ဖတ်ဖြစ်သည်။ Bro. DBA က အလုပ်များနေသလားဆိုပြီး လှမ်းမေးသည်။ (အထင်ကြီးခံရ နည်းသလားနော် 😛 ။ ငြိမ်နေလိုက်ရင် ကောင်းမည်ထင်သည်။) အလုပ်ကတော့ ထူး၍ များမလာပါ။ Draft Post တွေသာ များသထက် များလာပါသည်။ (ကြိုတင် လေသံပစ်ထားတာပါ။ ဘယ်စာတစ်ပုဒ်ကိုမှ အဆုံးမသတ်နိုင်တာ အတော် ဆိုးပါသည်။)

ရုပ်ရှင်ကားတွေကို Download ချပြီး ကြည့်ဖြစ်သည့်အခါ စာရေးချင်စိတ်ပေါ်မိပါသော်လည်း အားလုံးကို ၀ါးတားတားပဲ မှတ်မိသည့်အတွက် မရေးဖြစ်တော့ပါ။ (Side Bar မှာ သူများတွေ သွားလည်နိုင်ရန် လမ်းညွှန်သလိုလိုနှင့် ကိုယ်ချည်း သွားကြည့်နေမိတာပါ)

စုံစီနဖာလေးများ စာမျက်နှာမှာ ဖြည့်ရန် ကြံပါသေးသည်။ WordPress က ကတ်ဖဲ့တိုက်နေသလားမှတ်ရသည်။ တစ်ခုမျှ အကောင်အထည် မမြင်ရ။ (Blogspot က ကလိချင်တိုင်း ကလိလို့ရသေးသည်)

ရှားရှားပါးပါး ကျောင်းတူ-ဘလော့ဂါ-သူငယ်ချင်းများက Tag ရန် ကြံစည်ကြ၏။ ကောင်းပါသည်။ ကိုယ့်ဘလော့လေးကို နာမည်ပေးထားပုံ အစောကြီးကတည်းက ရေးမိထားတာ နည်းနည်း နှမြောသွားသည်။ သူတို့ကိုလည်း တောင်းပန်လိုက်ရသည်။ ခုတော့ အသစ်ပြန်ဖြစ်အောင် လုပ်လို့လည်း မရတော့ပါ။

လတ်လျားလတ်လျား လျှောက်သွားမည် ကြံသောအခါ ပြည်တော် ခဏပြန်မည့်သူငယ်ချင်းနှင့် အိမ်ကို လူကြုံပေးရန် ပစ္စည်းဝယ်ဖြစ်သည်သာ အဖတ်တင်သွားသည်။ Post တစ်ပုဒ်ထွက်မလာ။ (ပိုက်ပိုက်ကုန်သလို စိတ်ပါကုန်သွားပါသည်။ Bro. DB တို့လို သွားဖြစ်လျှင် ၀ိတ်ကျ သွားမည်ဟု မျှော်လင့်မိပါသော်လည်း…….. Shopping Mall ၀င်္ကပါများကို ၁၆ ခေါက်ထက်မနည်း ပတ်ပြီးသောအခါ energy လုံးဝ မကျန်တော့သလောက် ဖြစ်သွားသဖြင့် စိတ်လျှော့လိုက်ရပါသည်)

ပတ်ဝန်းကျင်မှာ မြင်မြင်သမျှကို ကန့်လန့်တိုက်ချင်စိတ်ပေါက်နေသော အခါများတွင်လည်း စာ ကောင်းကောင်း ရေးမရတတ်ပြန်ပါ။ တစ်ယောက်တည်းမှ ဖြစ်နေသော စိတ် အချင်းချင်း ခလုတ်တိုက်မိသောအခါ စာ ချောချောမွေ့မွေ့ မထွက်သည့်အတူတူ မရေးတာကမှ ကောင်းပါမည်ဆိုပြီး တိတ်တိတ်ပဲ နေလိုက်မိပါသည်။ Mr. Republic ကတော့ ဆူညံသော တိတ်ဆိတ်မှုကို အသားကျသွားပြီး အဆင်ပြေပြေ ယစ်မူးနေပုံရ၏။ ဘာသံမျှ မကြားရတာ ကြာပေါ့။ (အမှုလှမ်းတွဲလိုက်ပါသည်။ သူကတော့ ရိုး…ဟိုး…. ဟိုး… နေလောက်ပါပြီ 😀 )

နောက်ဆုံး၏ နောက်ဆုံးတွင် ရှိစုမဲ့စု အင်အားလေးကို ဖြစ်ညှစ်ပြီးသကာလ ကိုယ့်ဘာသာကိုယ် ဖြေသိမ့်သော၊ ဖြေရှင်းသော ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်တို့ဖြင့် ပို့စ်တစ်ပုဒ်တင်လိုက်ပါပြီ။ နောက်များ  မကြာမီ ဆက်လက်၍ အကြွေးများ ရှင်းလင်းပါမည့်အကြောင်း ထပ်လောင်းတောင်းပန် အပ်ပါသည်ခင်ဗျား။