ခေတ်မီလိုက်ရင် ကောင်းမလား!

ခက်တော့ အခက်သား။ စကာင်္ပူမှာ လူ ၁၄၀ ကျော် ကူးနေပြီဖြစ်သော H1N1 သည်းသည်းလှုပ်နေခိုက်မှာ ဖျားသည်။ ကွေးတော့ မကွေးပါ။ လူက မိုးတိုးမတ်တပ် သွားလိုက်လာလိုက်နှင့်။

ဇာတ်လမ်းအစ – ကြာသာပတေးနေ့နှင့် သောကြာနေ့ နှစ်ရက်ဆက်၍ Site သွားသည်။ ကြာသာပတေးနေ့ကတော့ မသိသာသေး။ တောက်လျှောက် ပင်ပန်းထားပြီး သောကြာနေ့လည်မှာ ရုံးကို ပြန်ရောက်တော့ ချွေးတွေ စိုနေရာက အဲကွန်းတန်ခိုးနှင့် ချက်ချင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားပြီး အစိုဓါတ်က နှာခေါင်းဘက် ပြောင်းရွှေ့သွား၏။ သည်အချိန်မှာ စနေနေ့ပြန်မည့် လူကြုံက ပြည်အထိ ရောက်မည်ဆိုသောအခါ — အိမ်ကို လူကြုံပေးရန် ဖုန်းဆက် မေးကာ ညနေရုံးဆင်းချိန်တွင် အပြေး အလွှား ဈေးသွားဝယ်ပါသည်။ Mustafa တွင် ဟိုဘက်၊ ဒီဘက် အဆောက်အဦးနှစ်ခုလုံးကို တက်လိုက်ဆင်းလိုက် ပစ္စည်း ရှာခြင်း၊ ၀ယ်ခြင်းများ ပြီးသည့်နောက် ည ၈ နာရီကျော်။ လူကြုံပေးခြင်းကိစ္စ ပြီးသည်နှင့် အိမ်ကို ငွေလွှဲရန် City Hall ဘက် ခြေဦးလှည့်သည်။ လူကြုံလိုချင်သည် ပြောသော ယုန်မွေးဆွယ်တာ- ပင်နီဆူလာမှာ မြင်ဖူးသလိုလိုပဲဆိုပြီး အထပ်စေ့ ပတ်သည်။ မူစတာဖာတစ်ပတ်နှင့် ညီမျှသောအခါ ခြေကုန်လက်ပန်းကျလာပြီး မတွေ့ကြောင်း အဖြေထွက်လာ၏။ သည်လိုနှင့် အိမ်ပြန်သည့် အခြေအနေဖြစ်တော့ ည ၁၀နာရီခွဲ။ အိမ်ရောက်တော့ Panadol Extra တစ်လုံး ပါးစပ်ထဲ ပစ်ထည့်ကာ မှောက်သွားသည်။ ချွေးလေး စို့ကာ နေသာ ထိုင်သာ ဖြစ်သွားသည်။ `ငါ မဖျားသေး´။

စနေနေ့မနက် နိုးလာတော့ ကောင်းကောင်း မကြည်လင်။ ရုံးမသွားချင်သော ရောဂါအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တော့ ဖျားသည့်ဘက် မလှည့်လိုက်နိုင်။ `တောင်လှည့်၊ မြောက်လှည့်နဲ့ ရုံးချိန်ပြီးသွားမှာပါ´- ကိုယ့်ကိုယ်ကို အားပေးကာ အဲကွန်းခန်းထဲ သွားငုတ်တုတ်ထိုင်လိုက်သည်။ လာလေ့- နေ့တစ်ဝက်။ ရုံးဆင်းသော် ခါတိုင်းကဲ့သို့ ပင်နီဆူလာ၊ လမ်းပြကြယ်တို့ဘက် မလှည့်နိုင်တော့။ အိမ်တန်းပြန်သည်။ ကောင်းကောင်း ဖျားရန် အရှိန်ယူသည်။ ဖြစ်ချင်တော့ တနင်္ဂနွေနေ့တွင် ဂျိုဟိုးလမ်းညွှန် ကူညီ မ,စဖူးသော ညီမလေးက မင်္ဂလာဆောင်မည်။ ကိုယ့်ကိုယ်ကို ဖျားခွင့်မပြုနိုင်ပြန်။ သည်လိုနှင့် တောက်လျှောက် ဖျားခွင့်မရရှာသော ခန္ဓာကိုယ်က တနင်္လာနေ့တွင် ဆန္ဒပြပါသည်။ ဘယ်လိုမှ မကြည်လင်ပါ။

MRT Station နှင့် ရထားပေါ်တွင် တချို့ကလေးများကို မျက်နှာဖုံးစွပ်လျက်သား တွေ့လာရသလို၊ ကလေးအမေ အချို့လည်း မျက်နှာဖုံးကိုယ်စီ နားရွက်မှာ ချိတ်လာကြသည်။ သူတို့ကြည့်ရသည်မှာ အတော်ပင် ကို့လို့ကန့်လန့်နိုင်နေပြီး သူတို့ကိုယ်တိုင်ကလည်း စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သို့ဖြင့် အချိန်များမကြာမီ သူတို့လည်း မျက်နှာဖုံးစွပ်လေးများကို ဖြုတ်သွားကြ၏။ သို့သော် အချို့အချို့သော သူများကား တာဝန်သိပြည်သူများပီသနေကြလေရာ ကိုယ်တိုင် တစ်ရှူးလေးကွယ်ကာ ဟတ်ချိုး ချေခါနီးချိန်တွင် နံဘေးမှ မျက်နှာဖုံးစွပ်များကို ကြည့်ရင်း နည်းနည်း အားနာလာပါသည်။

Today မှ `အော်သံ´ ကဏ္ဍတွင် ကလေးမိခင်တစ်ဦးက ရေးထားသည်။ “You may survive, but my son won’t”၊ သူ့သား ၁၀လသားကလေး မွေးရာပါ ရောဂါကာကွယ်မှု အားနည်းနေသောကြောင့် ဆေးရုံတက်ကာ ကုသမှု ခံယူနေရသည်။ အကယ်၍သာ ယခုအချိန် ပြင်ပမှ အခြားရောဂါများ ကူးစက် ရရှိခဲ့လျှင် မည်သို့မှ ကယ်နိုင်ရန် လမ်းမရှိတော့။ သို့ဖြစ်၍ —–  ကိုယ့်ကိုယ်ကို ဘာမှတော့ မဖြစ်နိုင်ပါဘူးဆိုပြီး လွတ်လွတ်လပ်လပ် လျှောက်သွားနေကြသော၊ မိမိကိုယ်တိုင် မသိနိုင်သည့် ရောဂါပိုးသယ်ဆောင်သူများကို သူ တောင်းဆိုထားသည်က-`ကာကွယ်ခြင်းဖြင့် ကယ်တင်ကြပါ´။

Mask သုံးခြင်း၏ ကောင်းကျိုးများအား မသိမဟုတ်၊ သိပါ၏။ သိပါသော်လည်း – မျက်နှာဖုံးစွပ် တပ်ရမှာ ဘာကြောင့်မှန်းမသိ၊ အတော် ၀န်လေးမိသည်။ ကိုယ်တိုင်ကပဲ အကြောက်အလန့် နည်းလွန်းသလား၊ ကြောက်တတ်သူဟု အထင်ခံရမည်ကိုပင် ကြောက်လွန်းသလား၊ တစ်ခုခုတော့ လွဲနေသည်။ ကွေးရဲလျှင် ကွေး- quarentine ထဲ ရောက်သွားမည် ဆိုပြီး ကြောက်တာက ပိုမည်ထင်ပါသည်။ သို့ဆိုလျှင်လည်း သူများ မျက်နှာဖုံးစွပ်သလို လိုက်စွပ်ပြီး ခေတ်မီလိုက်လျှင် ကောင်းမလား။

မည်သို့ပင်ဖြစ်စေ – အမိမြေမှာ ကိစ္စတစုံတရာရှိ၍ သတင်းထုတ်ပြန်သည့်အခါ ပြည်သူလူထု အစိုးရိမ်လွန်၊ ကြောက်လန့်ကြသည်များ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်သော သတင်းစနစ်ကို အတော်ကျင့်သားရနေသည်ထင့်။ ယခု စကာင်္ပူကျွန်းကလေးမှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးတယူ လှုပ်လှုပ်ရှားရှား လုပ်နေသည်ကိုပင် စိတ်ထဲမှာ သည်းသည်းသန်သန် ဖြစ်မလာ။ ကြောက်စရာလား။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိနေသေးလျှင် ခံနိုင်ရည်အရာမှာ ဧတဒဂ်ပေးလောက်သော `ငါဟဲ့- မြန်မာ´။

လတ်တလော သတင်းထုတ်ပြန်ချက်။

ယနေ့ ရုံးမှ ခွင့်ယူ၍ အိမ်တွင် အားရပါးရ ဖျားပါသည်။ မောင်ထွန်းသူ မြန်မာပြန် `ပီကင်း´နှင့် တက္ကသိုလ်နေ၀င်းမြန်မာပြန် `ဂေါ့ဒ်ဖားသား´အားကိုး ရှိပါသည်။ တစ်မနက်လုံးဆေးသောက်လိုက်၊ ပြန်အိပ်လိုက် လုပ်ပြီးသောအခါ အတော်လေး နေသာထိုင်သာ ရှိနေပါပြီ။ ဆေးခန်းမသွားပါ။ အကြောင်းရင်းက တုပ်ကွေးမဟုတ်ကြောင်း ကိုယ့်ဘာသာ သေချာသော်လည်း Quarentine ထဲ ရောက်မှာစိုးပြီး မသွားခြင်းဖြစ်ပါသည်။ ခေတ်မီအောင် မကွေးရဲလိုက်ပါ။ ကောင်းမလားလို့ တွေးကြည့်လိုက်တာပါပဲ။ ခုတော့-

`အားလုံးကောင်းပါသည်ခင်ဗျား´

Advertisements

5 thoughts on “ခေတ်မီလိုက်ရင် ကောင်းမလား!

  1. ခေတ်များ တကယ်မီ သွားပလားလို့ လာဖတ်တာ 🙂
    ကျန်းမာ ရွှင်လန်းပါစေဗျာ

    ခင်မင်စွာဖြင့်
    သီဟသစ်

  2. နေကောင်းပါပြီလား။
    စိတ်ပူတာကျေးဇူးတင်ပါတယ။် အစစအဆင်ပြေပါသည်။
    ဟို (ab) about ဆိုတာကြီးကိုပြင်လိုက်ပါပြီ။စိ့ပုံးကအရက်သောက်နေတဲ့ပုံကိုပြောတာပါ။

  3. နေကောင်းသွားပါပြီအမ။ အဟီး။ စီပုံးမှာ သောက်ပြီး ကောင်းသွားပြီ။ (နောက်တာ။ အတည်) 😛

  4. ဂျက်ဆင်ကို ဂုဏ်ပြုဖို့ ကြိုးစားကြည့်တာပါ။ လုပ်စားတာ မဟုတ်ပါဘူး။ ငါ့ကို သူ့ပရိသတ်လို့ ပြောရင် ကမ္ဘာပေါ်က သူ့ ပရိသတ် သန်း ၁ဝဝဝ ထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်ဟာ။ ငါ့ထက် ပိုပြီးကောင်းကောင်းမွန်မွန် ဂုဏ်ပြုနိုင်ခဲ့တဲ့ http://moehlaingnya.blogspot.com/ မိုးလှိုင်ညမှာပဲ သွားခံစားကြည့်လိုက်ဦးဟ။ နင်လည်း ကြိုက်မှာပါ။ ခုလိုခဏခ လာပြီး စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်လုပ်သွားလို့ ကျေးဇူးပါပဲ။ အဟီး။ တကယ်တင်တာ။ သြော်…. ခေတ်တော့ မမှီလိုက်နဲ့ဦးဟေ့။ နင်က ပြန်ကောင်းလာနိုင်ပေမယ့် ဟိုထနောင်းကို ကူးသွားရင် ပြန်ပါလာတော့မှာ မဟုတ်ဘူး။ အဟီး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s