budget စတေးရှောင်ခြင်း – ၂

ကျွန်မ ၀န်ခံချင်သည့်တစ်ချက်က ဒီတစ်ခါ ကြာကြာ မစဉ်းစားချင်သဖြင့် မြန်မြန်ပြီးအောင် မြန်မြန်ဆွဲရစ်ပါသည်။ စိတ်ညစ်တာ ကြာကြာ ခေါင်းထဲ မထည့်ချင်ပါ။ စာဖတ်သူများ စိတ်ညစ်မှာလည်း မလိုလားပါ။ ဂျိုဟိုးအိမ်မက် ဂယောက်ဂယက်ကို မြန်မြန် နိုးထလိုက်ပါတော့မည်။ ပထမတစ်ခေါက် စတေးရှောင်အပြီး ပြန်ဝင်ပါပြီ။

မလေးက အထွက်- အဆင်ပြေပါသည်။ အင်မီဂရေးရှင်းက ဘာမှ မပြောပါ။ အ၀င်တုန်းက ပိုက်ဆံ တောင်းတတ်သည်ကြား၍ လက်ထဲမှာ နည်းနည်း ကပ်ထားခဲ့သော်လည်း ဘာမှ မတောင်းလိုက်ပါ။ ကံကောင်းပါသည်။ နောက်တစ်ခါ ပြန်မရှောင်ပါရစေနဲ့-ဟု တိတ်တိတ်ကျိတ် ဆုတောင်းမိသည်ကလည်း အထပ်ထပ်။ ဘုန်းကြီးကျောင်းမှာ ၄ ကြိမ်နှင့်အထက် အကြိမ်ကြိမ် ရှောင်ခဲ့ကြရသော အမျိုးသမီး သတ္တိရှင်များအကြောင်း ကြားခဲ့ရသော်ငြား ကိုယ့်ကိုယ်ကို အဲဒီလောက် ခံနိုင်ရည် မရှိမှန်း ကိုယ်တိုင်ပဲ သိပါသည်။ စလုံးအ၀င်- ရသမျှ ဘုရားစာ အကုန်ရွတ်ပြီး ကိုယ့်ဒူးကိုယ် ဟန်မပျက်ထိန်း၊ White Card ဖြည့်ပါသည်။ စလုံး Check Point မှာ အလကားရသော White Card ကို မလေးက အင်မီဂရေးရှင်းအ၀င်မှာ တစ်စောင်မလေးရင်းဂစ်တစ်ကျပ်နှင့် ပိုက်ပိုက်ယူပြီး ဖြည့်ပေးမယ်လို့ လုပ်စားနေတာလည်း ရှိပါသည်။ ဘ၀၊ ဘ၀။

စလုံးအင်မီဂရေးရှင်းကျတော့လည်း ဘာမှ ထွေထွေထူးထူးမပြောဘဲ မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီး တုံးထုချလိုက်၏။ ကောင်တာဖြတ်ပြီး ကြည့်လိုက်တော့မှ 14 ရက် ဖြစ်နေပါလေရော။ ငိုရခက်၊ ပြုံးရခက်ဆိုတာ အဲသည့်အချိန်ပါပဲ။ ၁လလောက် ပြန်ရမှ ဒီWhite Card နံပါတ် အသစ်နှင့် online stay ကို မျှော်လင့်လို့ရမည်လေ။ ခုတော့ အင်တာဗျူး တစ်ခုအတွက် ၁၄ ရက်ယူလိုက်ရသလို။ Anyway, ရောက်ရားပဲ-ဆိုပြီး ကိုယ့်အခန်းကျဉ်းလေး အရောက်ပြန်၊ နောက်နေ့ အင်တာဗျူး သွားဖြေပါသည်။ တူလိုက်ပုံ။ ဒီတစ်ခါ အလုပ် ကလည်း နောက် ၃ ရက်မှာ ဖုန်းဆက်အကြောင်းကြား၊ အင်တာဗျူးအဆင်ပြေပါသည်။ Pass တင်ပေးဖို့ ညှိမရပြန်ပါ။ လစာလည်း အရင် အလုပ် offer တုန်းက အတိုင်း။  ထူး……….. မခြားနား ဆိုပြီး သီချင်းကြီး ထ,ဟစ်မိပါတော့သည်။ အလုပ်လျှောက်တာတွေကိုတော့ မလျှော့သော ဇွဲလုံ့လနဲ့ ဆက်လျှောက်နေတုန်း။ ဒီလိုနှင့် ဒုတိယတစ်ကြိမ်မှာ ရန်ကုန်ပြန်မလားဆိုသည့် Option ကို စဉ်းစားနေရပါပြီ။

လျှောက်ထားသော အလုပ်များ၊ စလုံးပွဲစား ၃ယောက်လောက်ကို CV အပ်ထားသည်များ၊ ပေါင်းလိုက်သော် အင်တာဗျူး ၅ ခုမျှ ထပ်ရမည်ဆိုလျှင်-…  မလေးကိုပဲ နောက်တစ်ခေါက်သွားဖို့ ဆုံးဖြတ်လိုက်ပါသည်။ အချိန်က နိုဝင်ဘာ လကုန်ခါနီး။ ဒီတစ်ခေါက်လည်း လူရှင်းသော Week Days နေ့ခင်းပိုင်းသွားပါသည်။ စလုံးကအထွက်- အေးဆေးပါ။ မလေးအ၀င်——— စပါပြီ။ ပြဿနာ။

“မင်းရဲ့ ပတ်စ်ပို့အရ မကြာသေးခင်ကမှ လာသွားသေးတာပဲ။ ခု ဘာလာလုပ်တာလဲ။”

“အရင်တစ်ခေါက်က နေရပ်လိပ်စာမှာပဲ ဘာလို့ နေမှာလဲ” “လေယာဉ်လက်မှတ်ရော ပါသလား” “စကာင်္ပူမှာလည်း စတေး မကျန်တော့ပါလား” “အရင်တစ်ခေါက်ကလည်း Woodlands ကပဲ လာတာပဲ၊ မင်း စကာင်္ပူကို အလုပ်လာရှာတာ မဟုတ်လား။” “မင်းဟာ မလေးရှားကို မင်းကိုယ်ကျိုးအတွက် အသုံးချနေတာပဲ။ မင်းကို ၀င်ခွင့်မပေးနိုင်ဘူး။ ခု စကာင်္ပူဘက်ကို ပြန်သွားပါ။” (ဒါဖြင့် တံတားပေါ် ငုတ်တုတ်ထိုင်နေရမှာလား။ သူများပြောသံ ကြားဖူးတယ်။ မဟုတ်ပါစေနဲ့ဘုရား)

“ဘာလို့ ပြန်သွားရမှာလဲ၊ ငါ ခုဒီကိုလာတာ မင်းတို့ဆီမှာ အလုပ်လာရှာတာလည်း မဟုတ်ဘူး။ မြန်မာပြည် မပြန်ခင် ဆွေမျိုးကို လာတွေ့တာပဲ။ ငါ ပြန်မသွားနိုင်ဘူး”

“ငါတို့က မင်းကို ယုံမယ်ထင်နေသလား။ ဒါဆို မင်း Officer ကို ၀င်တွေ့ရဲသလား”

“တွေ့ရဲတာပေါ့။ ဘယ်မှာလဲ”

“ဟေ့ … ဒီမှာ မြန်မာပတ်စ်ပို့တစ်ယောက်၊ Woodlands နဲ့ Johor ကို ကူးချည်သန်းချည် လုပ်နေတယ်။ သူ့ကို Officer ဆီပို့လိုက်”

ဒီလိုနှင့် သူများတကာ ရင်ပူရသော စလုံးအင်မီဂရေးရှင်းမဟုတ်ဘဲ ငွေပေးလိုက်လျှင် ပြေလည်သည်ဆိုသည့် မလေးအင်မီဂရေးရှင်းက ပြဿနာ ရှာပါသည်။ စိတ်ညစ်ညစ်နှင့် Officer ၀င်တွေ့တော့ ရုပ်တည်ကြီးနှင့် ဘွားတော်က “မင်း ဘာလာလုပ်တာလဲ” တစ်ခွန်းပဲ မေးသည်။ ခုနက စကားတွေကိုပဲ အစီအစဉ်အတိုင်း ပြန်ရွတ်ပြလိုက်တော့ အတော်ကြာအောင် စိုက်ကြည့်နေပြီး စာအုပ်မှာ တုံးထုပေးသည်။ ပြူးပြဲကြည့်တော့ သာမန် Journey Performed တုံးနှင့် ၁၄ ရက် နေထိုင်ခွင့်။……….. ဟူး…………….. တော်ဒေးတာပေါ့လေ။ တစ်ဆင့်။

ဘုန်းကြီးကျောင်းကို ဘတ်စ်နှင့်ပဲ သွားသည်။ City Square အပြင်ဘက်မှ မြို့တော်ခန်းမဘေး ကားဂိတ်လိုမျိုး ဘတ်စ်တွေ တန်းစီနေသည့်နေရာမှာ Pelangi ရောက်သလား လျှောက် မေးကြည့်သည်။ ဘတ်စ်ဒရိုင်ဘာတစ်ချို့က ပြန်မဖြေ။ နားမလည်ကြသလိုမျိုး။ ကားတွေ လျှောက်ကြည့်ရင်း ပထမတစ်ခေါက်က စီးဖူးသည့်ကားကို မြင်လိုက်သဖြင့် ခပ်တည်တည်နှင့် တက်လိုက်သည်။ 1 ရင်းဂစ်ထည့်ပြီး တံခါးပေါက်နားနီးသည့် ခုံသွားထိုင်သည်။ လမ်းကို သတိမလွတ်အောင် ကြည့်ပြီး Crystal Crown ဟိုတယ်ရှေ့ မှတ်တိုင်တွင် သုတ်သုတ် ဆင်းသည်။ လှည်းတန်းမီးပွိုင့် (ပြည်လမ်း-အင်းဝပေါက်ဘက်) လိုမျိုး သူများတွေ ဖြတ်ကူးသလို လိုက်ကူးသည်။ လမ်းလယ်ကျွန်းလိုမျိုးမှာ သူများ ကျော်ခွသွားသလို သွားသည်။ လမ်းတစ်ဖက်ရောက်တော့ အပေါ်ကားပါကင် (မြန်မာဆိုင်တွေ ရှိရာ) ဘက်ကို သူများတွေ ကျော်ခွတက်သလို တက်လိုက်သည်။ ကိုင်း…. ဒီတစ်ခေါက်တော့ ကိုယ့်ဘာသာကိုယ် ရောက်သွားကပြီ။

EZ-Link ကဒ်ထဲမှာ စလုံး ၁၀ ကျော်ကျော်လေး ကျန်သည်။ လက်ထဲမှာ ရင်းဂစ် ၁၀၀ ကျော်ကျော်လေး ပါသည်။ ဒီတစ်ခါ ပြန်ဝင်ရင် စတေးကြာကြာရအောင် မလေးမှာ နည်းနည်း ရက်ကြာဆွဲနေရန် အကိုတို့၊ အမတို့က မှာလိုက်သည်။ ဒီတော့…… ဒီလိုပဲပေါ့လေ။ ကပ္ပိယဘ၀ကို ကောင်းကောင်း Training ရသွားသပေါ့။ ဘုန်းကြီးကျောင်းမှာ အလှူရှိလျှင် သူတို့လူအင်အားနှင့်သူတို့ လာကြတာ များပါသည်။ ကိုယ်က ဘယ်ပစ္စည်း ဘယ်နေရာမှာ ရှိသည်၊ ဘယ်လောက်ရှိသည်ဆိုတာမျိုး၊ အလှူအတွက် သန့်ရှင်းရေးကအစ အောက်ခြေသိမ်း ကူညီရင်း ဝေယျာဝစ္စကုသိုလ်ပါ ရသွားသည်။ ဒကာရင်းများက လာရောက်၍ ဘုန်းကြီးကျောင်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းလှူဒါန်းကြသည့်အခါ သူတို့တွေဆီက လမ်းကြောင်းတွေလည်း ကြားရသည်။

အင်တာနက်ဆိုင်ကတော့ စလုံးထက် ပိုပေါသည်။ ဈေးလည်း နည်းနည်း ပိုသက်သာသည်။ အလုပ်သွားသွားလျှောက်သော အင်တာနက်ကဖေးဆိုင်က သိပ်ဝေးဝေးမဟုတ်သော်လည်း ပတ်ဝန်းကျင်က ကားပွဲစားတန်းလို၊ ကားဘော်ဒီနှင့် ဆောင်းဘောက်ပြင်သော၊ ကားပစ္စည်း ရောင်းသောဆိုင်များ စုဝေးရာ ဖြစ်သည်။ တချို့ မြန်မာအလုပ်သမားများကို မလေး အလုပ်လက်မဲ့များက အုပ်စုတောင့်လျှင်တောင့်သလို မိုက်ကြေးခွဲကြတာ ဟိုဘက် တစ်ရပ်ကွက်လောက်မှာ မကြာမကြာ ကြားရသည်။ အဲသည့်ဘက်မှ မြန်မာဆိုင်ကို နေ့ခင်းကြောင်တောင် ၀င်ပြီး ဒမြတိုက်သွားတာ မကြာသေး-ဟုလည်း သိရသည်။ သမီးယောက်ဖလို ခင်မင်သွားသော နယ်ခံအကိုတစ်ယောက်က “ယောက်ဖ- ဒီမှာပဲ အလုပ်ရှာလိုက်ပါလား”ဟု မြှောက်ပေးသည်။ ကိုယ်တိုင်က စိတ်ပါသော်လည်း နည်းနည်း ကြောက်တတ်သူဖြစ်ကြောင်း အဲဒီမှာမှ ကိုယ့်ကိုယ်ကို သိသွားပါသည်။

ပြန်ပြောလိုက်မိသည့်စကားက-

“နေပါစေဗျာ။ သတ္တိက လက်ထဲမှာ ဓါးရှိရင်တောင် ခရမ်းသီးကိုပဲ အံကြိတ်ပြီး လှီးနေမိမှာဆိုတော့… စရိတ်ထောင်းခံပြီး စလုံးမှာပဲ ရုန်းပါတော့မယ်”

(နောက်တစ်ပိုင်း ဇာတ်သိမ်းပါမည်- အိမ်မက်တွေ ပြန်မက်ကာ အိပ်ရေးပျက်လွန်း၍ပါ)

Advertisements