budget စတေးရှောင်ခြင်း-၁

တကယ်တမ်း မရေးချင်လှပေမယ့် ကဘွိုင်းက နောက်လာနောက်သား မြေးမြစ်များအတွက် ဆိုလို့ ဇာတ်ကြောင်းလှန်လိုက်ပါတယ်။

လေဆိပ်ရောက်ရောက်ချင်း တစ်လသက်တမ်းပြီးလို့ online သက်တမ်းတိုး တစ်လ စတေး ကုန်ခါနီးတော့ Peninsular Plaza ကို အခေါက်ခေါက် ပတ်ပါတယ်။ သက်တမ်း ၂ ပတ် ကျန်တဲ့အချိန် ၊၂၀၀၇ နိုဝင်ဘာလဆန်းပိုင်း၊ မလေးဗီဇာလျှောက်တာ အဲဒီတုန်းက စလုံး ၂၅ ဒေါ်လာပါ။ ၃ရက်ပဲ စောင့်လိုက်ရပါတယ်။ ၃လ အကြိမ်ကြိမ်ဝင်ခွင့် ဗီဇာလေး ကပ်ပေးလိုက်ပါတယ်။

လေယာဉ်လက်မှတ်ကိုတော့ E Ticket ပဲ လုပ်ပါတယ်။ ဘောင်ဝင်အောင် လုပ်တာပါပဲ။ မလေးမှာ ၁ ပတ်နေပြီး စလုံးကို ပြန်ဝင်ရင် ၁လ တုံး လွတ်လွတ်ကျွတ်ကျွတ် ရအောင်ဆိုပြီး လက်မှတ်ကို တစ်လခွဲ၊ နှစ်လလောက် ခွါလုပ်လိုက်ပါတယ်။

အင်တာဗျူးအဖြေမသိရသေး၊ S-Pass တင်မပေးသေးမီ ၂ရက်အလိုမှာ သွေးလန့်နေတာနဲ့ Re-Entry Visa လျှောက်လိုက်ပါတယ်။ စတေးကုန်ပြီး မလေးမှာ ၂ ရက်လောက်နေပြီးတာနဲ့ ပြန်ဝင်လို့ရအောင် ရက်စွဲချိန်ရပါတယ်။ Credit Card နဲ့ ငွေသွင်းရမှာမို့ online သက်တမ်း တိုးတုန်းကလို ကိုယ့်ဘာသာကိုယ် လုပ်လို့ မရတော့ပါဘူး။ ပြီးတော့ ဗီဇာမထုတ်ပေးရင်လည်း အဲဒီ ငွေသွင်းတဲ့ စလုံးဒေါ်လာ၂၀  ဆုံးဦးမှာပါ။ ဒီအချိန် Re-Entry မရခဲ့ရင် KL ကျမှ ပြန်လျှောက်ရင်လည်း ရတယ်လို့တော့ ပြောကြပါတယ်။ အဲဒီဘက်မှာ ပွဲစားနဲ့ ရိုက်လို့ရတယ်လို့လည်း ကြားဖူးပါတယ်။ ဒါပေမယ့် သူ့ဘာသာသူပဲ အဆင်ပြေပြီး Re-entry Sticker လေး ထုတ်ပေးလိုက်ကြပါတယ်။ ကိုယ့်စာအုပ်မှာ ကိုယ့်ဘာသာကိုယ် ကပ်လိုက်ရတာပါ။ အကယ်၍ စာအုပ်ပိုင်ရှင်က မလေးဘက်ရောက်သွားပြီးမှ စလုံးဘက်မှာ ကျန်နေခဲ့တဲ့သူက လျှောက်ပေးရင်လည်း ရပါတယ်။ စတစ်ကာလေးကို မလေးဘက် ရောက်အောင် ပို့ပေးဖို့တော့ လိုတာပေါ့။

တင်ထားတဲ့ S-Pass က Reject ဖြစ်တယ်လို့ သိရတဲ့အချိန်၊ စတေးက ၃ ရက်ပဲ ကျန်ပါတော့တယ်။ MOM နဲ့ သက်တမ်းတိုးဖို့ လုပ်နေတုန်းမှာကို Reject ဖြစ်သွားတာပါ။ ဘယ်မှာ ဘယ်လို နေရမယ်ဆိုတာ မသိသေးတဲ့အချိန်မှာ Re-Entry Visa လျှောက်ပေးတဲ့ အကိုနဲ့ အမတို့အိမ်က ညီမလေးတစ်ယောက်က သူ သွားရှောင်ခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်းနဲ့ ဆက်သွယ်ပြီး ကူညီပေးပါတယ်။ ဒါကတော့ ညောင်ကန်အေးဓမ္မရိပ်သာ (Johor Bahru)ပါ။ ကျောင်းထိုင်ဘုန်းဘုန်း ဦးဥာဏိဿရက လာမယ့်အချိန်မှာ လမ်းမသိရင် သူ့ကို ဖုန်းဆက်မေးပါ၊ Taxi သမားကို သူလမ်းညွှန်ပေးမယ်လို့ မိန့်ပါတယ်။

သက်တမ်းကုန်မယ့်နေ့မနက်မှာ တိုက်တိုက်ဆိုင်ဆိုင် အင်တာဗျူးတစ်ခု ဖြေသွားပါတယ်။ နေ့လည်၁၂နာရီကျော်ကျော်လေးမှာ SBS Transit စီးလို့ Kranji ကနေ Woodland တံတားကြီးကို ဖြတ်၊ Johor Bahru ကို ချီတက်သွားပါတယ်။ Week-Days ဖြစ်တော့ အဲဒီ နေ့လည်တစောင်းလို အချိန်မှာ လူ နည်းနည်း ရှင်းပါတယ်။

အသွားမှာ Immigrations နှစ်နေရာစလုံးက ဘာမှ မရစ်လိုက်ပါဘူး။ ဖြောင့်ဖြောင့်တန်းတန်း တုံးထုပေးလိုက်ကြပါတယ်။ Woodland တံတားရဲ့ ဟိုဘက်ထိပ်ရောက်တာနဲ့ SingTel ကနေ MyMaxis အဖြစ် Auto Roam ပွင့်သွားပါတယ်။ ကံကောင်းချင်တော့ ဘုန်းဘုန်းက ကိစ္စရှိလို့ City Square ဘက်ရောက်နေတာနဲ့ တစ်ခါတည်း လာခေါ်ပါတယ်။ နေရာက Pelangi နားမှာပါ။ ကျောင်းလို့ ပြောရပေမယ့် Clementi ကျောင်းလိုပါပဲ။ တိုက်ခန်းလေး ဖြစ်ပါတယ်။ စားရိတ်အနေနဲ့ လက်ထဲမှာ ပါလာတဲ့ ရင်းဂစ် ၁၁၀ မှာ ၅၀ ကို ဘုန်းဘုန်းကို န၀ကမ္မ လှူလိုက်ပါတယ်။ ကျောင်းရဲ့ လစဉ်ငှါးရမ်းခ၊ အခြား ရေ/မီးအသုံးစားရိတ်တွေအပြင် ကိုယ့်လို စတေးလာရှောင်သူများအတွက် ချက်ပြုတ်စားသောက်ဖို့ပါ ကိုယ့်အရင် စီနီယာများက လှူတန်းခဲ့ကြတာပါ။ သူတို့ရဲ့ စွန့်စားခန်းတွေက ကိုယ့်ထက်တောင် ရင်သိမ့်တုန်စရာ ဖြစ်ခဲ့ကြဦးမှာပါ။

MyMaxis ဖုန်းကဒ်လေးတစ်ကဒ်ကို ဒီဘက်က အရင်ရှောင်ဖူးတဲ့ ညီမလေးဆီကနေ ငှါးသွားပါတယ်။ 7-Eleven မှာ Top-Up အတွက် ဖုန်းကဒ်ပြ၀ယ်ပါတယ်။ မလေးဘက်ကို ချောချောမောမောရောက်ကြောင်း သူငယ်ချင်းနဲ့ အကို၊အမတွေကို သတင်းပို့ပါတယ်။ ဖုန်းကဒ် မပါလာခဲ့ရင်လည်း ဘုန်းဘုန်းက သူ့ဖုန်းကို ယူသုံးချင်သုံးပါလို့ ခွင့်ပြုပါတယ်။ ဆွမ်းစားဆောင်လို့သဘောထားရမယ့် အခန်းကန့်ထားတဲ့ဘက်မှာ ကိုယ့်လို စတေးရှောင်လာကြသူ အမျိုးသမီးများအတွက် အခန်းတစ်ခန်း သတ်သတ်ရှိပါတယ်။ အမျိုးသားများက ဘုရားခန်းရှေ့က ကော်ဇောမှာ အိပ်ခွင့်ရပါတယ်။ ဘုန်းဘုန်းကတော့ ဘုရားခန်းနဲ့ ကပ်လျက် အခန်းငယ်လေးမှာ ကျိန်းပါတယ်။

နေ့စဉ် မနက်စောစောထပြီး ဘုန်းဘုန်းအတွက် ဆွမ်းထချက်ပါတယ်။ မီးဖိုချောင်နဲ့ ရေခဲသေတ္တာထဲမှာ ရှိတဲ့ စားစရာတွေကို တတ်သမျှ၊ မှတ်သမျှ ပြင်ဆင်ပြီး ဘုန်းဘုန်းအတွက် အာရုံဆွမ်းကို မနက် ၆း၃၀ နာရီမှာ အပြီး ပြင်ဆင်ရပါတယ်။ ကပ္ပိယကို ကူညီပြီး ဆွမ်းပွဲ ပြင်ပေးပြီးရင် ဘုန်းဘုန်းက မနက် ၇ နာရီမှာ ဆွမ်းဘုဉ်းပေးလေ့ရှိပါတယ်။ နေ့ဆွမ်းကိုတော့ မြန်မာဆိုင်တွေကနေ ဟင်းတွေကို ချိုင့်ဆွဲနဲ့ အလှည့်ကျ လာကပ်ပါတယ်။ ကိုယ်က ကူညီပြီး ဆွမ်းပွဲပြင်ပေး၊ ချိုင့်တွေလှယ်ပေးရုံပါ။ ဘုန်းကြီးပွဲကျကို ၀ိုက်လိုက်တာနဲ့ ကိုယ့်ရဲ့ မနက်စာနဲ့ နေ့လည်စာအဆင်ပြေပါတယ်။ လူတွေများနေရင်တော့ ကိုယ့်ဘာသာကိုယ် ဈေးနည်းနည်းဝယ်ပြီး ချက်ကြရတာပေါ့။ ရှေ့က စီနီယာများ လှူဒါန်းသွားတဲ့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ၊ ကြက်သွန် ဒါတွေအပြင် ဂျိုဟိုးက အမာခံ ဒကာ၊ ဒကာမများကလည်း လှူဒါန်းကြလို့ ကိုယ့်လို ယောင်ချာချာ စတေးရှောင်သမားများအတွက် ဘေးကင်းလုံခြုံတဲ့ ခိုလှုံရာလေး ဖြစ်ခဲ့ရတာပါ။

ဒီလိုနဲ့ သုံးရက် အကြာ၊ အင်တာဗျူးနောက်တစ်ခုကို တနင်္လာနေ့ ဖြေရမယ်ဆိုလို့ တနင်္ဂနွေနေ့လည်မှာ ကျောပိုးအိတ်တစ်လုံးပိုက်ပြီး ဘုန်းဘုန်းကို ဦးချ၊ စလုံးဘက်ကို ရင်တမမနဲ့ ခြေဦးပြန်လှည့်ခဲ့ရပါတော့တယ်။ Larkin-City Square ဆိုတဲ့ ဘတ်စ်ကားနဲ့ မလေး ရင်းဂစ် ၁ ကျပ်ထည့်ပြီး မလေးအင်မီဂရေးရှင်းရှိရာကို ချီတက်ခဲ့ရတာပေါ့။

စာကြွင်း။               ။ Bro.DBA ရဲ့ ပြင်ဆင်ခဲ့မှုကို ခုမှ ပြန် link လိုက်ရပါတယ်။ စောစောက မထည့်လိုက်ရသေးခင်မှာ Button မှားနှိပ်ပြီး Publish ဖြစ်သွားတာပါ။ အားလုံးကို တောင်းပန်ပါ၏။ တွေ့ပုချိ 🙂

Advertisements