ရပ်တည်မှု၊ နားလည်မှု

အခုတလော တွေးမိတာတွေ များနေသည်ထင့်။ လူအများနှင့်စကားပြောလျှင် အဆင်ပြေအောင် မနည်း သတိထား နေရသည်။ နားလည်မှုဆိုသည်ကလည်း တည်ဆောက်ရ လက်ပေါက်ကတ်သလောက် လွဲချင်လျှင် အတော့်ကို ပြောင်မြောက်အောင် လွဲနိုင်သည့်အမျိုး။ Tolerate ကောင်းကောင်း လုပ်တတ်လျှင် လူဖြစ်ပြီဟု အမေကတော့ ဆုံးမဖူးသည်။

နားလည်မှု (၁)

ပြီးခဲ့သည့်တစ်ပတ်က သူငယ်ချင်း တစ်ယောက်နှင့် ဆုံခိုက် သူ့အိမ်က missed call ပေးသည်။ သူလည်း 1818 အားပြုပြီး ပြန်ဆက်ရလေသည်။။ နားထဲ ၀င်လာသမျှတို့ကို ပြန်ရေးပြပါမည်။ (တစ်ဖက်စကား စစ်စစ်ဖြစ်ပါသည်။ ဟိုတစ်ဖက်က စကားများကို ကိုယ့်ဘာသာဖြည့်ပြီး စဉ်းစားကြပါကုန်)

`နေထိုင်ကောင်းပါတယ်။ အမေတို့ကိုသာ ကျွန်တော်က စိတ်ပူရတာ။ ဒီမှာနေရတာ အဆင်ပြေပါတယ်´

`——- —- ———´

`ပင်ပန်းတာကတော့ ပြောမနေနဲ့တော့။ တစ်နေ့တစ်နေ့ ရုံးကနေ ည ၉နာရီမထိုးဘဲနဲ့ မပြန်နိုင်ဘူး၊ မနက်မိုးမလင်းခင် အိမ်ကထွက်။ တစ်နေ့တစ်နေ့ နေကို မမြင်ရဘူး´

`ဟာ… ကျွန်တော်ပြောထားသားပဲ။ အဲဒီ ပြီးခဲ့တဲ့လက ပို့လိုက်တဲ့ ပိုက်ဆံနဲ့  ဖုန်းလိုင်းတစ်လိုင်းလေး ဖြစ်အောင် ၀ယ်လိုက်ပါဆို။ အဲဒီ ခြင်းဖုန်းကြီး ၀ယ်ပြီး PCO ထိုင်ရအောင် ဘယ်သူ့ကို ခိုင်းဦးမှာလဲ´

`အဲဒီလူတွေက အမေတို့ကို ရှာဖွေလုပ်ကိုင်ကျွေးနေဦးမယ်။ စိတ်ကြီးချ။´

`ဘုရား ရှိခိုးတာကိုတော့ ကျွန်တော်က ရှိခိုးမနေနဲ့လို့ ပြောမလား။ အမေတို့ ငွေဝင်စရာက ဒီမှာ OT တစ်လကို နာရီ ၂၀၀ မပြည့်မချင်းလုပ်မှပဲ ဖြစ်မှာလေ။ ကျွန်တော်လည်း အသက်ထွက်တော့မယ်။´

`ပြန်တာကတော့ ပြန်လာချင်တာပေါ့။ ခု ပြန်လာတော့ အဲဒီမှာ ဆက်ပြီး လုပ်ကိုင်စားလို့ရအောင် ပါဦးမှကို။ ကျွန်တော် ပို့ထားတာတွေက ဒီပုံစံနဲ့ဆို ဘာများ စုမိမှာလဲ။´

`နားမလည်တာမဟုတ်ဘူးလေ။ ကျွန်တော်လည်း ဒီမှာ ဒီကအလုပ်ကိုလုပ်ရတဲ့ အခက်အခဲတော့ ရှိတာပဲ။ အဲကွန်းနဲ့ ဇိမ်နဲ့ နှပ်နေရတယ်တော့ ဟုတ်မလား၊ ´

`ဟုတ်ပါပြီ။ ကျွန်တော့်လည်း နားလည်ပေးကြပါဦး။ အခု ပင်နီဆူလာရောက်နေတာ။ သူငယ်ချင်းတွေလည်း ရှိတယ်။ အမေတို့က ခေါ်လို့ ချက်ချင်းပြန်မဖြေရင် စိတ်ပူနေမှာစိုးလို့ ပြန်ခေါ်တာ။ ညကျ ပြန်ခေါ်လိုက်မယ်။ ဟုတ်လား။ ကျွန်တော် ခေါ်ဖြစ်အောင် ခေါ်မှာ၊ စိတ်ချ။ ဒါပဲ၊ ဒါပဲ´

ဖုန်းနှင့်အတူ သက်ပြင်းကြီးကြီးပါ တစ်ပါတည်း ရောချသွားသော သူငယ်ချင်းကိုကြည့်ရင်း ကိုယ်တိုင်လည်း သက်ပြင်းချမိသွားပါသည်။

နားလည်မှု (၂)

တပြည်တရွာ အလုပ်လုပ်ရန် ထွက်မလာမီ မိသားစု အစည်းအဝေးထိုင်နေကြသည်။ သုံးပွင့်ဆိုင်တွေ၊ ရင်ကြားစေ့တွေ လောက်တော့ `ပျင်း,သနား´သွားမည်။ ဒူးတိုက်တွေ၊ နဖူးတိုက်တွေ အကုန်ပါသည်။ ရှုစားကြပါဦး။

`နင့်ဟာက ဖြစ်ရော ဖြစ်နိုင်လို့လား။ သူများတကာ သွားကြ၊ လုပ်ကြတယ်ဆိုတာ ဟိုမှာ အလုပ်တို့ အကိုင်တို့ ရပြီးသားတွေ။ နင်က ကိုယ့်ဘာသာ သွားရှာမယ်ဆိုတော့ ဘယ့်နှယ်ဟာတုန်း´

`သူငယ်ချင်းတွေလည်း ဒီလိုပဲ သွားကြတာပဲဗျာ။ ရနိုင်လို့ပါ´

`ဟဲ့ လမ်းပေါက်လမ်းစ မရှိလို့မှ နင် ဒီလောက်ကြာနေတာလေ၊ ဒီမှာတင် ရတဲ့အလုပ်လေး ၀င်လုပ်နေပါ ဆိုတော့လည်း အဖြစ်ရှိအောင် မရှာ။ ရန်ကုန် ကုန်ကျစရိတ်ဆိုတာ သေးတာမဟုတ်ဘူး။ ကိုယ့်မြို့ကိုယ့်ရွာမှာ သူများ မျက်စိနောက်အောင် မနေရင် တ၀မ်းတခါးတော့ ဖြစ်အောင် နေလို့ရတယ်။ အသက်ကလည်း မငယ်တော့ဘူး။ ဒီလိုဖြစ်နေတာ ဣနြေ္ဒမရဘူးဟဲ့။ ပြန်ခဲ့တော့´

`ဟာ … မမကြီးကလည်း၊ ကျွန်တော်တို့ သိသလောက်တော့ သူဂျီး(ချေး)များလို့ အလုပ်မရတာမှ မဟုတ်တာ။ တော်ရုံတန်ရုံ အလုပ်ရှင်တွေက အဲဒီလောက် တတ်တဲ့လူတွေ ငါတို့ဆီမှာ အလုပ်လုပ်ရင် မြဲမှာ မဟုတ်ဘူးဆိုတာနဲ့ မရနိုင်တော့ဘူးလေ။ ရမယ့်လစာကလည်း survive ဖြစ်ဖို့ မလွယ်ဘူး။ တအားကောင်းတဲ့ ရေနံကုမ္ပဏီတွေကျပြန်တော့ သူလုပ်လာတဲ့ Experience တွေနဲ့က မလုံလောက်ပြန်ဘူး။ ဒီလို ဖြစ်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူး မမကြီးရဲ့´

`အဖေမြင်တာကတော့ ကျောင်းပြီးခါစတုန်းကလည်း နိုင်ငံခြားသွား၊ ကျောင်းဆက်တက်မယ်ဆိုပြီး လုပ်နေတာမြင်တာပဲ။ ရသလား/ မရသလား၊ ဆိုတာကတော့ ကိုယ့်ကိုယ်နဲ့ကိုယ် အသိဆုံး။ ဟုတ်လား။ အခု အလုပ် သွားလုပ်မယ်လို့ ပြောတယ်။ ဒီမှာရှိတဲ့ အလုပ်ပတ်ဝန်းကျင်မှာ အဆင်ပြေဖို့ လိုအပ်သလိုမျိုးပဲ၊ ဟိုမှာရှိမယ့် အလုပ်ခွင်အခြေအနေတို့၊ အလုပ်ရှင်တို့ ဆိုတာကိုလည်း နားမလည်ချင်လို့ မရဘူး။ ပိုပြီး ပင်ပန်းမှာ။ ကိုယ့်ဘက်က တစ်ခွန်းအပြောခံရစရာ မရှိအောင် နေနိုင်လုပ်နိုင်မှ ဖြစ်မှာ။ အဲဒါရော သိသလား၊ နားလည်လား´

`အဖေရာ။ သူများတကာ မော်တာနဲ့ရေတင်နေတဲ့အချိန်မှာ သမီးတို့က လက်ခုပ်နဲ့ရေသယ်နေရတာပါ။ ဒီ့ထက်တော့ ထူးပြီး မပင်ပန်းနိုင် တော့ပါဘူး။ ခုလည်း စုမိဆောင်းမိလေး ဖြစ်လာရင် ရေပုံးလေး၊ ရေစည်လှည်းလေးလောက် ဖြစ်လာအောင်လို့ပါ။ ပြီးတော့ ကိုယ့်မှာရှိတဲ့ အရည်အချင်းလေးနဲ့ ရပ်တည်လို့ရတယ်ဆိုတာ ယုံကြည်တာကြောင့်လည်း ပါပါတယ်။ ဒီမှာ ရပ်လို့မရပေမယ့် ဟိုမှာ ရပ်လို့ရမှာပါ။ နားလည်ပါတယ်။´

`ဩ၊ ယုံရလောက်သားပဲ။ နင့်စကား နင်ပဲ ပြန်စဉ်းစားစမ်းပါဦး။ ဒီမှာတောင် လူမြင်ကောင်းအောင် အလုပ်တစ်ခုမလုပ်နိုင်ဘဲနဲ့ ဟို အထိသွားပြီးများ အလုပ်လုပ်ဦးမတဲ့။ ငါ အပြတ်ပြောထားမယ်နော်။ အားအားယားယား အပျင်းသွားဖြေရလောက်တာတွေ အားကျဖို့ စိတ်ကူးရင် ပြန်လာဖို့ စိတ်ကူးထဲတောင် မထည့်နဲ့။ ရှင်းလား။ ဒါပဲ´

အရှင်းဆုံး ရာဇသံ ပေးပြီးသည်နှင့် အမကြီးက ဆံထုံးကို ခပ်ဆောင့်ဆောင့် ပြင်ထုံးရင်း အိမ်ခန်းထဲ ၀င်သွားသလို အဖေက ဘုရားခန်းဘက် လှည့်ရင်း သက်ပြင်းချသည်။ အမလတ်နှင့် ယောက်ဖက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကိုယ့်ဘက်ကို ပြိုင်တူ လှည့်ကြည့်သည်။ ဒီစက္ကန့်ပိုင်းသည် အသက်ရှူရ အပင်ပန်းဆုံး ဖြစ်ချိမ့်မည်။ နားလည်ရတာတွေ များလှချည့်လေ။

********                                         ******************                                                  ***********

ရပ်တည်ရာ အနေအထားတွေ ကွာခြားသလို နားလည်မှုတွေ ပြောင်းလဲသွားလျှင်လည်း တစ်မျိုးတော့ အဆင်ပြေမည်ထင်ပါသည်။ တချို့ကလည်း `ပျော်ရာမှာ မနေရ၊ တော်ရာမှာ နေရသည့်အတူတူ တော်ရာမှာ ပျော်တာပဲ ကောင်းပါတယ်´ဟု ဆိုသည်။ တချို့က `ပျော်သည်ဖြစ်ဖြစ်၊ မပျော်သည်ဖြစ်ဖြစ် သင့်တော်တဲ့ ရလဒ်တစ်ခု ထွက်တာပဲ၊ တော်ပြီပေါ့´ ဟု မှတ်ချက်ပြုသည်။

အိမ်ကလူတွေ ဒီလိုတော့ဖြင့် နားလည်စေချင်မိသေးသည်။

Advertisements