လူမှန် နေရာမှန် ?

Once you see this Ads, you’ll see the exact message of agency. (picture credited to RogerS)

အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုက ကြော်ငြာလိုက်တာ hit the bull’s eye လို့ ပြောရလောက်အောင် ထိပါတယ်။ တကယ်သာ အဲဒီ အလယ်လူလို ဘ၀မျိုးဖြစ်နေခဲ့ရင်တော့ အတော် ဆိုးတဲ့ ဘ၀ပါပဲ။ တခြား အခြေအနေမှာသာဆိုရင် အဲဒီ အလယ်လူအတွက် အံဝင်ခွင်ကျ ဖြစ်နိုင်မယ့် အလားအလာ ရှိပါသေးတယ်။ သူကလွဲပြီး ဘယ်သူမှ လုပ်လို့ မရနိုင်တာတွေတောင် ရှိနိုင်ပါသေးတယ်။

ပြောရမယ်ဆိုရင် အလုပ်လုပ်ကြရာမှာ Doing Things Right နဲ့ Doing Right Things ဆိုပြီး ရှိပါသတဲ့။ ကိုယ်ရောက်နေတဲ့ နေရာမှာ လုပ်စရာရှိတာကို အတတ်နိုင်ဆုံး မှန်ကန်အောင် Doing Things Right နဲ့ နေနေတာ အတော်ကြာသွားပြီဆိုတော့ လူက နည်းနည်း ပျင်းလာတယ်။ ဆိုကြပါစို့။ ဒီအလုပ်ကို တခြားလူ ရောက်လာမယ်ဆိုရင်လည်း ဒီလောက်တော့ မှန်ကန်အောင် လုပ်နိုင်မယ် မဟုတ်လား။ ဒါမှမဟုတ်၊ ကိုယ် ဒီမျှမက လုပ်နိုင်နေပါလျက်နဲ့ အခြေအနေက ဒီလောက်ပဲ ခွင့်ပြုတယ်ဆိုတဲ့အခါ ကိုယ်လုပ်နေတာတွေကတော့ Doing Things Right ပါပဲ။ ကိုယ့်အတွက် သင့်တော်တဲ့ နေရာမှန်မှ ဟုတ်ရဲ့လားလို့ တွေးမိလာနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဗဟိုပြုပြီး စဉ်းစားတဲ့အခါ ကမ္ဘာကြီးကလည်း ကျဉ်းကျဉ်းလေး ဖြစ်သွားပါတယ်။ (ကိုယ် ဘယ်လောက် အသိုင်းအ၀ိုင်း ကျယ်ကျယ်ကို တွေးသလဲ။ တွေးသလောက် ကျယ်ပြန့်တဲ့ ကမ္ဘာ ဖြစ်လာမှာပဲကိုး) အဲဒီ ကိုယ့်အသိုင်းအ၀ိုင်းလေးထဲမှာ ကိုယ်ဟာ မရှိမဖြစ်၊ အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်နေမှာမို့ Doing Right Things ဖြစ်နိုင်ပါ့မလား။ ဒါလည်း စဉ်းစားစရာပါပဲ။ ပြင်ပကမ္ဘာနဲ့ ကိုယ်ပိုင်ကမ္ဘာ နှိုင်းယှဉ်ကြည့်လို့ရမယ့် Right Things တွေဟာ ကွဲလွဲမှုလည်း ရှိနေနိုင်ပါတယ်။

နောက်ပြီး ခုထိ ကျွန်မရေးပြီးသမျှမှာ ပြန်ရချက်နဲ့ တွက်ကြည့်တာ မပါသေးပါဘူး။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာ၊ စွမ်းရည်နဲ့ လုပ်ငန်းသဘောသဘာဝပဲ နှိုင်းယှဉ်ကြည့်နေတာပါ။ ကိုယ်စိုက်ထုတ်ထားတဲ့ အင်အား၊ အချိန်၊ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ပြန်ရချက်ကိုပါ ထည့်စဉ်းစားမယ်ဆိုရင် Doing Right Things မှာ Criteria တွေ တိုးလာပါမယ်။ Doing Things Right ကတော့ ပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါကြောင့် Doing Things Right က ပုဂ္ဂိုလ်ရေး နဲ့ ပိုဆက်နွယ်ပြီး Doing Right Things ကတော့ ကျင့်ဝတ်ပိုင်း၊ သဘောထားခံယူမှုအပိုင်းတွေနဲ့ ပိုနီးစပ်မယ်လို့ ယူဆရပါတယ်။

ဒါကတော့ Peter Drucker ရဲ့ အဆိုအမိန့်တစ်ခုပါ။   Management is doing things right; leadership is doing the right things. သူကတော့ စီမံခန့်ခွဲမှုနဲ့ ခေါင်းဆောင်မှုကိုပဲ ပြောသွားတာပါ။ ကျွန်မတို့ နေ့စဉ် လှုပ်ရှားမှုတွေမှာပါ `ဘာလုပ်လုပ် မှန်မှန်ကန်ကန်လုပ်´ ဆိုတာနဲ့ `မှန်တာပဲလုပ်´ဆိုတာ အမြဲတမ်းညှိနေရမယ့် ဒွိဟတစ်မျိုး ဖြစ်နေမှာပါပဲ။

(အဲဒါ Life-and-live မှာ ရေးဖြစ်ထားတဲ့ စာလေးပါ။ Draft ဘ၀မှာ ကာလအတော်ကြာ နေရရှာတဲ့ ပို့စ်လေးလည်း ဖြစ်ပါတယ်။ တခြား ဆေးပညာအသိုင်းအ၀ိုင်းIT Field နဲ့ စီးပွါးရေးဆိုင်ရာ စာတမ်းတွေမှာလည်း လိုက်ရှာ ဖတ်ကြည့်နေခဲ့တာကြောင့်ပါ။ ပို့စ် အပြီးသတ်တော့ ရက်စွဲက စရေးခဲ့တာရဲ့ တစ်လကျော်သွားပါပြီ။ ကျွန်မ ယုံကြည်မိပါသေးတယ်။ လွတ်လပ်မှုဆိုတာကို ကျင့်သုံးတဲ့အခါမှာလည်း တာဝန်ရှိမှု၊ တာဝန်သိမှုဆိုတာတွေ ထည့်သွင်းစဉ်းစားပြီး Right Things တွေကို ရွေးချယ်ဖြစ်ကြမယ်လို့ ။)

Mp3Raid music code- Testing

MP3 သီချင်းတွေ တော်တော်များများ ရှာလို့ရသလို download လည်း ရပါတယ်။ အဆင်ပြေချင်တော့ သူများ ဘလော့တစ်ခုကို သွားလည်ရင်း တွေ့လာတာ။ WordPress က နည်းနည်း အကဲဆတ်တယ်ပြောရမယ်။ အရင်က MP3 Player နဲ့ Play List တစ်ခု ထည့်ဖို့ လုပ်ဖူးတယ်။ အဆင်မပြေခဲ့ဘူး။ MP3 သီချင်းတွေ သိမ်းတာက တစ်နေရာ၊ Playlist ယူတော့ တစ်နေရာ။ နောက် WordPress ပေါ်တင်တော့ Player ပြုတ်ကျန်ခဲ့ရော။ Imeem မှာလည်း စမ်းဖူးပေမယ့် သီချင်းများသလောက် Player မသွက်ဘူး။ ဒီဆိုက်ကတော့ မဆိုးဘူးပြောရမယ်။ အခု တစ်ပုဒ်ကတော့ စမ်းလိုက်တာပါ။ အဲဒီဆိုက်ကနေ ဖုန်းထဲကို Download ချလိုသူများ ပိုက်ပိုက်မကုန်ဘဲ ရနိုင်သတဲ့။  link လည်း ယူရင်း၊ ဖုန်းလည်း ကလိရင်း စမ်းကြည့်လိုသူများ စမ်းကြည့်ကြပါကုန်။ ကျွန်မကတော့ အခုမှ သိတာပေမယ့် သူများတွေလည်း သိပြီးသား ဖြစ်နိုင်ပါတယ်။ အဲဒါထက် အဆင်ပြေမယ့် link တွေ သိရင် မျှကြပါဦးနော်။ 🙂

ကိုယ့်အကြောင်းနှင့်ကိုယ်

`အဲဒီလူပေါ့ဗျာ…. ဟို ကိစ္စတုန်းက …. သိတယ်မဟုတ်လား´
`ဒီလူ သူ့သမိုင်းသူ ရေးသွားမှာပါကွာ။ အပူမရှာစမ်းပါနဲ့´

***                                                 ***                                                      ***

`ခင်ဗျားတို့ သိထားဖို့က ပြဿနာတစ်စုံတစ်ခု ပေါ်လာပြီဆိုရင် အဲဒီ ပြဿနာထဲမှာ ခင်ဗျားတို့ကိုယ်တိုင်လည်း တစ်စိတ်တစ်ပိုင်း ပါတယ်ဆိုတာပဲ´(ရှေ့မှ Management ဆရာ၏ ရှင်းပြနေသံ)

`ပြဿနာရှိနေတယ်ဆိုတာကို လက်ခံမှ ပြဿနာဆိုတာ ရှိမှာဟ။ အဲဒါကိုက ပြဿနာပဲ´

`ဆရာကလည်း ပြဿနာမရှိတာကို ပြဿနာလုပ်ခိုင်းနေတယ်ဟာ´ (နောက်မှ သင်တန်းသားများ၏ ဆွေးနွေးချက်များ)

***                                              ***                                          ***

ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသွားခဲ့သော စာတမ်းများစွာ စာအုပ်အဖြစ်ရောက်လာခဲ့သလို ရောက်မလာခဲ့သည်များလည်း မနည်းပါ။ ဆရာကြီးက သမိုင်းမှတ်တမ်းများစွာ ရေးခဲ့သလို သူ့သမိုင်းကိုလည်း သူကိုယ်တိုင် ရေးသွားခဲ့ပါသည်။ ဆရာကြီး၏ သမိုင်းမှာ ပါဝင်နေသော အခြားသူများ သူတို့သမိုင်းကို သူတို့ရေးထိုးသည့်အခါ ဆရာကြီးပါဝင်သွားသော သမိုင်းအစိတ်အပိုင်းများလည်း သူတို့ဆီမှာ တွေ့ပါလိမ့်မည်။

အမေ လူထု ဒေါ်အမာ၏ စာများကို နှစ်နှစ်သက်သက် ဖတ်ဖြစ်ပါသည်။ ခေတ်၏သမိုင်း၊ ခေတ်အလိုက် လူ့အဖွဲ့အစည်း၏သမိုင်းများကို လေအေးလေးနှင့် ပြောသွားတတ်သော အမေဒေါ်အမာသည်  သူ့သမိုင်းကို သူရေးသွားပါသည်။ သူ့သားများ၏ဘ၀၊ သူ့ခင်ပွန်းသည်၏ဘ၀၊ သူ့ရေးဖော်ရေးဖက် စာပေလောကသား များ၏ဘ၀ …. ဒါတွေကရော သူ့သမိုင်းကို တစ်စိတ်တစ်ဒေသ ရေးဖွဲ့ခြယ်မှုန်းသွားသည်ပဲ မဟုတ်ပါလား။ သူ့ပတ်ဝန်းကျင်မှ အခြားသူများတွင်လည်း အမေဒေါ်အမာ ပါဝင်ဆေးဖြည့်သွားသော စုတ်ချက်တွေ တွေ့နိုင်တာပါပဲ။

ထင်ရှားကျော်ကြားသူများမှ မဟုတ်ပါ။ လူအားလုံးသည် လူ့အဖွဲ့အစည်းထဲမှာ သူတို့ပါဝင်သော အခန်းကဏ္ဍများကို ဆေးရောင်ဖြည့်သွင်းရင်း လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သမိုင်းကို ပါဝင်ရေးထိုးကြခြင်းဖြစ်ပါသည်။ မိဘနှင့်သားသမီး၊ ညီအကိုမောင်နှမ၊ သူငယ်ချင်း မိတ်ဆွေ၊ စီးပွါးဖက် တရားပြိုင်… အားလုံးသည် လူ့အဖွဲ့အစည်း၏ မှန်ကူကွက်များချည်းပဲ ဟု မြင်ပါသည်။ ကိုယ့်သမိုင်းကိုယ်ရေးကြသလို ကိုယ့်ပတ်ဝန်းကျင်၏ သမိုင်းကိုလည်း ရေးနေကြသည့်အကြောင်း လက်ခံဖို့လိုမည်ထင်ပါသည်။

လောလောဆယ် ဖတ်ဖြစ်သော မောင်ထွန်းသူ မြန်မာပြန် `ဇာစ်မြစ်´ နှင့် မောင်ဝံသစုစည်းသော `သမ္မတကတော်၏ ဘ၀ခရီး´ စာနှစ်အုပ်ကို အခြား ဖတ်ထားမိသမျှ အတ္ထုပ္ပတ္တိများနှင့် ပူးပေါင်း၍ အစာခြေမိသောအခါ ယခုလို အတွေးမျိုးတွေးမိခြင်း ဖြစ်ပါသည်။ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကဖြင့် ဘယ်သို့ဘယ်ပုံဟု ပြောဆိုသည့်အခါတိုင်း ကိုယ်တိုင်ပါဝင်နေသော ပတ်ဝန်းကျင်၏သမိုင်းကို ကိုယ်လည်း ရေးမိနေကြောင်း သတိပြုမိနိုင်ပါသည်။

`ကိုယ့်သမိုင်းကို ကိုယ်ရေးခြင်း´ ဖြစ်စဉ်သည် `ပြဿနာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုယ်ပါဝင်နေခြင်း´ နှင့် ယှဉ်တွဲဖြစ်တည်နေကြောင်း၊ `ကိုယ့်အကြောင်းနှင့်ကိုယ်´ တွေးမိသမျှ ဒီလောက်ပဲ ရေးနိုင်လိုက်ပါသည်။ စိတ်ချမ်းသာအောင် `ကျကျမ်း´သွားဖတ်လိုက်ပါဦးမည်။ 🙂