Post-Disaster Educare

သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့ပြီးသည့်အခါ ဘက်ပေါင်းစုံက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်ကြရပါသည်။ ကျွန်မကတော့ ကိုယ်နှင့် နီးစပ်ရာ ပညာရေး အကြောင်း တစ်ခုပဲ နည်းနည်းပါးပါး လေကန်ချင်ပါ၏။

1992-93 နှစ်များဆီက ဧရာဝတီတိုင်းတွင် လူ သိန်းနှင့်ချီ ဒုက္ခရောက်ခဲ့ရသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးသည်။ ဟသာင်္တခရိုင်မှ င၀န်မြစ်ကမ်းထိန်း-ထိန်ငူတာ ကျိုးခြင်း။ ဂြိုဟ်တုသတင်းမှာ ထုတ်လွှင့်ပြီး  UNICEF (ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ) လို၊ ICRC (နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ) လို နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေ လက်ကမ်းလာကြချိန် ဧရာဝတီတိုင်း၊ ဟသာင်္တခရိုင်တစ်ခုလုံးက နိုင်ငံ့ဝန်ထမ်းများအားလုံး အရေးပေါ် တာဝန်တွေ ယူကြရသည်။ အဲဒီအချိန်ကာလ အုပ်ချုပ်ရေး ယန္တရား အခေါ်အဝေါ်များက ‘ရ၀တ၊ မ၀တ၊ ခ၀တ၊ တ၀တ”။ ထွေ/အုပ်က စာရွက်စာတမ်းထိန်းသိမ်းရေးဘ၀ရောက်ကာ တပ်မတော် အရာရှိဟောင်းများက အုပ်ချုပ်ရေးတာဝန် အပြည့်အ၀ ထမ်းဆောင်နေကြချိန်။

င၀န်မြစ်ရေ ၀ါကြန့်ကြန့်က ဒေါနှင့် မာန်နှင့် စီးနေသည်။ လောလောလတ်လတ် လူစုမိရာ ရွာတည်နေကြရသော Survivor များ ကုန်းမို့ရာ မှာ တဲတွေထိုးနေကြရင်း မျက်စိတစ်မှိတ်၊ လျှပ်တစ်ပြက်စာ သေကွဲ၊ရှင်ကွဲ လောကဓံ ဒဏ်ချက်များစွာ။ ဆန်စက်တွေ တာကျိုးသည့် ရေလုံးထဲ ပါသွားသောကြောင့် လတ်တလော ပိုင်ဆိုင်ထားသမျှ ဆုံးရှုံးကာ လူမွဲဘ၀ ရောက်သွားကြရသူများကလည်း မနည်း။ The Day After Tomorrow ဆိုသည့် ဇာတ်ကားကို ကြည့်မိသည့်အခါ အဲဒီတာကျိုးတုန်းက ရေလုံးကြီးကို မြင်ယောင်မိသည်။ စက္ကန့်ပိုင်းအတွင်း ထုကြီးထည်ကြီးဖြင့် ရေထုကြီး ကိုယ့်အနားရောက်လာသည်ကို ကိုယ်တွေ့ကြုံကြရသော ကောက်စိုက်သူများ၊ ရွာထဲကို ဘယ်ကမှန်းမသိ ရေတွေ တစ်ရိပ်ရိပ် တိုးဝင်လာသည်ကို ကြောက်ကြောက်နှင့် ရွှေ့ပြောင်းရင်း မိသားစု အကွဲကွဲအပြားပြားဖြစ်သူတို့က မရှား။ မြစ်ရိုးတလျှောက် တာပေါင်ကို လူသွားလမ်းထားတတ်သော ဒေသဖြစ်သည့်အလျောက် ကုန်းလမ်းက အလိုအလျောက် ပြတ်တောက်သွားလေပြီ။

ကျောင်းမှာ အတန်းထဲက သူငယ်ချင်းတော်တော်များများ ကျောင်းလာ မတက်နိုင်ကြတော့။ သူတို့ရွာတွေ ရေ၀င်နေသည်တဲ့။ မူလတန်းကျောင်း အတော်များများ ပိတ်လိုက်ရသည်။ ကျောင်းပါ ပျောက်သည့်ရွာလည်း ပျောက်။ ကျောင်းသားတင်မက၊ မိဘတွေနှင့် ဆရာတွေပါ ဒုက္ခကိုယ်စီတွေ့နေကြရသည့် ကာလ။ ICRC က အရေးပေါ် အ၀တ်အထည်၊ ဆေးဝါးနှင့် အမိုးအကာ အထောက်အပံ့ပစ္စည်းများ ဝေငှနိုင်ရန် အုပ်ချုပ်ရေးယန္တရားက ကူညီပါမည်တဲ့။ အလွန်ကျေးဇူးတင်စရာ။ တစ်မြို့နယ်လုံးမှ ၀န်ထမ်းများကို တာဝန်တွေ ခွဲလိုက်သည်။ အိမ်အောက်မှာ ရေရောက်နေလို့ ဒုက္ခသည်စာရင်း ၀င်မည်မကြံလေနှင့်။ Duty is duty. ။ ဒီလိုနှင့် မြစ်ရိုးတလျှောက်မှ ရွာများ အနောက်ရိုးမဘက်ကို ရွှေ့ကြရသည်။ UNICEF က ရွှေ့သွားသော ရွာများအတွက် စာသင်ကျောင်းနှင့် စာရေးကိရိယာများ ထောက်ပံ့မည်။ လောလောဆယ် စာသင်ကြားဆဲ ကျောင်းသားများထံ စာရေးကိရိယာများ ပထမအဆင့် ဖြန့်ဝေသည်။ အောင်မြင်ပါသည်။ ဥက္ကဌကတော့ ‘မတန်မရာတွေ သွားဖြန့်နေရအောင် ဘယ်သူက ဘာခွင့်ပြုလို့ ဝေရသလဲ၊ အားလုံးပြန်သိမ်း’ ဟု ရာဇမာန်ရှသည့်အတွက် နောက်တစ်နေ့ အရပ်ထဲ လော်နှင့် လှည့်ကာ အော်ပြီး ပြန်သိမ်းရသည်။ အရပ်ရပ်နေပြည်တော် ကြားလို့မှ မလျော်ပါဘူး ဆိုကာ ဌာနဆိုင်ရာ အကြီးအကဲများက ၀ိုင်း ဖြောင်းဖြတော့မှ ‘စာရင်းနဲ့ အင်းနဲ့ စနစ်တကျ ဖြန့်ဝေစေ’ ဆိုပြီး ဖြစ်သွားသည်။

တာကျိုးသည့် ရေများ ကျသွားပြီးသောအခါ လယ်အချို့ ပြန်စိုက်ကြသည်။ မြစ်ရေ ဆိုးဆိုးရွားရွား မထိလိုက်သော နေရာများပေါ့။ ဂြိုဟ်ဆိုးတို့သည် အဖေါ်အပေါင်းနှင့်မှ ပျော်ပုံရသည်။ စပါးပင်ဖျက်သော (ပုရစ်နှင့် ခပ်ဆင်ဆင်) ပိုးကောင်များစွာ ကျသည်။ ပိုးကောင်နှိမ်နင်းရေးအတွက် ဌာနဆိုင်ရာ ၀န်ထမ်းပေါင်းစုံ စစ်ဆင်ရေး ထွက်ကြရပြန်သည်။ ကျောင်းသားတို့ကလည်း ကျောင်းမှာ ဖင်မြဲအောင် မနေရနိုင်။ မိဘလယ်ထဲ၊ စက်လှေထဲ သူတို့လေးတွေ ရောက်ကုန်ကြရသည်။ ပြန်ဆောက်နေသော ကျောင်းဆောင်များအတွက် အုပ်ချုပ်ရေးယန္တရား၊ ဌာနဆိုင်ရာနှင့် ကျောင်းသား မိဘဟူသော ဆူးမျိုးစုံကြားညပ်နေရသည့် ‘ဘူးသီး’ ကျောင်းအုပ်ကြီးများမှာ UNICEF ကို ‘ယူနှိပ်စက်-အိုင်စိတ်ညစ်’ ဟု ထုတ်ညည်းဖြစ်ကြရသည် အထိ။ ဒီလောက် အရှည်ကြီးပြောပြီးကာမှ နိုင်ငံတကာ အကူအညီကို နှိပ်စက်သည် ထင်စရာလားဟု အပြစ်တင်ချင်ကြပါမည်။ အုပ်ချုပ်ရေးယန္တရားက နိုင်ငံတကာကို ဘယ်သို့ သဘောထားသည်ကို သိသောသူများက နားလည်စာနာနိုင်ကောင်းပါ၏။

နာဂစ်မွှေပြီးသောအခါ ကျန်ခဲ့သည့် ဒဏ်ရာဒဏ်ချက်ကို ယခုထိ နည်းမျိုးစုံနှင့် ကုစားနေကြဆဲ။ နာဂစ်ကို ကံစမ်းမဲပေါက်ကြသူများဘ၀မှာ နာတာရှည်ဝေဒနာပေါင်းစုံ ၀င်ရောက်နှိပ်စက်နေပြီးသား လူမမာတစ်ယောက်အတွက် ဆေးခန်းသွားနေစဉ် သစ်ကိုင်းခြောက် ကိုယ့်အပေါ်ကျိုးကျသည့်အဖြစ်မျိုးပါပဲ။ ကျွန်မမှာတော့ မုန်တိုင်းအပြီး ရက်များမကြာမီမှာပင် ကျွန်းပေါက်စနပေါ် သောင်လာတင်ခဲ့ရသည့်အတွက် ကာယကံရှင်တစ်ပိုင်း၊ တာဝန်မဲ့တစ်ပိုင်းဘ၀ကို အရှင်လတ်လတ်ရောက်သွားရပါတော့သည်။ သူငယ်ချင်းတစ်ယောက်မှ တစ်ဆင့် မုန်တိုင်းဒဏ်ခံစားခဲ့ကြရသော ကလေးငယ်များ၏ ပညာရေးအတွက် ပါဝင်လှူဒါန်းနိုင်သည်ဆိုသောအခါ You-နှိပ်စက် တို့၊ I စိတ်ညစ်တို့ကို ပြန်သတိရမိသေးသည်။ ကိုယ်လှူချင်သည့်တိုင် ကိုယ်ထိလက်ရောက် ပါဝင်နေကြရမည့်သူများ၏ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခတို့ကို ထည့်တွေးရပြန်သည်။

သူငယ်ချင်းတို့၏ အစီအစဉ်မှာ မုန်တိုင်းဒဏ်ကြောင့် ပညာဆက်လက်သင်ယူရန် အခက်အခဲတွေ့ကြုံနေကြရသော မူလတန်း၊ အလယ်တန်း၊ အထက်တန်းကလေးများအတွက် လစဉ် ထောက်ပံ့ပေးရန်ဖြစ်သည်။ ကလေးတစ်ဦးချင်းစီ၏ နောက်ခံအကြောင်းအရာများကို အကျဉ်းချုပ်သိနိုင်ပြီး ကိုယ်ထောက်ပံ့မည့်ကလေးကို ရွေးချယ်နိုင်သလို ထောက်ပံ့သူမရှိသေးသည့်ကလေးများအနက် အလှည့်ကျကလေးအတွက်လည်း ထောက်ပံ့နိုင်သည်။ လစဉ် ကိုယ့်မိသားစုကိုယ် ပြန်ပို့နေသည့်ငွေပမာဏကိုလည်း မထိခိုက်၊ ကိုယ်သုံးစွဲနေကျပမာဏထက်လည်း ထူး မလျော့၊ ပညာသင်လိုသူ ကလေးငယ်တစ်ဦးအတွက် အကူအပံ့ဖြစ်စေနိုင်သော အစီအစဉ်ဖြစ်၍ နီးစပ်ရာ သူငယ်ချင်းများ တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်မှာ ၂၀၀၈-၀၉ ပညာသင်နှစ်ပင် ပြီးဆုံးခဲ့ပါပြီ။ မှတ်တမ်းမှတ်ရာ ဓါတ်ပုံများကို ဒီနေရာမှာ သွားကြည့်နိုင်ပါသည်။ (သူတို့လေးတွေ ရေးထားသော စာလုံးပေါင်း မှားမှား၊ ပဲပင်ပေါက်စာလေးများကို မြင်သည့်အခါ အစ်မဖြစ်သူ မူလတန်းပြ ဆရာမ၏ တပည့်များကို သတိရသည်။ သင့်ပတ်ဝန်းကျင်မှ အသီးအနှံ(၃)မျိုးကို ရေးပါဆိုတော့ – ‘ကျောက်ဖလုံသီး’ ဆိုပဲ။ သင်နှစ်သက်သော ဟင်း (၃)မျိုးဆိုပြန်တော့ -`ခွေးသား´တဲ့။ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်အတွင်းက မြောက်မကွေရွာကလေးမှာ ၃ နှစ်နီးပါး တာဝန်ကျခဲ့သူ အစ်မက လွမ်းလွမ်းဆွတ်ဆွတ် ပြောတတ်ရှာသည်။ )

စာသင်နှစ်ပြီးဆုံးချိန်တွင် နောက်နှစ်အတွက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးရန်နှင့် အလှူရှင်အဖြစ် ဂုဏ်ပြုရန် ဖိတ်စာလေးရောက်လာခဲ့ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ထိုနေ့က ပြုလုပ်ခဲ့သော အလှူရှင် ဂုဏ်ပြုပွဲကို ကိုယ်တိုင် မတက်ဖြစ်ခဲ့သော်လည်း Gmail Inbox မှ ဖိတ်စာကိုမြင်မိတိုင်း တစ်ချိန်က `တိုင်းဧရာဝတီ၊ မြို့ရေကြည်၊ လူမည် xxxx၊ ကုန်မှ အေး ´ဟု ရွတ်တွတ်တွတ် ရေရွတ်ရင်း တစ်မြို့နယ်လုံးက ကျောင်းရှိသမျှကို စက်ဘီးတစ်တန်၊ ကုန်းကျောင်းတစ်တန်၊ လှေတစ်တန်သွားကာ စစ်ဆေးတတ်သော လက်ထောက်မြို့နယ်ပညာရေးမှူး ဆရာချစ် ကို သတိရနေမိပါသည်။ ဆရာချစ်ရေ…………… ခု နာဂစ်အပြီးမှာ ဘယ်လိုများ ရေရွတ်နေဦးမလဲ သိချင်စမ်းပါဘိ။

(စာကြွင်း။           ။ ပမာဏ မများလှပေမယ့် ယမမင်းထံ အစစ်ခံရင် ပထမဆုံး စိတ်ထဲပေါ်လာမယ့် ကောင်းမှုအဖြစ် တွေးမိလိုက်တဲ့ အကြောင်းအရာပါ။ ကလေးတို့ရဲ့ အနာဂတ် သန်စွမ်းတောက်ပနိုင်ပါစေ။)

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s