ရေမြေခြားကြသောအခါ

BBC NEWS | World | Asia-Pacific | Girl chooses Japan over parents. ကမ္ဘာကြီးကို လုံးနေသည်၊ လည်နေသည်ဆိုတာ ပထ၀ီမှာ သင်ခဲ့ပြီး စီးပွါးရေး ပညာရှင်တို့က ပြားသွားပြီဆိုသောအခါ ကိုယ့်ခေါင်းကတော့ ချာချာ လည်သွားပါသည်။

ကမ္ဘာကြီးမှာ တစ်နေရာကတစ်နေရာ ရွှေ့ပြောင်းနေထိုင်ကြတာ ဟိုးရှေးရှေး မြေရှင်ပဒေသရာဇ်ခေတ် မပေါ်ခင်ကတည်းကပါပဲ။ ကမ္ဘာ့တိုက်ကြီးများအကြား စီးပွါးရေး၊ လူမှုရေး ဓလေ့ထုံးစံများကအစ ယှက်နွယ်ရောထွေးလာတာကိုပင် ကမ္ဘာပြားလာခြင်းဟု ပညာရှင်တို့ အဆိုရှိသည်တဲ့။  Passport တွေ တကားကား၊ ကျောပိုးအိတ် တလွှားလွှားနှင့် ကမ္ဘာပြားအနှံ့မှာ ရေကြည်ရာ၊ မြက်နုရာ ရှာနေကြရသော ခေတ်လူသားများအကြောင်းက ထူး၍ မဆန်းနိုင်တော့ပါ။ ရေမြေခြားကြသည့်အခါ အခုလိုညွှန်းဆိုထားရသော ဇာတ်လမ်းမျိုးကလည်း များလှစွာ။

မိဘနှစ်ပါးက ဖိလစ်ပိုင် နိုင်ငံသားများ။ ဂျပန်နိုင်ငံကို တရားမ၀င် ၀င်ရောက်ပြီး အလုပ်လုပ်ခဲ့ကြသည်မှာ ဆယ်စုနှစ် တစ်ခုကျော်ခဲ့ပြီ။ သမီးလေးကို ဂျပန်မှာ မွေးသည်။ သမီးလေး ၁၃နှစ်သမီးမှာ ကံခေချင်တော့ အမေ အဖမ်းခံရသည်။ အဖေ့ကိုလည်း မိသွားသည်။ ဒီသမီးကလေး သိထားသည်မှာ သူ ဂျပန်နိုင်ငံမှာ ဂျပန်နိုင်ငံသားတို့နှင့် အတူ ဂျပန်စကားပြောသည်။ ဂျပန်စာသင်သည်။ ဂျပန်အစားအစာ စားသည်။ ဂျပန် သူငယ်ချင်းများရှိသည်။ သူသည်- ဂျပန်တစ်ယောက်နှင့် ဘာများ ကွာခြားပါသနည်း။

သူတို့ ဂျပန်မှာ နိုင်ငံသားဥပဒေရော၊ လူဝင်မှု ဥပဒေရော အလွန်တင်းကျပ် ပြင်းထန်သည်ဟု ဝေဖန်ကြသည်။ မိဘနှစ်ပါးက သမီး၏ နိုင်ငံသားဖြစ်ခွင့်အတွက်၊ သူတို့မိသားစု အတူနေခွင့်အတွက်၊ တရားရုံးအဆင့်ဆင့်သို့ တက်ကာ တရားဆိုင်သည်။ ၃နှစ်ကြာ တရား ရင်ဆိုင်မှုအပြီး ဖိလစ်ပိုင် မိဘနှစ်ပါး တရား ရှုံးသည်။ သမီးအတွက် ရွေးချယ်စရာ လမ်းနှစ်သွယ်- မိဘများနှင့်အတူ ပြည်တော်ပြန်မည်လား။ ဂျပန်တွင် နေခဲ့ကာ သူတစ်ကိုယ်တည်း ဘ၀ကို ဆက်လက် တည်ဆောက်မည်လား။ သူတို့အတွက်မူ ပြည်တော်ပြန်ရန်မှတပါး အခြား လမ်းမရှိ။ ၅နှစ်တိတိ ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့် အပိတ်ခံရမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အနေအထားအရ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနေအထားကို မည်သို့မျှ မယှဉ်နိုင်။ မျိုးရိုးဇာတိကို လိုက်သော် သူတစ်ခါဖူးမျှ မရင်းနှီးခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ၊ သူကျင်လည်လေ့ကျက်ရာ ဓလေ့ထုံးစံက တစ်သက်လုံးနေလာခဲ့သည် ဂျပန်နိုင်ငံ။ မိဘများခမျာ သမီးဘ၀ရှေ့ရေး ရင်လေးလှသော်လည်း ဘာမျှ ၀င်ရောက် မဆုံးဖြတ်ရက်ကြ။ ငယ်ငယ်ရွယ်ရွယ်မှာ အရာအားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ရန် မတိုက်တွန်းလိုကြ။ ဒီလို အမှုမျိုး လောလောဆယ် မိသားစု ၅၀၀ ခန့် ရင်ဆိုင်နေကြရသည်တဲ့။

ဒီအဖြစ်က ရေမြေခြားသည့် ကမ္ဘာပြားပေါ်မှာ နေရာတိုင်းလိုလို ရှိနေပါမည်။ ရန်ကုန်မြို့ပေါ်မှ ကွမ်းယာရောင်းနေသည့် အနောက်ရိုးမကို ကျော်ဖြတ်လာသူများတွင်လည်း ဇာတ်လမ်းမျိုးစုံ ရှိနေကြပါမည်။ (ဘာဆိုင်လို့လဲဟု မျက်ခုံးတွန့်ပါက ရိုးမကျော်ဖြတ်လိုင်းကြေး၊ ရန်ကုန်အရောက်လိုင်းကြေးများဖြင့် ၀င်ရောက်လာနေကြသော အနောက်မှ အရှေ့သို့ လူဝင်မှု စီးကြောင်းကို စုံစမ်းကြည့်စေလိုပါသည်။) ထိုင်း-မြန်မာ နယ်စပ်၊ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်၊ တရုတ်မြန်မာနယ်စပ် ဒေသများဆီမှ မိသားစုများတွင်လည်း အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်–တပြေးတည်းဖြစ်နေသော ကာလမဲ့ အကြောင်းအရာများ ကြားရနိုင်ပါသည်။ လူအားလုံးသည် နေမင်းတစ်စင်းတည်း အောက်တွင် နေထိုင် မိုးသောက်ကြသည်ဆိုသော်လည်း သမိုင်းမတင်မီခေတ်ကို ပြန်သွားနေကြသည်မှ မဟုတ်ဘဲလေ…………….

(၀န်ခံချက်။             ။ ဤအကြောင်းအရာကို ဤနေရာတွင်ပင် တပိုင်းတစ ရပ်ထားလိုပါသည်။ ရိုဟင်ဂျာတွေ၊ ပါလက်စတိုင်းတွေ၊ အစ္စရေးတွေ၊ အာဖဂန်နစ္စတန်တွေ ဘယ်အကြောင်းကြောင့် ခုလိုဖြစ်နေသည်ဆိုတာထက် ဘယ်လိုဖြစ်နေသည်ဆိုတာကိုပဲ တွေးမိနေတတ်ပါသည်။ လူသားချင်းစာနာထောက်ထားမှု ဆိုသည့်အရာတွင် အခြားသော အဓိပ္ပါယ်ကန့်သတ်ချက်များလည်း ရှိနေပါလိမ့်မည်။ ကျွန်မအတွက်တော့ နေ့တိုင်းသည် တစ်စုံတစ်ခုသော အကြောင်းအရာအတွက် တစ်နေရာသို့ ခြေလှမ်းလှမ်းနေခြင်းပဲ ဖြစ်ပါသည်။)

Advertisements