April Fools’ Day

မနက်ဖြန် April Fools’ Day လို့ သိကြတဲ့ ဧပြီလ တစ်ရက်နေ့ပါ။ ၀ီကီခေါက်လိုက်တော့ ကမ္ဘာတလွှားမှာ တရားဝင်ကြေငြာချက်မထုတ်လိုက်ရဘဲ နိုင်ငံအများ ဆင်နွှဲကြတဲ့ အပျော်နေ့တစ်နေ့ဖြစ်ပါသတဲ့။ အဲဒီနေ့မှာ မိတ်ဆွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင် အချင်းချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရန်သူများကိုပါ မကျန် သတင်းမှားတွေ၊ ဟာသတွေနဲ့ နောက်ပြောင်ကြပါတယ်။ ကိုယ်အကျွမ်းတ၀င် မရှိသေးတဲ့ အကြောင်းအရာတစ်ခုခုကို သေသေချာချာ ခရေစေ့တွင်းကျ လမ်းစပေးပြီး ကိုယ်က အဟုတ်မှတ်လို့ လိုက်လုပ်တဲ့အခါ လုံးဝ မဖြစ်နိုင်တာတွေ့ရတတ်တာမျိုးပေါ့။

ဧပြီ၁ရက် ဒိန်းမတ် မြင်ကွင်းတစ်ခု

ဧပြီ၁ရက် ဒိန်းမတ် မြင်ကွင်းတစ်ခု

တစ်ချို့ကတော့ ယုတ္တိရှိရှိ ဖန်တီးမှုတွေနဲ့ ဟာသတွေလုပ်ကြပါတယ်။ ဒီပုံကိုကြည့်လိုက်ပါ။ ကြည့်လိုက်တာနဲ့ကို တော်တော်ဆိုးဆိုးရွားရွား အဖြစ်အပျက်လို့ တန်းထင်မိသွားပါမယ်။ ဒါပေမယ့် ရက်စွဲကို ပြန်သတိရလိုက်ပါ။ ဧပြီ ၁ရက်နေ့ ဖြစ်ပါတယ်။

Photograph of a woman harvesting spaghetti in the BBC programme.

Photograph of a woman harvesting spaghetti in the BBC programme.

ဖန်တီးသူများကလည်း အမျိုးစုံ တတ်နိုင်ကြပါပေတယ်။ 1957 ခုနှစ်က UK တစ်ဝှမ်း ရုပ်/သံရောက်တဲ့ ဘီဘီစီ အသံလွှင့်ဌာနကြီးရဲ့  ဧပြီ၁ရက်အစီအစဉ်တစ်ခုမှာ စပါဂက်တီခေါက်ဆွဲတစ်မျိုးကို အပင်အဖြစ် စိုက်ပျိုး၊ ခူးဆွတ်တဲ့အကြောင်း ရိုက်ကူး ထုတ်လွှင့်ခဲ့ပါတယ်။ ပရိသတ် အများအပြားဟာ စပါဂက်တီခေါက်ဆွဲကို အီတလီကနေ စည်သွပ်ပြီး တင်သွင်းတာပဲ သိသေးတဲ့အတွက် စိတ်ဝင်စားစွာနဲ့ ဘီဘီစီကို ဆက်သွယ် မေးမြန်းကြပါတယ်။ သူတို့ကိုယ်တိုင် စိုက်ပျိုးလို့ ရနိုင်မလားလို့ နည်းလမ်းတွေ တောင်းကြပါတယ်။ အဲဒီအစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်ကြသူများက စည်သွပ်ဗူးလွတ်တစ်ခုထဲမှာ ခရမ်းချဉ်သီးဆော့စ် နည်းနည်းထည့်၊ စပါဂက်တီခေါက်ဆွဲတချို့ထည့်ပြီးတော့ စောင့်ကြည့်လိုက်ပါ- – လို့ ပြန်ဖြေကြပါလေရော။

ကမ္ဘာသိ ပီဆာမျှော်စင် စောင်းစောင်းကြီး

ကမ္ဘာ့အံဖွယ်စာရင်းအဟောင်းဝင် ပီဆာမျှော်စင်

ကမ္ဘာ့အံဖွယ်စာရင်းအဟောင်းဝင် ပီဆာမျှော်စင်

ကို ဒတ်ခ်ျသတင်းဌာနက ‘ပြိုကျသွားပြီ’ဆိုပြီး သတင်းထုတ်လွှင့်လိုက်တာ 1950 ပြည့်လွန်နှစ်များမှာပါပဲ။ လူတွေမှာ အထိတ်တလန့်နဲ့ သတင်းဌာနကို ဆက်သွယ်မေးမြန်းကြရပါတယ်။ အဲဒီနေ့အတွက် ဆက်သွယ်ရေးအော်ပရေတာတွေခမျာ အနားရနိုင်ကြမယ် မထင်ဘူးနော်။

မစန္ဒာရဲ့ ဂျီဟောသူ ၀တ္ထုမှာ ထွေးတို့၊ ဝေေ၀တို့ အစအနောက် သန်လွန်းလို့ သူငယ်ချင်းတွေက ၀ိုင်းပြီး ‘ကြပ်’ ကြပါတယ်။ တစ်ဆောင်လုံးက ရေအိုးတွေမှာ ဆားခတ်ပြီး အပင်ပန်းခံပြီးကို နောက်ကြတာပါ။ အဲဒီသူငယ်ချင်းတွေခမျာ ထွေးတို့၊ ဝေေ၀တို့ အကွက်ထဲကို ၀င်သွားကြရပြန်တော့ လက်ပံပွင့်တွေကောက်၊ အပြေးအလွှား အမောတွေပါ ဖောက်သွားကြရပါတယ်။ ပြန်တွေးတိုင်း ပြုံးချင်မိတဲ့ အကြောင်းအရာလေးပါပဲ။ အဲဒါ ဧပြီ ၁ရက်နေ့မှ ဇာတ်ကွက်ဖြစ်ပါတယ်။

ဘာဂါကင်းကလည်း ၁၉၉၈ ခုနှစ်မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်ကို မိတ်ဆက်ပါတယ်။ ဗယ်သန်များအတွက် ရည်ရွယ်သော Left-hand Whopper ဆိုပဲ။

ပေါင်မုန့်ထဲမှာ စုံစီနဖာဖြည့်ထားတဲ့ စားစရာ

ပေါင်မုန့်ထဲမှာ စုံစီနဖာဖြည့်ထားတဲ့ စားစရာ

အဲဒီ hoax က ဘယ်လောက်တောင် အောင်မြင်လိုက်လဲဆို စားသုံးသူတချို့ခမျာ ‘အရင် ပုံမှန် ဘာဂါဟောင်း’ ကို တမင်တောင် ဖြည့်စွက်မှာကြားကြပါသတဲ့။

တကယ်ဖြစ်နိုင်လား မဖြစ်နိုင်လားဆိုတာကိုေ၀၀ါးဝါး စဉ်းစားမိသွားအောင် ရုပ်တည်နဲ့ နောက်နိုင်ကြသူများ ဒီလိုနေ့မှာ ဘယ်လို နောက်ကြမလဲ သိချင်လိုက်တာ။ ကိုယ်တိုင်ကတော့ ကြေငြာထားရမယ်။

‘လယ်-၀ယ်မလိုလိုနှင့် ယာ-ရောင်းဖြစ်သွားတတ်သော’ ကျွန်မ Uranusaquarian ဖြစ်ပါသည်…….လို့။

Web and “Fats”

အခုတလော ကိုယ့်ကိုယ်ကို သတိထားမိလာသည်။ အထိုင်အထ လေးလာပြီး အ၀တ်အစားတွေ အတော် ကျပ်လာသည်လေ။ နေ့လည်စာ သွားစားတဲ့အခါ မိတ်ဆွေတွေက ကိုယ် ၀ လာတဲ့အကြောင်း ပြောလာသောအခါ ရီစရာအဖြစ် ကဗျာမပီ၊ စာမပီလေး တစ်ပုဒ် ပြောဖြစ်သွား၏။
Surfing the Net
Having a snack

(And in this way)

Thicker the fats
(around my belly)
Kicker of Web!
(ever merrily)

အမှန်က နေ့စဉ် စားသုံးနေထိုင်မှုက အဆီစုသည့် အနေအထားဖြစ်လာပြီး၊ အသက် အပိုင်းအခြားက အဆီခြေဖျက်မှု နည်းတဲ့အပိုင်းရောက်လာသည့်အတွက်ကြောင့် ဒီလို အဖြစ်မြန်လာခြင်းပါ။ ပုံမှန် ကိုယ်လက် လှုပ်ရှားမှုကလည်း နည်း၊ စားသောက်တဲ့ အချိန်နဲ့ အကျင့်ကလည်း အချိုးမပြေ၊ စိတ်ဖိစီးမှုကို အကြောင်းပြုပြီး ကိုယ့်ကိုယ်ကို အလိုလိုက်တာကလည်း များ၊ ကိုယ်အလေးချိန်တက်လာတာ ဆန်းတယ်ပြောလို့ ရမလား။

အလုပ်ပြီးလို့ ထွက်လာပြီဆို နာရီကြည့်ရန်မလို၊ သေချာတယ် ၆နာရီတော့ ကျော်ပြီ။ ဒီလိုပြောရင် ဒီထက် နောက်ကျအောင် အလုပ်လုပ်နေရတဲ့ (အိုဗာတိုင် မဆင်းချင်ဘဲ ဆင်းနေကြရသူများကို ရည်ညွှန်းသည်၊ လိုလိုချင်ချင် OT ယူနေကြသူများ မပါ) work-0-holic သမားတွေက မြင်ပြင်းကတ်ကြပါမည်။ အိမ်ကို ပင်ပင်ပန်းပန်း ကိုယ့်ကိုယ်ကို ဒရွတ်ဆွဲပြီး ပြန်ရောက်သောအခါ ညစာ ပြင်ဟဲ့၊ ဆင်ဟဲ့နှင့် အစောဆုံး စားဖြစ်သော ညစာက ည ၉နာရီ။

တစ်နေ့လုံး ကြည့်လာသော ကွန်ပျူတာ မျက်နှာပြင်ကို စိတ်မနာနိုင်ဘဲ ဘလော့ဂင်း၊ ရုံးမှာ မလုပ်နိုင်လာသော အင်တာနက် စာမျက်နှာပေါင်းစုံ မွှေနှောက်ရှာဖွေခြင်း(net surfing ဆိုရင် လွယ်လွယ်နဲ့ ပြီးတာကို)၊ ရန်ကုန်မှာဆို သင်္ဃန်းကျွန်းနှင့် အင်းစိန်လောက်သာ ဝေးမည်ဖြစ်သော တစ်ကျွန်းထဲနေ သူငယ်ချင်းကို လေလှိုင်းပေါ်မှ ပွါးခြင်း (ရှင်းရှင်းပြောတော့ chat တယ်ပေါ့) စသည်စသည်တွေအတွက် အချိန်ပေးရပါသေးရော။ အချိန်နှင့် တပြေးညီ – ပါးစပ်က ၀ါး၊ လက်က ကီးဘုတ်ပေါ်မှာ ပြေး၊ မျက်လုံးက Screen ပေါ်မှာ ငေး၊ နားက ဘေးကသူငယ်ချင်းပြောတာ နားထောင်၊ အောင်မလေး…. မောတောင်မောတယ်။ 😛

ဒီလောက် ပစ္စလက္ခတ် ကျင့်သုံးနေသော နေ့စဉ်စီးမျောမှုအတွင်း ဖြစ်တည်လာသော အဆီများအတွက် ပြဿနာ ရှာလိုသောအခါ ဒီလိုပဲ ကြုံရာ တရားခံ လုပ်ဖို့ စိတ်ကူးရသည့်အတိုင်း ……….

Alexandra Arch သွားတောလား

ဒီကိုလာ ဘလော့မှာ အဲဒီခရီးစဉ်ထဲမှာ ပါတဲ့ Henderson Waves ဆိုတဲ့ တံတားကြီးကို သွားချင်နေတာ အတော်ကြာသွားပြီ။ အဲဒါနဲ့ တနင်္ဂနွေတစ်ရက်မှာ အကြီးအကျယ်ပြင်ဆင်ပြီး သွားတယ်။ မသွားခင် ထုံးစံအတိုင်း Googling လုပ်လိုက်တော့ မြေပုံတောင် ဆွဲပြထားရှာတယ်။ Nature Walk (Southern Ridges) ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အဲဒီ တံတားကိုရောက်ဖို့ လျှောက်ရမယ့် လမ်းက မသက်မသာ နိုင်လိုက်တာဗျာ။ ဒီမှာကြည့်။

လမ်းညွှန်

လမ်းညွှန်

လမ်းလျှောက်ဖို့ အစအဆုံးသွားရင် 9 ကီလိုမီတာကျော်ကျော်လေး လျှောက်ရပါမယ်။ မနက် ၁၀ နာရီခွဲလောက်မှာ Harbor Front MRT ကိုေ၇ာက်ပါတယ်။ MRT ကနေ ထွက်လိုက်ရင် Merang Trail အစဘက်ကို ရောက်ပါတယ်။ Trail အစမှာ အခုလို လမ်းပေါ်မှာ ရေးထားတာတွေ့ရပါတယ်။ Mount Faber Park အစမှာလည်း အဲဒီလို စာတမ်းလေး ထိုးထားပါသေးတယ်။

ပထမ ဟောဟဲ

ပထမ ဟောဟဲ

ခပ်ကြမ်းကြမ်း အတက်လေး ၃ ခု အပြီးမှာ Mount Faber Park ထိပ်ကို ရောက်ပါမယ်။
သစ်ပင်တွေကြားထဲကနေ မြို့ထဲကို လှမ်းမြင်နေရတဲ့ ကားလမ်းအတိုင်း ကုန်းပေါ်မှာ လျှောက်သွားရုံပါပဲ။ တံတားကို သွားတဲ့ လမ်းထိပ်မှာ ခန့်ခန့်ကြီး လမ်းညွှန်တစ်ခုထားထားတာ တွေ့ရပါတယ်။

တံတားကိုပဲ သွားမယ်ဆိုရင်တော့ တံတားအောက်ဘက် အထိ SBS Transit ဘတ်(စ်)ကား 145 နဲ့ 131 (harbor front MRT/Vivo City ရှေ့က မှတ်တိုင်ကနေ စီးရင် ၄/၅ မှတ်တိုင်လောက်ဆို ရောက်ပါတယ်။ After Henderson Hights မှတ်တိုင်ပါ) , 273 (အဲဒါတော့ ဘယ်က ပြောင်းစီးလို့ရမလဲ မသိပါ) တို့ ရောက်ပါတယ်။ ကုန်းပေါ်ကိုတက်တဲ့အခါမှာတော့ ကို TZA ပြောသလို ဟောဟဲ ၃ ကြိမ်မက ရေရွတ်ရနိုင်ပါတယ်။ တံတားရဲ့ တဘက်ကနေ တခြားတဘက်ကို လျှောက်တာကတော့ တခြား ထူးထူး ခြားခြား မခံစားရပါ၊ နားချင်ရင် လှိုင်းခုံးအောက်တွေမှာ ထိုင်စရာ၊ ခြေဆင်းလဲလူ နေစရာလေးတွေ ရှိတာတော့ သဘောကျစရာပါပဲ။

လှိုင်းခုံးအောက်က နားစရာ

လှိုင်းခုံးအောက်က နားစရာ

နားနားနေနေ မုန့်စား၊ ရေသောက်ပြီး ဆက်လျှောက်တော့ လျှိုလိုဖြစ်နေတဲ့နေရာပေါ်မှာ တောက်လျှောက် လျှောက်လမ်းဖေါ်ထားတဲ့ Canopy Walk ဘက်ကို သွားပါတယ်။ အဲဒီလျှောက်လမ်းမှာ အဆင်းအရမ်း မတ်ရင် ZigZag ကွေ့လိုက်ပြီး လှေခါးထစ်သုံးစရာမလိုအောင် လုပ်ထားတာကြောင့် ရှမ်းပြည်ဘက်က တောင်ပတ်ကားလမ်းတွေကို သတိရသွားပါတယ်။ ဒါကတော့ တောင်ပတ် လူသွားလမ်းပေါ့။

Metal Canopy Walk

Metal Canopy Walk

အဲဒီလျှောက်လမ်းအဆုံးမှာတော့ ကိုTZA က ‘ခပ်မိုက်မိုက်’ လို့ မှတ်ချက်ချထားတဲ့ Alexandra Arch တံတားကို ရောက်ပါတယ်။ တံတားနှစ်ခုလုံးက ကားလမ်းအပေါ်ကို ကျော်ထားတာခြင်း တူပါတယ်။

Alexandra Arch

Alexandra Arch

နောက်ပြီး Southern Ridges အစအဆုံးလျှောက်ဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ ကား/ရထား စီးဖို့ အဆင်ပြေတာ ဒီနေရာပါ။ ကျွန်မကတော့ လမ်းလျှောက်နိုင်သလောက် လျှောက်ပြီး ကြုံတဲ့နေရာက ကားပြောင်းစီးမယ့် အကြံနဲ့ ဆက်လျှောက်လိုက်တာ…….. Floral Walk လမ်းတိုလေး လျှောက်၊ ရောက်သွားတဲ့ နောက်တစ်နေရာက Hort Park ပါ။

Hort Park

Hort Park

ပန်းတွေ လှတယ်ထင်လို့ ပါသွားတဲ့ လက်ကိုင်ဖုန်း အစုတ်လေးနဲ့ပဲ ဖြစ်သလို ရိုက်ခဲ့ပါတယ်။ သူများတွေတော့ လှတပတ ရိုက်ထားကြမယ် ထင်ပါတယ်။
Kent Ridge Park ဘက်ကို ဆက်လျှောက်တော့ လူက နည်းနည်းတော့ ညောင်းနေပြီ။ အဲဒီမှာက Forest Walk ဆိုပြီး သစ်ပင်တွေကြားထဲမှာ သစ်သားလျှောက်လမ်းလုပ်ထားတယ်လို့ တွေ့ရတယ်။ ဒါနဲ့ ဆက်လျှောက်တာ၊ မတတ်နိုင်ရင်တော့လည်း အဲဒီနေရာကျမှ အပြင်ထွက်တော့မယ်ဆိုတဲ့စိတ်ကူးနဲ့ပါ။ သစ်သားလျှောက်လမ်းပေါ်ကို တက်ဖို့ အတော် မောသဗျ။ ကုန်းပေါ်ကို အတက်မှာ ဟောဟဲဆိုက်နေလို့ မျက်နှာချင်းဆိုင်က ဂျပန်မိသားစုက ခိုးခိုးခစ်ခစ် ရီသွားကြသေးတယ်။ သူတို့က အဆင်းလမ်း။ သူတို့ တက်လာတဲ့ဘက်ကို ကြည့်မိမှ သေဟဲ့ နန္ဒိယ လို့ ရွတ်မိတယ်။ ကိုယ်တက်လာတာ Park ထိန်းသိမ်းရေးဝန်ထမ်းတွေရဲ့ ခြေသွားလမ်းကိုး။ မြွေလိမ်မြွေကောက် ဖောက်ထားတဲ့ လမ်းလေးက မျက်စပစ်ပြနေသလိုပဲ။

Kent Ridge Park

Kent Ridge Park

အဲဒီ သစ်သားလျှောက်လမ်းထိပ်မှာ အဲဒီနေ့အတွက် ဒုတိယမ္ပိ ဟောဟဲခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမှာပဲ စကာင်္ပူကျွန်းကလေးရဲ့ သမိုင်းဝင်နေရာတွေကို တွေ့ခဲ့၊ သိခဲ့ရတော့ ဟောဟဲရကျိုးနပ်တယ် ဆိုရမှာပါ။ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျပန်တွေ မလေးကျွန်းဆွယ်ကို လုံးဝ ထိန်းချုပ်နိုင်ဖို့အတွက် နောက်ဆုံးနေရာလို့ ဆိုရမယ့် စကာင်္ပူက တိုက်ပွဲတွေ၊ ခံစစ်နေရာတွေ၊ အဲဒီတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်သွားခဲ့တဲ့ အင်္ဂလိပ်စစ်တပ်တွေ၊ မြေပုံတွေကိုပါ Kent Ridge Park ကုန်းထိပ်မှာ Look Out Point အနီး ပြသထားပါတယ်။
နောက်ဆုံး နေ့ခင်း ၂နာရီခွဲလောက်ရောက်တော့  West Coast Park အထိ ဆက်မလျှောက်တော့ဖို့ ဆုံးဖြတ်ပြီး အနီးဆုံး Buona Vista MRT ကို SBS Tranist ရဲ့ Service 200 နဲ့ ပြန်ခဲ့ပါတယ်။ ရွှေတောင်ကြားလို နေရာထဲရောက်သွားသလိုပါပဲ။ အနီးအနားမှာတော့ Science Park ဘက်ကို ထွက်လို့လည်း ရပါတယ်။ မိုးတိမ်တွေ မှောင်မည်းလာလို့ မသွားဖြစ်တော့တာပါ။
အဲဒီ Kent Ridge Park ကနေ မြို့ထဲကို ပြန်ထွက်တဲ့လမ်းမှာတော့ SBS ရဲ့ Driver တွေကို အထင်အမြင် မသေးတော့ပါဘူး။ မေမြို့ကို အသွားလမ်းတို့၊ ကွတ်ခိုင်ကို အသွားလမ်းတို့ အရင်တုန်းက ကျဉ်းပါတယ်။ ကားနှစ်စီး ရှောင်သာရုံတောင် နေရာတိုင်းမရှိပါဘူး။ ဒါကြောင့် အဲဒီဒေသက ကားသမားတွေကို စံထားလောက်တယ် အောက်မေ့ပါတယ်။ အခုတော့ အဲဒီလမ်းကြောတွေလည်း တောင်တွေ ဖြိုပြီး ချဲ့လိုက်တာ အတော် ကျယ်ကုန်ပါပြီ။ အခု ဒီလမ်းမှာ အဲဒီ လမ်းတွေကို ပြန်သတိရမိတယ်ခင်ဗျ။ တော်တော်ကျဉ်းတဲ့ တောင်ပတ်လမ်းမှာ မျက်နှာချင်းဆိုင်ကလည်း ကားတွေ တ၀ီးဝီး၊ ကိုယ်စီးတဲ့ကားကလည်း သေးသေးကွေးကွေးမဟုတ်၊ အရှိန်ကလည်း ခပ်တင်းတင်း၊ ခဏတဖြုတ်မို့ တော်သေးတာပါ။ ဒီလိုနဲ့ပဲ မိုးပေါက်တွေ မသည်းခင်ပဲ MRT ထဲ ၀င်ပြီး ကိုယ့်ခြေသလုံးလေး ကိုယ်နှိပ်ရင်း အိမ်ကို ပြန်ခဲ့ရပါကြောင်း။

နောက်ဆုံး မှတ်မိလိုက်တာကတော့ အဲဒီနေ့ ညနေ 5:30 မှာ Merlion ကြီး မိုးကြိုးခ ခဲ့တဲ့ အကြောင်းပါ။ နောက်နေ့ ညနေမှ သိပါတယ်။ အဲဒီနေ့ ညနေခင်းက သည်းကြီးမည်းကြီး မိုးရွာ၊ မိုးကြိုးတွေ ပစ်၊ လျှပ်စီးတွေလက်နဲ့ အိမ်ရောက်တော့တောင် ကံကောင်းလို့ မိုးလွတ်တာလို့ ပြောဖြစ်ပါသေး။