MIT, Dreams and Ways

USA က MIT ဆိုတဲ့ နာမည်ဟာ ကျွန်မအတွက်တော့ အဝေးကြီးမှ ဟိုးအဝေးကြီးက ကြယ်တစ်ပွင့်ပါပဲ။ ကိုယ့်တက္ကသိုလ်က သင်လိုက်တဲ့ ပညာတွေတောင် ဘယ်ဆီဘယ်ဝယ် ပျောက်တော့မယ်မှန်းမသိအောင် ကျွန်မလည်း အမေ့ပျောက်ခံပြီး တောမရောက်၊ တောင်မရောက် အလုပ်တွေနဲ့ ခါနာမှန်ရေး ကြိုးစားနေရတယ်လေ။ အိန္ဒိယလူမျိုးတွေရဲ့ စကားနဲ့ပြောရရင် ရူးပြားနိမ်းဟေး-ခါနာနိမ်းဟေး ပေါ့။ ခက်တာက ကိုယ်သင်ချင်လွန်းလို့ ကြိုးစားပမ်းစားသင်ခဲ့ရတဲ့ အကြောင်းအရာတွေ မေ့ပျောက်ကုန်ရင် ဆိုပြီးတွေးမိတိုင်း ရင်ထဲ နာနာကျင်ကျင် ဖြစ်တာပဲ။ တစ်ခါတစ်ခါတော့ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာလေးတွေ ရှာဖွေ ဖတ်ရင်း အင်တာနက်ဆိုတာကြီးကို ကောင်းကောင်းမွန်မွန် သုံးဖြစ်ပါတယ်။ ဖတ်တိုင်းလည်း ကိုယ်နားမလည်တာတွေ များလာရင် စိတ်ဓါတ်က ကျချင်လာပါရော။ ကိုယ် လေ့လာတာလည်း ဘယ်အဆင့်ရောက်လို့ ရောက်မှန်းမသိ၊ ကိုယ်နိုင်လောက်၏/မနိုင်လောက်၏လည်း မသိ၊ ကိုယ့်ရဲ့  Self-study တော်ပုံများ 😦

အဲဒါနဲ့ အဝေးသင်ပညာရေးကို သတိရသွားပါတယ်။ ကျွန်မသင်ပေးခဲ့ရတဲ့ guide တပည့်လေးတွေထဲမှာ အဝေးသင်တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်အထိ ပါပါတယ်။ နယ်မြို့လေးဖြစ်တဲ့အတွက် အဝေးသင်တက္ကသိုလ်ကို အားပေးကြတဲ့ မိဘတွေက အတော်များပါတယ်။ ဒါတောင် ကျွန်မတို့မြို့လေးက တက္ကသိုလ်ရှိတဲ့ မြို့နဲ့   ၉ မိုင်ပဲ ဝေးပါတယ်။ လိုင်းကား နေ့စဉ်ရှိပြီး ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ဈေးသည်/ ကုန်သည်တွေ ပုံမှန်သုံးစွဲနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်သွား/ညနေပြန် နေ့ကျောင်းသား/ကျောင်းသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် ခရီးစရိတ်နဲ့ အခြား အထွေထွေအသုံးစရိတ်ရယ်၊ ကျောင်းမှာ တက္ကသိုလ်ကျောင်းသားဘ၀ ခံစားဖို့ရယ်ဆိုတော့ စရိတ်က မသေးလှဘူးပေါ့လေ။ ဒီတော့ အဆောင်နေကျောင်းသား/ကျောင်းသူဆိုပြီး တစ်စု ထပ်ထွက်လာပါတယ်။အဲဒီကျပြန်တော့ အဆောင်စားရိတ်နဲ့ မိဘရင်ခွင်က ခွါရတဲ့အခါ တခြား၊တခြားသော အကြောင်းအရာတွေက ရှိလာပြန်ရော။ ဒါနဲ့ပဲ သာမန် နေ့စဉ်လှုပ်ရှားရှာဖွေနေရတဲ့ မိဘတွေက အဝေးသင်တက္ကသိုလ်ကို မျက်စိကျသွားပါတယ်။ ကျောင်းပြီးရင်တော့ ဘွဲ့ရပညာတတ်ဆိုတဲ့ စာရင်းထဲ ၀င်မှာပဲကိုး။

အဝေးသင်တက္ကသိုလ်ဆိုတာကြီး တက်ပါပြီဆိုတော့မှ မိဘတွေ မသိခဲ့တဲ့ အနီးကပ်ဆိုတာကြီး ပါလာပါလေရော။ စာစဉ်ဖိုး၊ လက်ချာတိပ်ခွေဖိုး ဆိုတာကတော့ မိဘတွေကို ရှင်းပြလို့ရနိုင်ပေမယ့် ကျူရှင်ယူရ၊ အနီးကပ်တက်ရတဲ့ စားရိတ်က နေ့ကျောင်းတက်နေတဲ့လူတွေလောက်ကို ထွက်လာပါတယ်။ စာမေးပွဲဆိုလည်း နေ့ကျောင်းသားတွေထက် အများကြီး ပိုတင်းကျပ်တယ်ဆိုပြီး ညည်းညူကြပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့လည်း အဝေးသင်ကျောင်းသားတွေကို သေသေချာချာ မတတ်မှာ စိုးရိမ်တဲ့အတွက် ပိုပြီး ကရိကထ ခံရပါတယ်။ အဝေးသင်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ပညာရေး၊ ဝေးသည်မရှိ’ ဆိုတာက ပေးလာတဲ့ ၀န်ထုပ်ဝန်ပိုးတွေက မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရစာရင်းနဲ့ မမျှအောင်ပါပဲ။

အဓိကအချက်က ရလာတဲ့ ဘွဲ့ကို လိုချင်တာလား၊ အဲဒီပညာရေးက သင်ပေးလာမယ့် ပညာကိုလိုချင်တာလားဆိုတာပါ။ တစ်ချို့ကလေးတွေများ သနားစရာကောင်းလောက်အောင်ကို အပင်ပန်းခံ ကြိုးစားကြပါတယ်။ သူတို့ကို မေးကြည့်တော့ ဒီကျောင်းပြီးလို့ လယ်ထဲ ကိုင်းထဲ ပြန်မဆင်းဘဲ တခြားလုပ်ငန်းခွင်ဝင်တဲ့အခါ အဝေးသင်ဘွဲ့မို့ သူများထက် မျက်နှာငယ်ရပါတယ်တဲ့။ အသုံးမကျတာ သူများထက်ဆိုးနေမှာစိုးလို့ ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ကြိုးစားကြတာပါတဲ့။ ကျွန်မဖြင့် ကိုယ့်ကျောင်းနားက ရွာမှာ အဆောင်သွားနေပြီး ပျော်ပျော်ကြီး တက္ကသိုလ် တက်ရတာတောင် သူတို့ကို ဘာမဆိုင် ညာမဆိုင် အားနာမိသွားပါတယ်။ သူငယ်ချင်းတွေကို ပြန်ပြောပြမိရင် ဩဘာပေးလောက်ရဲ့- ကြောင်ပါ့ ဆိုပြီးလေ။

သူတို့ တန်ဖိုးထားတဲ့အပေါ်မူတည်ပြီး သူတို့ ဘ၀လေးတွေမှာ အများကြီးမဟုတ်တောင် အတော်ကို ကွာခြားကြပါတယ်။ လူရိုသေရှင်ရိုသေ၊ မိတ်ဆက်လို့ကောင်းအောင်၊ အလုပ်လျှောက်လို့ ဘောင်ဝင်အောင် သင်ခဲ့ကြသူများဟာ ရောက်လေရာမှာ ရပ်သွားတာ များပါတယ်။ ဆက်ပြီးတိုးတက်ဖို့ (ဆိုလိုတာက လေ့လာသင်ယူပြီး တိုးတက်ဖို့) ကြိုးစားလက်စရှိတဲ့ ဘွဲ့ထက် ပညာကို လိုချင်သူများသာ အနှေးနဲ့ အမြန် တိုးတက်လာကြတာပါ။ ကျွန်မတို့ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ဖို့ ကြိုးစားတဲ့အခါ လုပ်ငန်းအတွေ့အကြုံ အားနည်းချက်အရ အခက်အခဲတွေ အများကြီးရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာ တကယ် အသုံးချရင်း ဆက်လက် လေ့လာသွားမှသာ ကိုယ်သိထားတဲ့ အတတ်ပညာ၊ အသိပညာတွေကို ထပ်ပြီး ဖြည့်ဆည်းနိုင်မှာပါ။ ဒီလိုနဲ့ လုပ်ငန်းချိန်ပြင်ပ သင်တန်းတွေဆီမှာ မဆုံးနိုင်တဲ့ ကျောင်းသားဘ၀ပေါ်လာပါတယ်။ တချို့တချို့သော သူများကလည်း self-study ကို ညွှန်းကြပါတယ်။ အဲဒီအခါမှာ လမ်းခွဲအများကြီးမှာ သိုးပျောက်ကို ရှာကြသလိုပေါ့။ ကိုယ် ဘယ်လမ်းလိုက်ရပါ့ ဆိုပြီး ထွေပြားသွားတတ်တာလည်း ရှိသလို မြေပုံ မပြည့်စုံ၊ လမ်းစရိတ်မရှိလို့ ဆက်မသွားဖြစ်တာတွေလည်း self-study ရဲ့ ဘေးထွက် အာနိသင်တွေ ကြုံတွေ့လာရတတ်ပါတယ်။

အခု Mysteryzillion Forum မှာ mmlegend ညွှန်းထားတဲ့ MIT က ပံ့ပိုးတဲ့ Opencourseware ဆိုတာ သွားတွေ့ပါတယ်။ အဲဒီမှာ MIT က ပေးတဲ့ ဘွဲ့ကိုမှ လိုချင်ပါတယ်ဆိုရင် တက်ရမယ့် အချိန်၊ ငွေ၊ အခြားအခြားသော ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး သွားတက်ရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ လေ့လာမှုနဲ့ကိုယ် ဘယ်လို မွမ်းမံမလဲ၊ ဘယ်လို ပြန်နွှေးမလဲ၊ ဘယ်လို ကြိုးစားမလဲဆိုရင် သူတို့ပံ့ပိုးထားတဲ့ lecture notes, learning aids, video lectures, recession တွေကို အစီအစဉ်ချပြီး လေ့လာလို့ရပါပြီ။ ဒီလို အလွတ်လေ့လာမှုတွေအတွက် MIT မှာ register လုပ်စရာ၊ Fees သွင်းစရာ မလိုသလို diploma, certificate, degree တွေ ပေးမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပြီး သိုးပျောက်ရှာဖို့အတွက် ပြည့်စုံကောင်းမွန်တဲ့ မြေပုံတစ်ချပ်ရသလိုပဲ ဖြစ်မှာပါ။

အခု ကျွန်မ MIT ရဲ့ အဝေးသင်ကျောင်းသား လုပ်ကြည့်နေပါပြီ။ သူက ပေးမယ့် ဘွဲ့ ဆိုတာထက် ကိုယ်ကျောင်းတက်တုန်းက ဒါတွေဟာ ဘာတွေပါလိမ့်ဆိုတဲ့ ယောင်တီးယောင်နဘ၀ကို ပြန်ဖြည့်ဆည်းချင်တာနဲ့ကို MIT ရဲ့ Virtual ကျောင်းသား လုပ်ကြည့်လိုက်ပါဦးမယ်။  ရောက်တတ်ရာရာတွေ လျှောက်သွားခဲ့တဲ့ လမ်းတွေမှာ ရခဲ့တဲ့ အခြားအခြားသော မြေပုံဖတ်နည်းများကိုလည်း အသုံးချခွင့်ရတဲ့အတွက် ကျွန်မလျှောက်ခဲ့တဲ့ လမ်းတွေကို အလကားမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်အားပေးရင်း၊ အခု လေ့လာသင်ယူမှု လမ်းကြောင်းပေါ် ထော့နဲ့ထော့နဲ့ တက်လျှောက်ပြန်ပြီပေါ့ရှင်။ 🙂

Advertisements

4 thoughts on “MIT, Dreams and Ways

  1. ဒုက္ခပါပဲ။ ကျနော် စောစောက တင်တဲ့ ကွန်မန့်က အခု ပို့စ်မှာ ရေးချင်တာ။ အပေါ်အောက်တွေ လွဲကုန်ပြီ။

  2. အကိုစေးထူးရေ ရွှေ့ပေးလို့တော့ မရဘူးဗျ။ ဖတ်ရင်းနဲ့ပဲ နားလည်ယူလိုက်ပါပြီ၊ လာလည်တာ ကျေးဇူးပါဗျာ။

  3. ဒီပိုစ့်ဖတ်ပြီး စာပြန်ဖတ်ချင်စိတ်တောင်ပေါ်သွားတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s