အသက်တစ်နှစ်ကြီးပြန်ပေါ့

ဒီနေ့ ကျွန်မရဲ့ မွေးနေ့ပါ။ မှတ်မှတ်ရရ ထိပ်စီးဂဏန်း အပြောင်းအလဲ ရှိတဲ့ မွေးနေ့ပါ။ ၂ ထိပ်စီးကနေ ၃ ထိပ်စီးပေါ့။ (ချဲဂဏန်းတွေ၊ နှစ်လုံးဂဏန်းတွေ ပေးနေတယ်ဆိုပြီး ပြန်မဖွကြနဲ့နော် 😀 )

သူငယ်ချင်းတွေကို မုန့်ကျွေး၊ အအေးတိုက်ပြီး ဖြတ်သန်းခဲ့တဲ့ အထက်တန်းအောင်ဘ၀ မွေးနေ့၊ အလုပ်ထဲမှာ ပင်ပန်းလွန်းလို့ ပြီးမှန်းမသိ ပြီးသွားတဲ့ အလုပ်ဝင်ခါစဘ၀ မွေးနေ့၊ ဘုန်းကြီးကျောင်းကို ဆွမ်းပို့ရင်း မွေးနေ့မှာ တရားအမြတ်ထွက်အောင် တရားထိုင်သွားဖို့ ဘုန်းဘုန်းက တရားပေးတော့ အီလည်လည်နဲ့ မသက်မသာ အရင်းအတိုင်းဖြစ်သွားတဲ့ ဟိုမရောက် ဒီမရောက် မွေးနေ့။  မွေးနေ့ပေါင်း အခု 20 ကျော်မှာ ကိုယ့်မွေးနေ့ရယ်လို့ မှတ်မှတ်သားသားရှိတာ လက်ချိုးရေလို့ ရပါရဲ့။ အခု ထိပ်စီးပြောင်းသွားတော့ ဘယ်လိုဆင်နွှဲရင် ကောင်းမလဲလို့ စဉ်းစားကြည့်ပါတယ်။ သေချာတာတော့ ကျွန်မ ကိုယ်ပိုင်အိမ်လေးဖြစ်တဲ့ ဘလော့မှာ စာရေးဖြစ်သွားတာပဲ။

ဒီဘလော့လေးကိုပဲ အိမ်ကလေးတစ်လုံးအဖြစ် မွမ်းမံလာခဲ့ပြီဆိုတော့ အိမ်ရယ်၊ ဧည့်သည်ရယ်လို့ ဖြစ်လာပြီပေါ့။ ကျွန်မအိမ်ကလေးမှာ မွေးနေ့ အထူးအစီအစဉ်အဖြစ် မေတ္တာရပ်ဝန်းမီးဖိုဆောင်ကို ပို့ပြီး ရွှေရင်အေးနဲ့ ဧည့်ခံရမယ်။ မလုကိုလည်း ခွင့်တောင်းထားပါတယ်။ အဲဒီမှာ အချိုပွဲတွေလည်း အများကြီးပဲ။ ကိတ်မုန့်လှီးဖို့တော့ အစီအစဉ်မရှိပါဘူး။ 🙂 အဲဒီအစီအစဉ်အတွက် ဖယောင်းတိုင်မလောက်လို့ပါ 😛

ကျွန်မကိုယ်တိုင်က ၀ိုင်ကို အလွန်နှစ်ခြိုက်ပေမယ့် ၀ိုင်တော့ မစိမ်တတ်ပြန်ဘူး။ ဒီတော့ ဖိုင်နယ်တုန်းက chemical က သူငယ်ချင်းတွေကို သတိရမိတယ်။ သူတို့က ၀ိုင်စိမ်ရတဲ့ Project လေ။ သူတို့ရဲ့ ၀ိုင်တွေကို ဒိုင်ခံ မြည်းပေးခဲ့တာကို လွမ်းလာတယ်။ ဆိုင်လည်း မဆိုင်ဘူးနော်။ ရွှေရင်အေးရယ်၊ ကိတ်မုန့်ရယ်၊ ၀ိုင်ရယ်၊ ကျွန်မသတိရမိတဲ့ အရာတွေက ကျွန်မကို ပြောင်ပြနေကြတယ်။ ဒီပို့စ်မှာ ကျွန်မစိတ်က လျှောက်သွားတဲ့အတိုင်းပဲ ကျွန်မရေးဖြစ်တယ်။

အစားအသောက်တွေထက် ကျွန်မစိတ်မှာ သီးသန့်ဖြစ်နေတဲ့ အကြောင်းလေးတွေလည်း ရှိတယ်။ မိသားစုဘ၀ကို ၁၆ နှစ်သမီးရဲ့ နောက်ပိုင်း အပြည့်အ၀ မခံစားဖြစ်ခဲ့တော့ အဲဒီဘ၀ကို အစောဆုံး နှစ်ချို့ခံလိုက်တယ်။ ၁၀တန်းအောင်စာရင်းထွက်ပြီးကတည်းက ဘော်ဒါတစ်ခုမှာ စာကျက်အကူ သွားလုပ်လိုက်တာကနေ ကျောင်းတက်တဲ့တောက်လျှောက် အိမ်ကို အလည်လောက်ပဲ ပြန်နိုင်တော့တာကိုး။ ကြာလာလေ အရှိန်တက်လာလေ၊ အချိုပြင်းပြင်းနဲ့ တခြား လောကဓံတွေက Fermented Gas တွေထက် ရှတတ နိုင်ခဲ့တယ်။ ဒီလိုနဲ့ တောရောက်၊ တောင်ရောက်၊ တောမရောက်တောင်မရောက် အလုပ်တွေလည်း လုပ်ဖြစ်ခဲ့၊ ဘ၀ကျောင်းမှာ ကျောင်းသားဆိုးလည်း လုပ်ဖြစ်ခဲ့တယ်။ အမေကတော့ အဲဒီဝိုင်ချစ်သူကို ဘယ်ခရီးရောက်မလဲ စောင့်မကြည့်နိုင်ခဲ့တော့ဘူး။ ဒီတော့လည်း ကိုယ်နှစ်ချို့ခံပြီး သိမ်းခဲ့တဲ့ ဘ၀မှာ အခါးပြင်းပြင်းက ပိုကဲလာခဲ့ပြန်ရော။ ဒါကပဲ ဘ၀ရဲ့ အရသာတစ်မျိုးလို့ အောက်မေ့မိပါတယ်။

အရင်တုန်းက ကျွန်မရဲ့ ဘလော့မှာ လာဖတ်သွားပြီး ကုမ်ရာသီသူအဖြစ်ပဲ သိထားတဲ့ ဧည့်သည်တွေကို ကျွန်မရဲ့ နောက်ထပ် အိမ်လေး တစ်လုံးကိုပါ မိတ်ဆက်ပေးရမှာပေါ့။ ကွန်နက်ရှင် ပြဿနာတွေ မစမီ ဟိုးအရင်ကတည်းက လက်တည့်စမ်းထားတဲ့ ကျွန်မရဲ့ အိမ်အိုလေးပါ။ ပရိဘောဂတွေ ဖြည့်လိုက်၊ ဖြုတ်လိုက်၊ တံခါးဆီထည့်လိုက် လုပ်ထားခဲ့ရတဲ့ အိမ်လေးပေါ့။ ဘ၀နဲ့ ရှင်သန်ခြင်း လို့ နာမည်ပေးထားပါတယ်။ အခုတော့ ကျွန်မရဲ့ အိမ်နှစ်လုံးကို ကျွန်မက အမည်ပေါက် ကြေငြာလိုက်ပါပြီနော်။

ကျွန်မ ချန်ထားပစ်ခဲ့တယ်လို့ ထင်ထားခဲ့ပေမယ့် ကျွန်မနဲ့အတူ အရိပ်လိုပါလာတဲ့ အတိတ်တွေ၊ ကျွန်မသယ်လာတယ်လို့ ထင်ပေမယ့် ဝေးကွာ ကျန်ရစ်ခဲ့တဲ့ မသစ်တသစ် အကြောင်းအရာတွေ ……… အဲဒါတွေ အားလုံးဟာ ကျွန်မရဲ့ ၀ိုင်နဲ့ ထပ်တူပြုထားတဲ့ ဘ၀မှာ အရသာမျိုးစုံ ထပ်ဖြည့်ပေးနေတုန်းပါပဲ။

အခုတော့ ကျွန်မဆုတောင်းဖို့ စိတ်ကူးရပြီ။

ကျွန်မအနေနဲ့ သူများတွေအတွက် အသုံးမ၀င်မယ့် အကူအညီတွေချည်း ပေးမိတာ မဖြစ်ရအောင် ကိုယ်တိုင်ကို အရင် ဖြည့်ဆည်းရမယ်။

ကျွန်မ ချစ်ခင်ရတဲ့သူတွေ၊ ကျွန်မကို ချစ်ခင်ကြသူတွေ၊ ပြီးတော့ လူ့ဘ၀မှာ အသက်ရှင် ရပ်တည်နေဖို့ ရုန်းကန်နေကြရသူတွေအားလုံးဟာ သူတို့စိတ်ဆန္ဒတွေပြည့်ဝပြီး သူတို့ရဲ့ဘ၀မှာ သူတို့နည်းသူတို့ဟန်နဲ့ ပျော်ရွှင်နိုင်ဖို့ ကျွန်မ ဆုတောင်းရမယ်။

ကျွန်မဘ၀မှာ ရှေ့လျှောက် ကြုံတွေ့ရဦးမယ့် အခက်အခဲ၊ စိန်ခေါ်မှုတွေကို အဲဒါတွေထက် ခက်ခဲနိုင်တဲ့ အတားအဆီးတွေအတွက် ခြေနင်းခုံအဖြစ် ကျွန်မ သဘောထားနိုင်ရမယ်။

နောင်လာမယ့် နေ့တွေမှာ “တကယ်လို့” ဆိုတာနဲ့ “အဲဒီလိုသာဆိုရင်” ဆိုတာတွေကို ကျွန်မ ကြိုးစားရှောင်ကျဉ်နိုင်ရမယ်။

တရုတ်ရိုးရာဗေဒင်အရတော့ ဆိတ်နှစ်မှာ မွေးဖွားသူ ကျွန်မအတွက် နွားနှစ်က သိပ်ပြီး ကြည်ကြည်သာသာ ကြိုဆိုတာမဟုတ်ဘူးလို့ သိရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မတော့ နှစ်ထိပ်စီးကနေ သုံးထိပ်စီးကို အလိုအလျောက်ကြီး ရောက်သွားပါပြီ။ ဒီတော့လည်း …………. အင်း၊ ကျွန်မတော့ အသက်တစ်နှစ်ကြီးလာပြန်ပြီကိုးလို့ ရေရွတ်ရုံပါပဲ။

(ဟိုရောက်ဒီရောက် ရေးထားဖြစ်တဲ့အတွက် အားလုံးကို အားနာပါတယ်နော်။ ဟိုဘက်အိမ်လေးကိုလည်း ရောက်တုန်းရောက်ခိုက် လည်သွားကြပါဦး၊  အားလုံးပဲ ပျော်ရွှင်နိုင်ကြပါစေ။ 😀 ကျေးဇူး တင်ပါတယ်။ )

From Ko Ko Aung's Collections

စေ့စပ်ဖြန်ဖြေခြင်း အနုပညာ

စေ့စပ်ဖြန်ဖြေသည့်အကြောင်း ပြောရင် ဟို ဥပဓိရုပ်ကောင်းလှသော (အဟီး) ပုဂ္ဂိုလ်ကြီးကို ပြေးမြင်ကြမည်ထင်ပါသည်။ မဟုတ်ပါ၊ စကားလုံး ကြီးကြီးဖြင့် ပုံကြီးချဲ့ရတာ ၀ါသနာပါလို့ ခေါင်းစဉ်ကြီးကြီး ကောက်တပ်ထားခြင်းဖြစ်ပါသည်။

နိုင်ငံတကာ သံခင်းတမန်ခင်းမှာမှ စေ့စပ်ဖြန်ဖြေတာရှိတာမဟုတ်ပါ။ အငြင်းပွါးမှု တစ်ခုတိုင်းအတွက် ဖြန်ဖြေမှုတစ်ခု ရှိသည် (၀ါ) စေ့စပ် ညှိနှိုင်းဆွေးနွေးမှု တစ်ခု ရှိသည်ဟု အငြိမ်းစား သံအမတ်ကြီး တစ်ဦးရေးသော (နာမည်မမှတ်မိပါ-စာအုပ်ကတော့ အတော်ဖတ်ကောင်းပါသည်) သံကြီးတမန်ကြီး သံခင်းတမန်ခင်းစာအုပ်တွင် တွေ့ဖူးပါသည်။ (အကိုးအကားပြလျှင် နည်းနည်း စာလုံးပိုများတာပေါ့၊ ဒါက ဆားခပ်တာ) ပြောင်းပြန်စဉ်းစားလျှင် စေ့စပ်ညှိနှိုင်းမှုဖြစ်ရန်အတွက် အငြင်းပွါးမှု ရှိရမည်ပေါ့။ 😀

အငြင်းပွါးမှုသာ မရှိလျှင် လူတွေ ပြောနေရသော စကားလုံးများစွာမှ ရာနှုန်း ၄၀ မှ ၆၀ အထိ လျော့ကျ သွားဖွယ်ရှိမည်ဟု ထင်ပါသည်။ (ဒါလည်း ကိုယ့်နေ့စဉ်ကိစ္စတွေကို အခွန်းရေနဲ့ ခန့်မှန်းပြောတာ။ ဘယ်ကမှ မကိုးကားပါ) ငြင်းကြခုန်ကြသည်ဆိုတာကလည်း ကိုယ့်စိတ်နဲ့ သူ့စိတ် မတူတာက စပြီး ငြင်းကြတာပဲ မဟုတ်ပါလား။ ဘယ်သူသည် ဘယ်သူနဲ့မှ မတူဆိုတာကလွဲလျှင် တစ်ယောက်ကို တစ်ယောက် ထပ်တူ ကျနိုင်မည်မထင်ပါ။ ဒါကိုပဲ အတတ်နိုင်ဆုံး ညှိပြီး ပေါင်းသင်းဆက်ဆံကြရတာ ဘ၀ပါပဲ။

သူငယ်ချင်းတစ်ယောက်ကို ဖြန်ဖြေရေးသမားကောင်းအဖြစ် သတ်မှတ်ချင်ပါသည်။ သူငယ်ချင်းနှင့် နှစ်ဆင့်ခံ သူငယ်ချင်း (သူငယ်ချင်းရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းကို ဆိုလိုပါသည်)၊ ငယ်ပေါင်းသူငယ်ချင်းတို့ မောင်နှံ၊ အသက်ကြီးမှ အဖေါ်ဖြစ်လာသော စုံတွဲ စသည်စသည်အားဖြင့် သူ့မှာ အမြဲလိုလို တစ်ယောက်ယောက်ကို နားထောင် ဖြန်ဖြေပေးနေရလေ့ရှိသည်။ အလုပ်ထဲမှာလည်း အချက်အလက်ပေါင်းများစွာ ညှိကာနှိုင်းကာ လုပ်ရရှာသည်။ ကျွန်မက သူ့ကို ချစ်စနိုး နာမည်ပေးပါသည်။  ‘မန်ဒါလီ’လို့ (ဒါဘဲ၊ ကျန်တာ မန်ဒါလီ ဟု သူအမြဲ စကားပိတ်တတ်ပါသည်)။ အလုပ်လျှောက်သောအခါ သူ့ကိုယ်ရေး ရာဇ၀င်တွင် Have strong negotiating skill ဟု စာလုံးမည်းကြီးဖြင့် ထည့်ခိုင်းမည် ကြံပါသည်။

တစ်ယောက်ကို တစ်ယောက် ခွဲခွါ၊ ပြတ်နိုင်ကြတာ မဟုတ်သော၊ စိမ်းကားရက်စက်နိုင် ကြတာလည်း မဟုတ်သော၊ ကိုယ့်အရှိန်နှင့်ကိုယ် ပြန်ကွေ့ရမှာလည်း ခက်နေသော အငြင်းပွါးနေကြသူများအတွက် အမှန်တကယ်လိုအပ်သော ရင်းနှီးမှု၊ ကူညီမှုတွေ သူ့ဆီမှာ ရနိုင်သည်။ အဲဒီလူတွေဆီက တုန့်ပြန်သော မေတ္တာတရားဖြင့် အစဉ် အေးချမ်းသော ဖြန်ဖြေရေးသမားပါပဲ။ အဲဒီ မန်ဒါလီဆိုသော နာမည်ကို သူက ဟိုပုဂ္ဂိုလ်ကြီးနှင့် ကာရန်တူသဖြင့် ရယ်မောကြရပါသေးသည်။ အဲဒီ စေ့စပ်ဖြန်ဖြေခြင်းဆိုသည့် အကြောင်းအရာကို အဲဒီပုဂ္ဂိုလ်နှင့် တွဲပြောနေရတာလည်း ရှတတ တစ်မျိုးပါပဲ။ (ကိုယ့်ဘာသာကိုယ် ထင်တာတွေ ပြောခြင်းပါ။ လောလောဆယ် ကြည်လင်သန့်ရှင်းသော သောက်ရေတစ်ခွက်ကို ပိုတမ်းတမိပါသည်။)

Utility ပြီးတော့ Utilized

ပထမတစ်ခုကို အသုံးချနိုင်မှုဟု ခေါ်မလားတော့ မသိ။ နောက်တစ်ခုက အသုံးချခံရခြင်း ဖြစ်မည်ထင်သည်။ ရုံးမှာ Utility Bill ဆိုလျှင် လျှပ်စစ်မီတာ၊ ဖုန်း၊ ရေ သုံးမျိုးစလုံးပါလေ့ရှိသည်။ ပြီးတော့ Gas, Internet အဲဒါတွေလည်း ပါသည်။

ဒီ အင်တာနက် ဆိုတာကြီးသည် Utility တစ်မျိုးဖြစ်၍ သုံးတာကတော့ သုံးကို သုံးမှဖြစ်ပါမည်။ ကိုယ်မသုံး၊ ကိုယ်ရှုံးတာပေါ့။ ဒီလို လစဉ်ငွေကြေးအနည်းငယ်သွင်းရုံမျှဖြင့် အတော် သုံးပျော်၊ စွဲပျော်သော အင်တာနက် လိုင်းတစ်လိုင်း ရရှိနိုင်သော နေရာမျိုးတွင် အခြား အကြောင်းတွေ  လျှောက်စဉ်းစားနေလျှင် ကိုယ်လုပ်ချင်တာ မလုပ်ရရုံသာ ရှိပေမပေါ့။ ဒါမှမဟုတ်လည်း ရွှေပြည်ကြီးမှာ ပြန်ပြီး အဲဒီ အင်တာနက် ဆိုသဟာကြီးနှင့် ကင်းလွတ်သော တစ်စုံတစ်ခုကို ရှာကြံလုပ်နေပေါ့။ (ကိုယ့်ကိုယ်ကို အားပေးတာပါ။ ခုထိတော့ စဉ်းစားမရသေးပါ။) ဒီစိတ်ဖြင့် အင်တာနက် လိုင်းတစ်လိုင်း ယူပါသည်။

ဟုတ်ကဲ့၊ အဲဒီ အင်တာနက် လိုင်းလေး ရပြီး ဘာများ သုံးဖြစ်ပါသလဲ။ သိတော်မူကြသည့်အတိုင်း ဘလော့တွေ ဖတ်ဖြစ်ပါသည်။ ချက်တင်တွေ ၀င်ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ၀ါစာကမာ သုံးလေးငါးပုဒ်ရေးဖြစ်ပါသည်။ ဒါပဲလား……… အခု သူများပေးသည့် လမ်းညွှန်အရ အဝေးသင် ကျောင်းသားလက်သစ် လုပ်နေပါသည်။ ဒါပဲလား ……….. ဒါပါပဲ။ ကိုယ်ကတော့ ဒီမှာပဲ လမ်းဆုံးပါသည်။ ပြောချင်တာက Utility ရှိသည့်အခါတိုင်း utilized အပြည့်အ၀ ဖြစ်သွားတာမျိုးတော့ မဟုတ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လူမှုရေးတွေကို အထိုက်အလျောက် အကူအညီ ရတာ မှန်သော်လည်း အဲဒီ လူမှုရေး အကျိုးအမြတ်တွေကို ကိုယ်တိုင်က ပြန်ပြီး အသုံးမချတာများသော အကျင့်ရှိပါသည်။ သုံးသည့်သူတွေကတော့ သုံးပါသည်ခင်ဗျား။

ရှင်းပါမည်။ ကိုယ်ရေးသောစာ၊ ကိုယ်ပြောသောစကားကို တာဝန်ခံသူတစ်ဦးအနေဖြင့် ရေးပြီးသမျှကို ဝေဖန်ခဲ့လျှင် လက်ခံနိုင်ရန် ပြင်ဆင်ထားပါသည်- ဒါ ဘလော့ဂါများ၏ လက်စွဲ၊ မူဝါဒ၊ ကျင့်ဝတ်ဆိုကြပါစို့။ ကိုယ်ရေးထား၊ ပြောထား၊ တွေးထားတာလေးတွေကို လူတွေ စိတ်ဝင်စားကြလျှင် အလွန် ၀မ်းမြောက်ပါသည်။ ထို့ထက်ပို၍ စိတ်ဝင်စားသူများက နှုတ်ခွန်းဆက်သွား၊ ဝေဖန်သွားလျှင် အတော်ကြီးကို မနေတတ်မထိုင်တတ်ဖြစ်အောင် ၀မ်းသာပါသည်။ (ကိုယ့်အကြောင်းကိုယ်ပြောနေတာပါ) ကိုယ်ပြောတာတစ်မျိုး၊ ဝေဖန်သူက တစ်မျိုးမြင်သွားလျှင် ကိုယ်ရေးတာ မပေါ်လွင်လို့ဟု မှတ်ပါသည်။ ထို့ထက်မကခဲ့လျှင်လည်း သူနဲ့မှ သဘောချင်းမတိုက်ဆိုင် တာပဲလေဟု တာဝန်ငြိမ်း နှလုံးသွင်းပါသည်။ လိုအပ်သည်များကို ညွှန်ကြားသွားပါကလည်း လက်ခံသင့်လျှင် လက်ခံရန် ကိုယ့်ကိုယ်ကို ဆုံးမထားပါသည်။ ကိုယ်က ခုမှ မူကြိုကိုး။

နောင်တော့်နောင်တော်များ၏ ဘလော့များထံ အလည်သွားသည့်အခါ တိတ်တိတ်ဆိတ်ဆိတ် လည်ဖြစ်တာ များပါသည်။ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ရွှင်ရွှင် အုပ်လိုက်၊ သင်းလိုက်ရှိနေသော ဘလော့ဂါများကို မြင်ရသည့်အခါ ကိုယ်တိုင်လည်း ဘာရယ်မဟုတ် အလွန်ပျော်ပါသည်။ ကိုယ်တိုင်ကမူ ဘယ်အဖွဲ့ အသင်းနှင့်မျှ မဆက်စပ်မိလှ။ သို့သော်- အုပ်စုလိုက် ချိန်းပွဲချသကဲ့သို့ ဖြစ်နေသော ကွန်မန့်တိုက်ပွဲများကို မျက်စိလည်လမ်းမှားပြီး မြင်ရသည့်အခါ ထို ပျော်စရာစိတ်လေးများ ကုန်ပါလေရော။ ငါ့အမြင်ငါပြောတာ ဘယ်သူ့ဂရုစိုက်ရမတုန်း-ဆိုသော ဆရာများ၊ ငါ့ဆရာပြောတာ မှန်မှမှန် ၊ ဘယ်သူခံပြောဝံ့သတုန်း-ဆိုသော တပည့်များ၊ ကြုံတုန်း ၀င်တွယ်သွားမှ၊ ဒီဆရာ့တပည့် အထင်ခံရနည်းလား-ဆိုသော ‘ကြုံတပည့်’များ၊ ဒီရိုက်ချက်က အမိုက်စား၊ ဒီလိုလူမျိုးရဲ့ ဆရာ အထင်ခံရနည်းလား-ဆိုသော ‘ထင်ဆရာ’များ၊ ဒီလို ဆွမ်းကြီးလောင်းမျိုးမှာမှ ၀င်မနွှဲလျှင် လူစဉ်မီမှာမဟုတ်၊ နွှဲလိုက်ဦးမည်-ဆိုသော ‘ကြုံတိုင်း’များ ………………… ထိုထိုသော ရိုက်ချက်၊ နှက်ချက်၊ ဗျင်းချက်၊ တီးချက်များကြားတွင် မူရင်း စာပိုဒ်များသည် အလိုအလျောက် ဖုံးလွှမ်းခံကြရရှာလေသည်။

ဘလော့ဂင်းကြရာတွင် ရည်ရွယ်ချက် မျိုးစုံ ရှိကြပါမည်။ utility တစ်မျိုးဖြစ်၍ ဒါလေးမှတစ်ဆင့် အခြားအခြားသော အကျိုးရလဒ်များရအောင် သုံးကြပါမည်။ အရှင်းဆုံး အသုံးချခြင်းအနေဖြင့် ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အရေးများကို ပြောဖြစ်၊ ရေးဖြစ်ကြ၊ ကိုယ်သိသမျှကို မျှဝေကြပါသည်။ ပိုမို အဆင့်မြင့်သော အသုံးချခြင်းအဖြစ် ရွှေပြည်ကြီးအတွက် တစ်စုံတစ်ခု ရည်ရွယ်သော အကြောင်းအရာများကို ပြောကြ၊ ရေးကြ၊ ဆွေးနွေးကြပါသည်။ အားရှိစရာကောင်းပါသည်။ အင်တာနက်ပေါ်မှ ရနိုင်သော လွတ်လပ်မှုကို အစွမ်းကုန် အသုံးချကြပါသည်။ ရွှေပြည်ကြီးထဲက လူများ အဲဒီလို လွတ်လပ်နိုင်လျှင် ပို၍ ပို၍ ကောင်းပါမည်။ အဲဒီလွတ်လပ်မှုသည် ကိုယ်ပိုင်တာဖြစ်ကြောင်း သိပြီး ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန် စိတ်ကူးပေါက်လာလျှင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ဒါပေသိ အဲဒီ ‘လွတ်လပ်သော’ ဆိုတာကြီးကကို ကျိန်စာသင့်နေသလား မပြောတတ်ပါ။ ဒါကြီးအကြောင်း ဆွေးနွေးကြတိုင်း ဘယ်က ထွက်ထွက်လာမှန်းမသိသော ခါတော်မီ လွတ်လပ်ရေးဆရာများက လွတ်လပ်စွာကွဲလွဲခွင့်ကို အကာအကွယ်ယူကာ လွတ်လွတ်လပ်လပ်ကြီး ဆွမ်းကြီးလောင်းကြပါသတည်း။

မင်းက ဘာမို့လို့တုန်း-ဟုမေးလျှင် ဘာမှမဟုတ်ပါဟု အမှန်အတိုင်း ဖြေပါမည်။ ကိုယ့်လို ဘာမှမဟုတ်သူများ အများကြီးရှိသော ဒီမြေမှာ ကိုယ်က ဒီကိစ္စကို အရေးမလုပ်ပါ။

ကိုယ့်တိုင်းပြည်ကောင်းစားရေးနောက်ထား၍ ကိုယ့်မိသားစုပင် မကောင်းစားသေးပါ။ အသက်ရှူချောင်မည် ကြံရုံရှိပါသေးသည်။ ကိုယ့်မိသားစု တည်တည်ငြိမ်ငြိမ်လေး နေထိုင် ရပ်တည်၍ ရနိုင်လောက်သော အနေအထားရလျှင် အိမ်ပြန်ပြီး စာသင်စားမည်ဟု စိတ်ကူးရှိပါသည်။

ပိုက်ပိုက်ရှိလျှင် ပညာရေးသုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောင်မည်ဟု စိတ်ကူးယဉ်ပါသည်။ ထောင်ပြီးသား ရန်ပုံငွေ ဆိုသဟာတွေက နိုင်ငံတော်တနံတလျား သုံးစရာတွေက အများသားကလား။ သူငယ်ချင်း ကျူရှင်ဆရာများကို မေးမကြည့်ရသေးပါ။

ဒီအင်တာနက် ဆိုသဟာကြီးကနေ ဘာတွေ၊ ညာတွေ လေ့လာပြီး ပြန်မျှဝေမည်ဟုလည်း စိတ်ကူး ကြီးကြီးမားမား ရှိပါသည်။ အခု ကိုယ်တိုင် ဖိုရမ်တွေဝင်ပြီးလေ့လာတော့ ကိုယ်ဘာမှ မသိသေးတာတွေပဲ တွေ့ပါသည်။

ကိုယ်ကြိုက်တာလေးတွေ့လျှင် ကိုယ့် Reader လေးထဲ ကိုယ်မှတ်ကာ တိတ်တိတ်လွတ်လပ်တာက အုပ်စုတိုက်ပွဲများနှင့် ကင်းလွတ်ပါသည်။ တစ်ကိုယ်တော် သွားသော ခရီးမို့ လွတ်လပ်ခြင်း အရသာကို အတော်ကြီး ခံစားရပါသည်။ ကိုယ့်လွတ်လပ်ခွင့်ကလေးကို ကာကွယ်ရန် ကိုယ့်တာဝန်ဖြစ်သည့်အတွက် မျက်စိနောက်စရာ မဖြစ်ရအောင်တော့ ထိန်းထိန်းသိမ်းသိမ်း နေရပါသည်။ ကိုယ်က ဘာကောင်မှ မဟုတ်သည့်အတွက် ကိုယ့်အတွက် ဆရာလည်း ပေါ်မလာတော့၊ တပည့်လည်း ပေါ်မလာတော့။ ဘယ့်ဂလောက်များ အေးချမ်းလိုက်ပါသနည်း။ လူမှုရေးအကျိုးအမြတ်ကို မသုံးသ၍ ဒီလိုအခြေအနေလေး တည်မြဲနေနိုင်လောက်ပါ၏။ အစက ပြောခဲ့သကဲ့သို့ပင် ကိုယ်မသုံးတော့ ကိုယ်ရှုံးတာပေါ့လို့ ဒီတစ်မျိုးတော့ မယူဆချင်ပါ။ လူမှုရေးအမြတ်မထုတ်တတ်တာ ကောင်းသည်ဟု မိဘများက ဆုံးမထားတာ ဒါလေးတစ်ခုတော့ ကိုယ်တိုင်လည်း လက်ခံထားပါသည်။ တော်ကြာ ကိုယ့်ကိုပါ utilized လုပ်သွားမှာ ကြောက်လှပါသည်ခင်ဗျား။

(ကြောက်ကြောက်နဲ့ တင်တဲ့ ပို့စ် ပါ။ မနေနိုင်လွန်းလို့သာ တင်ရတာ။ ကိုယ်ရပြီးသား လွတ်လပ်ခွင့်လေးကို ခုခံ ကာကွယ်ဖို့ အတော်ကို ကြိုးစားပမ်းစား ရုန်းကန်ရမယ်နဲ့ တူပါရဲ့။)

MIT, Dreams and Ways

USA က MIT ဆိုတဲ့ နာမည်ဟာ ကျွန်မအတွက်တော့ အဝေးကြီးမှ ဟိုးအဝေးကြီးက ကြယ်တစ်ပွင့်ပါပဲ။ ကိုယ့်တက္ကသိုလ်က သင်လိုက်တဲ့ ပညာတွေတောင် ဘယ်ဆီဘယ်ဝယ် ပျောက်တော့မယ်မှန်းမသိအောင် ကျွန်မလည်း အမေ့ပျောက်ခံပြီး တောမရောက်၊ တောင်မရောက် အလုပ်တွေနဲ့ ခါနာမှန်ရေး ကြိုးစားနေရတယ်လေ။ အိန္ဒိယလူမျိုးတွေရဲ့ စကားနဲ့ပြောရရင် ရူးပြားနိမ်းဟေး-ခါနာနိမ်းဟေး ပေါ့။ ခက်တာက ကိုယ်သင်ချင်လွန်းလို့ ကြိုးစားပမ်းစားသင်ခဲ့ရတဲ့ အကြောင်းအရာတွေ မေ့ပျောက်ကုန်ရင် ဆိုပြီးတွေးမိတိုင်း ရင်ထဲ နာနာကျင်ကျင် ဖြစ်တာပဲ။ တစ်ခါတစ်ခါတော့ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာလေးတွေ ရှာဖွေ ဖတ်ရင်း အင်တာနက်ဆိုတာကြီးကို ကောင်းကောင်းမွန်မွန် သုံးဖြစ်ပါတယ်။ ဖတ်တိုင်းလည်း ကိုယ်နားမလည်တာတွေ များလာရင် စိတ်ဓါတ်က ကျချင်လာပါရော။ ကိုယ် လေ့လာတာလည်း ဘယ်အဆင့်ရောက်လို့ ရောက်မှန်းမသိ၊ ကိုယ်နိုင်လောက်၏/မနိုင်လောက်၏လည်း မသိ၊ ကိုယ့်ရဲ့  Self-study တော်ပုံများ 😦

အဲဒါနဲ့ အဝေးသင်ပညာရေးကို သတိရသွားပါတယ်။ ကျွန်မသင်ပေးခဲ့ရတဲ့ guide တပည့်လေးတွေထဲမှာ အဝေးသင်တက္ကသိုလ် ပထမနှစ်၊ ဒုတိယနှစ်အထိ ပါပါတယ်။ နယ်မြို့လေးဖြစ်တဲ့အတွက် အဝေးသင်တက္ကသိုလ်ကို အားပေးကြတဲ့ မိဘတွေက အတော်များပါတယ်။ ဒါတောင် ကျွန်မတို့မြို့လေးက တက္ကသိုလ်ရှိတဲ့ မြို့နဲ့   ၉ မိုင်ပဲ ဝေးပါတယ်။ လိုင်းကား နေ့စဉ်ရှိပြီး ၀န်ထမ်းတွေ၊ ကျောင်းသားတွေ၊ ဈေးသည်/ ကုန်သည်တွေ ပုံမှန်သုံးစွဲနေတာလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် မနက်သွား/ညနေပြန် နေ့ကျောင်းသား/ကျောင်းသူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် ခရီးစရိတ်နဲ့ အခြား အထွေထွေအသုံးစရိတ်ရယ်၊ ကျောင်းမှာ တက္ကသိုလ်ကျောင်းသားဘ၀ ခံစားဖို့ရယ်ဆိုတော့ စရိတ်က မသေးလှဘူးပေါ့လေ။ ဒီတော့ အဆောင်နေကျောင်းသား/ကျောင်းသူဆိုပြီး တစ်စု ထပ်ထွက်လာပါတယ်။အဲဒီကျပြန်တော့ အဆောင်စားရိတ်နဲ့ မိဘရင်ခွင်က ခွါရတဲ့အခါ တခြား၊တခြားသော အကြောင်းအရာတွေက ရှိလာပြန်ရော။ ဒါနဲ့ပဲ သာမန် နေ့စဉ်လှုပ်ရှားရှာဖွေနေရတဲ့ မိဘတွေက အဝေးသင်တက္ကသိုလ်ကို မျက်စိကျသွားပါတယ်။ ကျောင်းပြီးရင်တော့ ဘွဲ့ရပညာတတ်ဆိုတဲ့ စာရင်းထဲ ၀င်မှာပဲကိုး။

အဝေးသင်တက္ကသိုလ်ဆိုတာကြီး တက်ပါပြီဆိုတော့မှ မိဘတွေ မသိခဲ့တဲ့ အနီးကပ်ဆိုတာကြီး ပါလာပါလေရော။ စာစဉ်ဖိုး၊ လက်ချာတိပ်ခွေဖိုး ဆိုတာကတော့ မိဘတွေကို ရှင်းပြလို့ရနိုင်ပေမယ့် ကျူရှင်ယူရ၊ အနီးကပ်တက်ရတဲ့ စားရိတ်က နေ့ကျောင်းတက်နေတဲ့လူတွေလောက်ကို ထွက်လာပါတယ်။ စာမေးပွဲဆိုလည်း နေ့ကျောင်းသားတွေထက် အများကြီး ပိုတင်းကျပ်တယ်ဆိုပြီး ညည်းညူကြပါတယ်။ ဆရာ/ဆရာမတွေအနေနဲ့လည်း အဝေးသင်ကျောင်းသားတွေကို သေသေချာချာ မတတ်မှာ စိုးရိမ်တဲ့အတွက် ပိုပြီး ကရိကထ ခံရပါတယ်။ အဝေးသင်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ပညာရေး၊ ဝေးသည်မရှိ’ ဆိုတာက ပေးလာတဲ့ ၀န်ထုပ်ဝန်ပိုးတွေက မွေးထုတ်ပေးလိုက်တဲ့ ဘွဲ့ရစာရင်းနဲ့ မမျှအောင်ပါပဲ။

အဓိကအချက်က ရလာတဲ့ ဘွဲ့ကို လိုချင်တာလား၊ အဲဒီပညာရေးက သင်ပေးလာမယ့် ပညာကိုလိုချင်တာလားဆိုတာပါ။ တစ်ချို့ကလေးတွေများ သနားစရာကောင်းလောက်အောင်ကို အပင်ပန်းခံ ကြိုးစားကြပါတယ်။ သူတို့ကို မေးကြည့်တော့ ဒီကျောင်းပြီးလို့ လယ်ထဲ ကိုင်းထဲ ပြန်မဆင်းဘဲ တခြားလုပ်ငန်းခွင်ဝင်တဲ့အခါ အဝေးသင်ဘွဲ့မို့ သူများထက် မျက်နှာငယ်ရပါတယ်တဲ့။ အသုံးမကျတာ သူများထက်ဆိုးနေမှာစိုးလို့ ကိုယ့်အသိစိတ်လေးနဲ့ကိုယ် ကြိုးစားကြတာပါတဲ့။ ကျွန်မဖြင့် ကိုယ့်ကျောင်းနားက ရွာမှာ အဆောင်သွားနေပြီး ပျော်ပျော်ကြီး တက္ကသိုလ် တက်ရတာတောင် သူတို့ကို ဘာမဆိုင် ညာမဆိုင် အားနာမိသွားပါတယ်။ သူငယ်ချင်းတွေကို ပြန်ပြောပြမိရင် ဩဘာပေးလောက်ရဲ့- ကြောင်ပါ့ ဆိုပြီးလေ။

သူတို့ တန်ဖိုးထားတဲ့အပေါ်မူတည်ပြီး သူတို့ ဘ၀လေးတွေမှာ အများကြီးမဟုတ်တောင် အတော်ကို ကွာခြားကြပါတယ်။ လူရိုသေရှင်ရိုသေ၊ မိတ်ဆက်လို့ကောင်းအောင်၊ အလုပ်လျှောက်လို့ ဘောင်ဝင်အောင် သင်ခဲ့ကြသူများဟာ ရောက်လေရာမှာ ရပ်သွားတာ များပါတယ်။ ဆက်ပြီးတိုးတက်ဖို့ (ဆိုလိုတာက လေ့လာသင်ယူပြီး တိုးတက်ဖို့) ကြိုးစားလက်စရှိတဲ့ ဘွဲ့ထက် ပညာကို လိုချင်သူများသာ အနှေးနဲ့ အမြန် တိုးတက်လာကြတာပါ။ ကျွန်မတို့ ကျောင်းပြီးခါစ လုပ်ငန်းခွင်ဝင်ဖို့ ကြိုးစားတဲ့အခါ လုပ်ငန်းအတွေ့အကြုံ အားနည်းချက်အရ အခက်အခဲတွေ အများကြီးရှိပါတယ်။ လုပ်ငန်းခွင်ထဲမှာ တကယ် အသုံးချရင်း ဆက်လက် လေ့လာသွားမှသာ ကိုယ်သိထားတဲ့ အတတ်ပညာ၊ အသိပညာတွေကို ထပ်ပြီး ဖြည့်ဆည်းနိုင်မှာပါ။ ဒီလိုနဲ့ လုပ်ငန်းချိန်ပြင်ပ သင်တန်းတွေဆီမှာ မဆုံးနိုင်တဲ့ ကျောင်းသားဘ၀ပေါ်လာပါတယ်။ တချို့တချို့သော သူများကလည်း self-study ကို ညွှန်းကြပါတယ်။ အဲဒီအခါမှာ လမ်းခွဲအများကြီးမှာ သိုးပျောက်ကို ရှာကြသလိုပေါ့။ ကိုယ် ဘယ်လမ်းလိုက်ရပါ့ ဆိုပြီး ထွေပြားသွားတတ်တာလည်း ရှိသလို မြေပုံ မပြည့်စုံ၊ လမ်းစရိတ်မရှိလို့ ဆက်မသွားဖြစ်တာတွေလည်း self-study ရဲ့ ဘေးထွက် အာနိသင်တွေ ကြုံတွေ့လာရတတ်ပါတယ်။

အခု Mysteryzillion Forum မှာ mmlegend ညွှန်းထားတဲ့ MIT က ပံ့ပိုးတဲ့ Opencourseware ဆိုတာ သွားတွေ့ပါတယ်။ အဲဒီမှာ MIT က ပေးတဲ့ ဘွဲ့ကိုမှ လိုချင်ပါတယ်ဆိုရင် တက်ရမယ့် အချိန်၊ ငွေ၊ အခြားအခြားသော ကန့်သတ်ချက်တွေကို ကျော်ဖြတ်ပြီး သွားတက်ရမှာ ဖြစ်ပြီး ကိုယ့်ရဲ့ လေ့လာမှုနဲ့ကိုယ် ဘယ်လို မွမ်းမံမလဲ၊ ဘယ်လို ပြန်နွှေးမလဲ၊ ဘယ်လို ကြိုးစားမလဲဆိုရင် သူတို့ပံ့ပိုးထားတဲ့ lecture notes, learning aids, video lectures, recession တွေကို အစီအစဉ်ချပြီး လေ့လာလို့ရပါပြီ။ ဒီလို အလွတ်လေ့လာမှုတွေအတွက် MIT မှာ register လုပ်စရာ၊ Fees သွင်းစရာ မလိုသလို diploma, certificate, degree တွေ ပေးမှာလည်း မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်ပြီး သိုးပျောက်ရှာဖို့အတွက် ပြည့်စုံကောင်းမွန်တဲ့ မြေပုံတစ်ချပ်ရသလိုပဲ ဖြစ်မှာပါ။

အခု ကျွန်မ MIT ရဲ့ အဝေးသင်ကျောင်းသား လုပ်ကြည့်နေပါပြီ။ သူက ပေးမယ့် ဘွဲ့ ဆိုတာထက် ကိုယ်ကျောင်းတက်တုန်းက ဒါတွေဟာ ဘာတွေပါလိမ့်ဆိုတဲ့ ယောင်တီးယောင်နဘ၀ကို ပြန်ဖြည့်ဆည်းချင်တာနဲ့ကို MIT ရဲ့ Virtual ကျောင်းသား လုပ်ကြည့်လိုက်ပါဦးမယ်။  ရောက်တတ်ရာရာတွေ လျှောက်သွားခဲ့တဲ့ လမ်းတွေမှာ ရခဲ့တဲ့ အခြားအခြားသော မြေပုံဖတ်နည်းများကိုလည်း အသုံးချခွင့်ရတဲ့အတွက် ကျွန်မလျှောက်ခဲ့တဲ့ လမ်းတွေကို အလကားမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို နှစ်သိမ့်အားပေးရင်း၊ အခု လေ့လာသင်ယူမှု လမ်းကြောင်းပေါ် ထော့နဲ့ထော့နဲ့ တက်လျှောက်ပြန်ပြီပေါ့ရှင်။ 🙂