Individualism vs. Co-operative

ဆရာ ဦးဘဂျမ်း၏ ကာတွန်းလက်ရာများအနက် မှတ်မိစွဲမြဲနေသော ကာတွန်လေးတစ်ကွက်ရှိပါသည်။ ၁၉၈၆ ခုနှစ်တစ်ဝိုက်က စစ်ပြန်မဂ္ဂဇင်းတစ်စောင်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ပုံထည့်ပေးချင်၍ ပြန်ရှာသော်လည်း မတွေ့တော့။ မှတ်မိသလောက် ဇာတ်လမ်းစဉ်ကို အခန်းငယ် လေးခန်းဖြင့် သရုပ်ဖော်ပြပါမည်။

၁) ဟုတ်ကဲ့။ ကြွရောက်လာသော ဧည့်ပရိဿတ်အပေါင်းအား ကျွန်တော်များ အသင်းကြီးကို ခွဲခြား ဖွဲ့စည်းပြီဖြစ်ပါကြောင်း ကြေငြာပါရစေခင်ဗျား။

၂) ဟေ့မောင်ရင်၊ မင့်ကြေငြာပုံက လွဲနေတယ်ထင်တယ်။ အခု ဒီနေ့မှ ဒီအသင်းကြီး စဖွဲ့တာ မဟုတ်လား။

၃) ဩော် ဦးရဲ့၊ ကျွန်တော်တို့က အသင်းအဖွဲ့များ ဖွဲ့စည်းပုံ ထုံးတမ်းအတိုင်းပါပဲ ခင်ဗျ။

၎) ကျွန်တော်တို့ နိုင်ငံ့သမိုင်းတလျှောက်မှာ ဖွဲ့သမျှအဖွဲ့ အကုန်လုံးဟာ နောက်ဆုံးကျ ကွဲရတာပဲ ခင်ဗျ။ ဒါကြောင့် ကျွန်တော်တို့လည်း အခုကတည်းက အစဉ်အလာကို မဖောက်ဖျက်ရအောင် ကွဲပေးထားလိုက်တာပါ။

***************************************************

ဂျပန်နိုင်ငံသား မြန်မာ့အကြောင်း ကျွမ်းကျင်သူ၊ မြန်မာအမည် ‘ ရွှေဘ’ ဟု  ပြောစမှတ်ပြုကြသော ဂျပန် အမျိုးသားကြီးက ပြောဖူးသည်။ မြန်မာလူမျိုးများသည် တစ်ဦးချင်း တစ်ယောက်ချင်း ထူးချွန်ထက်မြက်သလောက် ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းသည်တဲ့။

စီးပွါးရေး လုပ်ငန်းများတွင် အလုပ်ခေါ်သည့်အခါ အဖွဲ့လိုက် ပူးပေါင်း ဆောင်ရွက်နိုင်မှုနှင့် ကိုယ့်အားကိုယ်ကိုး တစ်ဦးတည်း ရပ်တည်နိုင်မှု နှစ်မျိုးစလုံးကို တောင်းဆိုတာ သတိထားမိပါသည်။ ကိုယ့်အတွက် တခြားဘယ်သူမှ ဆုံးဖြတ်မပေးနိုင်သော အကြောင်းအရာများအတွက် မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချကာ လုပ်ဆောင်နိုင်ရန် အရေးကြီးသလို အဖွဲ့အစည်းတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် ထိထိရောက်ရောက် ပါဝင်နိုင်ရန်လည်း လိုအပ်ကြောင်း လုပ်ငန်းအတွေ့အကြုံ အတန်အသင့် ရဖူးသူများကအစ သိရှိထားပြီး ဖြစ်ကြပါသည်။

အခြားအခြားသော သမိုင်းရေးရာများကို ပုဂံရာဇ၀င် တုတ်ထမ်း ငြင်းကြရသည့်ဆိုရိုးအရ ဆက်မပြောဖို့ ကိုယ့်ကိုယ်ကို သတိပေးပြီးပါပြီ။ လက်ရှိမြင်မြင်သမျှ အခြေအနေလေးကိုသာ ပြောချင်ပါ၏။ ကိုယ်လည်း ရွှေ၊ သူလည်း ရွှေ အလုပ်တစ်နေရာထဲမှာ ဆုံကြလျှင် မိမိခြေကုပ်မြဲရေး ဦးစားပေး အစီအစဉ်ဖြင့် ခတ်ကြ၊ ကန်ကြ၊ ငြိကြ၊ ကွဲကြ၊ ဆော်ကြ၊ တီးကြသည်မှာ ထူးချွန်လှစွာသော ရွှေလက်စွမ်းပြ အစီအစဉ်ဖြစ်နေကြောင်း မပြောချင်ပါ။ အဲဒီအတိုင်း ဖြစ်တော့လည်း ဖြစ်နေပါသည်။ ဘယ့်နှယ်လုပ်ကြမည်နည်း။ ဘာမျှ မတတ်နိုင်သေးပါ။

ကိုယ့်ဝမ်းနာ၊ ကိုယ်သာသိ သဖြင့် ‘ငါ့ဝမ်းပူဆာ မနေသာ’ သောအခါ ‘ကမ္ဘာမီးလောင်၊ သားကောင် ချနင်း’ ဖို့လည်း စဉ်းစားဖြစ်ကြသည်ဟု တွေးမိပါသည်။ သို့တိုင် အလုပ်တစ်ခုကို အတူလုပ်ခိုင်းလျှင် အစဉ် complaint တက်နေသမျှ ရလဒ်ကောင်း မထွက်နိုင်ပါ။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ရရှိလာသော အောင်မြင်မှုသည် မိမိ၏ co-operative အောင်မြင်မှုပင် မဟုတ်ပါလော။ အတော်များများကတော့ အရှုံးအမြတ်အနေဖြင့် ငွေကြေးနှင့် အခြား တိုင်းစရာများကိုသာ ပြေးမြင်မိတတ်ကြပါသည်။ တိုင်းချင်တိုင်း တိုင်းစရာ ဒီပေတံများကိုသာ အလွယ်တကူ မြင်သာပေသကိုး ။ ကမ္ဘာလောကကြီးရဲ့ ဗဟိုချက်မ(၁)ဆိုသော post တွင် Individualism အတွက် အများကြီး စဉ်းစားပေးပြီးပါပြီ။ မကြာခင် ကျွန်မကိုယ်တိုင်လည်း အခြားသူများနှင့် ပူးပေါင်း ဆောင်ရွက်ပြီး အောင်မြင်မှု ရလာမလားဟု မျှော်လင့် မိပါသည်။ အခုတော့ အင်း…….. ကိုယ့်အပြင် ကိုယ့်အရိပ်သာမြင်နေရမှာတော့ ………. ။

Advertisements