ဘာတွေပြန်ရပါသနည်း

ကြားဖူး၊ မှတ်ဖူးတဲ့ စကားပါ။ သတင်းနဲ့ စာနယ်ဇင်းလောကမှာ သေချာတဲ့ကိစ္စနဲ့ မသေချာတဲ့ကိစ္စတွေဟာ ခေါင်းစဉ်မှာကို ထင်ရှားပါတယ်တဲ့။ သေချာတိကျတဲ့ သဘောထားအမြင်တွေကိုပြောချင်ရင် ဒဲ့ပြောပါတယ်၊ ဥပမာ- “နည်းပညာပြပွဲ ၂၀၀၉-၀က်ဝက်ကွဲအောင်မြင်” အဟဲ၊ ဖြစ်ချင်တာဖြစ်ပစ်လိုက်တာပေါ့။
စာနယ်ဇင်းအနေနဲ့ တာဝန်နည်းနည်း ပေါ့အောင်၊ စာဖတ်သူတွေကိုလည်း အဲဒီ တာဝန်ပေါ့အောင် လုပ်ကြောင်း မသိအောင် ပြောချင်ရင်တော့ မေးခွန်းတွေပုံစံ သုံးပါတယ်၊ ဥပမာ- ‘ကမ္ဘာကြီးပျက်စီးလုနီးပြီလော” အဲဒါမျိုးပေါ့။ (ဒါကို သေချာပါတယ်လို့ သွားပြောရင် နောက်တစ်နေ့ မျက်နှာသစ်စရာ အသက်နဲ့ကိုယ်တောင် အိုးစားကွဲသွားလို့ ဒုက္ခများသွားမှာကိုး။)

အခုလည်း ကျွန်မ အဲဒီအတိုင်းပါပဲ။ ကိုယ့်ကိုယ်ကို ပြန်မေးတဲ့မေးခွန်းကို မဖြေနိုင်သလိုလို ဖြစ်နေတာနဲ့ အိမ်လာလည်တဲ့လူတွေကို မေးကြည့်တာပါ။ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်မေးတဲ့ မေးခွန်းက- ‘အင်တာနက်ကို စွဲစွဲလမ်းလမ်းသုံးနေပြီး ကိုယ့်အတွက် ဘာတွေ တိုးတက်ဖြစ်ထွန်းလာသလဲ’
ပြီးခဲ့တဲ့ တစ်လလုံးလိုလို ကျွန်မ စာမရေးဖြစ်ပါဘူး။ ကွန်ပျူတာပျက်သလိုလို ဖြစ်သွားတာကို ကလိရင်းကနေ Mystery Zillion Forum မှာ လည်ပတ်ပြီး ပြန်မထွက်နိုင်ဖြစ်နေခဲ့တာကိုး။ ကွန်ပျူတာကဖြင့် ကောင်းနေပြီ-ကျွန်မက အဲဒီ Forum မှာ လည်ပတ်၊ စာဖတ်လို့ကောင်းတုန်း။ ဖတ်လိုက်တဲ့ဖတ်လိုက်၊ General DTP ကနေ PHP နဲ့ Blogging ရောက်လိုရောက်၊ Internet Security ကနေ Windows Registry တွေ ရောက်လိုရောက်။ နောက်ဆုံး ကိုယ်သိတယ်ထင်တာတွေက ကိုယ့်အထင်ပဲ ကျန်တော့တယ်။ Forum က ဖတ်လို့ မဆုံးသေးဘူး။ ဘယ်ဆုံးမလဲ။ အဲဒီမှာ ပညာရပ် နယ်ပယ်ပေါင်းစုံတောင် မဟုတ်သေးဘူး၊ ကွန်ပျူတာနဲ့ ဆက်စပ် နည်းပညာပိုင်းပဲ ရှိသေးတာတောင် မနည်းကို ကျယ်ပြန့်လှပြီလေ။

နောက်ဆုံး လူလည်း အတော် ခြေကုန်လက်ပမ်းကျသွားတော့မှ သေသေချာချာ ပြန်စီစစ်ပြီး ကိုယ်တကယ် သိချင်တာ၊ သိလို့ မျှဝေသင့်တယ်ထင်တာ၊ သိဖို့လိုကို လိုအပ်တယ်လို့ ထင်တာ အဲဒီအကြောင်းအရာတွေကို ပြန်ဖတ်ရပါတယ်။ မလိမ္မာ နှစ်ခါမော တာပေါ့လေ။

အဲဒီလို မောပြီး သိလိုက်ရတာတွေကိုလည်း ပြန်မျှဝေပေးချင်ပါတယ်။ ကျွန်မအတွက် အမြတ်ထွက်တာ Google Service တွေကို အတော် ထိထိရောက်ရောက်သုံးစွဲတတ်လာတာပါပဲ။ အရင်က ကျွန်မသုံးစွဲတာ အတော်ကို နည်းပါတယ်။ Gmail, Gtalk, Blog, Picasa Web Album, Alert အဲဒါ ကျွန်မ သုံးတတ်သမျှ အကုန်ပဲ။ အခု နောက်ထပ်တိုးလာတာတွေ ပြောပါ့မယ်။

Google Sites: Media File တွေနဲ့ ကိုယ်အကြိုက် ကိုယ့် Site လေးကို ကိုယ် စမ်းသပ်ကြည့်လို့ရပါတယ်။ ဘလော့လောက်တော့ စိတ်တိုင်းကျ မကလိရသေးပေမယ့် media file တွေအတွက်တော့ တော်တော် သဘောကျတယ်။

Google Reader: အစက စာအုပ်စာရင်းမှတ်ပြီး ဖတ်လို့ရတယ်အောက်မေ့နေတာကနေ ကိုယ် ဖတ်နေကျ၊ လည်နေကျနေရာတွေကို စာရင်းပြုစုပြီး ကိုယ့်ကိုယ်ကို အမြဲ up to date ဖြစ်အောင် လေ့လာလို့ရမှန်း အဲဒါကို သုံးတော့မှ သိပါတော့တယ်။ ကျွန်မ သူငယ်ချင်း အတော်များများကတော့ မသိကြသေးဘူးထင်ပါတယ်။ ကျွန်မရဲ့ account ထဲမှာ သူငယ်ချင်းတွေရဲ့ Shared item အတော် နည်းပါတယ်။ (ကိုယ့်ဘာသာကိုယ် share ထားတာပဲ တွေ့တယ် 😦 အားရှိစရာပဲ)

API Code တွေ ကို အခြေခံ လေ့လာဖို့ကနေ အလွယ်ယူသုံးဖို့ဆိုပြီး ပံ့ပိုးထားတာကို အံ့ဩတကြီးတွေ့လိုက်ရတာ တကယ့်ကို မတော်တဆ တိုက်ဆိုင်မှုပါ။ ဘလော့မှာ expendable code လေး ထည့်သုံးချင်လို့ googling လုပ်လိုက်ရင်းကနေ အဲဒါမျိုးရှိတယ်ဆိုတာ သိသွားပါတယ်။ အခုလောလောဆယ်တော့ ဥာဏ်မမီသေးလို့ တစ်ကြောင်းချင်း ပြန်ဖတ်တုန်းပဲ 😀

ဟိုနေရာ ဒီနေရာ အကူအညီပြေးတောင်းနေရတာလည်း ကိုယ့်ဘလော့လေးမှာ မျက်နှာ မန်ကျည်းရွက်ဘ၀က တက်တော့မှာ မဟုတ်တော့ပါဘူးဆို စိတ်လျှော့ထားရာက Group ဆိုတဲ့ service ကို တွေ့သွားပါတယ်။ Forum တွေလိုမျိုး ဆွေးနွေးတဲ့ group တွေ ရှိသလို fun only mailing group တွေအကြောင်းလည်း သိလာပါတယ်။ ကိုယ် စိတ်ပါတဲ့ အကြောင်းအရာတွေအတွက်လည်း group member လျှောက်ဖြစ်တာ ရှိပါတယ် (ဘယ် group လဲတော့ မမေးနဲ့ အကြောင်းသိတွေပဲဟာ နော်)

Online Education ဖိုရမ်တွေမှာ သူများပေးလာတဲ့ လိပ်စာတွေကို သွားကြည့်ရင်းကနေ ကိုယ်ပြန်ရှာချင်၊ ဖတ်ချင်တာတွေကို ဆင့်ကဲ ဆင့်ကဲ မှတ်ထားလို့၊ ညွှန်းလို့ရတဲ့ Favourite link မှတ်တဲ့ စနစ်လည်း ပိုပြီး သုံးဖြစ်လာတယ်။ Document တွေ စုသိမ်းပြီး ပြန် share ဖို့လည်း memory stick မလိုတော့သလောက် online file share site တွေ သုံးတတ်လာတယ်။

ဘာအကြောင်းအရာ သိချင်ရင် ဘယ်မှာ ရှု ဆိုတဲ့ စွယ်စုံကျမ်းလို ဘ၀မျိုးကို ကျွန်မ အလွန်သဘောကျခဲ့ပါတယ်။ ခရီးသွားတွေအတွက် လမ်းခရီးကို ညွှန်ပြတဲ့ ကောင်းမှုကြောင့် လက်ညှိုးညွှန်ရာ ဆုတောင်းပြည့်တဲ့ ရုက္ခစိုးအကြောင်း ပုံပြင်ကို ကျွန်မ ကြိုက်ပါတယ်။ ကျွန်မ အခု သတိထားမိတာတော့ အခုဖြစ်နေတဲ့ စွယ်စုံကျမ်းဘ၀က အပြည့်အစုံ မဟုတ်ဘဲ link ပဲ သိတဲ့ link library ဖြစ်နေတယ်ဆိုတာပါပဲ။ တကယ် ပြည့်ပြည့်စုံစုံ ကျွမ်းကျွမ်းကျင်ကျင် သိရဲ့လားဆိုတော့လည်း မဟုတ်၊ လမ်းစလေးဖော်လိုက်- နောက်တစ်လမ်းသွားလိုက်နဲ့ လမ်းရှာတာကတော့ အတော့်ကို အချိန်ကုန်ခဲ့ပြီလို့ သတိထားမိလာပါတယ်။ ကျွန်မ လျှောက်ချင်တဲ့ လမ်းတွေက များသထက်များလာပြီး ခေါင်းကလည်း  အတော် မူးလာပါတယ်။ လမ်းတစ်လမ်းကို ရွေးချယ်လျှောက်လှမ်းဖို့ ကျွန်မ မဖြစ်မနေ ဆုံးဖြတ်လိုက်တဲ့အခါမှာ ကျွန်မ ခရီးပေါက်အောင် လျှောက်နိုင်ဖို့ အင်အားတောင် ကျန်ပါတော့မလားပဲ။ ဒါပေမယ့် ကျွန်မ ၀မ်းသာရတဲ့ အကြောင်းအရာတစ်ခုတော့ ရှိပါတယ်။ ကိုယ့်အတွက် အသုံးလိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ သယ်ဆောင်လာတဲ့ အရာများစွာက သူတစ်ပါးတို့အတွက် အသုံးဝင်တဲ့ အရာတွေ ဖြစ်ကောင်း ဖြစ်နေနိုင်လို့ပါပဲ။ အသုံးတည့်မှုတစ်ခုအတွက် ဖြည့်ဆည်းလိုက်နိုင်တဲ့အခါ သူ့ကို သယ်ဆောင်လာရကျိုးနပ်တယ်လို့ပဲ ကျွန်မ တွေးမိပါတယ်။

ဒါဆိုရင် ကျွန်မ ဘာတွေ ပြန်ရသလဲဆိုတာ ကျွန်မ ကျေနပ်နိုင်ပြီပေါ့။

Advertisements