Action or Reaction?

လူတော်တော်များများလည်း သိပြီးသားလို့ ထင်ပါတယ်။ ကျွန်မတို့လူသားတွေဟာ တစ်ဦးနဲ့တစ်ဦး တွေ့ဆုံဆက်ဆံကြတဲ့အခါ Action လို့ ပြောရမယ့် ကိုယ့်သဘောနဲ့ကိုယ် (ကိုယ့်မူနဲ့ကိုယ်) ဆက်ဆံကြတာရယ်၊ သူများကနေ ကိုယ့်အပေါ်ဆက်ဆံလာတဲ့အခါ ပြန်လည်တုန့်ပြန်တဲ့ Reaction (သူတစ်ပါးအခြေခံမူ)ပုံစံနဲ့ ဆက်ဆံကြတာရယ် ရှိပါတယ်။ စစချင်းတော့ ကိုယ်ဟာ Action-oriented person လို့ပဲ အောင့်မေ့ကြတာပဲ များပါတယ်။ နောက်မှ ပြန်စဉ်းစားကြည့်တော့ Reaction သမား ဖြစ်နေပါလေရော။ အခု ကျွန်မ ရေးထားတဲ့ အကြောင်းအရာ အတော်များများမှာ လှုံ့ဆော်မှုတစ်ခု အမြဲတမ်းရှိနေပြီး အဲဒီ လှုံ့ဆော်မှု အခြေအနေဟာ ကိုယ့်မူနဲ့ကိုယ်စတင်တာထက် သူများတွေရဲ့ ထင်မြင်ချက်၊ အခြေအနေတွေကို မူတည်ပြီး ကိုယ့်ရပ်တည်ချက်ကို ပြောတာ များပါတယ်။ အဲဒီတော့ ကျွန်မမှာ ကိုယ့်ရပ်တည်ချက်ဆိုတာ ရှိနေသည့်တိုင်အောင် သူများရဲ့ Action ကို အရင် မြင်ရမှ React လုပ်သူဖြစ်နေပါတယ်။ အခု နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့အတွက်ကြောင့်ကိုပဲ ကျွန်မမှာ Reaction ကိုတောင် အတော် ထိန်းထိန်းသိမ်းသိမ်း လုပ်နေဖြစ်ပါတယ်။ ဘာကြောင့်လဲ-

၁) ကိုယ့်တိုင်းပြည်တွင်းမှာ ကိုယ် မဟုတ်တာပဲလုပ်လုပ်၊ ဟုတ်တာပဲလုပ်လုပ် ကိုယ့်မိဘအိမ်မှာ နေတဲ့ သားသမီးရဲ့ အခွင့်အရေးနဲ့ တာဝန်ပဲ ရှိတယ်။ သူများတိုင်းပြည်မှာ နေရတာက တစိမ်းအိမ်မှာ ကပ်ပါးဘ၀ဖြစ်နေတဲ့အတွက် အစစ၊ အရာရာ သူများမျက်နှာကြည့်ရတယ်။

၂) ကိုယ့်တိုင်းပြည်မှာ ကိုယ်မလုပ်ချင်တဲ့အလုပ်ကို နည်းနည်း သက်သာအောင်နေမလား။ ပြဿနာက အိမ်က လူကြီးနဲ့ပဲ ဆိုင်တယ်။ ကိုယ့်တစ်ခေါင်းတည်းနဲ့ တစ်အိမ်လုံးကို ရွက်ပြီး သွားနေရတဲ့ တာဝန်မျိုးက ရပ်ဝေးမြေခြားရောက်နေတဲ့လူတွေမှာ ပိုဆိုးတယ်။

၃) နာဖျားမကျန်းမာတာကအစ၊ ပြဿနာ ကြီးကြီးမားမားအဆုံး ကိုယ့်မိဘနဲ့၊ ကိုယ့်မိသားစု အသိုင်းအ၀ိုင်းနဲ့၊  ကိုယ့်မိတ်ဆွေ အပေါင်းအသင်း တွေနဲ့ တိုင်ပင် ဖြေရှင်းလို့ရတယ်။ (အတ္တာဟိအတ္တနောနာထော ဆိုတဲ့ ဘုရားဟောကို သိတာနဲ့ ကျင့်သုံးတာနဲ့ တစ်ထပ်တည်းမကျသေးသူများ အားလုံး အနည်းနဲ့အများ ဒီကိစ္စ အကျုံးဝင်ပါတယ်)။ တစ်ပြည်တစ်ရွာရောက်နေရင် ခွေယိုင်နေတဲ့ ဒူးလည်း ရေဆွတ်ခုန်ကြရတာပဲ။ ကိုယ့်နောက်က မျက်နှာတွေက အများကြီးကိုး။

၎) စိတ်အခန့်မသင့်လို့ ရန်ဖြစ်ချင်တယ်ဆိုတောင် တစိမ်းနဲ့ ရန်ဖြစ်တာဟာ အိမ်သားချင်း ရန်ဖြစ်တာထက် ပိုဆိုးတယ်ဆိုတာ လူတိုင်းသိပါတယ်။ (အဲဒါကြောင့်ကိုပဲ အိမ်သားချင်း ရန်ဖြစ်တာလည်း တော်တော့်ကို ကြာနေပါပြီ။ ဒီ့ထက်ပြောရင်လည်း အင်း……… ကြည့်ပြောမှ)

အပေါ်မှာ ပြောပြခဲ့တာ ကျွန်မရဲ့ Reaction ကို ချုပ်တည်းနေဖြစ်တဲ့၊ မြင်လွယ်မယ်ထင်တဲ့ အချက်တွေပဲ ပြောခဲ့တာ ဖြစ်ပါတယ်။ အခု ကျွန်မ Reaction ဖြစ်မှာကတော့ ကျွန်မသူငယ်ချင်း တစ်ယောက် ပြောပြတဲ့ သူ့အမြင်၊ သူ့အတွေး၊ သူ့အရေးတစ်ခုကြောင့်ပေါ့၊ နယ်တွေမှာ စီးပွါးရေးရဲ့ အခြေခံအဆောက်အအုံတစ်ခုဖြစ်တဲ့ လယ်ယာကဏ္ဍမှာ လုပ်သားအင်အား လျော့ပါးပြောင်းရွှေ့မှုတွေနဲ့ အကျိုးဆက်တွေကို သူမြင်သလို ထောက်ပြသွားတာပါ။ သူပြောသွားတဲ့အထဲက ကျွန်မ နားလည် လိုက်မီသလောက် ပြန်ဆွေးနွေးဖို့ ဒီ Reaction ကို လုပ်ဖြစ်ပါတယ်။

ကျေးလက်မြို့ပြ လူနေမှုနဲ့ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှု ကွာဟရာကနေ ဒီပြဿနာ စတယ်လို့ ကျွန်မ သိထားပါတယ်။ ရှေးယခင် မိသားစု စီးပွါးရေး စနစ် ကျင့်သုံးခါစ ကျေးလက်ဒေသတွေမှာ ဓါးမဦးချ လုပ်ကိုင်လာတဲ့ မြေယာတွေဟာ အကန့်အသတ်ရှိပါတယ်။ လူဦးရေတိုးနှုန်းက ပုံမှန်ကိုပဲ ထပ်ကိန်းစနစ်နဲ့ တိုးနေတာပါ။ ကောင်းပြီ။ ဘိုးဘွားတွေလက်ထက်က လယ်ဧက ၁၀၀ မှာ သားသမီးတွေနဲ့ ၀ိုင်းဝန်းလုပ်ကိုင်ခဲ့ကြတာ ဖူလုံတဲ့အပြင် ပိုလျှံလို့ လှူတန်းပေးကမ်းနိုင်ခဲ့ကြပါတယ်။ သားသမီးတွေလက်ထက်မှာ ခွဲဝေပြီး လုပ်ကိုင်ကြပါပြီ။ ဧက ဆယ်ဂဏန်းပေါ့။ ဆက်ချဲ့ရင် ရွာနားက လမ်းမြေ၊ သစ်တောမြေ၊ မြို့နားက စည်ပင်မြေဆိုတာတွေနဲ့ ဘယ်လိုလုပ်ချဲ့နိုင်ပါမလဲ။ လုံလောက်အောင်တော့ ရှာနိုင်ပါသေးတယ်။ ပိုလျှံအောင်ကတော့ သီးထပ်သီးညှပ်တွေနဲ့ နည်းနည်း ပိုပြီး မြေမအား၊ လူမနား ကြိုးစား လုပ်ကိုင်ကြတာပေါ့၊ အောင်မြင်ပါတယ်။ မြေးတို့လက်ထက်မှာ ဒီမြေတွေကိုပဲ ခွဲပေးရမှာကိုး။ စီမံကိန်း အကြီးကြီးတွေမှာ မြေလွတ်မြေရိုင်းတွေ ချဲ့တိုင်း ကိုယ့်ဘိုးဘပိုင် မြေလေးအပြင် တိုးလာမှာတော့ မြင်ယောင်မိပါရဲ့။ အဲဒီ စီမံကိန်းကြီးတွေရဲ့နောက်က ကိုယ်နဲ့ မရင်းနှီးသော စနစ်ဇယား အချက်အလက်တွေကြည့်ပြီး ခေါင်းတယမ်းယမ်း ဖြစ်လာခဲ့တာပဲ။ မြို့ပြသွားပြီး ကျောင်းထားတဲ့အကျိုးအနေနဲ့ ကိုယ့်သားသမီးတွေထဲက ကိုယ့်ရပ်ကိုယ့်ရွာကို အကြောင်းရှိမှ ပြန်လာတဲ့ အဖြစ်တွေ စလာပါတယ်။ သူတို့ အသိနဲ့သူတို့ အမြင်ပေါ့လေ။ မြို့ကြီး ပြကြီးမှာ ရှာရဖွေရတာ မြေအရင်းအနှီး မလိုဘူးလို့ ပြောကြတာကိုး။ ခုခေတ် မြေအရင်းအနှီးဈေးက သေးတာမဟုတ်တော့ သူတို့လေးတွေ တစ်အိုးတစ်အိမ် ထူထောင်မယ်ဆိုရင် ရင်းနှီးလုပ်ကိုင်စားစရာ မြေက ပြောပလောက်အောင် မရနိုင်တော့။ သူတို့ဘ၀လေးတွေ သူတို့ ရှာနိုင်တာ တော်သေး။ ဒီလိုနဲ့ မန္တလေး၊ ရန်ကုန်နဲ့ အခြား ကုန်သွယ်ရေး၊ စီးပွါးရေးမြို့တွေမှာ ဆိုင်းထမ်းလေးတွေနဲ့တစ်ချို့၊ ပုဆိုးကြမ်းလေး ပုခုံးအုပ်နဲ့ တစ်စု၊ တွန်းလှည်းလေးတွေနဲ့ ဟန်ဟန်ပန်ပန်ပုံတွေက တစ်မျိုး ကျေးလက်ဒေသက လူငယ်တွေ မြို့ပြမှာ လုပ်သားအင်အား ပြောင်းရွှေ့ရောက်လာပါပြီ။ သူတို့တွေဟာ အခြေခံ အလုပ်ကြမ်းတွေ လုပ်ကိုင်ကြတာများပါတယ်။ သူတို့ နေတဲ့ နေရာတွေကလည်း မြို့အစွန်အဖျားမြို့သစ်လို နေရာတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ၊ စီမံကိန်းတွေရှိတဲ့ နေရာတွေ အဲဒီလိုနေရာတွေပါ။ သူတို့ မွေးရပ်မြေကို အဆက်အသွယ်ရရဲ့လားလို့ မေးကြည့်တော့ ‘ အိမ်ကို သတင်းပလင်းတော့ ဒီလိုပဲ ကြုံတဲ့ လူနဲ့ မေးမြန်း၊ ငွေတွေဘာတွေ ပို့ရတာပေါ့။ လူတော့ ဘယ်ရောက်နိုင်မတုန်း’ လို့ ဖြေကြပါတယ်။ တချို့များဆို ရခိုင်ရိုးမရဲ့ ဟိုဘက်ဒီဘက် ခြားနေလေတော့ နာရေးကြုံတောင် သတင်းပဲရောက်နိုင်တော့တယ်လို့ သိရပါတယ်။ ကျန်ခဲ့တဲ့ မိသားစုကလည်း မြို့တက်သွားတဲ့ သားချင်းတွေ အဆင်ပြေသတဲ့လို့ ကြားရင် နောက်သွားမယ့်လူကို ‘ဟဲ့၊ မောင်ဟိုဒင်းတော့ ဘယ်အရပ်မှာ အလုပ်အကိုင်ကောင်းသတဲ့။ မောင်ဟ၀ှါရေ’ ။ ဒီလိုမြင်ကွင်းတွေဟာ မြို့ပြလူနေမှုစနစ်ဖွံ့ဖြိုးလာတာနဲ့အမျှ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်း ကြုံတွေ့နေကျလို့ပဲ ကျွန်မ သိထားပါတယ်။ ဒါက စီးပွါးရေး ပထ၀ီမှာ အကျုံးဝင်တယ်လို့ ကျွန်မအဖေ စိတ်ရှည်လက်ရှည် သင်ပေးတုန်းက ဒုံးဝေးတဲ့ ကျွန်မ မှတ်ထားတာပါ။

နောက် တခြားတိုင်းပြည်တွေကို သွားတာကလည်း ဒီပုံစံအတိုင်း အဆင့်ဆင့်နဲ့ပေါ့လေ။ အခြေခံပညာလေး အလယ်တန်းလောက် ပြီးပြီဆိုရင် အထက်တန်းပညာရေးအထိ ဆက်သင်ဖို့ ရင်းနှီးမြှုပ်နှံမှာနဲ့ အိမ်ကစီးပွါးရေးကို ကျားကန်ဖို့ ရင်းနှီးမြှုပ်နှံမှာကို ယှဉ်ရပြီပေါ့။ ဒီလိုနဲ့ နိုင်ငံတကာမှာ ရွှေ့ပြောင်းလုပ်သားအင်အား စီးဆင်းမှုတစ်ရပ် ဖြစ်လာပါတယ်။ အဲဒီအခြေအနေမှာ မူလ တိုင်းပြည်အခြေခံ စီးပွါးရေးတည်ဆောက်ပုံအတိုင်း ဆက်လက်ရှင်သန်နေအောင် ဖြေရှင်းဖို့ ပုံသေနည်းတော့ မရှိပါဘူး။ တိုင်းပြည်တွေရဲ့ အခြေခံ တည်ဆောက်ပုံ၊ သဘာဝသယံဇာတပြည့်စုံမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဖူလုံရေး ပြည့်စုံမှု၊ စီးပွါးရေးအသွင်သဏ္ဍာန်၊ အဲဒါတွေအပြင် စီမံခန့်ခွဲမှု(ကဏ္ဍအားလုံးအတွက် အချုပ်)၊ ဒါတွေအများကြီးက ကျေးလက်-မြို့ပြ လုပ်သားအင်အားစီးဆင်းမှုနဲ့ ဒေသတွင်း လုပ်သားအင်အား ရွှေ့ပြောင်းမှုတွေကို အများကြီးပြဌာန်းပါတယ်။

ကျွန်မတို့ သင်ခဲ့ရတဲ့ ဘာသာရပ်တွေထဲမှာ သိပ္ပံဘာသာရပ်တွေကို လူတွေက ပိုပြီး အာရုံစိုက်လေ့လာလိုက်စားကြတာ များပါတယ်။ ခေတ်ကြီးကိုက နည်းပညာခေတ်ဆိုကိုး။ ဒါပေမယ့် အဲဒီခေတ်ကြီးထဲမှာ လူတွေ လှုပ်ရှားနေတာဟာ သိပ္ပံကို မူတည်တာထက် မဏ္ဍိုင်ကြီး ၃ ရပ်ကိုသာ အဓိကမူတည်ကြောင်း ကျွန်မ သိခဲ့ရပါတယ်။ ကျန်းမာရေး၊ ပညာရေးနဲ့ စီးပွါးရေးဆိုတဲ့ အချက်ကြီး ၃ ချက်ကို ဘာက ပိုအရေးကြီးသလဲဆိုတာ စဉ်းစား၊ မေးခွန်းထုတ်ရင်းနဲ့ပါ။ သူတို့အားလုံးဟာ လူတိုင်းရဲ့ ဘ၀တွေအတွက် အဓိက လိုအပ်ချက်တွေဖြစ်သလို မောင်းနှင်အားတွေလည်း ဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်အနေနဲ့ ကိုယ်ကျင့်တရားကောင်းဖို့ ထည့်သွင်းပြောဆိုကြတာ ကြားဖူးပေမယ့် မဏ္ဍိုင်ကြီး ၃ခု ပြည့်စုံရင် အတော်ကို ပြည့်စုံကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်နေပါပြီ။ အဲဒီ မဏ္ဍိုင်ကြီး ၃ ရပ်မှာ တစ်ခုခု ချို့ယွင်းလာပြီဆိုရင် ကျန်တဲ့ ၂ခုက ကျားကန်ပေးဖို့ လိုအပ်ပါတယ်။ မနိုင်တော့ဘူးဆိုရင်တော့ ပြိုဖို့ များပါပြီ။ နာတာရှည် ဝေဒနာသည်တစ်ဦးကို အမြဲတင်ထားရတဲ့ အိမ်လိုပေါ့လေ။ အဲဒီ ဝေဒနာကို ကုဖို့ ကြိုးစားနေရတာနဲ့ တခြား လုပ်ငန်းဆောင်တာတွေပါ အလိုအလျောက် နှေးကွေး၊ ရပ်တန့်ချို့ယွင်း၊ နောက်ဆုံးတော့ ပျက်စီးတဲ့ အစိတ်အပိုင်းတွေက များလာ။ သူကပြောတာတော့ အဆိုးကျော့သံသရာစက်ဝန်း ပါတဲ့။ အဖြေရှာရင် ကိုယ်မှာ တွေ့ပါမယ်။

လူမှုစနစ်အတွင်း မေတ္တာအခြေခံတဲ့ ဆက်သွယ်မှုတွေ လျော့ပါးလာတာ၊ စည်းစည်းလုံးလုံး နေကြတဲ့ ကျစ်လျစ်တဲ့ လူ့အဖွဲ့အစည်း အသွင်ကနေ ပြန့်ကျဲနိုင်တဲ့ အသွင် ပြောင်းလာတာ၊ ငွေကြေးလှည့်ပတ်စီးဆင်းမှုတွေကနေ လူမှုစီးပွါးရေးပြဿနာတွေတိုးမြင့်လာစေတာ ဒါတွေဟာ ရှောင်လွှဲလို့ ရနိုင်မယ့် အရာတွေလားလို့ ကျွန်မ စဉ်းစားကြည့်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ‘အညာမင်္ဂလာဆောင်’ လေးချိုးကြီးမှာ ထိထိမိမိ၊ ကွက်ကွက်ကွင်းကွင်း ပြသွားတဲ့ ၁၉၃၀ ၀န်းကျင် စီးပွါးပျက်ကပ်ကာလ အညာလယ်သမားဘ၀ကို ကျွန်မ ပြန်ပြန် မြင်ယောင်ပါတယ်။ အိမ်ထဲမှာ တံခါးပိတ်နေနေကျ ကျွန်မတို့တွေအတွက် လုံခြုံမှုဆိုတာ ဘာလဲ- သဘာဝတရားဟာ နာဂစ်ကတစ်ဆင့် သူ့အင်အားကို သက်သေတစ်ခါပြသွားသလို အခု ကမ္ဘာ့ ငွေကြေး ကမောက်ကမဖြစ်မှုက စတဲ့ စီးပွါးပျက်ကပ်က တစ်ခါ သက်သေပြနေပါပြီ။

ဒီအချိန်ကာလမျိုးမှာ တင်းကျပ်လာတဲ့စိတ်တွေကြောင့် ထွက်ပေါက်ရှာတတ်ကြတာ ကျွန်မ နားလည်နိုင်ပါတယ်။ ကျွန်မတို့ ကြည့်ရမှာဟာ မျက်စိရှေ့မှာ ရှိတဲ့ နေ့စဉ်လူမှုဖြစ်စဉ်တွေသာမက အဲဒီ ဖြစ်စဉ်တွေရဲ့ နောက်မှာ ရှိနေတဲ့ အင်အားတွေ၊ အကြောင်းအရာတွေလည်း ပါဝင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။

အချိန်တန်လို့ပဲဖြစ်ဖြစ်၊ အချိန်မတန်ဘဲဖြစ်ဖြစ် အိမ်ပြန်လာကြမယ့် နိုင်ငံတကာက ရွှေ့ပြောင်းလုပ်သားတွေရဲ့ တံခါးခေါက်သံကို ကျွန်မတို့ရဲ့ အမိမြေက ဘယ်လို တုန့်ပြန်ကြမလဲ ကျွန်မ သိချင်ပါတယ်။ (ပြန်ကြားရေး ၀န်ကြီးပြောတာကို ကျွန်မသိပါတယ်။ ကျွန်မတို့ရဲ့ မိသားစုအဖြစ် သဘောထားတဲ့ ကျွန်မတို့ ထောက်ထားခဲ့တဲ့ မျက်နှာများစွာ၊ နားများစွာကို ကျွန်မ ရည်ညွှန်းတာပါ)

ဒီလုပ်သားတွေရဲ့ စီးပွါးရေး မောင်းနှင်အားနဲ့ လူမှုဆက်ဆံရေး trends တွေကို ဘယ်လို သဘောထားပြီး ဒီလုပ်သားတွေရဲ့ အိမ်အပြန်ကို ဘယ်လို သဘောထားမလဲ ကျွန်မသိချင်ပါတယ်။

ပေါက်ပင် ဘာကြောင့်ကိုင်းရတယ် ဆိုတဲ့ အကြောင်းကို သိသိကြီးနဲ့ လက်ရှောင်ရှောင်နေရတဲ့ ကျွန်မတို့ ရဲ့ ညီအကိုမောင်နှမများ ထမင်းရည်ပူ/မပူ မသိလည်း နှုတ်ခမ်းကို စေ့ပြီး တခြား လွှဲစရာမရှိတဲ့ အဆိပ်ခွက်တွေဆီ လှမ်းနေမလား၊ ကျွန်မ သိချင်ပါတယ်။

တစ်ခုပဲ ကျွန်မ မျှော်လင့်မိပါတယ်။ ထမ်းတင်ပေးခဲ့သော ပုခုံးများကို ဓါးထက်ထက်တွေနဲ့ မမွှန်းမိကြပါစေနဲ့။ ကျွန်မ စိတ်မကောင်းခြင်းများစွာနဲ့ ဒီစာကို ရေးတာပါ။

Advertisements

ပဋိပက္ခကမ္ဘာကြီး, In the Hot Zones & Solo-Journalism

MPH ကနေ နှစ်ကုန်ခါနီး ဈေးချရောင်းတဲ့ Warehouse Sales @ Expo’ မှာ ရှာတွေ့ခဲ့တဲ့ စာအုပ်ပါ။ ဈေးအတော်ချထားလို့ ၀ယ်ဖြစ်ပါတယ်။ (စာအုပ်ကို အင်မတန်ချစ်တဲ့ မိဘအမွေကို ကျွန်မက တစ်ဝက်တစ်ပျက်ပဲ ဆက်ခံတာပါ။ 😀 )

စာအုပ်က ပေးချင်တဲ့ အကြောင်းအရာကို မတွေးမိ။ မဖတ်မိသေးခင် စာအုပ်နဲ့ စာရေးသူရဲ့ နောက်ခံသမိုင်းကို အရင် ဖတ်ဖြစ်ပါတယ်။ စာရေးသူ Kevin Sites ရဲ့ နှစ်တစ်နှစ်စာ ကာလအတွင်း ကမ္ဘာအနှံ့မှာ ပဋိပက္ခဖြစ်ပွါးနေတဲ့ နေရာမျိုးစုံကို ရောက်ရှိပြီး တစ်ကိုယ်တော် ဗီဒီယိုသတင်းတွေ ပေးပို့ခဲ့တဲ့ အတွေ့အကြုံတွေကို စာအုပ်တစ်အုပ်အဖြစ် စုစည်းထားတာပါ။ တစ်ကိုယ်တော် Video သတင်းသမားအဖြစ် ဆောင်ရွက်ခဲ့တဲ့ စာရေးသူဟာ အဲဒီအချိန်ကာလအတွင်းက သတင်းမှတ်တမ်း ဗီဒီယိုကလစ်တစ်ခုအတွက် စာနယ်ဇင်း ဂုဏ်သိက္ခာဆိုင်ရာ ဆုတွေဖြစ်တဲ့ ‘စာနယ်ဇင်းဆိုင်ရာ ဖြောင့်မှန်မှုနှင့် သတ္တိရှိမှုအတွက် Denial Pearl‘ ဆုနဲ့ ‘စာနယ်ဇင်း ကျင့်ဝတ်ဆိုင်ရာ Payne Award‘တို့ကို ရရှိခဲ့ပါတယ်။ သူဟာ အမေရိကန် နိုင်ငံသားဖြစ်ပါတယ်။ သူရင်ဆိုင်ခဲ့ရတဲ့ စာနယ်ဇင်းကျင့်ဝတ်ဆိုင်ရာ ပြဿနာဟာ အမေရိကန် မရင်းတပ်ရဲ့ အီရတ်စစ်ပွဲအတွင်းဖြစ်ရပ်တစ်ခုရဲ့ မှတ်တမ်းက စတာပါ။

မြန်မာစာနယ်ဇင်းသမားတွေရဲ့ ဘ၀ကို မြန်မာဒါရိုက်တာ မောင်ဝဏ္ဏက ခုနစ်စဉ်အလွမ်းမှာ သရုပ်ဖော်ပါတယ်။ ဒီ့အရင်က ပေဖူးလွှာမဂ္ဂဇင်းမှာ စာဖတ်သူအကြိုက်စာညွှန်းဆောင်းပါးတွေ ရေးခဲ့တဲ့ အချိန်က ဆရာဦးအောင်သင်း ညွှန်းခဲ့တဲ့ စာပိုဒ်တွေမှာလည်း စောင်းပါးရိပ်ခြေ ထည့်သွင်းပြထားတာ တွေ့ရဖူးပါတယ်။ အခု လတ်တလော အခြေအနေတွေကတော့ ပြောနေစရာတောင် လိုမယ်မထင်တော့ပါဘူး။ ဂျာနယ်ကျော်ဦးချစ်မောင်၊ မိုးကြိုးဦးအုန်းခင်၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဂါးဒီးယန်း ဦးစိန်ဝင်း၊ ကြေးမုံဦးသောင်း၊ ဟံသာဝတီဦးဝင်းတင်၊ လူထု ဦးစိန်ဝင်း၊ ပြည်သူ့မျက်လုံး၊ ပြည်သူ့နားတွေအဖြစ် တာဝန်ကျေခဲ့၊ တာဝန်ကျေဆဲ၊ တာဝန်ယူဆဲ စာနယ်ဇင်းသမားများစွာ ရင်ဆိုင်နေကြရတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ပြဿနာ……………..

ဒီစာအုပ်မှာ ကျွန်မတို့ မြန်မာပြည်အကြောင်းလည်း ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။ အင်ဒိုနီးရှားက ဘန်ဒါအာချေးဒေသ၊ ထိုင်းက ဖူးခက်ဒေသတွေကို အဓိက ပျက်စီးစေခဲ့တဲ့ ဆူနာမီကာလအပြီးမှာ သူ ထိုင်းမြန်မာ နယ်စပ်ကို ခေတ္တရောက်ရှိလာခဲ့ပြီး ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ABSDF တို့ရဲ့ ရပ်တည်မှုတွေနဲ့ မြန်မာ့နိုင်ငံရေး ပြဿနာတွေကို တစေ့တစောင်း လေ့လာသွားခဲ့တဲ့ အကြောင်းကို သူရေးထားပါတယ်။ သူ့ရဲ့ သုံးသပ်ချက်ဟာ အသေးစိတ် မကျသလို အတွင်းကျကျ မဖြစ်ပေမယ့် စာနယ်ဇင်းသမား မျက်စိ၊နား၊ ပါးစပ်၊ လက်… ဒါတွေက အများကြီး အထောက်အကူပြုတာ တွေ့ရပါတယ်။ အဲဒီအကြောင်းကို ကျွန်မ ဥာဏ်မီသလောက် ဆက်ပြီး မျှဝေပါဦးမယ်။ အခုတော့ မောသေးတယ်……… အလင်းရောင်ကို မမြင်ရတာ ကြာခဲ့ပြီလေ။