အင်တာနက်စွဲသုံးမှု နှင့် တရုတ် အဓိပ္ပါယ်သတ်မှတ်ချက်

ရွှေအောင် ရဲ့ ဘလော့ကို ဖတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် တစ်ဆက်တည်း ဖတ်မိထားတဲ့ တရုတ်သတင်းကိုပါ သတိရသွားလို့ပါ။

Google ရဲ့ အခမဲ့ဝန်ဆောင်မှုတွေကြောင့်ပဲ ကျွန်မတို့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက လူတွေဟာ ကမ္ဘာအ၀ှမ်းဖြစ်နေတဲ့ တိုးတက်မှု၊ ပြောင်းလဲမှု၊ သတင်းတွေ၊ နည်းပညာတွေ၊ လေ့လာစရာတွေ၊ အသုံးချစရာတွေကို တွေ့ထိ ခံစားခဲ့ကြရတာပါ။ အကယ်၍သာ အင်တာနက် ကွန်နက်ရှင် ဆိုတဲ့ ကာလနဂါးကြီးက အိပ်ပျော်မနေခဲ့ဘူးဆိုရင် ကျွန်မတို့တွေ ဒီထက် ပို မြန်မြန် တိုးတက်ကြမယ်လို့တောင် ထင်မိပါရဲ့။ ဒါပေမယ့်လည်း…… အဲ….. ဆိုသလိုပေါ့လေ။ အဲဒီ အင်တာနက်ကို ကြာကြာသုံးရင် များများသိလာမှာတွေရှိသလို ‘သိတာများရင် သေသင့်တယ်’ဆိုတဲ့ တရုတ်ကားထဲက စကားကလည်း သတိပေးနေပါသေးတယ်။ အခု အင်တာနက်သုံးစွဲသူများကို စိတ်ဒဏ်ရာပေးမယ့် သတိပေးချက် မိတ်ဆက်ပေးလိုက်ပါတယ်။

* * * * * * *

Facebook ပြီးတော့ Twitter ၊ အဲဒါပြီး Blog၊ ပြီးတာနဲ့ Facebook ၊ email, Online Game, အဲဒါတွေ ပြီးတာနဲ့ blog တွေ … ကဲ၊ သင် online ပေါ်မှာရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ။ တကယ်လို့ သင်ဟာ သင့်ကွန်ပျူတာscreen ကို ငေးကြည့်ရင်း mouse ကို click နေတာ ၆.၁၃ နာရီကျော် ကြာခဲ့ပြီဆိုရင် (ခွင့်လွှတ်ပါနော်) သင်ဟာ (တရုတ်နိုင်ငံမှ နောက်ဆုံးပေါ် တရားဝင် သတ်မှတ်ချက်များ) အရ စိတ်ကစဥ့်ကလျားရောဂါတစ်မျိုး ဖြစ်နေပါပြီ။

တရုတ်နိုင်ငံဟာ ဒီလို အင်တာနက်စွဲသူကို စိတ်ရောဂါရှိသူအဖြစ် သတ်မှတ်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေး ၀န်ကြီး ဌာနဟာ (အင်တာနက်ကိုစွဲစွဲလန်းလန်းသုံးစွဲသူများကို စိတ်ဝေဒနာရှိသူများ အဖြစ် အမျိုးအစားသတ်မှတ်တဲ့) တရုတ်စိတ်ပညာရှင်များရဲ့ လက်စွဲကို လက်ခံ အသိအမှတ်ပြုထားပြီး တရုတ်ပြည်တွင်းရှိ ဆေးရုံများအားလုံးအတွက် လမ်းညွှန်အဖြစ် ပြောင်းလဲဖို့ မျှော်လင့်ထားပါတယ်။

လက်စွဲစာအုပ်က ဖေါ်ပြထားတဲ့ အင်တာနက်စွဲခြင်း လက္ခဏာများကတော့ အင်တာနက်ကို အကြိမ်ရေများစွာ ဆက်တိုက် အသုံးပြုခြင်း၊ ဂဏှာမငြိမ်ခြင်း၊ အာရုံ မစူးစိုက်နိုင်ခြင်းနဲ့ offline ဖြစ်ချိန်မှာ အကြောင်းမဲ့ စိတ်တိုခြင်းတို့ ပါဝင်ပါတယ်။

နိုင်ငံ့ထိပ်တန်း စိတ်စွဲရောဂါကုသမှုဌာနက ကျွမ်းကျင်သူခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတောက် (Dr. Tao)ရဲ့ အဆိုအရ တရုတ်နိုင်ငံရှိ အင်တာနက် သုံးစွဲသူ ဦးရေ ၂၅၃ သန်းရဲ့ အများစုဖြစ်တဲ့ လူငယ်တွေထဲမှာ ၁၀% ကျော်ဟာ အင်တာနက်စွဲမှု ဖြစ်နေပြီး တစ်ခါ china-internet460သူတို့ထဲမှာ အများစုက ယောကျာင်္းလေးတွေ ဖြစ်ကြပါတယ်။ သူဟာ လူနာ ၃၀၀၀ကို စစ်တမ်းကောက်ယူုခဲ့ရာမှာ သူတို့ဟာ အင်တာနက်ကို ပြင်းပြတဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုတွေ ရှိကြပြီး သူတို့ရဲ့ ပုံမှန်လူမှုဘ၀နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အာရုံလျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဲဒါက ညွှန်ပြနေတာမှာ တရုတ်ပြည်တွင်းသုံးစွဲသူပေါင်း သိန်း၄၈၀၀ ကျော်နေပြီဖြစ်တဲ့ ( Microsoft က ထုတ်တဲ့ World of Warcraft လိုမျိုး ) online game တွေဟာ သုံးစွဲသူတွေရဲ့ လက်တွေ့လောကနဲ့ ဖန်တီးမှုလောက ခွဲခြားနိုင်စွမ်းကို အားနည်းစေတဲ့ အဓိက ပြဿနာဖြစ်တယ်လို့ ဖြစ်ပါတယ်။

ဒီအပြင် အင်တာနက်က ရာဇ၀တ်မှု ဖြစ်ပွါးနှုန်းကို တိုးမြင့်စေပါတယ်။ ပေကျင်းမြို့တော်မှာ ဖြစ်ပွါးခဲ့တဲ့ တရားဥပဒေချိုးဖောက်မှုတွေရဲ့ ၇၆%ဟာ အင်တာနက်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဒေါက်တာတောက်က ပြောပါတယ်။ အလျင်အမြန် ကြီးထွားလာနေတဲ့ online လုပ်ငန်းကို ထိန်းချုပ်ဖို့ ဒီလိုမျိုး ကြိုးစားတာ တရုတ်နိုင်ငံအဖို့ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဂိမ်းကစားသူများရဲ့ online ရှိချိန်ကို ကန့်သတ်နိုင်ဖို့ အများသုံး ကွန်ပျူတာတွေမှာ “anti-obsession” System software တွေကို မဖြစ်မနေ ထည့်သွင်းဖိုပ အမိန့်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အင်တာနက် သုံးစွဲသူအတော်များများဟာ ဒီသတ်မှတ်ချက်ကို ကြားရတဲ့အခါ သူတို့ရဲ့ ညဉ့်နက်သန်းခေါင် online သုံးစွဲမှုတွေကို တွေးမိပြီး အတော် ထိတ်လန့်သွားကြပါတယ်။

ဒါဟာ အဓိပ္ပါယ်မရှိ၊ ပေါက်တတ်ကရ သတ်မှတ်ချက်လို့ ယူဆပါသလား၊ တစ်ချို့ကတော့ ဒီလို မထင်ကြပါဘူး။ လွန်ခဲ့တဲ့ ၄ ရက်လောက် (၁၁.၁၁.၀၈) က နယူးပေကျင်းနေ့စဉ်သတင်းစာမှာ ဒီအမြင်တွေကို ‘ကန့်သတ်မှုညှိနှိုင်းချက်များ’အနေနဲ့ ဖေါ်ပြခဲ့ပါတယ်။ ‘ဒီနှစ်များအတွင်းမှာ အင်တာနက်စွဲမှုကြောင့် ပျက်စီးတဲ့ ကလေးတွေ အရေအတွက်ဟာ အမြောက်အမြား တိုးလာခဲ့ပါတယ်။ အလုပ်၊ အရက်၊ အစားအစာ၊ ဆေးလိပ်၊ လိင်မှုကိစ္စနဲ့ ဈေးဝယ်မှုစွဲတာတွေကို ရောဂါအဖြစ်သတ်မှတ်သလိုမျိုးပေါ့။ ဒါကြောင့် အင်တာနက်စွဲမှုကို Psychosis- စိတ်စွဲမှု ရောဂါတစ်မျိုး အဖြစ် သတ်မှတ်တာဟာ နှိမ့်ချ စော်ကားတာမျိုး မဟုတ်ဘဲ သိပ္ပံနည်းကျ ခွဲခြားမှုသာ ဖြစ်ပါတယ်။ ဒီလို စွဲလမ်းမှုကို စိတ်စွဲဝေဒနာအဖြစ် အတည်ပြုနိုင်ဖို့ ဆေးပညာဆိုင်ရာ နည်းလမ်းများကတော့ online game server လူများကို အလုပ်အကိုင်တွေ နေရာချထားပေးပြီး internet သုံးစွဲမှုကို ကန့်သတ်တာတွေ ဖြစ်ပါလိမ့်မယ်။ စိတ်ရောဂါကု ပညာရှင်များရဲ့ လေ့ကျင့်ကုသမှုများက ဒီလို ကစဥ့်ကလျားဖြစ်မှုမျိုးဟာ ကုလို့ရနိုင်တယ်လို့ အဖြေထွက်ပါတယ်။ လူနာတွေရဲ့ ၈၀% ဟာ ၃ လအကြာမှာ ပြန်ကောင်းလာနိုင်ပါတယ်။’

အဲဒီကိစ္စကို ဘလော့ဂါတွေက ‘ထိတ်လန့်စရာအကြောင်းအရာ – အင်တာနက်စွဲမှုသည် စိတ်စွဲရောဂါ’ ၊ ‘ကျုပ်တို့အားလုံး စိတ်ဝေဒနာသည်တွေချည်းပဲ’ စသည်အားဖြင့် တုန့်ပြန်ကြပါတယ်။ တစ်ဦးကတော့ ကလေးတွေအနေနဲ့ကြုံတွေ့ရမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှုထောင့်ကနေ ထောက်ပြပါတယ်။ ကလေးတစ်ယောက်ကို အဲဒီလို ဖြစ်ဖူးတယ်လို့ သတ်မှတ်လိုက်ခြင်းက အဲဒီ ကလေးအတွက် တစ်သက်တာ စိတ်ဒဏ်ရာဖြစ်စေမယ်လို့ တုန့်ပြန်ထားပါတယ်။ ကလေးတစ်ယောက်ဟာ ကုသမှုဌာနကို တစ်ခါရောက်ဖူးတာနဲ့ တံဆိပ်ကပ်ခံလိုက်ရသလိုပါပဲ။ ဒီကလေးအတွက် စိတ်ဒဏ်ရာအဖြစ် ထိခိုက်သွားမယ့် အတိုင်းအတာဟာ မှန်းဆ မရနိုင်အောင်ပါပဲ။

* * * * * * * *

စဉ်းစားမိလေ အဖြစ်ဆိုးလေပါပဲနော်။ မြန်မာပြည်သား ဘလော့ဂါလေးများသာ ခြိမ်းခြောက်မှုကြုံတွေ့နေရတာ မဟုတ်တော့ပါဘူး။ အသိပညာတွေ တိုးတက်လာမှုနဲ့အတူ ကုလားထိုင်လှုပ်လာတယ်လို့ ထင်ကြမယ့် အစိုးရတိုင်းက ပြောင်ပြောင်တစ်မျိုး၊ တိုးတိုးတိတ်တိတ်တစ်ဖုံ၊ လွတ်လပ်မှုကို ပိတ်ပင်ဖို့ ကြိုးစားကြမှာပါ။ မြန်မာပြည်လို ‘မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်’ဆိုပြီး ကမူးရှူးထိုး မပိတ်ပင်ရခင် အရင် အရူးစာရင်းသွင်းဖို့ ကြိုးစားတယ်လို့ပဲ သံသယရှိလိုက်ပါတယ်။ သိတယ်ဟုတ်? ။ ‘သိတာများရင် သေသင့်တယ်’ဆိုတာလေ။

အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကွန်မန့်တွေ ရေးထားကြတဲ့အထဲမှာ မူရင်းဆောင်းပါးကို ရည်ညွှန်းပြီး ရေးတဲ့လူတစ်ယောက်ကတော့ ဘာသာပြန်သူဟာ သူပြောချင်တဲ့ အကြောင်းအရာအတွက် ဇောင်းပေးပြောသွားတယ်လို့ ဆိုပါတယ်။ ဒီလို အထင်အမြင်တွေ ဖြစ်လာရအောင် ဘာသာပြန်သူက အရောင်ဆိုးလိုက်ခြင်းသာ ဖြစ်ပြီး တရုတ် အုပ်ချုပ်ရေးပိုင်းက ‘ပြောသလောက်လည်း’ မဆိုးသေးပါဘူး လို့ သူကတော့ ပြောပါတယ်။ အဲဒါတော့ ကျွန်မလည်း စိနဌာနီ တရုတ်ပြည်က ကျုံးဝန်လို့ပြောတဲ့ ပြည်ကြီးဘာသာစကားကို မတတ်ကျွမ်းတော့ မပြောတတ်ကြောင်းပါ။

ဒီစာကို ကျွန်မက ဘာလို့ ထရေးဖြစ်လဲဆိုတော့ ကျွန်မက (သူတို့ သတ်မှတ်ချက်အတိုင်းဆို) အင်တာနက်စွဲရောဂါရှင် ဖြစ်နေပြီမို့ပါ။ စာဖတ်သူတို့လည်း စဉ်းစားကြည့်ကြပေါ့။ ငါသာ တရုတ်ပြည်မှာဆိုရင် အရူးစာရင်းဝင်ပြီလားဆိုတာ။ ။

Advertisements