မြန်မာကလေးများ၊ အနာဂတ်ပျောက်ဆုံးမှုနှင့် စကာင်္ပူကျောင်းများ (၂)

ပထမပိုင်းတုန်းက မြန်မာပြည်ကနေ ပြည်ပကို ထွက်ပြီး တိုးတက်မှုရှာဖို့ တွန်းပို့သလိုဖြစ်နေတဲ့ အခြေအနေတွေအကြောင်းပါ။ အဲဒီအခြေအနေအရ ရွေးချယ်မှုတစ်ခုအနေနဲ့ ပြည်ပရောက်နေသူတွေရဲ့ လက်ရှိအခြေအနေကို ပြောချင်ပါတယ်။ ဒါက ကျွန်မအနေနဲ့ နည်းနည်းတော့ ပြောရခက်ပါတယ်။ ကိုယ်တိုင်က ပြည်ပရောက်နေသူတွေထဲ အပါအ၀င်ကိုး။
ဆောင်းပါးရှင် Sandra Davies က တွေ့ဆုံ မေးမြန်းထားတဲ့လူတွေထဲမှာ ပေါ်လီကျောင်းဆင်းလူငယ်/လူလတ်များ၊ အဲဒီလူတွေရဲ့ မြန်မာပြည်က မိသားစုဝင် (မိဘ/ညီအကို မောင်နှမ)များ၊ လက်ရှိစကာင်္ပူသင်ရိုးအတိုင်း သင်ကြားပေးနေပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ စကာင်္ပူကို သွားမယ်လို့ ရည်မှန်းထားသူများ ပါဝင်ပါတယ်။ အမြင်အတိုင်းပြောရရင် မြန်မာပြည်က မိသားစုများဟာ ကိုယ့်ကလေး နိုင်ငံခြားသွားပြီး ပညာသင်ဖို့လွှတ်တဲ့အခါ “သွားပေရော့၊ နောင်ပြန်မလာနဲ့” လို့ မရည်ရွယ်၊ မသွန်သင်၊ မတောင်းဆို၊ မခိုင်းစေပါဘူး။ ပြီးတော့ မဖြစ်မနေ ပြန်ကို ပြန်လာမှဖြစ်မယ်၊ ဘယ်လောက်ပဲကောင်းကောင်း၊ တော်တော်၊ မြန်မာပြည်မှာပဲ အတူတူ ရုန်းကန်ကြရအောင် လို့လည်း မတောင်းဆိုပါဘူး။ လက်ရှိ အခြေအနေမှာ မိသားစုနဲ့ အတူတူ ရုန်းကန်တာဟာ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် နောင် အနာဂတ်၊ သူများတတ်တဲ့ပညာ ကိုယ်မတတ်ရင်၊ သူများသိတဲ့အသိ ကိုယ်မသိရင်၊ သူများဘ၀နဲ့ ကိုယ့်ဘ၀ ကြေးတမ်းတိုက်လို့ မရစကောင်းပေမယ့် နောင်တ မရချင်ကြပါဘူး။ ဒီလို အသိစိတ်အခြေခံနဲ့မို့ မြန်မာကလေးတွေ ရောက်လေရာ နေရာတိုင်းမှာ ပိုကြိုးစားဖြစ် ကြတာလို့ ကျွန်မပြောချင်ပါတယ်။
အခု မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ စီးပွါးရေး အခြေအနေဟာ ကိုယ့်ပြည်တွင်းမှာကိုယ် ချစ်တီးသူဌေးနဲ့ ဘုံဘေဘားမားဆီကနေ လက်ဝေခံပြီး ရပ်တည်ခဲ့ကြရတဲ့ ၁၉၃၀ နှစ်များဆီကနဲ့ ဘာမှ မထူးပါဘူး။ ထမင်းနှစ်နပ် ရှာစားဖို့တော့ ဘယ်မှ သွားစရာမလိုပေမယ့် အခြား ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များအတွက်တော့ စဉ်းစားရပါလိမ့်မယ်။ မြန်မာပြည်မှာ ဆေးကုမစားတော့တဲ့ ဆရာဝန်တွေ များလာတာ၊ ဈေးရောင်းစားတဲ့ အင်ဂျင်နီယာတွေများလာတာ၊ ကုမ္ပဏီသူဌေးတွေမှာ ငွေမည်းခ၀ါချလို့ ရောက်လာတဲ့ လှည့်ပတ်ငွေတွေများလာတာ ချက်ခြင်း ဖြစ်လာတဲ့အကြောင်းအရာမဟုတ်ပါဘူး။ ပညာကို သင်ယူခဲ့ကြတုန်းက အကောင်း၊ အဆိုး၊ အသင့်၊ မသင့်၊ အသုံးတည့်၊ မတည့်၊ ဒါတွေအတွက် သင်ခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းပဲ ဆက်လက်သုံးစွဲရပ်တည်မယ်ဆိုရင် မြန်မာပြည်ဟာ ပတိရူပဒေသအချက် စံချိန်မမီပါဘူး။ ပညာကို အသုံးချဖို့ စိတ်ရဲ့ လွတ်လပ်မှု၊ ပညာရှာသူရဲ့ လွတ်လပ်မှု၊ ပညာပေးသူရဲ့ လွတ်လပ်မှု၊ ပညာဆွေးနွေးရာမှာ လွတ်လပ်မှု ဒါတွေမရှိတဲ့ ဒေသဟာ ပညာရပ်တစ်ခု ထွန်းကား ရပ်တည် အသုံးကျဖို့ ပတိရူပဒေသ မမည်ပါဘူး။
အခု ဒီဆောင်းပါးရှင်တွေ့ပြီး မေးထားတဲ့အထဲမှာ ပေါ်လီကျောင်းဆင်းပြီး PR ဘ၀နဲ့ စကာင်္ပူနိုင်ငံသား-အိမ်ထောင်ဖက်လောင်းနဲ့ အခြေချမယ်ဆို ချဖို့ အဆင်သင့်ဖြစ်နေတဲ့ လူငယ်ပါပါတယ်။ (ခွင့်လွှတ်ပါနော်။ ကျွန်မတို့နဲ့ သက်တူရွယ်တူဖြစ်ပါတယ်။ အခု ဒီဆောင်းပါးက လူငယ်တွေအနေနဲ့ ရေးတာမို့ပါ၊) သူကတော့ အခုထိ စကာင်္ပူနိုင်ငံသားအဖြစ်ခံယူဖို့ စိတ်ကူးမရှိပါဘူးတဲ့။ အကြောင်းကတော့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မိသားစုကို သူ့အနေနဲ့ မစွန့်လွှတ်နိုင်လို့ပါ။ ဆောင်းပါးရှင်က မေးထားတဲ့ မိဘအတော်များများကို သုံးသပ်ထားတဲ့အချက်တစ်ချက်ရှိပါတယ်။ မိဘတွေက သားသမီးတွေကို မြန်မာနိုင်ငံကနေ ဝေးလေ ကောင်းလေဆိုပြီး ပို့ပေးကြတာပါတဲ့။ ဒီကလူငယ်တွေ မိုက်လိုက်တာလို့ ပြောချင်ပုံပါ။ ဒီလို ကျောင်းလာတက်ကြတဲ့ လူငယ်အများစုဟာ မိဘအိမ်မှာ ဘယ်လိုပဲ နေလာခဲ့ကြသည်ဖြစ်စေ၊ ဘယ်အဆင့်အတန်းမျိုးက လာခဲ့ကြသည်ဖြစ်စေ၊ မိဝေးဖဝေးဘ၀ရောက်တဲ့အခါ စိတ်ဓါတ်အားတင်းပြီး ကြိုးစားရပ်တည်ခဲ့ကြရတာချည်းပါပဲ။ ဒီအခြေအနေက ဘ၀ပေးအသိလို့ ခေါ်ရမယ်ထင်ပါတယ်။  
ဒီလူတွေ ထူးချွန်ထက်မြက်လာတဲ့အခါ အခြား နိုင်ငံတကာဆီကို ဆက်လက် ပြောင်းရွှေ့ပြီး သင်ယူမှု၊ အသုံးချမှုတွေ ဆက်လုပ်ပါတယ်။ ဒါပေမယ့် တံဆိပ်အကပ်ခံရတာက စကာင်္ပူပညာရေးစနစ်က ပေးတဲ့ တံဆိပ်နဲ့ပါ။ ကိုယ့်တိုင်းပြည်က လူရယ်လို့ မရပ်တည်နိုင်ဘဲ စကာင်္ပူနိုင်ငံမှာ ပညာသင်လာခဲ့တဲ့ ဘွဲ့၊ အတွေ့အကြုံတွေနဲ့ ရပ်တည်ရတာပါ။ အဲဒီအတွက် ကျွန်မတို့တွေ ဂုဏ်ယူနိုင်မယ် ထင်ပါသလား။ ကိုလိုနီခေတ်က ကာယဗလဦးဇော်ဝိတ်တို့၊ ဂျာမနီအိုလံပစ်ကို ရောက်ခဲ့ပါတယ်။ အစွမ်းပြခွင့်ရခဲ့ကြပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံသားများအဖြစ် ပန်ချာပီဗောင်းထုပ်ကြီးတွေဆောင်းပြီး သွားခဲ့ကြရတာပါ။ ရှင်းရှင်းပြောရရင် ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေရဲ့ အရည်အချင်းတွေဟာ နေရင်းထိုင်ရင်းကိုပဲ လူမျိုးခြား၊ နိုင်ငံခြားတံဆိပ် အကပ်ခံနေရတာပါ။
ဒီအကြောင်းတွေထဲမှာ ကျွန်မ လူတစ်ချို့အကြောင်းကို ချန်ခဲ့ချင်ပါတယ်။ ဒါပေမယ့် သူတို့လည်း ပါမှ ပြည့်စုံမှာမို့ ထည့်ရေးရပါ့မယ်။ ‘ပြည်တွင်းဖြစ် မြန်မာနိုင်ငံခြားသားတွေ’ အကြောင်းပါ။ ကိုယ့်လူမျိုး၊ ကိုယ့်အရည်အသွေး၊ ကိုယ့်အခြေအနေကို အမေ့ကြီးမေ့ပြီး ကိုယ်ရောက်နေတဲ့ နေရာကို အသားကျလွန်သွားသူများပေါ့။ ဆရာကြီး လူထု ဦးစိန်ဝင်းက ပြတ်ပြတ်ပဲ ပြောသွားတဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဒါမျိုးတွေအတွက်တော့ ကျွန်မတို့က မြန်မာနိုင်ငံသားစာရင်းမှာ ထည့်မတွက်စေချင်ပါဘူး။
ပြည်တွင်းက အရည်အချင်းရှိသူများ ပြည်ပကို ရောက်ကုန်တဲ့ ဦးဏှောက်ယိုစီးမှုကို တတိယကမ္ဘာက ဖွံ့ဖြိုးမှုနည်းနေတဲ့/ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ရင်ဆိုင်ကြရတာ ထုံးစံပါ၊ ဘရာဇီးက ခြေထောက်ယိုစီးမှုလို့ ဘောလုံးသမားတွေသိကြပါတယ်။ ကျွန်မတို့ဆီက ယိုစီးသွားတဲ့ ဦးဏှောက်တွေ ဘယ်အချိန်ပြန်ရောက်လာမလဲ၊ ပတိရူပဒေသဖြစ်မယ့်အချိန်ကို စောင့်နေကြပါတယ်။ ပါလက်စတိုင်းတွေလို ကိုယ့်မြေကို စွန့်ခွာခဲ့ရသူတွေပါ။ ဒါပေမယ့် ဂျူးလူမျိုးတွေလို တိုင်းပြည်ထူထောင်ဖို့ ပြန်လာတဲ့အခါ ဦးဏှောက်အပြည့် ပါလာဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်။ စီးပွါးရေးအရတော့ ဂျူးတွေလို ကျောထောက်နောက်ခံရှိဖို့ မလွယ်ဘူးပေါ့ရှင်။ ကိစ္စမရှိပါဘူးလေ၊ ကမ္ဘာအရပ်ရပ်က ဘဏ်တွေမှာ ပြန့်ကျဲနေတဲ့ မြန်မာ့အဆီအနှစ်တွေကို ပြန်လည်အသုံးချခွင့်ရနိုင်ကောင်းပါရဲ့။ အဲဒီလို တိုင်းပြည်ထူထောင်ချိန်ကျရင်ပေါ့လေ။  😀
အရေးကြီးတာတစ်ခု မေ့ခဲ့တော့မလို့။ အခု စစ်အာဏာရှင်စနစ်က ထိုးကျွေးလို့ အစားခံနေကြရတဲ့ တတ်/သိ ပညာရှင်တွေဟာ အစားခံရတဲ့ဘ၀မှာ ပျော်မွေ့နေမယ်သာဆိုရင် နိုင်ငံတကာမှာ ရှိနေသမျှ မြန်မာသံရုံးတွေဟာ အခွန်တစ်ပြားတစ်ချပ်မှ ရတော့မှာ မဟုတ်ဘူးရှင့်။ ရောက်ရာနေရာမှာ နိုင်ငံသားအဖြစ် ခံယူသွားကြမှာကိုး၊ အခုထိတော့ ကျွန်မတို့ သိသမျှမှာ မြန်မာလူမျိုးတွေဟာ အခြား နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ကူးပြောင်းမှု အနည်းဆုံးပဲလို့ ကြားရပါတယ်။ သံရုံးနဲ့ အခြား အခွန်ထမ်းစနစ်တွေ ဘယ်လိုပဲ နှိပ်စက်နှိပ်စက်၊ အခု ထိတော့ ကျွန်မတို့ မြေကို ကျွန်မတို့ မစွန့်လွှတ်ရသေးဘူးလို့ပဲ စိတ်ဖြေနေကြရပါတယ်။ မြန်မာပြည်တွင်းမှာ ပညာမတတ်လေ၊ ကောင်းလေဆိုတဲ့ စီမံချက်ကို တတ်နိုင်သမျှ အကောင်အထည်မပေါ်ရအောင် ကြိုးစားပြီး ပညာသင်ယူခဲ့၊ သင်ယူဆဲ လူငယ်များဘ၀တုန်းက ကျွန်မတို့ ရုန်းကန်ခဲ့ကြပါပြီ။ ဆက်လက် ရုန်းကန်နေကြတုန်းပါပဲ။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်ပေါ့။

Advertisements