စကာၤပူမွ အလီဘာဘာမ်ား

ဘင်္ဂလား၊ အိန္ဒိယ အလုပ်သမားများကို စကာင်္ပူနိုင်ငံသား သူဌေးများ ပြောနေကျ စကားကို ရည်ညွှန်းပြီး ဒီခေါင်းစဉ်ပြောတာပါ။ သူတို့က ဘယ်နိုင်ငံက အလုပ်သမားတွေကိုပဲဖြစ်ဖြစ် အလုပ်စ၀င်ကတည်းက ကြိမ်းတဲ့စကားပေါ့။ မင်းတို့ကောင်းကောင်းလုပ်ရင် ငါတို့က ကောင်းကောင်းစောင့်ရှောက်မယ်။ ဟိုခိုးဒီဝှက်၊ ဟိုချောင်ခို၊ ဒီချောင်ကပ်၊ အလီဘာဘာတွေ လို လုပ်ရင် ငါတို့က ပြန်လွှတ်မှာဆိုပြီး လာသမျှ နိုင်ငံခြားသား အလုပ်သမားတွေကို ကြိုတင် သတိပေးတဲ့အကျင့် စကာင်္ပူ သူဌေးတိုင်းလိုလိုမှာ ရှိပါတယ်။ ဟိုတလောက ကျွန်မတို့ရုံးနားက ဆောက်လုပ်ရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ ကုမ္ပဏီင်္တစ်ခုမှာ အလုပ်သမားတစ်ယောက် ပစ္စည်းခိုးပြီး ထွက်ပြေးလို့ ဆိုတဲ့ သတင်း ကြားလိုက်ပါသေးတယ်။ အဲဒီက သူဌေးက ဘာမှ သိပ်ပြဿနာလုပ်သံလည်း မကြားရဘူးရှင့်။ ထူးဆန်းနေတာပေါ့နော်။ သူတို့က ဒါမျိုးဆို ခုနစ်ရက်ခုနစ်လီ အတင်းချလို့ ဆုံးမှာမှမဟုတ်တာ။ နောက်မှ သိရတယ်။ ခိုးတဲ့လူက သူတို့ တရုတ်နိုင်ငံကခေါ်လာတဲ့ သူတို့ လူမျိုး မို့လို့ပါတဲ့။

အဲဒီ တရုတ်က ခိုးပြီး ရှောင်သွားတာတောင် ဝေးဝေးလံလံသွားတယ်များ မှတ်လား။ သူတို့ရုံးက lavender မှာ၊ သူရှောင်သွားတာက China Town ပါတဲ့ရှင်။ စကာင်္ပူရဲက ဖမ်းမိသွားတယ်ဆိုတဲ့သတင်းလည်း နောက်ထပ်ကြားရပါတယ်။ သူဌေးတိုင်လို့လားဆိုတော့ ၊ ဟုတ်ပါရိုးလား။ သူတို့ အလုပ်သမားအချင်းချင်း ပစ္စည်းခိုး အဝေမတည့်လို့ ရန်ဖြစ်ရာက ရဲလာဖမ်းသွားတာတဲ့။ အဲသလိုရန်ဖြစ်မှုနဲ့ မိတော့မှ သူ့ work permit ကို ကြည့်၊ သူဌေးကို အကြောင်းကြားပြီး ပြည်တော်ပြန်ခိုင်းလိုက်ရပါတယ်။ ဒါတောင် နိုင်ငံခြားသားအလုပ်သမားတွေကို မခံချိမခံသာ ဖြစ်အောင် ပြောချင်တိုင်း you alibaba ဆိုပြီး ပြောကောင်းတုန်း။

အဲဒီလို အပြောကောင်းတဲ့ ကိုကို၊ မမ Singaporean တွေကို သူတို့လုပ်တဲ့ Alibaba လုပ်ကွက်လေး ပြန်ပြောပြချင်ပါဘိ။ ကိုယ်ခံလိုက်ရတာကိုး၊ အောင့်သက်သက်နဲ့။

Singapore Expo’ မှာ လျှော့ဈေးချတိုင်း ၀ယ်တာ၊ မ၀ယ်တာ နောက်ထားပြီး ရောက်ရောက်သွားတာတော့ အကျင့်ပါနေပြီရှင့်။ နီးလည်း နီးနေတာကိုး။ ပြီးတော့ တစ်ချို့ Branded ပစ္စည်းတွေကိုဆို ဂိုဒေါင်ခါတဲ့စနစ်နဲ့ ရှင်းချိန်ကြုံလို့ကတော့ Singaporean တွေအတွက် ပွဲတော်ကြီးပါပဲ။ ကိုယ်တောင် သူတို့ လူအုပ်ထဲ မတိုးနိုင်တာနဲ့ ခပ်လှမ်းလှမ်းက ပတ်ပြန်ရပါတယ်။ ဒီတစ်ခေါက် extra vagenza annual clearance ကို ကြုံတော့ ယောင်တောင်ပေါင်တောင် ၀င်ကြည့်ရင်း ဖိနပ်လေးတွေ ကြိုက်တာနဲ့ ၀ယ်ဖြစ်ပါတယ်။ တစ်ရန်ကို စကာင်္ပူဒေါ်လာ ၁၉.၉၀ ပါ။ တံဆိပ်ကြည့်လိုက်တော့လည်း ဟုတ်တိပတ်တိပေါ့လေ။ Ki Ki တံဆိပ်ပါ။

As bought Slippers

As Bought

Remain Untouch

remain untouch

အဲဒါလေးမျိုးဝယ်တာ ကျွန်မတစ်ယောက်တည်း မဟုတ်ဘူးနော်။ မြန်မာတွေ အများကြီးပဲ။ ဖြစ်ချင်တော့ ကျွန်မသူငယ်ချင်းက အရင် စီးဖြစ်ပါတယ်။ သူစ စီးပြီး တစ်ပတ်လောက်အကြာမှာ သူ့ဖိနပ်အနက်ရောင်ပေါ်မှာ kiki တံဆိပ်အောက်ကနေ စာလုံးတစ်လုံး ပေါ်လာပါသတဲ့။ သူလည်း စဉ်းစားရခက်နေတာပေါ့။

ဒီတစ်ပတ် Jurong East အရောက်မှာ ဟိုဆိုင်ဒီဆိုင် ၀င်ကြရင်းနဲ့

peeling off the sticker

ဖိနပ်ဆိုင်ရောက်တော့ မျက်လုံး စပြူးပါပြီ။ ကိုယ်ဝယ်ထားတဲ့ ဖိနပ်လေးနဲ့ ပုံစံတူ၊ အရောင်တူ၊ တံဆိပ်ကွဲ ဖိနပ်လေးများက တစ်ဆိုင်လုံး အစီအရီ။ ဈေးနှုန်းကြည့်လိုက်တော့ စကာင်္ပူဒေါ်လာ ၉.၉၀ သာ။ သွားပြီ။ ကိုယ်တော့ အစစ်စီးရင်တောင် အတုစီးတယ်အထင်ခံရတော့မှာပဲ ဆိုပြီး စိတ်ဆင်းရဲတာက စပါတယ်။

finished peeling one side

finished peeling one side

မသကာင်္တာနဲ့ သူငယ်ချင်းက သူ့ဖိနပ်ရဲ့ တံဆိပ်အောက်က ပေါ်တဲ့ စာလုံးကို သေချာ ကြည့်ပါတယ်။ အစစ်ပေါ့ရှင်-အပေါ်က ထပ်ကပ်ထားတဲ့ တံဆိပ်က ဖနောင့်ရဲ့ ဖိအားနဲ့ ရွေ့ ပြီး အောက်က စာလုံးပေါ်လာတာပါ။ တံဆိပ်က တစ်ထပ်တည်းပါပဲ။ ကျွန်မလည်း အိမ်ပြန်ရောက်တာနဲ့ ကိုယ့်ဖိနပ်လေးရဲ့ တံဆိပ်လေးကို ခွါကြည့်ပါတယ်။ မြင်တဲ့အတိုင်းပါပဲ။

အင်း…. ဘ၀၊ ဘ၀။ ကိုယ့်ဘ၀က စကာင်္ပူလာပြီး လူလိမ်ခံရဖို့ကံပါလာသကိုး။ မြန်မာပြည်မှာ ပစ္စည်းတုတွေ အလွန်ပေါလို့ ဘာကိုမှ စိတ်ချလက်ချ မ၀ယ်ရဲကြောင်း မဲ့ကာရွဲ့ကာ အတင်းပြော အလွန်ကောင်းသူ Singaporean များကို ဒါလေးတွေပြပြီး ပြောကို ပြောဦးမယ်။ ပြီးတော့ ဘယ်လူကို မဆို အလီဘာဘာတွေလို့ နာမည်အတပ်ကောင်းသူ စကာင်္ပူနိုင်ငံသားများကိုလည်း သူတို့ ဂုဏ်ယူဝင့်ကြွားနေသော စကာင်္ပူတို့ရဲ့ အလီဘာဘာလုပ်ကွက်များကို သက်သေထူပြီး အလီဘာဘာစကာင်္ပူများလို့ ပြောရဦးမှာ။

Advertisements

အင်တာနက်စွဲသုံးမှု နှင့် တရုတ် အဓိပ္ပါယ်သတ်မှတ်ချက်

ရွှေအောင် ရဲ့ ဘလော့ကို ဖတ်ပြီး တိုက်တိုက်ဆိုင်ဆိုင် တစ်ဆက်တည်း ဖတ်မိထားတဲ့ တရုတ်သတင်းကိုပါ သတိရသွားလို့ပါ။

Google ရဲ့ အခမဲ့ဝန်ဆောင်မှုတွေကြောင့်ပဲ ကျွန်မတို့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေက လူတွေဟာ ကမ္ဘာအ၀ှမ်းဖြစ်နေတဲ့ တိုးတက်မှု၊ ပြောင်းလဲမှု၊ သတင်းတွေ၊ နည်းပညာတွေ၊ လေ့လာစရာတွေ၊ အသုံးချစရာတွေကို တွေ့ထိ ခံစားခဲ့ကြရတာပါ။ အကယ်၍သာ အင်တာနက် ကွန်နက်ရှင် ဆိုတဲ့ ကာလနဂါးကြီးက အိပ်ပျော်မနေခဲ့ဘူးဆိုရင် ကျွန်မတို့တွေ ဒီထက် ပို မြန်မြန် တိုးတက်ကြမယ်လို့တောင် ထင်မိပါရဲ့။ ဒါပေမယ့်လည်း…… အဲ….. ဆိုသလိုပေါ့လေ။ အဲဒီ အင်တာနက်ကို ကြာကြာသုံးရင် များများသိလာမှာတွေရှိသလို ‘သိတာများရင် သေသင့်တယ်’ဆိုတဲ့ တရုတ်ကားထဲက စကားကလည်း သတိပေးနေပါသေးတယ်။ အခု အင်တာနက်သုံးစွဲသူများကို စိတ်ဒဏ်ရာပေးမယ့် သတိပေးချက် မိတ်ဆက်ပေးလိုက်ပါတယ်။

* * * * * * *

Facebook ပြီးတော့ Twitter ၊ အဲဒါပြီး Blog၊ ပြီးတာနဲ့ Facebook ၊ email, Online Game, အဲဒါတွေ ပြီးတာနဲ့ blog တွေ … ကဲ၊ သင် online ပေါ်မှာရှိနေတာ ဘယ်လောက်ကြာသွားပြီလဲ။ တကယ်လို့ သင်ဟာ သင့်ကွန်ပျူတာscreen ကို ငေးကြည့်ရင်း mouse ကို click နေတာ ၆.၁၃ နာရီကျော် ကြာခဲ့ပြီဆိုရင် (ခွင့်လွှတ်ပါနော်) သင်ဟာ (တရုတ်နိုင်ငံမှ နောက်ဆုံးပေါ် တရားဝင် သတ်မှတ်ချက်များ) အရ စိတ်ကစဥ့်ကလျားရောဂါတစ်မျိုး ဖြစ်နေပါပြီ။

တရုတ်နိုင်ငံဟာ ဒီလို အင်တာနက်စွဲသူကို စိတ်ရောဂါရှိသူအဖြစ် သတ်မှတ်တဲ့ ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေး ၀န်ကြီး ဌာနဟာ (အင်တာနက်ကိုစွဲစွဲလန်းလန်းသုံးစွဲသူများကို စိတ်ဝေဒနာရှိသူများ အဖြစ် အမျိုးအစားသတ်မှတ်တဲ့) တရုတ်စိတ်ပညာရှင်များရဲ့ လက်စွဲကို လက်ခံ အသိအမှတ်ပြုထားပြီး တရုတ်ပြည်တွင်းရှိ ဆေးရုံများအားလုံးအတွက် လမ်းညွှန်အဖြစ် ပြောင်းလဲဖို့ မျှော်လင့်ထားပါတယ်။

လက်စွဲစာအုပ်က ဖေါ်ပြထားတဲ့ အင်တာနက်စွဲခြင်း လက္ခဏာများကတော့ အင်တာနက်ကို အကြိမ်ရေများစွာ ဆက်တိုက် အသုံးပြုခြင်း၊ ဂဏှာမငြိမ်ခြင်း၊ အာရုံ မစူးစိုက်နိုင်ခြင်းနဲ့ offline ဖြစ်ချိန်မှာ အကြောင်းမဲ့ စိတ်တိုခြင်းတို့ ပါဝင်ပါတယ်။

နိုင်ငံ့ထိပ်တန်း စိတ်စွဲရောဂါကုသမှုဌာနက ကျွမ်းကျင်သူခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတောက် (Dr. Tao)ရဲ့ အဆိုအရ တရုတ်နိုင်ငံရှိ အင်တာနက် သုံးစွဲသူ ဦးရေ ၂၅၃ သန်းရဲ့ အများစုဖြစ်တဲ့ လူငယ်တွေထဲမှာ ၁၀% ကျော်ဟာ အင်တာနက်စွဲမှု ဖြစ်နေပြီး တစ်ခါ china-internet460သူတို့ထဲမှာ အများစုက ယောကျာင်္းလေးတွေ ဖြစ်ကြပါတယ်။ သူဟာ လူနာ ၃၀၀၀ကို စစ်တမ်းကောက်ယူုခဲ့ရာမှာ သူတို့ဟာ အင်တာနက်ကို ပြင်းပြတဲ့ စိတ်ပိုင်းဆိုင်ရာ မှီခိုမှုတွေ ရှိကြပြီး သူတို့ရဲ့ ပုံမှန်လူမှုဘ၀နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အာရုံလျော့ပါးစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဲဒါက ညွှန်ပြနေတာမှာ တရုတ်ပြည်တွင်းသုံးစွဲသူပေါင်း သိန်း၄၈၀၀ ကျော်နေပြီဖြစ်တဲ့ ( Microsoft က ထုတ်တဲ့ World of Warcraft လိုမျိုး ) online game တွေဟာ သုံးစွဲသူတွေရဲ့ လက်တွေ့လောကနဲ့ ဖန်တီးမှုလောက ခွဲခြားနိုင်စွမ်းကို အားနည်းစေတဲ့ အဓိက ပြဿနာဖြစ်တယ်လို့ ဖြစ်ပါတယ်။

ဒီအပြင် အင်တာနက်က ရာဇ၀တ်မှု ဖြစ်ပွါးနှုန်းကို တိုးမြင့်စေပါတယ်။ ပေကျင်းမြို့တော်မှာ ဖြစ်ပွါးခဲ့တဲ့ တရားဥပဒေချိုးဖောက်မှုတွေရဲ့ ၇၆%ဟာ အင်တာနက်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဒေါက်တာတောက်က ပြောပါတယ်။ အလျင်အမြန် ကြီးထွားလာနေတဲ့ online လုပ်ငန်းကို ထိန်းချုပ်ဖို့ ဒီလိုမျိုး ကြိုးစားတာ တရုတ်နိုင်ငံအဖို့ ပထမဆုံးအကြိမ် မဟုတ်တော့ပါဘူး။ ဂိမ်းကစားသူများရဲ့ online ရှိချိန်ကို ကန့်သတ်နိုင်ဖို့ အများသုံး ကွန်ပျူတာတွေမှာ “anti-obsession” System software တွေကို မဖြစ်မနေ ထည့်သွင်းဖိုပ အမိန့်တွေ ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အင်တာနက် သုံးစွဲသူအတော်များများဟာ ဒီသတ်မှတ်ချက်ကို ကြားရတဲ့အခါ သူတို့ရဲ့ ညဉ့်နက်သန်းခေါင် online သုံးစွဲမှုတွေကို တွေးမိပြီး အတော် ထိတ်လန့်သွားကြပါတယ်။

ဒါဟာ အဓိပ္ပါယ်မရှိ၊ ပေါက်တတ်ကရ သတ်မှတ်ချက်လို့ ယူဆပါသလား၊ တစ်ချို့ကတော့ ဒီလို မထင်ကြပါဘူး။ လွန်ခဲ့တဲ့ ၄ ရက်လောက် (၁၁.၁၁.၀၈) က နယူးပေကျင်းနေ့စဉ်သတင်းစာမှာ ဒီအမြင်တွေကို ‘ကန့်သတ်မှုညှိနှိုင်းချက်များ’အနေနဲ့ ဖေါ်ပြခဲ့ပါတယ်။ ‘ဒီနှစ်များအတွင်းမှာ အင်တာနက်စွဲမှုကြောင့် ပျက်စီးတဲ့ ကလေးတွေ အရေအတွက်ဟာ အမြောက်အမြား တိုးလာခဲ့ပါတယ်။ အလုပ်၊ အရက်၊ အစားအစာ၊ ဆေးလိပ်၊ လိင်မှုကိစ္စနဲ့ ဈေးဝယ်မှုစွဲတာတွေကို ရောဂါအဖြစ်သတ်မှတ်သလိုမျိုးပေါ့။ ဒါကြောင့် အင်တာနက်စွဲမှုကို Psychosis- စိတ်စွဲမှု ရောဂါတစ်မျိုး အဖြစ် သတ်မှတ်တာဟာ နှိမ့်ချ စော်ကားတာမျိုး မဟုတ်ဘဲ သိပ္ပံနည်းကျ ခွဲခြားမှုသာ ဖြစ်ပါတယ်။ ဒီလို စွဲလမ်းမှုကို စိတ်စွဲဝေဒနာအဖြစ် အတည်ပြုနိုင်ဖို့ ဆေးပညာဆိုင်ရာ နည်းလမ်းများကတော့ online game server လူများကို အလုပ်အကိုင်တွေ နေရာချထားပေးပြီး internet သုံးစွဲမှုကို ကန့်သတ်တာတွေ ဖြစ်ပါလိမ့်မယ်။ စိတ်ရောဂါကု ပညာရှင်များရဲ့ လေ့ကျင့်ကုသမှုများက ဒီလို ကစဥ့်ကလျားဖြစ်မှုမျိုးဟာ ကုလို့ရနိုင်တယ်လို့ အဖြေထွက်ပါတယ်။ လူနာတွေရဲ့ ၈၀% ဟာ ၃ လအကြာမှာ ပြန်ကောင်းလာနိုင်ပါတယ်။’

အဲဒီကိစ္စကို ဘလော့ဂါတွေက ‘ထိတ်လန့်စရာအကြောင်းအရာ – အင်တာနက်စွဲမှုသည် စိတ်စွဲရောဂါ’ ၊ ‘ကျုပ်တို့အားလုံး စိတ်ဝေဒနာသည်တွေချည်းပဲ’ စသည်အားဖြင့် တုန့်ပြန်ကြပါတယ်။ တစ်ဦးကတော့ ကလေးတွေအနေနဲ့ကြုံတွေ့ရမယ့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှုထောင့်ကနေ ထောက်ပြပါတယ်။ ကလေးတစ်ယောက်ကို အဲဒီလို ဖြစ်ဖူးတယ်လို့ သတ်မှတ်လိုက်ခြင်းက အဲဒီ ကလေးအတွက် တစ်သက်တာ စိတ်ဒဏ်ရာဖြစ်စေမယ်လို့ တုန့်ပြန်ထားပါတယ်။ ကလေးတစ်ယောက်ဟာ ကုသမှုဌာနကို တစ်ခါရောက်ဖူးတာနဲ့ တံဆိပ်ကပ်ခံလိုက်ရသလိုပါပဲ။ ဒီကလေးအတွက် စိတ်ဒဏ်ရာအဖြစ် ထိခိုက်သွားမယ့် အတိုင်းအတာဟာ မှန်းဆ မရနိုင်အောင်ပါပဲ။

* * * * * * * *

စဉ်းစားမိလေ အဖြစ်ဆိုးလေပါပဲနော်။ မြန်မာပြည်သား ဘလော့ဂါလေးများသာ ခြိမ်းခြောက်မှုကြုံတွေ့နေရတာ မဟုတ်တော့ပါဘူး။ အသိပညာတွေ တိုးတက်လာမှုနဲ့အတူ ကုလားထိုင်လှုပ်လာတယ်လို့ ထင်ကြမယ့် အစိုးရတိုင်းက ပြောင်ပြောင်တစ်မျိုး၊ တိုးတိုးတိတ်တိတ်တစ်ဖုံ၊ လွတ်လပ်မှုကို ပိတ်ပင်ဖို့ ကြိုးစားကြမှာပါ။ မြန်မာပြည်လို ‘မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက်’ဆိုပြီး ကမူးရှူးထိုး မပိတ်ပင်ရခင် အရင် အရူးစာရင်းသွင်းဖို့ ကြိုးစားတယ်လို့ပဲ သံသယရှိလိုက်ပါတယ်။ သိတယ်ဟုတ်? ။ ‘သိတာများရင် သေသင့်တယ်’ဆိုတာလေ။

အဲဒီအကြောင်းအရာနဲ့ပတ်သက်လို့ ကွန်မန့်တွေ ရေးထားကြတဲ့အထဲမှာ မူရင်းဆောင်းပါးကို ရည်ညွှန်းပြီး ရေးတဲ့လူတစ်ယောက်ကတော့ ဘာသာပြန်သူဟာ သူပြောချင်တဲ့ အကြောင်းအရာအတွက် ဇောင်းပေးပြောသွားတယ်လို့ ဆိုပါတယ်။ ဒီလို အထင်အမြင်တွေ ဖြစ်လာရအောင် ဘာသာပြန်သူက အရောင်ဆိုးလိုက်ခြင်းသာ ဖြစ်ပြီး တရုတ် အုပ်ချုပ်ရေးပိုင်းက ‘ပြောသလောက်လည်း’ မဆိုးသေးပါဘူး လို့ သူကတော့ ပြောပါတယ်။ အဲဒါတော့ ကျွန်မလည်း စိနဌာနီ တရုတ်ပြည်က ကျုံးဝန်လို့ပြောတဲ့ ပြည်ကြီးဘာသာစကားကို မတတ်ကျွမ်းတော့ မပြောတတ်ကြောင်းပါ။

ဒီစာကို ကျွန်မက ဘာလို့ ထရေးဖြစ်လဲဆိုတော့ ကျွန်မက (သူတို့ သတ်မှတ်ချက်အတိုင်းဆို) အင်တာနက်စွဲရောဂါရှင် ဖြစ်နေပြီမို့ပါ။ စာဖတ်သူတို့လည်း စဉ်းစားကြည့်ကြပေါ့။ ငါသာ တရုတ်ပြည်မှာဆိုရင် အရူးစာရင်းဝင်ပြီလားဆိုတာ။ ။

ကြံကြီးစည်ရာ….. (ဒါပေမယ့် ဒါလည်း ပညာတဲ့)

သူတို့ပြောထားတာကတော့ တကယ် ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပဲ။ အတော်ကို ကတ်သီးကတ်သတ် တွေးတတ်ကြပါပေရဲ့နော်။ (ကြိုတင်ပြီးပြောပါရစေ၊ ဘာသာရေးအယူအဆများကို ခေတ္တမေ့ပျောက်ထားပြီး ပေါ့ပေါ့ပါးပါးလေး တွေးကြည့်ပါလို့။) အပူစွမ်းအင်နည်းပညာဆိုင်ရာ ပါမောက္ခက သူ့ရဲ့ ဘွဲ့ကြိုကျောင်းသားတွေကို အိမ်ယူသွားပြီး ဖြေခဲ့ကြဖို့ စာမေးပွဲမေးခွန်းထုတ်ပါတယ်။ မေးခွန်းက တစ်ခုတည်းပါ။ ‘ငရဲဟာ အပူစုပ်သဘောတရားလား၊ အပူထုတ် သဘောတရားလား၊ သက်သေပြချက်နှင့်တကွ ဖြေပါ’ တဲ့။ student_01ကျောင်းသားအများစုဟာ သူတို့ စိတ်ကူးမိသမျှကို  Boyle’s Law (အငွေ့တွေဟာ ကျယ်ပြန့်တဲ့အခါ အေးလာပြီး ဖိသိပ်ခံရတဲ့အခါ ပူလာတဲ့အကြောင်း)နဲ့ တခြား အကြောင်းအရာတွေကို ကိုးကားပြီး ဖြေကြပါတယ်။ တစ်ယောက်ကဖြေထားတာတော့ ဒီလိုပါ။

ပထမဆုံး ကျွန်တော်တို့ သိဖို့လိုတာက ငရဲရဲ့ ဒြပ်ထုဟာ အချိန်နဲ့လိုက်ပြီး ပြောင်းလဲနေတဲ့အချက်ပါ။ ဒါကြောင့် ငရဲကို ၀ိညာဉ်တွေ ၀င်ရောက်တဲ့ နှုန်းနဲ့ ငရဲကို ၀ိညာဉ်တွေစွန့်ခွါနှုန်းကို သိဖို့လိုပါပြီ။ ငရဲကို ရောက်ပြီးသား ၀ိညာဉ်တစ်ခုဟာ လွတ်လမ်းမရှိဘူးလို့ ကျွန်တော်တို့ ယူဆနိုင်ပါလိမ့်မယ်။

ငရဲကို ၀ိညာဉ်ဘယ်လောက်များများ ၀င်ရောက်နေသလဲဆိုတာနဲ့ ပတ်သက်လို့တော့ အခု ကမ္ဘာပေါ်မှာ ဘာသာကြီးတွေ အမျိုးမျိုး ကွဲပြားနေတာကြည့်ပါ။ တချို့ ဘာသာတွေဟာ သူတို့ရဲ့ ဘာသာဝင်တွေ မဟုတ်ရင် ငရဲကျမှာပဲလို့ ပြောကြပါတယ်။ ဘာသာတွေက အမျိုးမျိုးရှိပြီး လူတစ်ယောက်ကို ဘာသာတစ်ခုထက်ပိုပြီး မကိုးကွယ်ကြတဲ့အတွက် (ယူဆနိုင်တာက) သေသမျှ ငရဲကျမှာပဲ လို့ စဉ်းစားပါတယ်။ အခုခေတ် မွေးဖွားနှုန်းနဲ့ သေဆုံးနှုန်းတွေအရဆိုရင် ငရဲကို ၀ိညာဉ်တွေ ၀င်ရောက်နှုန်းဟာ ထပ်ကိန်းနဲ့ တိုးနေမယ်လို့ ယူဆရပါတယ်။
အခု ငရဲရဲ့ ထုထည်ပြောင်းနှုန်းကို ကြည့်ရအောင်ပါ။ Boyle’s Law က ပြောထားတာအရ ငရဲမှာ အပူနဲ့ ဖိအားကို ပုံသေထားဖို့ဆိုရင် ငရဲရဲ့ ထုထည်ဟာ ၀ိညာဉ်တွေ ၀င်ရောက်လာတာနဲ့အမျှ ကျယ်ပြန့်လာရပါမယ်။ ဒီအခါ ဖြစ်နိုင်ချေ နှစ်ခု ထွက်လာပါတယ်။

၁) ငရဲရဲ့ ကျယ်ပြန့်နှုန်းဟာ ၀ိညာဉ်တွေ ၀င်ရောက်နှုန်းထက် နှေးခဲ့ရင် အပူနဲ့ ဖိအားတိုးလာပြီး နောက်ဆုံး ပေါက်ကွဲထွက်တဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ 

၂) ငရဲကို ၀င်ရောက်လာတဲ့ ၀ိညာဉ်တွေရဲ့ ၀င်ရောက်နှုန်းက ငရဲရဲ့ ကျယ်ပြန့်လာနှုန်းထက် နှေးခဲ့ (နည်းခဲ့)ရင်တော့ ငရဲမှာရှိတဲ့ အပူနဲ့ ဖိအားဟာ တဖြည်းဖြည်း အေးခဲသွားတဲ့အထိ ကျသွားပါလိမ့်မယ်။

အဲဒီတော့ ဘယ်လို ဖြစ်နိုင်ပါသလဲ။

အကယ်၍ ကျွန်တော် ကျောင်းကို ရောက်စနှစ်မှာ ဆရာမ ပြောထားတဲ့ ‘ ငါ နင်တို့ကို သဘောကျဖို့သာဆိုရင် ငရဲမှာ အေးလောက်ပြီ’ ဆိုတဲ့ မှန်ကန်ချက်တစ်ခုကို လက်ခံမယ်ဆိုရင် –  ပြီးတော့ အခုထိလည်း ဆရာမက ကျွန်တော်တို့ကို သဘောမကျသေးဘူးဆိုတာ မှန်နေသေးတာကို ထောက်ရင်၊ အမှတ် (၂) ဖြစ်နိုင်ချေကတော့ မဖြစ်နိုင်တော့ပါဘူး။

ဒါကြောင့် ငရဲဟာ အပူထုတ် သဘောတရားဖြစ်ပါတယ်။

ကဲ……………….. အဲဒီကျောင်းသားဟာ တစ်တန်းလုံးမှာ သူတစ်ယောက်တည်းပဲ A ရခဲ့ပါသတဲ့။

devil_02

စဉ်းစားကြပါ၊ ဖောက်ထွက်တွေးနည်းမျိုးတွေးကြပါလို့ ပြောတဲ့ ကိုတာ ကို သတိရလိုက်တာ။ ဒါမျိုးတွေကလည်း တွေးခေါ်မှုစွမ်းအင်ကို ရင့်သန်စေပါတယ်တဲ့။ ဟီး……………… တစ်ခါတစ်ခါကျ မထင်တဲ့နေရာတွေမှာ မစဉ်းစားမိတာတွေက မမျှော်လင့်နိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတတ်ပြန်ရော။ 😉

 

မြန်မာကလေးများ၊ အနာဂတ်ပျောက်ဆုံးမှုနှင့် စကာင်္ပူကျောင်းများ (၂)

ပထမပိုင်းတုန်းက မြန်မာပြည်ကနေ ပြည်ပကို ထွက်ပြီး တိုးတက်မှုရှာဖို့ တွန်းပို့သလိုဖြစ်နေတဲ့ အခြေအနေတွေအကြောင်းပါ။ အဲဒီအခြေအနေအရ ရွေးချယ်မှုတစ်ခုအနေနဲ့ ပြည်ပရောက်နေသူတွေရဲ့ လက်ရှိအခြေအနေကို ပြောချင်ပါတယ်။ ဒါက ကျွန်မအနေနဲ့ နည်းနည်းတော့ ပြောရခက်ပါတယ်။ ကိုယ်တိုင်က ပြည်ပရောက်နေသူတွေထဲ အပါအ၀င်ကိုး။
ဆောင်းပါးရှင် Sandra Davies က တွေ့ဆုံ မေးမြန်းထားတဲ့လူတွေထဲမှာ ပေါ်လီကျောင်းဆင်းလူငယ်/လူလတ်များ၊ အဲဒီလူတွေရဲ့ မြန်မာပြည်က မိသားစုဝင် (မိဘ/ညီအကို မောင်နှမ)များ၊ လက်ရှိစကာင်္ပူသင်ရိုးအတိုင်း သင်ကြားပေးနေပြီး တစ်နေ့နေ့တစ်ချိန်ချိန်မှာ စကာင်္ပူကို သွားမယ်လို့ ရည်မှန်းထားသူများ ပါဝင်ပါတယ်။ အမြင်အတိုင်းပြောရရင် မြန်မာပြည်က မိသားစုများဟာ ကိုယ့်ကလေး နိုင်ငံခြားသွားပြီး ပညာသင်ဖို့လွှတ်တဲ့အခါ “သွားပေရော့၊ နောင်ပြန်မလာနဲ့” လို့ မရည်ရွယ်၊ မသွန်သင်၊ မတောင်းဆို၊ မခိုင်းစေပါဘူး။ ပြီးတော့ မဖြစ်မနေ ပြန်ကို ပြန်လာမှဖြစ်မယ်၊ ဘယ်လောက်ပဲကောင်းကောင်း၊ တော်တော်၊ မြန်မာပြည်မှာပဲ အတူတူ ရုန်းကန်ကြရအောင် လို့လည်း မတောင်းဆိုပါဘူး။ လက်ရှိ အခြေအနေမှာ မိသားစုနဲ့ အတူတူ ရုန်းကန်တာဟာ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် နောင် အနာဂတ်၊ သူများတတ်တဲ့ပညာ ကိုယ်မတတ်ရင်၊ သူများသိတဲ့အသိ ကိုယ်မသိရင်၊ သူများဘ၀နဲ့ ကိုယ့်ဘ၀ ကြေးတမ်းတိုက်လို့ မရစကောင်းပေမယ့် နောင်တ မရချင်ကြပါဘူး။ ဒီလို အသိစိတ်အခြေခံနဲ့မို့ မြန်မာကလေးတွေ ရောက်လေရာ နေရာတိုင်းမှာ ပိုကြိုးစားဖြစ် ကြတာလို့ ကျွန်မပြောချင်ပါတယ်။
အခု မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ စီးပွါးရေး အခြေအနေဟာ ကိုယ့်ပြည်တွင်းမှာကိုယ် ချစ်တီးသူဌေးနဲ့ ဘုံဘေဘားမားဆီကနေ လက်ဝေခံပြီး ရပ်တည်ခဲ့ကြရတဲ့ ၁၉၃၀ နှစ်များဆီကနဲ့ ဘာမှ မထူးပါဘူး။ ထမင်းနှစ်နပ် ရှာစားဖို့တော့ ဘယ်မှ သွားစရာမလိုပေမယ့် အခြား ကျန်းမာရေး၊ ပညာရေး လိုအပ်ချက်များအတွက်တော့ စဉ်းစားရပါလိမ့်မယ်။ မြန်မာပြည်မှာ ဆေးကုမစားတော့တဲ့ ဆရာဝန်တွေ များလာတာ၊ ဈေးရောင်းစားတဲ့ အင်ဂျင်နီယာတွေများလာတာ၊ ကုမ္ပဏီသူဌေးတွေမှာ ငွေမည်းခ၀ါချလို့ ရောက်လာတဲ့ လှည့်ပတ်ငွေတွေများလာတာ ချက်ခြင်း ဖြစ်လာတဲ့အကြောင်းအရာမဟုတ်ပါဘူး။ ပညာကို သင်ယူခဲ့ကြတုန်းက အကောင်း၊ အဆိုး၊ အသင့်၊ မသင့်၊ အသုံးတည့်၊ မတည့်၊ ဒါတွေအတွက် သင်ခဲ့ကြတာပါ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းပဲ ဆက်လက်သုံးစွဲရပ်တည်မယ်ဆိုရင် မြန်မာပြည်ဟာ ပတိရူပဒေသအချက် စံချိန်မမီပါဘူး။ ပညာကို အသုံးချဖို့ စိတ်ရဲ့ လွတ်လပ်မှု၊ ပညာရှာသူရဲ့ လွတ်လပ်မှု၊ ပညာပေးသူရဲ့ လွတ်လပ်မှု၊ ပညာဆွေးနွေးရာမှာ လွတ်လပ်မှု ဒါတွေမရှိတဲ့ ဒေသဟာ ပညာရပ်တစ်ခု ထွန်းကား ရပ်တည် အသုံးကျဖို့ ပတိရူပဒေသ မမည်ပါဘူး။
အခု ဒီဆောင်းပါးရှင်တွေ့ပြီး မေးထားတဲ့အထဲမှာ ပေါ်လီကျောင်းဆင်းပြီး PR ဘ၀နဲ့ စကာင်္ပူနိုင်ငံသား-အိမ်ထောင်ဖက်လောင်းနဲ့ အခြေချမယ်ဆို ချဖို့ အဆင်သင့်ဖြစ်နေတဲ့ လူငယ်ပါပါတယ်။ (ခွင့်လွှတ်ပါနော်။ ကျွန်မတို့နဲ့ သက်တူရွယ်တူဖြစ်ပါတယ်။ အခု ဒီဆောင်းပါးက လူငယ်တွေအနေနဲ့ ရေးတာမို့ပါ၊) သူကတော့ အခုထိ စကာင်္ပူနိုင်ငံသားအဖြစ်ခံယူဖို့ စိတ်ကူးမရှိပါဘူးတဲ့။ အကြောင်းကတော့ မြန်မာပြည်မှာ ကျန်ခဲ့မယ့် မိသားစုကို သူ့အနေနဲ့ မစွန့်လွှတ်နိုင်လို့ပါ။ ဆောင်းပါးရှင်က မေးထားတဲ့ မိဘအတော်များများကို သုံးသပ်ထားတဲ့အချက်တစ်ချက်ရှိပါတယ်။ မိဘတွေက သားသမီးတွေကို မြန်မာနိုင်ငံကနေ ဝေးလေ ကောင်းလေဆိုပြီး ပို့ပေးကြတာပါတဲ့။ ဒီကလူငယ်တွေ မိုက်လိုက်တာလို့ ပြောချင်ပုံပါ။ ဒီလို ကျောင်းလာတက်ကြတဲ့ လူငယ်အများစုဟာ မိဘအိမ်မှာ ဘယ်လိုပဲ နေလာခဲ့ကြသည်ဖြစ်စေ၊ ဘယ်အဆင့်အတန်းမျိုးက လာခဲ့ကြသည်ဖြစ်စေ၊ မိဝေးဖဝေးဘ၀ရောက်တဲ့အခါ စိတ်ဓါတ်အားတင်းပြီး ကြိုးစားရပ်တည်ခဲ့ကြရတာချည်းပါပဲ။ ဒီအခြေအနေက ဘ၀ပေးအသိလို့ ခေါ်ရမယ်ထင်ပါတယ်။  
ဒီလူတွေ ထူးချွန်ထက်မြက်လာတဲ့အခါ အခြား နိုင်ငံတကာဆီကို ဆက်လက် ပြောင်းရွှေ့ပြီး သင်ယူမှု၊ အသုံးချမှုတွေ ဆက်လုပ်ပါတယ်။ ဒါပေမယ့် တံဆိပ်အကပ်ခံရတာက စကာင်္ပူပညာရေးစနစ်က ပေးတဲ့ တံဆိပ်နဲ့ပါ။ ကိုယ့်တိုင်းပြည်က လူရယ်လို့ မရပ်တည်နိုင်ဘဲ စကာင်္ပူနိုင်ငံမှာ ပညာသင်လာခဲ့တဲ့ ဘွဲ့၊ အတွေ့အကြုံတွေနဲ့ ရပ်တည်ရတာပါ။ အဲဒီအတွက် ကျွန်မတို့တွေ ဂုဏ်ယူနိုင်မယ် ထင်ပါသလား။ ကိုလိုနီခေတ်က ကာယဗလဦးဇော်ဝိတ်တို့၊ ဂျာမနီအိုလံပစ်ကို ရောက်ခဲ့ပါတယ်။ အစွမ်းပြခွင့်ရခဲ့ကြပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံသားများအဖြစ် ပန်ချာပီဗောင်းထုပ်ကြီးတွေဆောင်းပြီး သွားခဲ့ကြရတာပါ။ ရှင်းရှင်းပြောရရင် ကိုယ့်တိုင်းပြည်က ကိုယ့်လူမျိုးတွေရဲ့ အရည်အချင်းတွေဟာ နေရင်းထိုင်ရင်းကိုပဲ လူမျိုးခြား၊ နိုင်ငံခြားတံဆိပ် အကပ်ခံနေရတာပါ။
ဒီအကြောင်းတွေထဲမှာ ကျွန်မ လူတစ်ချို့အကြောင်းကို ချန်ခဲ့ချင်ပါတယ်။ ဒါပေမယ့် သူတို့လည်း ပါမှ ပြည့်စုံမှာမို့ ထည့်ရေးရပါ့မယ်။ ‘ပြည်တွင်းဖြစ် မြန်မာနိုင်ငံခြားသားတွေ’ အကြောင်းပါ။ ကိုယ့်လူမျိုး၊ ကိုယ့်အရည်အသွေး၊ ကိုယ့်အခြေအနေကို အမေ့ကြီးမေ့ပြီး ကိုယ်ရောက်နေတဲ့ နေရာကို အသားကျလွန်သွားသူများပေါ့။ ဆရာကြီး လူထု ဦးစိန်ဝင်းက ပြတ်ပြတ်ပဲ ပြောသွားတဲ့ ဆောင်းပါးကို ဒီနေရာမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဒါမျိုးတွေအတွက်တော့ ကျွန်မတို့က မြန်မာနိုင်ငံသားစာရင်းမှာ ထည့်မတွက်စေချင်ပါဘူး။
ပြည်တွင်းက အရည်အချင်းရှိသူများ ပြည်ပကို ရောက်ကုန်တဲ့ ဦးဏှောက်ယိုစီးမှုကို တတိယကမ္ဘာက ဖွံ့ဖြိုးမှုနည်းနေတဲ့/ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ရင်ဆိုင်ကြရတာ ထုံးစံပါ၊ ဘရာဇီးက ခြေထောက်ယိုစီးမှုလို့ ဘောလုံးသမားတွေသိကြပါတယ်။ ကျွန်မတို့ဆီက ယိုစီးသွားတဲ့ ဦးဏှောက်တွေ ဘယ်အချိန်ပြန်ရောက်လာမလဲ၊ ပတိရူပဒေသဖြစ်မယ့်အချိန်ကို စောင့်နေကြပါတယ်။ ပါလက်စတိုင်းတွေလို ကိုယ့်မြေကို စွန့်ခွာခဲ့ရသူတွေပါ။ ဒါပေမယ့် ဂျူးလူမျိုးတွေလို တိုင်းပြည်ထူထောင်ဖို့ ပြန်လာတဲ့အခါ ဦးဏှောက်အပြည့် ပါလာဖို့ပဲ ကျွန်မ မျှော်လင့်ပါတယ်။ စီးပွါးရေးအရတော့ ဂျူးတွေလို ကျောထောက်နောက်ခံရှိဖို့ မလွယ်ဘူးပေါ့ရှင်။ ကိစ္စမရှိပါဘူးလေ၊ ကမ္ဘာအရပ်ရပ်က ဘဏ်တွေမှာ ပြန့်ကျဲနေတဲ့ မြန်မာ့အဆီအနှစ်တွေကို ပြန်လည်အသုံးချခွင့်ရနိုင်ကောင်းပါရဲ့။ အဲဒီလို တိုင်းပြည်ထူထောင်ချိန်ကျရင်ပေါ့လေ။  😀
အရေးကြီးတာတစ်ခု မေ့ခဲ့တော့မလို့။ အခု စစ်အာဏာရှင်စနစ်က ထိုးကျွေးလို့ အစားခံနေကြရတဲ့ တတ်/သိ ပညာရှင်တွေဟာ အစားခံရတဲ့ဘ၀မှာ ပျော်မွေ့နေမယ်သာဆိုရင် နိုင်ငံတကာမှာ ရှိနေသမျှ မြန်မာသံရုံးတွေဟာ အခွန်တစ်ပြားတစ်ချပ်မှ ရတော့မှာ မဟုတ်ဘူးရှင့်။ ရောက်ရာနေရာမှာ နိုင်ငံသားအဖြစ် ခံယူသွားကြမှာကိုး၊ အခုထိတော့ ကျွန်မတို့ သိသမျှမှာ မြန်မာလူမျိုးတွေဟာ အခြား နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ကူးပြောင်းမှု အနည်းဆုံးပဲလို့ ကြားရပါတယ်။ သံရုံးနဲ့ အခြား အခွန်ထမ်းစနစ်တွေ ဘယ်လိုပဲ နှိပ်စက်နှိပ်စက်၊ အခု ထိတော့ ကျွန်မတို့ မြေကို ကျွန်မတို့ မစွန့်လွှတ်ရသေးဘူးလို့ပဲ စိတ်ဖြေနေကြရပါတယ်။ မြန်မာပြည်တွင်းမှာ ပညာမတတ်လေ၊ ကောင်းလေဆိုတဲ့ စီမံချက်ကို တတ်နိုင်သမျှ အကောင်အထည်မပေါ်ရအောင် ကြိုးစားပြီး ပညာသင်ယူခဲ့၊ သင်ယူဆဲ လူငယ်များဘ၀တုန်းက ကျွန်မတို့ ရုန်းကန်ခဲ့ကြပါပြီ။ ဆက်လက် ရုန်းကန်နေကြတုန်းပါပဲ။ ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်ပေါ့။