မြန်မာကလေးများ၊ အနာဂတ်ပျောက်ဆုံးခြင်းနှင့် စကာင်္ပူ ကျောင်းများ-၁

အမှန်တော့ link တစ်ခုနဲ့ မူရင်းစာကို ချိတ်ပေးချင်တာပါ။ Straits Times က အလကားအလကား Subscription ၀င်လို့မရပါဘူးတဲ့။ ဟုတ်သားပဲ၊ Readers’ Digest လို သူတို့အားကျရတဲ့ စာစောင်မျိုးတွေလောက် ပရိသတ် အင်အား မရှိတော့ ရှိပြီးသားစောင်ရေလေး ကျသွားမှာစိုးတာနဲ့ online subscription ကို ကန့်သတ်ထားပါတယ်။ သည်းခံကြပါနော်။ ကျွန်မရေးသမျှပဲ မြင်ရတော့မှာပေါ့။ တစ်ဖက်သတ်ကြီးမို့ အားတော့နာသား။

မြန်မာကလေးတွေ စကာင်္ပူကို ကျောင်းလာတက်ကြ၊ ကျောင်းပြီးကြတော့လည်း အလုပ်လုပ်ကြ၊ ဒါမှမဟုတ် အလုပ်လာရှာကြ၊ အဆင်ပြေတော့လည်း ကျောင်းတက်ကြ ဆိုတာ စကာင်္ပူရောက်/မရောက် မြန်မာတွေ တော်တော်များများ သိပြီးသား ဘ၀ထွက်ပေါက် ဖော်မြူလာထဲမှာ ပါပါတယ်။ ကျွန်မကိုယ်တိုင် စာသင်ပြတဲ့ Study Guide ဘ၀နဲ့ စကာင်္ပူသင်ရိုးအတိုင်းသင်တဲ့ ကလေးတွေကို ကြုံဆုံဖူးပါရဲ့။ မိဘအနေနဲ့ ကိုယ့်ဝန်ကိုယ့်အား ခံနိုင်မယ်ဆိုရင် ကိုယ့်သားသမီးကို စကာင်္ပူကို ကျောင်းပို့ထားတာက မြန်မာပြည်ထက်တော့ တိုးတက်မှုမြန်မယ်ဆိုတာ သိသားပေါ့ရှင်။ ဒါကြောင့်ကိုပဲ မြန်မာပြည်မှာ education fair တွေ မကြာမကြာလုပ်ပြီး စကာင်္ပူကျောင်းတွေ ဈေးကွက်ရှာနေကြတာပေါ့။ အောင်လည်း အောင်မြင်ကြပါတယ်။ ဒီဆောင်းပါးမှာ စာရေးသူ Sandra Davies (ကျွန်မက ထင်မိထင်ရာဖတ်လိုက်မိတာ စန္ဒာဒေ၀ီ ပေါ့- senior writer ဆိုပဲ) က သေသေချာချာ (အတော့်ကို သေသေချာချာ) စစ်တမ်းကောက်ပြီး ရေးထားပါတယ်။ ခြွင်းချက်တော့ ရှိသပေါ့- သူမေးတာ RV ကိုပါ။ စကာင်္ပူလူမျိုးက ထောင်ထားတဲ့ မြန်မာပြည်မှ စကာင်္ပူသို့ ကျောင်းသားကုန်ကူးလုပ်ငန်းပါ။ တခြား service တွေရှိပေမယ့် သူမေးဖို့ အခွင့်မသာဘူးနဲ့တူပါရဲ့။ ကဲ- စာရေးသူ အပုပ်ချမှုတော့ တော်ပါတော့မယ်။ စာအကြောင်း ဆက်ပြီး ဝေဖန်၊ လေကန်ပါမယ်။

သူ့ဆောင်းပါးကို ကျွန်မ ဥာဏ်မီသလောက် လိုက်ဖတ်ကြည့်လိုက်တာ မြန်မာတစ်ပြည်လုံးက ရှိသမျှ အိမ်ထောင်စုတွေရဲ့ အိပ်မက်က စကာင်္ပူတွင် ကျောင်းတက်ရန်၊ ထို့ထက်ပိုလျှင် (ကိုလိုနီအရှင်သခင်ဟောင်းဖြစ်သော) ဗြိတိန်သို့သွားရန်၊ ထိုသို့မသွားလျှင် မိသားစုအတွက် အနာဂတ်လုံးဝမရှိကြောင်းလို့ ပြောထားတာတွေ့ပါတယ်။  ရှင်းရှင်းပြောရရင် စကာင်္ပူ စီးပွါးပျက်ကပ်ကာလကို မြန်မာ မိသားစုများရဲ့ ပညာရေးအသုံးစရိတ်နဲ့ ကျားကန်ဖို့လို့ပဲ ကျွန်မ နားလည်လိုက်ရတယ်။

မြန်မာပြည်မှာ Education Fair လုပ်တိုင်း တစ်ခဲနက် စိတ်ဝင်စားကြကြောင်း၊ အဓိက မေးတာက ကျောင်းပြီးရင် အလုပ်ရဖို့ဖြစ်ကြောင်း၊ ပေါ်လီကျောင်းဆင်းပြီးရမယ့် အနိမ့်ဆုံးအခြေခံလခ ၁၈၀၀ ဆိုတာ စကာင်္ပူနိုင်ငံသားတွေအတွက် တော်သင့်ရုံ ဖြစ်ကောင်း ဖြစ်ပေမယ့် မြန်မာအိမ်ထောင်စုတွေအတွက် ရွှေပုံကို ခလုတ်တိုက်ရသလိုဖြစ်ကြောင်း (ဒါကိုသူက မသိမသာ သာသာထိုးထိုး ရေးသွားပါတယ်)၊ ဒါကြောင့် လူလတ်တန်းစား (သူပြောသွားသလိုဆိုရင် အသေးစားစီးပွါးရေး လုပ်ငန်းရှင်များ၊ စစ်ဘက်ဆိုင်ရာနှင့် တန်းတူလိုက်သော ပိုင်ဆိုင်မှုရှိသူများ) အိမ်ထောင်စုတွေဟာ ရှိစုမဲ့စု ကားရောင်း၊ အိမ်ပေါင်ပြီး သားသမီးများကို စကာင်္ပူမှာ ကျောင်းထားဖို့ ရွေးချယ်ကြကြောင်း၊ သူပြောသွားတဲ့အချက်အလက်တွေက မမှန်လို့လားဆိုတော့ မှန်လွန်းအားကြီးလို့ စိတ်တောင် အတော် နာဖို့ကောင်းသွားတယ်။ ကိုယ့်ဘ၀ကိုယ်လေ၊ မြန်မာပြည်မှာ လူဖြစ်ရတာ ဘယ်လောက်များ အောက်ကျနောက်ကျ နိုင်လိုက်လဲ။

မျက်နှာဖုံးမှာ တင်ထားတဲ့ ကလေးမလေးက ၇ နှစ်သမီးပါ။ သူပြောထားတာက သူ့အတွက် စကာင်္ပူသင်ရိုး (အထူးသဖြင့် သချာင်္ဘာသာရပ်)ဟာ ခက်ခဲတဲ့အကြောင်း၊ ဒါပေမယ့် သူ့မိဘတွေအနေနဲ့ သူဒါကို ကျော်ဖြတ်နိုင်ဖို့ မျှော်လင့်ထားကြောင်းနဲ့ စပြောထားတာပါ။ မြန်မာကလေးတွေရဲ့ သင်ရိုးညွှန်းတန်းဟာ ခေတ်နဲ့ လျော်ညီခြင်းမရှိတဲ့အတွက် ဒီလို အခက်အခဲမျိုးတွေ တွေ့ကြုံရတာလို့လည်း ပြောပါတယ်။ အထူးသဖြင့် အင်္ဂလိပ်စာ သင်ခန်းစာများဟာ အခြေခံကျလွန်းတဲ့အတွက် မြန်မာကျောင်းသားများအနေနဲ့ ဘာသာစကား အခက်အခဲ ကြုံကြရတယ်လို့ ဆိုပါတယ်။ သူ ၀န်ခံထားရတာကတော့ သချာင်္နဲ့ သိပ္ပံဘာသာရပ်တွေမှာ မြန်မာကျောင်းသားတွေရဲ့ ထူးချွန်မှုပါပဲ။ ဒါကြောင့် ခပ်ပါးပါးလေးပဲပြောသွားတာ တွေ့ရပါတယ်။

အဲဒီဆောင်းပါးရဲ့ အထောက်အကူအဖြစ် စကာင်္ပူမှာ ပိုလီကျောင်းဆင်းပြီး အလုပ်လုပ်နေကြပြီဖြစ်တဲ့ မြန်မာလူငယ်တွေကို မေးမြန်းထားတဲ့ ဆောင်းပါး၊ ပေါ်လီကျောင်းမှာ ထူးချွန်ဆုတွေ တစ်သီကြီးရခဲ့တဲ့ မြန်မာနိုင်ငံထွက် ကျောင်းသားတွေရဲ့ မိဘတွေကို မေးမြန်းထားတဲ့ ဆောင်းပါး၊ ပြီးတော့ ကျောင်းဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ ကျောင်းသားတစ်ချို့ရဲ့ သဘောထားမေးမြန်းမှုဆောင်းပါးတွေကို အထူး Special Report (အောက်တိုဘာ ၁၁ရက် စနေနေ့ထုတ်) Singapore Dreaming အနေနဲ့ ပံ့ပိုးထားပါသေးတယ်။

သူ့မူရင်းဆောင်းပါး စကာင်္ပူကျောင်းတက်ရေး အိမ်မက်-ကို သိုင်းဝိုင်းထားသမျှဆောင်းပါးတွေမှာ သိသိသာသာ အကြိမ်ကြိမ်ဖော်ပြထားတာ မြန်မာပြည်ရဲ့ အထည်ကြီးပျက် ပညာရေးစနစ်နဲ့ ချွတ်ခြုံကျ စီးပွါးရေးအခြေအနေကိုပါ။ ကောင်းပြီ၊ ကျွန်မ အထည်ကြီးပျက်လို့ နာမည်တပ်တာ အကြောင်းရှိပါတယ်။ လွတ်လပ်ရေးရပြီးကာစ မြန်မာနိုင်ငံရဲ့ ပညာရေးအဆင့်အတန်းဟာ အရှေ့တောင်အာရှမှာ လေးစားရလောက်တဲ့အခြေအနေမှာရှိကြောင်း၊ မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်များစွာ ကြွယ်ဝကြောင်း၊ စစ်အစိုးရ ၁၉၆၂ ခုနှစ်မှာ တက်လာတာကစလို့ အခြေအနေတွေ ဆိုးဝါးနိမ့်ကျလာကြောင်း၊ ဒါတွေ လူတိုင်းသိပြီးသားပါ။ အထည်ကြီးပျက်ဆိုတာ နဂို မရှိတာကို အတင်းကောက်စုပြီး ရှိအောင်လုပ်လို့ ရှိမလာနိုင်တဲ့ အကောင်းတွေ ကျန်နေတတ်ပါသေးတယ်။ ဟောင်းပေမယ့် ကောင်းသေးတာမျိုးပေါ့ရှင်။ မကောင်းတာက တစ်မျိုးပဲရှိတယ်။ “ငါ အဲဒီလောက် မနိမ့်ကျသေးဘူး” လို့ ကိုယ့်စိတ်ကိုယ် လှည့်စားတဲ့အကျင့်၊ အဲဒါ အထည်ကြီးပျက်ဘ၀ရဲ့ ဆိုးကွက်ပဲလို့ ကျွန်မ ယူဆတယ်။ မြန်မာနိုင်ငံရဲ့ သင်ရိုးညွှန်းတမ်းဟာ အတန်းစဉ်အလိုက်ပဲဖြစ်ဖြစ်၊ တစ်နှစ်စာအတွင်းပဲဖြစ်ဖြစ် သေသေချာချာ အကောင်အထည်ဖော်နိုင်၊ သင်နိုင်ရင် အင်မတန်ကောင်းတဲ့ အစီအစဉ်ဖြစ်ကြောင်း ဆရာအိုကြီးများ ပြောလေ့ရှိကြပါတယ်။ မှန်ပါတယ်။ သင်ရိုးဟာ ကောင်းပါတယ်။ လွယ်ကူနီးစပ်တဲ့အခြေခံကနေ လက်တွေ့အသုံးချအဆင့်အထိ စီကာစဉ်ကာ ပညာပေးသွားတာ အလွန်ကောင်းပါတယ်။ သို့သော်- ဆရာ/ဆရာမတွေခမျာ စာသင်ချိန် ကောင်းကောင်းမရကြရှာပါဘူး။ စာသင်ချိန်မှာ တာဝန်ကျ လက်ပတ်ပတ်ပြီး ကျောင်းစောင့်ရပါတယ်။ အခြား အရည်မရ၊ အဖတ်မရ၊ ဘာမဆိုင်၊ ညာမဆိုင် အစည်းအဝေးတွေမှာ ၀တ်စုံပြည့် တက်ရောက်ရပါတယ်။ ဟိုစာပိုဒ်ဖြုတ်၊ ဒီစာပိုဒ်ဖြည့်ဆိုတဲ့ ဘာမဟုတ်၊ ညာမဟုတ် သင်ရိုးပြင်ဆင်ချက်တွေ မကြာခဏပြောင်းတိုင်း သင်ရိုးမွမ်းမံသင်တန်း ပြေးတက်ပြီး နောက်ဆုံးတော့ ရသမျှအချိန်လေးမှာ သိချင်သလောက်သာ သိသွားပါစေတော့ရယ်လို့ စိတ်လျှော့ပြီး သင်နိုင်သမျှလေးတွေ အပြေးအလွှားသင်ပေးလိုက်ကြရပါတော့တယ်။ ဒါ – စေတနာ ဆရာ/ဆရာမများ ကြုံကြရတဲ့ ဒုက္ခပါ။

တပည့်တွေမှာလည်း မျက်စိသူငယ်၊ နားသူငယ်နဲ့ မူကြိုတက်ပါပြီဆိုကတည်းက ကျောင်းကြီးမှာသင်မယ့် စာတွေကို ကြိုတင် သင်ယူကျက်မှတ်ကြရပါပြီ။ အဲဒီလောက် အခြေခံခိုင်အောင် ဘယ်လိုများ သင်လိုက်ကြလဲ မသိပေမယ့် အတန်းကြီးလာလေ၊ ကိုယ်သင်တဲ့စာနဲ့ ကိုယ်နဲ့ အလှမ်းကွာလာလေ ဖြစ်ဖြစ်လာကြတာ များပါတယ်။ ဒီနှစ်သင်လိုက်တဲ့စာဟာ နောက်တစ်နှစ်အတွက် ကြိုတင် သိထားသင့်တဲ့ အခြေခံအချက်တွေဆိုတာ မဟပ်မိသရွေ့ ကိုယ့်မှာရှိတဲ့ ကောင်းတဲ့အချက်ကို ထုတ်သုံးတတ်ဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်မဟာ ပညာရေး အသိုင်းအ၀ိုင်းက လာသူပါ။ မူလတန်းပြဆရာမ၊ လက်ထောက်တိုင်းပညာရေးမှူး (အငြိမ်းစား)နဲ့ ပါရဂူဘွဲ့ရ တက္ကသိုလ် လက်ထောက်ကထိက ဆိုတာ မိသားစုဝင်တွေဆိုတော့ ပညာရေးလောက တစ်ခုလုံးနဲ့ နည်းနည်း နီးစပ်တယ်ပြောရမှာပေါ့ရှင်၊ (ကြုံတုန်း ကြွားထားမှ  😀 ) ကျွန်မကိုယ်တိုင်ကတော့ ကိုယ့်အသိပညာကို အချိန်နဲ့ ၊ ငွေနဲ့ လဲတဲ့ Study Guide လုပ်ခဲ့ဖူးပါတယ်။ စုံပြီနော်။

မြန်မာပြည်ရဲ့ သချာင်္သင်ရိုးညွှန်းတမ်းဟာ အင်မတန် ပြည့်စုံပြီး အဆင့်မီတဲ့သင်ရိုးဖြစ်ပါတယ်။ စဉ်းစားတွေးခေါ်မှုကို အလွန်အားပေးတဲ့အတွက် သချာင်္ကို အခြေခံတဲ့ ပညာရပ်တွေကို ဆက်လက်သင်ယူသူများအားလုံး အခြားအခြေအနေများမှာ လိုက်မမီဘူးဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ မြန်မာပြည်ရဲ့ အင်္ဂလိပ်စာ သင်ရိုးဟာ အချိန်နဲ့ သိရမယ့်အကြောင်းအရာ တိုက်ဆိုင်ကြည့်ရင် ကိုက်ညီမှုရှိပါတယ်။ အခြေခံပညာ သင်ရိုးမှာ ၀ါသနာပါသူများ ပြန်ကြည့်ကြည့်ပါ။ သဒ္ဒါနဲ့ ဝေါဟာရကို တွဲဖက်ပေးသွားတဲ့စနစ်ဟာ ပြည့်စုံမှု ထိုက်သင့်သလောက်ရှိပါတယ်။ လေ့လာစရာ စာပေများကို ပြဌာန်းတဲ့အခါ ကျယ်ကျယ်ပြန့်ပြန့် မညွှန်းတဲ့အတွက် ထိုက်သင့်သလောက်လို့ ပြောတာပါ။ အမှန်တော့ အောက်သက်ကျေသူများ သိကြပါလိမ့်မယ်။ အခက်အခဲရယ်လို့ ပြောစမှတ်တွင်လောက်အောင် ကိုယ့်ပညာအခံက မနိမ့်ကျသေးပါဘူး။ ပတ်ဝန်းကျင်ခေတ်အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်တဲ့ အသုံးအနှုန်းတွေ၊ တွက်ချက်မှုစနစ်တွေသာ ဖြည့်သွင်းလိုက်ရင် ခေတ်မီဆဲပါ။

စိတ်မကောင်းစရာတစ်ခုကတော့ မြန်မာသမိုင်းပါ။ အမှန်ကို သိမှ သင်ခန်းစာယူနိုင်မှာဖြစ်တဲ့ သမိုင်း-ဆိုတာကို အရောင်ဆိုးတဲ့ သင်ခန်းစာတွေ ထည့်သွင်းလိုက်တဲ့အတွက် အုတ်အရောရော ကျောက်အရောရော သမိုင်းဖြစ်ပြီး နိုင်ငံကြီးသားအထည်ကြီးပျက်ဘ၀ကို ပိုပြီး အားပေးနေသလို ဖြစ်ပါပြီ။ သင်ရိုး စီစဉ်ပုံ ကောင်းသော်ငြား ထည့်သွင်းတဲ့ သင်ခန်းစာ အမှားများကြောင့် လေ့လာသူ စိတ်ဆင်းရဲရပါလိမ့်မယ်။ ဒီဘာသာရပ်မှာ သေသေချာချာ တန်ဖိုးထားပြီး လေ့လာလိုက်စားသူ မကျန်တော့သလောက်ဖြစ်နေပါပြီ။ ခုထိ တင်းခံထားတာကတော့ ပထ၀ီဝင်ဘာသာ လို့ ပြောရပါလိမ့်မယ်။ တကယ် စိတ်ပါဝင်စား သင်ယူမယ်ဆိုရင် မြန်မာပြည် ပထ၀ီသင်ရိုးဟာ (စာရင်းဇယားလိမ် ကိန်းဂဏန်း များကလွဲရင်) concept မိတုန်းပါ။ ဆက်လက် လေ့လာမယ်ဆိုရင် အခြေခံကောင်းတွေ ရနိုင်ဆဲပါ။ လေ့လာသူပေါ်မူတည်ပါတယ်။

အဆင့်မြင့်ပညာရေးဆိုတာကျတော့ ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အတိုင်း ပြန်ပြောပြပါမယ်။ ပံ့ပိုးမှု မဖြစ်စလောက်နဲ့ ကျပ်တည်းလှတဲ့ အချိန်ကန့်သတ်ချက်ကြားမှာ အကောင်းဆုံး စီမံခန့်ခွဲသူတွေ ပေါ်ထွက်လာစေပါတယ်။ သင်ရိုးအရဆိုရင် အခု တိုးတက်နေတဲ့ နည်းပညာများအားလုံးရဲ့ အခြေခံသဘောတရားများကို နားလည် ဆုပ်ကိုင်နိုင်ရပါ့မယ်။ အချိန်ကန့်သတ်ချက်အရ အဲဒီသင်ရိုးရဲ့ အခြေခံသဘောကို နားလည်ရုံမျှသာ ကျွန်မ တတ်နိုင်ခဲ့ပါတယ်။ ပိုဆိုးတာက ကျွန်မ အထူးပြုယူထားတဲ့ အီလက်ထရွန်းနစ်နဲ့ ဆက်သွယ်မှု နည်းပညာဆိုတာ ကမ္ဘာမှာ တိုးတက်မှုအမြန်ဆုံးနည်းပညာထဲမှာ ပါပါတယ်။ သင်ထောက်ကူပစ္စည်း၊ လက်တွေ့စမ်းသပ်မှု၊ လက်တွေ့ခန်း အသုံးပြုမှုအားနည်းချက်တွေ ရှိတာမှန်ပေမယ့် ကျွန်မတို့ဟာ ကိုယ့်စားရိတ်နဲ့ကိုယ် စာအုပ်ရှာ၊ ပစ္စည်းစု၊ (ကျူရှင်တက်တဲ့လူလည်း တက်ကြတာပေါ့လေ) သင်ကြားမှုနည်းစနစ်၊ လေ့လာမှုနည်းစနစ်များ အများကြီး တိုးတက်လာခဲ့ပါတယ်။ (စာစုကျက်၊ Assignment စုတင်၊ စာကြည့်တိုက်မှာ စာအုပ်လုငှါး၊ သူများလုပ်တဲ့ ပရောဂျက်မှာ ယောင်ဝါးဝါးလိုက်ပါ) ဆိုတဲ့ အခြေခံ နည်းပညာများအပြင် အင်တာနက်မှ လေ့လာစရာ ရှာဖွေခြင်း၊ ကိုယ်သင်ထားသမျှကို အခြေခံပြီး ကိုယ်လိုက်မမီအောင် တိုးတက်တီထွင်ထားသမျှ ပါးစပ်အဟောင်းသား ကြည့်ခြင်းဆိုတဲ့ အဆင့်မြင့် လေ့လာမှုနည်းပညာများပါ တတ်မြောက်ခဲ့ရပါတယ်။ ဒါက အဆင့်မြင့်ပညာ လေ့လာမှုပါ။

အဲဒီလို ကောင်းတဲ့အချက်လေးတွေရှိနေပေမယ့်လည်း မြန်မာပြည် ပညာရေးစနစ်ဟာ နာမည် မကောင်းရှာပါဘူး။ တက္ကသိုလ်ပေါသလောက် ပညာရေး အဆင့် မြင့်မလာသလို၊ ပါရဂူ များပြီး တွေ့ရှိမှုတွေလည်း သစ် မလာပါဘူး။ တံဆိပ်ကပ်ခံထားရတယ်လေ – အထည်ကြီးပျက်ပါ လို့။ နိုင်ငံတကာကို ထွက်သွားလို့ ပါရဂူ ၂၃ ယောက်ကို သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနက တရားစွဲ အကြွေးတောင်းတာလေး ပြန်ကြည့်ကြည့်ပါ။

မွေးနေ့ မင်္ဂလာမှသည်

ညီမငယ်လေး တစ်ယောက်ရဲ့ မွေးနေ့ပါ။ နာမည်ကတော့ ထနောင်းပေါ့။

သူ့ရဲ့ ဘ၀အပေါ်သဘောထားက ရှင်းတယ်ရှင့်။ လုပ်စရာရှိတာ၊ လုပ်သင့်တယ်လို့ သူကိုယ်တိုင်ခံယူတာကို လုပ်နိုင်သလောက် လုပ်သွားမှာပဲတဲ့၊ ကျန်တဲ့ ရလဒ်ဆိုတာက တခြား အခြေအနေတွေလည်း ရှိသေးတော့ လုပ်သလောက်မရလည်း ရသလောက်တော့ လုပ်နေမှာပဲတဲ့။ အဲဒီလို ရှင်းလင်းတဲ့ အတွေးအမြင်ရှိထားတဲ့ ညီမလေးဆိုတော့ သူ့ကို ဆုတောင်းပေးဖို့က ခပ်ခက်ခက်ပဲ။

 “Happy Birthday!” လို့ ပြောတာကို ကျွန်မက မွေးနေ့မှာ ပျော်ရွှင်ပါစေ ၊ ဒါမှမဟုတ်၊ ပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ လို့ အဓိပ္ပါယ်ပေါက်ပါတယ်။ သူက ဘ၀ကို ဘယ်လို ပုံစံမျိုးနဲ့ပဲ ကြုံရသည်ဖြစ်စေ တတ်နိုင်သမျှ အေးအေးချမ်းချမ်း ဖြတ်သန်းလိုသူ၊ ဖြတ်သန်းဖို့ ကြိုးစားသူပါ။ အချိန်တိုင်း၊ အခြေအနေတိုင်း၊ အဖြစ်အပျက်တိုင်းကို မျှတတဲ့ သဘောထားလည်း ထားနိုင်ပါသေးတယ်။ (ကျွန်မက စိတ်မရှည်ဘူးရှင့် 😦 )

ဒါက ကျွန်မတို့ရဲ့ စည်ကားတဲ့ မွေးနေ့အခမ်းအနားက မွေးနေ့ ကိတ်ကလေးပေါ့။

ဒီတော့ ကျွန်မက စိတ်ကို အေးအေးချမ်းချမ်းလေး ထားပြီး သူ့အတွက် ဆုတောင်းပေးချင်ပါတယ်။ နောင် နှစ်ပေါင်းများစွာ၊ အချိန်တိုင်းကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ ……………………..

ကဲ၊ ဒါပါပဲ ညီမလေးရေ။ အမက စကားပြော မပြေပြစ်တတ်လို့နော်။ လိုအင်ဆန္ဒတွေနဲ့ လိုအပ်မှုတွေကြားမှာ ခေါင်းနောက်ရတိုင်း အားပေးဖော်ညီမလေးအတွက်

လူမျောက်ဒုက္ခအပြီး တကယ်မျောက်ရဲ့ တကယ်ဒုက္ခ


ဒီဘလော့က မျောက်အကြောင်းပဲ မျက်စိကျနေတာပဲနော်။ မျောက်ကို ခြောက်ဖို့ လူက ဒုက္ခခံရတာက အိန္ဒိယမှာပါ၊ အခု လူတွေက မျောက်ကို ခိုင်းနေတာပါ၊ မျောက်ပြဆန်တောင်းတာတော့ မဟုတ်ပါဘူး၊ တကယ် အလုပ်သမားလို ခိုင်းတာပါ။ ကြည့်ကြည့်လိုက်ပေါ့။ ဒါကတော့ ဂျပန်မှာပါ။

မျောက်က ကြောက်မတဲ့လား

ဒီမှာ ကြည့်ကြည့်ပေါ့၊ စီမံကိန်းကတော့ ကြံကြီးစည်ရာ၊ ဘူတာရုံမှာ သောင်းကျန်းနေတဲ့ မျောက်တွေကို ခြောက်ဖို့ပါတဲ့။ အဲဒါ ကြည့်ပြီး ဪ…. ဆိုးလိုက်တဲ့ ဒုက္ခ၊ မျောက်က ကြောက်/မကြောက်တော့မသိဘူး။ လူကတော့ အတော် စိတ်ပိန်သွားတယ်။ (သတင်းပြောတဲ့လူကလည်း ပြောပါတယ်။ မျောက်တွေအတွက်တော့ သိပ် ထိရောက်ဟန်မတူပါဘူးတဲ့။)

ဘယ်မှာလဲ- ဟုတ်လား။ ပုပ္ပါးမဟုတ်တာတော့ သေချာတယ်။ ဖိုးဝင်းတောင်? မှားတာပေါ့။ လျှာရှည်ရန်ကောရယ်လို့ စိတ်မဆိုးကြပါနဲ့ ၊ မြန်မြန်ဖြေပါ့မယ်။ အိန္ဒိယ မှာပါ။

သဲချောင်းလေးရဲ့ ရာဇ၀င်

မုန်းချောင်းတေး က လူကြီးက ရေးထားတာကို ဖတ်ပြီး သဲချောင်းလေးနံဘေးကို ရောက်သွားပါလေရော။ မြေလတ်ဒေသတ၀ိုက်မှာ မြင်ရမယ့် အင်တိုင်းတောနဲ့ ကျွန်းစိုက်ခင်းတွေကြားထဲမှာ ကုန်းကြိုကုန်းကြားကနေ ချောင်းပျောက်လေးတွေ တွေ့ရတတ်ပါတယ်။ တကယ်တော့ ကုန်းရိုးလေးတွေဆုံတဲ့နေရာမှာ ဖြစ်လာတတ်တဲ့ လျှိုလေးတွေကြားမှာ ကွယ်ပျောက်နေတတ်တာမျိုးပါ။ သူတို့တွေ ဘာကြောင့်များ အဲဒီလို ပျောက်ကွယ်နေပါသလဲလို့ အဖေ့ကို မေးကြည့်ပါရဲ့။ သူတို့ရဲ့ ရာဇ၀င်ကို သိချင်ပါသလား။

(အတင်းပဲ သိချင်ခိုင်းလိုက်ပြီ 😀 ) 

တချို့က ကုန်းရိုးတလျှောက်က အင်တိုင်းတောကို တောတက်ပြီး အင်ဖက်ခူး၊ သပြေခက်ချိုး၊ သက်ကယ်ရိတ်တဲ့လူတွေဟာ လှည်းနဲ့ သွားကြပါသတဲ့။ အဲဒီ လှည်းလမ်းကြောင်းတွေဟာ အသုံးပြုတဲ့နှစ်သက်ကြာလာတာနဲ့အမျှ မြေကြီးထဲမှာ နက်နက်ရှိုင်းရှိုင်း အရာထင်လာပြီပေါ့။ မိုးတွင်းကာလ မိုးသည်းသည်းမည်းမည်း ရွာတဲ့အခါ မိုးရေစက်တို့က တိုက်စားတဲ့ဒဏ်နဲ့ သူတို့ရဲ့ လမ်းကြောင်းပုံစံကနေ ရေပြွန်ပေါက်တွေ၊ ရေမြောင်းတွေလို ဖြစ်လာတာပါပဲ၊ ရိုး အငယ်စားလေးတွေပေါ့။ တချို့ လှည်းလမ်းကြောင်းတွေဟာ တစ်ပေ မကအောင် နက်ရှိုင်းတဲ့လမ်းကြောင်းတွေဖြစ်နေပြီဆိုတော့ ဆက်သုံးလို့တောင်မရနိုင်တော့ဘူး။ ဒါတွေဟာ အနာဂတ် သဲချောင်းလမ်းကြောင်းသစ်တွေပေါ့။  (တောသူမှန်းသိအောင် ပြောတယ်မထင်ပါနဲ့ ၊ အဲဒီနေရာတွေမှာ နွေရာသီတောင် မပူနိုင်အောင် ရင်ထဲမှာ အေးချမ်းလွန်းလို့ တောသူဆို ဂုဏ်ယူပြီးသား)

ဒါပေမယ့် မိုးတွင်းကာလဆိုတာ မြေလတ်မှာ အစိုးရတာမျိုးမှ မဟုတ်တာ။ မိုး သည်းသည်းမည်းမည်း ရွာတုန်းခဏတော့ ရေအားဆိုတာ ပြင်းသမှ အဲဒီ ရိုးအငယ်စားလေးထဲကို နွားတောင် မကူးနိုင်တတ်ဘူး။ မိုး စည်း(စဲ)ပြီလည်း ဆိုရော အင်တိုင်းတောအောက်က ဂ၀ံမြေက ရေမစုပ်နိုင်ဘူးလေ။ တိုက်စားလာသမျှ သဲမှုန်သဲပွင့်အားလုံးကို ရောက်ရာနေရာအသီးသီးမှာ အပြင်လိုက်၊ အပြန့်လိုက်ဖြန့်ကျဲပြီး သဲချောင်းလေးဟာ အလိုအလျောက်ကို ပျောက်ကွယ်သွားရပါရော။ ဒါက တစ်မျိုး။ (အဲဒီ အယူအဆကို မကျေနပ်ရင် ပထ၀ီ အထူးပြုနဲ့ ကျောင်းပြီးတဲ့လူတစ်ယောက်နဲ့ မြေလတ်က ယာသမားတစ်ယောက်ကို သွားမေးကြည့်၊ အာမခံတယ်၊ အဖြေတူရစေ့ 😀 )

နောက်တစ်မျိုးကတော့ မြေအနေအထားအတိုင်းမှာပဲ မြေလတ်က ကုန်းပေါတယ်လေ။ ကုန်းရှိရင် ချိုင့်ရှိရစမြဲ၊ ခင်တန်းရှိရင် လျှိုရှိစမြဲ ဆိုတော့ မိုးရွာတိုင်း အမြင့်က အနိမ့်ကို စီးတဲ့ ရေဟာ လျှိုတစ်လျှောက်တိုက်စားသွားရင်း မြေပြန့်ရာရောက်တဲ့အချိန်မှာ နောက်က လိုက်လာမယ့် ရေအားမပါတာနဲ့ စုပ်အားကောင်းတဲ့ သဲနုန်းဆန်ဆန်မြေ၀ါထဲမှာ ပျောက်သွားရတာပါပဲ၊ ယာတောသမားတွေ အကြိုက်ပေါ့။ မြေအစိုဓါတ် ခပ်ထန့်ထန့်နဲ့ဆို ကြံသမားတွေ ကြမ်းတုံး(ဂျမ်းတုံး)တိုက်ပြီး မှုန်းထားတဲ့မြေမှာ ကြံမျိုးဆစ်တွေချပြီပေါ့။ ဒီအချိန်ဆို သစ်တောက လက်ကျန်ကာကွယ်တောထားတဲ့ လျှိုလေးထဲက တောကောင်သေးသေးလေးတွေ (တောကြောင်၊ ယုန်) ထွက်လာတတ်ရဲ့။ သဲချောင်းလေး လမ်းကြောင်းပျောက်သွားတဲ့နေရာမရောက်ခင် သူတို့လေးတွေကို တွေ့ရမယ်။

တကယ်တော့ သဲချောင်းလေးတွေဟာ သဘာဝတရားဇာတ်ခုံကြီးပေါ်မှာ မထင်မရှားဘ၀နဲ့ပဲ စပြီး လူမသိသူမသိပဲ ဇာတ်သိမ်းသွားရတဲ့ အညတရဇာတ်ကောင်လေးတွေပါပဲ။ မိုးနဲ့ မြေပြင်အနေအထားအရ သူတို့အတွက် လမ်းကြောင်း စတင်ခွင့်ရချိန်မှာ မဆုတ်မဆိုင်းပဲ ထွက်လာခဲ့ကြတယ်။ အင်ဖက်ပေါ်မိုးစက်ကျသံက သူတို့အတွက်တော့ (ငှါးသူမရှိလို့ အိမ်မှာငေါင်နေတဲ့) ဇာတ်ရံသရုပ်ဆောင် တစ်ယောက် ဂျာနယ်မှာ ဇာတ်လမ်းသစ်ရိုက်မယ့်သတင်းဖတ်မိလိုက်သလိုပေါ့။ သဲပြင်ပါးပါးလေးအောက်မှာ အားကောင်းတဲ့ ရေစီးကြောင်းတစ်ခု စတင်ပြီလေ။  စီးခွင့်ရတဲ့အချိန်မှာ သူတို့ရဲ့ ရှိသမျှအင်အားအကုန်သုံးပြီး မိုးစက်တွေခွင့်ပြုသမျှ အလုံးအရင်းနဲ့ စီးဆင်းကြလေရဲ့။  မိုးရိပ်တွေလျော့ပြီး မိုးစက်တွေအရှိန်နည်းလာချိန်၊ သူတို့ ခရီးမဆန့်နိုင်တော့ဘူးဆိုတာ သူတို့သိပါတယ်။ ရောက်ရာနေရာမှာ သူတို့ရဲ့ ခရီးကို ရပ်ကြပြီပေါ့။ လူမသိသူမသိ သဲပြင်အောက်မှာ စခဲ့တဲ့ သူတို့ခရီးဟာ စတင်ရာနဲ့ အကွာအဝေး တစ်ခုမှာ သဲပြင်အောက်မှာပဲ ဆုံးသွားတာပါပဲ။

မုန်းချောင်းလို ရိုးမနောက်ခံမရှိလည်း သဲချောင်းလေးတွေဟာ အချိန်တိုအတွင်းက သူတို့ရဲ့ အရိုင်းအင်အားကို လူသားတွေအသိအမှတ်ပြုရလောက်အောင်တော့ ပြနိုင်ကြတာပါပဲ။ ဘယ်လောက်ပဲ ရှင်သန်ချိန်တိုတောင်းပါစေ၊ ရှင်သန်ခွင့်ရလိုက်တဲ့ ခဏမှာ ထိုက်တန်အောင် အင်အားတွေရခဲ့တာဟာ…………………………………… ထိုက်တန်ပါတယ်လေ။ အဲဒီလိုပဲ ကျေနပ်လိုက်မိပါရဲ့။    (ဘယ်လို အတွေးလဲမသိဘူးနော် 😀 )