မုန်တိုင်း

ရေ-

အားကြီးတယ်။ ဒါပေမယ့် ပျော့ပြောင်းတယ်

လေ-

ပြင်းထန်တယ်။ အင်အားရင်းမြစ်ကျ မခိုင်မာပြန်ဘူး

လေ လို လှည့်ပတ်သွားလာဖို့

လောကကြီးက အားလုံးကို ခွင့်ပြုမထားဘူး

ရေ လို အားလုံးနဲ့ပျံ့နှံ့ပျော်ဝင်စေဖို့လည်း

အားလုံးမဖြစ်နိုင်ပါဘူး

လောကကြီးရဲ့ ဥပဒေတွေကို

လေက

ပြိုကွဲရင် ပြိုကွဲ

ဖြိုလှဲတဲ့အခါ ဖြိုလှဲတယ်

ရေက

အသွင်ပြောင်းရင်ပြောင်း

စောင်း(ဇောင်း)ထက်ထက်နဲ့ တိုက်စားတဲ့အခါ တိုက်စားတယ်

လေက ရေကို လေးစားသလို

ရေက လေကို နားလည်မှာလား

သူတို့ ဆုံဆည်းခိုက်မှာ

“လှိုင်း” တွေဖြစ်လာလေရဲ့

ဆုံဆည်းချိန်တိုပါစေလေ

“မုန်တိုင်း” တစ်ခု မမွေးဖွါးစေ့ချင်ဘူး။                   ။

မိတ်ဆက်

ဘလော့နာမည်ကို မရှင်းဖြစ်သေးလို့ ဒါလေး ခုမှ ကောက်ရေးတာပါ။ ဘယ်သူမေးမလဲလို့စောင့်နေတာ၊ မမေးကြတော့ ကိုယ့်ဘာသာကိုယ် ရေးလိုက်တာပေါ့နော်။

ဘ၀ကို ၀ိုင်လို နှစ်ချို့ခံခဲ့ရတော့ အတွေးတွေက အရှိန်ပြင်းလာခဲ့တယ်။ ပျော်စရာ၊ ၀မ်းနည်းစရာ၊ ဒေါသထွက်စရာ၊ အားတက်စရာ ကြုံလာချိန်တိုင်းဟာ အမျိုးအစားမတူတဲ့ ၀ိုင်တစ်ခွက်စီလိုပါပဲ။ ဘ၀ဟာ- ၀ိုင်၊ ၀ိုင်ကို ဘ၀လို သောက်ပြီး  ဘ၀ကို ၀ိုင်လို သိမ်း၊ ပြင်းပြင်းရှရှအရသာရှိတဲ့ ၀ိုင်တစ်ခွက်လို အတွေးတွေကို မော့သောက်တိုင်း သွေးတွေ နွေးလာခဲ့လို့ – ကျွန်မ ဖန်တီးတဲ့ အတွေးရင်ပြင်ကို ‘ပြင်းရှတဲ့ ၀ိုင်တစ်ခွက်’ လို့ နာမည်ပေးပါတယ်။

ကလောင်နာမည်အနေနဲ့ကတော့ ကိုယ်ကျရောက်ရာ ရာသီခွင်ကို အမှတ်တရပါ။ ဆရာစံဇာဏီ-ဘို ကတော့ ကုမ်ရာသီတွေကို စိုးမိုးတဲ့ ဂြိုဟ်သခင်တွေမှာ ဘယ်သူအရင်အုပ်စိုးလို့ ဘယ်သူပိုင်သင့်တယ်ဆိုပြီး ရေးထားတာတွေ့လိုက်ပါတယ်။ အရင်ဦးဆုံးအုပ်စိုးသူဟာ မူပိုင်ခွင့်ရှိတယ်ဆိုရင် အဲဒီခေတ်ကြီးမှာတုန်းက ဘယ်မှာ မှတ်ပုံတင် ခဲ့ကြမှာလဲမသိ။ ဒယ်လ်ဖိုင်နတ်ကွန်း လို့များ ပြောကြမလားပဲ။ တောင်ပြုံးက နတ်ကတော်တွေက မြန်မာပြည်က နတ်တွေအကုန်လုံးကို မှတ်ပုံတင်ပြီး စောင့်ရှောက်တာမဟုတ်လား။ ပြောချင်တာတောင် ချော်ကုန်တော့မှာပဲ။ စောင့်ရှောက်သူနဲ့ စောင့်ရှောက်ခံကို တွဲပြီး နာမည် သစ်တစ်ခု လုပ်ကြည့်တာလေ။ မှတ်ပုံတင်တစ်မျိုးပေါ့။ ဒီနေရာမှာ ဒါမျိုးတွေ ရောက်တတ်ရာရာ တွေးကြည့်မယ်။ ရေးကြည့်မယ်။ ဖြေလျှော့စရာ အတွေးတွေ၊ အလွမ်းတွေ၊ အချစ်တွေ၊ အမောတွေ၊ ဒါလေးတွေတွေ့ရမယ်။ စောင့်ရှောက်ခဲ့တဲ့ ခံစားချက်တွေ………….. ရှင်သန်ခွင့်ပေးဖို့ ဒီနေရာလေးပါ။

လာလည်ရင်း ရင်ခုန်သံမျှချင်ရင် (သို့မဟုတ်) ခံစားမှုတစ်စုံတစ်ရာဖြစ်ခဲ့ရရင် comment လေးတွေ ချန်ခဲ့ရင်လည်း ၀မ်းပန်းတသာပါပဲနော်။

ဆုတောင်း

စွန့်လွှတ်လိုက်တာ

ရယူပိုင်ဆိုင်ရဲတဲ့သတ္တိမရှိလို့ပဲဆိုရင်

ပိုင်ဆိုင်ချင်တာဟာ မစွန့်လွှတ်ရဲလို့ပဲပေါ့။

ထွက်ပြေးဖို့ ကြိုးစားတာ

ရင်ဆိုင်ရဲတဲ့သတ္တိမရှိလို့ပဲဆိုရင်

ရင်ဆိုင်ရပ်တည်နေတာ ထွက်မပြေးရဲလို့ပေါ့။

ချန်နေရစ်ခဲ့တာ

လိုက်ခဲ့ဖို့သတ္တိမရှိလို့ပဲဆိုရင်

လိုက်လာခဲ့တာ နေရစ်ဖို့ မ၀ံ့ရဲလို့ပေါ့။

အစွန်းနှစ်ဘက်ကြားမှာ ဆုံးဖြတ်ချက်ချရတိုင်း

အတွေးတစ်ချက်တိုင်းမှာ

မယိမ်းယိုင်ဘူးပဲ ပြောရမလား

မပြတ်သားဘူးပဲဆိုရမလား ………………..

ပြန်ရဖို့ဆိုတာ ပြန်ပေးမယ့်သူပေါ်မှာ မူတည်ပါတယ်။

မျှော်လင့်ဖို့က ကိုယ်ပိုင်ဥစ္စာပဲဆိုပါတော့။

“အတ္တကြီးလိုက်တာ”လို့ မငြင်းမကွယ်သိပါရဲ့

မျှော်လင့်မိတုန်းပဲ………………. “ဆုတောင်းပြည့်ပါရစေ”

သိုက်မြုံတမ်းချင်း

ဖွင့်ထုတ်မပြောဖြစ်ပေမယ့် အပြန်အလှန်ပေးဆပ်မှု၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ စုစည်းတည်ဆောက်ထားတဲ့နေရာဟာ အိမ်ဖြစ်ပါတယ်။

ရှေ့မှာ ကြိုတင်မှန်းဆမရနိုင်တဲ့ အန္တရာယ်တွေ၊ အကာအကွယ်တွေ၊ အောင်မြင်မှုတွေ၊ ရှုံးနိမ့်မှုတွေ… ဒါတွေကို ပြေးတွေ့ဖို့ အကြောင်းအမျိုးမျိုးနဲ့ ဘ၀ခရီးဆက်နေကြသူတွေ။ `အိမ်`ဆိုတာ ကို နောက်မှာချန်ခဲ့ကြရပြီ။

ပြန်စရာ “အိမ်” ရှိတယ်ဆိုတဲ့ခံစားချက်ဟာ အလွန်လုံခြုံနွေးထွေးစေပါတယ်။ ဒါပေမယ့် ပျက်စီးပြိုကွဲခဲ့ရင်၊ ဒါမှမဟုတ် အခြေအနေမပေးခဲ့ရင်၊ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်က ပြန်လမ်းမရှိတော့ရင်…………………

ပင်လယ်ပြင်မှာ မနားတမ်း ပျံသန်းနေရတဲ့ ငှက်တစ်ကောင်ပေါ့

နားခိုစရာဆိုလို့ .. ကျယ်ပြောလှတဲ့ပင်လယ်ပြင်

ရပ်တည်စရာကတော့ … ရိုက်ခတ်နေတဲ့ တောင်ပံတစ်စုံ

ဖေးမမှုဆိုရင် … စိတ်ကောင်းဝင်နေတဲ့ ကောင်းကင် လေစီးကြောင်း

လွတ်လပ်မှုနဲ့အတူ သီးခြားဖြစ်မှုကိုလည်း လက်ခံရမှာပေါ့။

လုံခြုံမှုကို စွန့်လွှတ်ရင်း စွန့်စားမှုကို အရသာခံရမှာပေါ့။

အသိုက်ကိုယ်စီနဲ့ မိတ်ဆွေတို့ရေ…….. နွေးထွေးစွာ ပျော်ရွှင်ကြပါစေ။ သင်တို့အတွက် ၀မ်းသာလျက်ပါ

ပျံသန်းတုန်းခဏ ဆုံကြတဲ့ ခရီးသွားဖေါ်တို့ရေ ….. ရည်မှန်းရာကို ရောက်ပြီး နားနှင့်ကြပါ။ အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပြီပဲ

ကိုယ်တိုင်နားခိုရာကို တည်ဆောက်ဖို့ တိုက်တွန်းကြတယ်လား…….. ကျေးဇူးတင်ပါတယ်လေ။ အဲဒါ ကိုယ်ပျောက်ကွယ်ခဲ့ရတဲ့ နားခိုရာကို ပြန်ရမှာမှ မဟုတ်တာ

ပင်လယ်ကြီးရေ………………….

ပျောက်ကွယ်ခဲ့တဲ့ အသိုက်အမြုံကို သတိရရင်း

နွမ်းနယ်တတ်တဲ့တောင်ပံတွေအားယူရိုက်ခတ်ရင်း

ပျံသန်းနေဦးမယ်လေ။

မင်းရင်ခွင်မှာ ခေါင်းမချမချင်းပေါ့။

အချိန်ကျတဲ့အခါ

ပေါ့ပါးတဲ့ အရာဝတ္ထုလေးတစ်ခုအနေနဲ့

မင်းရင်ခွင်မှာ လိုက်ပါ မျောလွင့်ခွင့်ပြုပါ

ပျံသန်းခဲ့ချိန်အတွင်း ကြုံခဲ့သမျှ

အားလုံး……. အားလုံးကို တန်ဖိုးထားနေဦးမှာပါ။          ။