ပြော … မပြောချင်ဘူး – ၁

ခုတလော မြင်ရကြားရတာ စိတ်ကို မချမ်းသာရဘူး၊ ၁၆နှစ်သမီး Secondary ကျောင်းသူက  တိုက်ပေါ်ကနေ ခုန်ကျသေကြောင်းကြံတယ်၊ ရည်းစားဟောင်းက မျက်နှာစာအုပ်ပေါ်လာပြီး ပြဿနာ ကွန်မန့်တွေ ရေးလို့။ ၂၂နှစ် ရှိတဲ့ သူနာပြုမိန်းကလေးက ကိုယ့်ကိုယ်ကို သတ်သေတယ်၊ ရည်းစားက ကိုယ့်ကို ပစ်ပြီး တစ်ခြားတစ်ယောက်ကိုချစ်တယ်လို့ ပြောလို့။ အဲ့ဒီမိန်းကလေးရဲ့ မျက်နှာဘုတ်အုပ်မှာ ခင်သူ၊ မင်သူ၊ သတင်းကြားလို့ မှတ်ချက်ပေးသူတွေက မနည်းမနောပဲ။ ခုနောက်ဆုံးအခြေအနေမှာ အားကျတယ်ဆိုပြီး Status Update လုပ်ထားတဲ့ နောက်ထပ် မိန်းကလေးတစ်ယောက်ကို ဆက်သွယ်လို့ရဖို့ အသိမိတ်ဆွေတွေက ကြိုးစားပမ်းစား ဆက်သွယ်နေကြသလို ဒေါမနဿတွေ ပွါးပြီး “အာလူးလာမပေးနဲ့”လို့ ပြောတဲ့လူက ပြောကုန်ကြပါပြီ။

တစ်မိသားနဲ့ တစ်မိသား ချစ်ကြ၊ ကြိုက်ကြတာ ဆန်းသလား၊ မဆန်းပါဘူး။ ဒါဖြင့် ပြတ်ကြ၊ စဲကြတာရော ဆန်းစရာလိုလား။ ဝင်ကြေးမပေးရလို့ ဝင်လိုက်တဲ့ကပွဲခန်းမကနေ ထွက်လာတဲ့လူတွေကို ထွက်ခ ကောက်သလိုမျိုးများ ဖြစ်နေကြပြီလား။ ဟုတ်ကဲ့၊ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ချစ်တာတွေ၊ မေတ္တာတွေ၊ သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ သာယာမှုတွေ၊ ကြင်နာမှုတွေ ဒါတွေ ဝန်ဆောင်မှုပေးခဲ့ကြရလို့ ထွက်လာခဲ့ချိန်မှာ နာကြင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ အထီးကျန်ခြင်းတွေ၊ အားငယ်စိတ်တွေ၊ မကျေနပ်တာတွေ ထွက်ခပေးကြရတာပေါ့။ ကပွဲခန်းမကြီးမှာ နှစ်ပါးသွားကို မဆုံးတမ်းကမယ်ဆိုပြီး အိမ်ထောင်များပြုကြရင်တော့ ဒါ ကိုယ့်ဘာသာကိုယ် ပရိုက်ဗိတ်ခန်းပြောင်းတာနဲ့ ဆင်တူပါတယ်။ ထွက်မယ်ဆို ကြေးပိုကြီးတာပေါ့။ ကွာကြရှင်းကြ၊ ပြတ်ကြစဲကြရင် ပြောပါတယ်။

“မျက်စပ်ပိုးဝင်၊ ဆံတစ်ပင်တင်း၊ ချစ်ခြင်းမယား၊ ရည်းစားလူလု၊ အူနုကျွဲခတ်” ဆိုတဲ့ အခံရခက်တဲ့ ဝေဒနာတွေကို ဘာမဟုတ်တာတွေလို့ မပြောလိုပါဘူး။ ဆိုးလို့မှ စာတစ်စောင်ပေတစ်ဖွဲ့ ဖြစ်တာပေါ့။ မာနတွေ၊ သိက္ခာတွေ အသာထားပါ၊ ကိုယ်ပေးတာနဲ့ ပြန်ရတာ အဆင်မပြေတော့ သူများကို ထိ/မထိတော့ မသိဘူး၊ ကိုယ့်တော့ အရင်ထိခိုက်တာကိုး။ အသည်းကွဲသီချင်းတွေ၊ ခံစားမှုတွေတော်တော်များများမှာ စဉ်းစားကြည့်ပါ၊ ကိုယ်လိုချင်တာ မရလို့ ဖြစ်တာချည်းပဲ။ “မရတဲ့နောက် နေပါစေတော့” လို့ စဉ်းစားကြည့်ပါဦးတော့လား။ ပြောတော့ဖြင့် “ကိုယ်က ချစ်လိုက်ရတာ၊ ကိုယ့်ချစ်သူကို ပျော်စေချင်လှ”ဆို၊ ကိုယ်မပျော်နိုင်လောက်တဲ့ အနေအထားမရောက်ခင်ဘဲ သူ့ကို ပျော်စေချင်တာလား။ ချစ်လွန်လွန်းလို့၊ သူမချစ်တာ မခံစားနိုင်တော့လို့ဆိုပြီး လာမပြောနဲ့။ ကိုယ်က ဘာတတ်နိုင်မှာတုန်း၊ အစကတည်းက သူ့ရင်ဘတ်ထဲကဟာကို ကိုယ်ပိုင်တယ်လို့ ဘာအကြောင်းက အာမခံချက် ပေးသတုန်း။ သူ့ကို ကိုယ့်လောက် ဘယ်သူမှ မချစ်နိုင်ဘူးဆိုပြီး ထင်လား။ သူလိုချင်တာနဲ့ ကိုယ်ပေးနိုင်တာနဲ့၊ ကိုယ်လိုချင်တာကို သူပေးနိုင်တာနဲ့ အမြဲတမ်း တစ်ထပ်ထည်းသာ ကျနေမယ်ဆို ဒီကမ္ဘာမှာ အားလုံး ရင်ဘတ်ကိုယ်စီမှာ ဂျက်ပင်ကိုယ်စီနဲ့ ဖြစ်နေမှာပဲ။ အဓိကထိခိုက်တာ ကိုယ့်ခံစားမှုကြောင့်၊ ကိုယ့်ဒေါသနဲ့ကိုယ်၊ ကိုယ့်သောကနဲ့ကိုယ် ဆိုတာ ရှင်းရှင်းလင်းလင်း မြင်လိုက်တာနဲ့ ဟိုယှဉ်၊ ဒီယှဉ် ရင်နာရတာတွေ အများကြီး အားကြီး သက်သာသွားတယ်၊ တကယ်လုပ်ကြည့်။

ကိုယ့်ရဲ့ ချစ်တာတွေ၊ မေတ္တာတွေ၊ အကြင်နာတွေ၊ ခံစားတာတွေ ရင်ဘတ်ကြီးနဲ့တစ်ပြည့် ခံစားတာ သူများဆီမရောက်သေးတော့ “အုံ့ပုန်း”တဲ့။ သူရဲဘောကြောင်သတဲ့။ ဟုတ်ကဲ့၊ အဲ့ဒါ အနှုတ်လက္ခဏာ တုန့်ပြန်မှုကို ရင်ဆိုင်လက်ခံနိုင်လောက်အောင် သတ္တိမကောင်းသူများအတွက် အားသာချက်ပါ။ အပေါင်းလက္ခဏာ၊ အချစ်ဆုလာဘ်အတွက် မထိုက်တန်ဘူးလို့ ဆိုချင်ဆိုနိုင်ပါတယ်၊ ပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးတဲ့အတွက် သိပ်မဆိုးသေးပါဘူး။

“တစ်ကမ္ဘာလုံးသိအောင် မောင်းခတ်ကြေညာလိုက်မယ်၊ ချစ်သူသိစေ” ဆိုသူများက ချဲထီမှာ ပတ်လည်ထိုး၊ ထီမှာ မင်္ဂလာစုံတွဲ ဆယ်စောင်တွဲထိုးသလိုပေါ့။ ခံစားမှုအရင်းအနှီး၊ ဖော်ထုတ်မှု အရင်းအနှီးတွေက များလာပြီလေ။ ဒဲ့ကွက်မိတော့ ချစ်သူဘဝရောက်မယ်၊ တွဒ်ကွက်မိတော့ ခင်တာတွေ၊ နားလည်မှုတွေ၊ သံယောဇဉ်တွေနဲ့ နှုတ်ဆက်ကြမယ်။ “ပလုံ”ဆိုပြီး ရေထဲကို ခဲပစ်တာမှ အသံမြည်မယ်၊ မေတ္တာအသွားအပြန်မရသူများကတော့ အရင်းဆုံးပေါ့။ “စွန့်ရဲလား၊ ပြန်မရရင် ခံနိုင်လား”လို့ ကိုယ့်ကိုယ်ကို မေးပြီးမှ ထီထိုးမယ်ဆိုရင် တစ်သက်လုံး ထိုးဖြစ်မှာ မဟုတ်ပေမယ့် ဒီတစ်ကြိမ်တော့ ဆုကြီးချိတ်နိုးနိုးနဲ့ ထီထိုးကြတာပဲ မဟုတ်လား။

အိမ်ထောင်ပြုတာကိုတော့ လူနှစ်ယောက်၊ ဘဝနှစ်ခုနဲ့ လောင်းကြေးထပ်ပြီး ပေါင်းစပ်ဘဝတစ်ခုဖန်တီးတာလို့ ပြောချင်တယ်။ လောင်းကြတာပဲ၊ ကံကြမ္မာအလှည့်အပြောင်း ဘယ်လိုကြုံမလဲနောက်ထား၊ ယုံကြည်ရလောက်တယ်၊ အောင်မြင်လောက်တယ်ထင်တဲ့ မျှော်လင့်ချက်နဲ့၊ အချစ်နဲ့၊ ဘဝနဲ့ ပုံအောပြီး လောင်းကြရတာပဲ။ အချစ်နဲ့ပြီးတဲ့ အိမ်ထောင်ရေးတွေ ရှုံးတာလည်း ရှိမယ်၊ ဖြေသာ၊ထေသာလည်း ရှိမယ်။ အရှုံးကြီးရှုံးပြီး ကွဲကြ၊ ပြဲကြလည်း ရှိကြတာပဲ။ အစကတည်းက ရင်းနှီးခဲ့တဲ့ သူ့ဘဝမှာရော၊ ကိုယ့်ဘဝမှာရော ပြန်မရတော့မှာတွေ၊ ပြန်စွန့်ပစ်လို့မရနိုင်တော့တာတွေ၊ အသစ်လဲလို့မရတော့မှာတွေ ရှိကြတာချင်းအတူတူ ကိုယ် နာတယ် လို့ တွေးသရွေ့ နာမှာပဲ၊ ဘဝကို အသစ်ပြန်စတယ်လို့ ဆိုချင်လည်း ဆိုပါ၊ ရှေ့ဆက်လျှောက်ရင် လျှောက်သလောက်တော့ ရောက်မှာပဲလေ။

အချိန်တွေ ပြန်မရဘူး၊ ခံစားမှုတွေ ပြန်မရဘူး၊ တန်ဖိုးထားခဲ့တဲ့အရာတွေ မရှိတော့ဘူး၊ ဘာတတ်နိုင်မှာလဲ။ ကိုယ့်ဘာသာကိုယ် ကြိုက်သလောက် စီမံခန့်ခွဲနိုင်တဲ့ အချိန်တွေ၊ ခံစားမှုတွေ၊ တန်ဖိုးထားနိုင်တဲ့အရာတွေ ပြန်ဖန်တီးပစ်လိုက်မှာပေါ့။ မတရားဘူးထင်တဲ့ လောကကြီးနဲ့ ကိုယ့်အမြတ်တနိုးခံစားမှုတွေကို အဖက်မလုပ်ဘဲ ကိုယ့်ဘာသာကိုယ် ဘဝကို ရှာဖွေရတာ၊ တည်ဆောက်ရတာ ……… ပင်ပန်းပေမယ့် ပျော်လာမှာပါ။ သေချာတယ်၊ စိတ်ချ။ ပြော ……. မပြောချင်ဘူး။ အဲ့ဒီရင်ဘတ်ကြီးထဲက အကြောင်းအရာတွေကို။         

Torrents & Me

Torrent Sites

ရုပ်ရှင် ကြိုက်တယ်၊ သီချင်းလည်း ကြိုက်တယ်။ စာအုပ်လည်း ဖတ်ချင်တယ်။ အလုပ်ဆိုလည်း ပိုက်ဆံရတဲ့ အလုပ်ကလွဲရင် ပျော်ပျော်လုပ်နိုင်တယ်။ ကိုင်း……. လူတန်းစေ့ဖို့တော့ မလွယ်တော့ဘူးနဲ့ တူပါရဲ့။

ကြည့်မိတယ်၊ ကြိုက်သွားတယ်။ The Illusionist Torrent တွေပဲ ရှာပြီး ဒေါင်းလုပ်ချချ၊ http://mediafire-strain.blogspot.com မှာပဲ ရှာရှာ၊ တွေ့နိုင်ပါတယ်။ Mediafire ဖိုင်တွေရှာချင်ရင် search engine တွေတော့ ရှိပါရဲ့၊ Rapidshare လိုမျိုး စိတ်ထဲက မကြိုက်လှဘူး။ ဒါနဲ့ Torrent ပဲ အားပေးနေတာပဲ။ သူခိုးအားပေး ပဲ ဆိုဆို။

ဒါမျိုးလေးတွေ တွေ့ရင် အဖေ့ကို သတိရတယ်။ အဖေ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကထိ သဘောကျတတ်တဲ့ catagory မျိုး။ ခု ကြိုက်ပါဦးတော့မလားတော့ မသိ။ ဖုန်းမပြောရတာ ၃ လရှိပြီ။ တဆင့်ခေါ်ဖုန်းက ဘီးဇီး၊ တစ်ဆင့်ထပ်ခေါ် ဟန်းဖုန်းက လိုင်းမမိ။ အဖေ ပေးလိုက်တဲ့ စာအုပ်ကို ၃၊ ၄ ရွက်လောက်ပဲ လှန်ပြီး မဖတ်ဖြစ်တော့ဘူးဆိုရင် စိတ်များ မကောင်းဖြစ်လေမလား။

အကြွေးတွေတော့ များလှပြီ။ အလုပ်တွေလည်း ကျန်၊ စကားတွေလည်း ကျန်၊ အတွေးတောင် အကြွေးကျန်တယ် ထင်မိပါရဲ့။ ပြန်တွေးဦးမှပါ။ စဉ်းစားလို့ရမှပဲ ပြန်ပြောပြတော့မယ်။ ခုတော့ တော်သေးပြီ။

(ရောက်ရာပေါက်ရာ လေလျှောက်ပြောမိသွားပါသည်။ ဒီလိုပဲ ဖြစ်တတ်ပါသည်။ အားလည်းနာပါသည်။ ခင်လည်းခင်ပါသည်။ အကြွေးတွေကို လျှော်ပစ်နိုင်လျှင် အားကြီး၊ အများကြီး ပျော်ပါမည်။😀 )

 

 

စာသင်ခြင်း

ကျောင်းစာသင်ခန်းကို ခွဲခွါခဲ့သည်မှာ ၈ နှစ်။
အကြာကြီးတော့ မဟုတ်သေးပါ။

တစ်ခါတစ်ခါ ကျောင်းလေးဘာလေး ပြန်တက်ချင်စိတ်ပေါက်ဖူးပါသည်။ ကိုယ်ကျင်လည်နေရသည့်အလုပ်က ကျောင်းမှာ သင်ခဲ့ရသည့်၊ ကိုယ်လည်း စိတ်ဝင်စားသည့် ဘာသာရပ်မဟုတ်။ ဒါနှင့်ပဲ အလုပ်မှာ စိတ်မဝင်စား၊ မပျော်မရွှင်တော့လည်း မဟုတ်ပြန်ပါ။ နဂိုစိတ်က ဘာပဲ လုပ်ရသည် ဖြစ်စေ တတ်နိုင်သလောက်တော့ အံဝင်ခွင်ကျ ဖြစ်ချင်သည့်အတိုင်း ဖြစ်အောင်နေသည်ပေါ့။ စာထပ်သင်ရမည်ကို စဉ်းစားသည့်အချိန်မှာ ကိုယ့် နဂို သင်ကြားခဲ့သော လမ်းကြောင်းကို ပြန်ကူးပြောင်းလျှင် ကောင်းမလား၊ လက်ရှိ လုပ်ငန်းခွင်မှာ အဆင်ပြေစေမည့်လမ်းကြောင်းကိုပဲ လျှောက်မည်လား။ ပိုဆိုးသည့်မေးခွန်းက – “ငါ စာသင်လို့ ဖြစ်ပါဦးတော့မလား”

ခု ပြီးခဲ့သည့် တနင်္လာမှ ကြာသာပတေးထိ ရက်တိုသင်တန်းတစ်ခု တက်ရပါသည်။ လုပ်ငန်းခွင် လိုအပ်ချက်အရ အလုပ်က ထားပေးသော သင်တန်းပါ။ Building Construction Supervisor Safety Course ဖြစ်ပါသည်။ ကိုယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ ကျင်လည်နေရသည်မို့ ဆိုက်ထဲက ဒါရှိမှ အဝင်ခံမည်ဆိုလျှင် ဒါလေးရှိအောင် ပြေးလုပ်ရမည်ပေါ့။ ဖြစ်ပေါ်ခဲ့သော စိတ်အလျဉ်မှာ ဤသို့ –

ပထမနေ့ – နောက်တော့ ဘယ်ကျောင်းမှ ထပ်မတက်တော့ပါဘူးဟာ

ဒုတိယနေ့ – တက်တော့လည်း ဖြစ်တော့ ဖြစ်သွားမှာပါလေ။

တတိယနေ့ – ခုနေ ကျောင်းထပ်တက်ရင် ဖြစ်လောက်ပါသေးတယ်။ ငါ ဒီလောက် မဝေးသေးပါဘူး။

စတုတ္ထနေ့ – စာမေးပွဲသာ မဖြေရရင် ကျောင်းတက်ရတာ အတော်ကောင်းမှာပဲ။

စာမေးပွဲဖြေရန် ၅ မိနစ်အလို – မေးချင်တာသာ မေးတော့၊ ဖြေချင်တာ ဖြေတော့မှာပဲ။ အောင်လက်မှတ် ရတော့ ရကောင်းပါရဲ့။

စာမေးပွဲ ပထမပိုင်းဖြေပြီး ဒုတိယပိုင်း မဖြေမီ – အင်း ဒီတိုင်းဆို ငါ့ခေါင်း မှတ်နိုင်သေးသား။ စလုံးစခုလည်း မျိုချရုံပေါ့။ မကျေလည်း ရပါတယ်။

စာမေးပွဲ ဒုတိယပိုင်း ဖြေပြီးချိန် – ပြီးတော့လည်း ပြီးတာပါပဲလေ။ စာသင်ရတာလည်း လက်မှတ်ရဖို့ဆိုရင်တော့ အဆင်ပြေမှာပါ။

တနင်္လာနေ့ အောင်စာရင်းထွက်ပါမည်။ အောင်မည်ဟုလည်း ထင်ပါသည်။ အလုပ်နှင့်ပတ်သက်သော လက်မှတ် နောက်တစ်ခု ထပ်ရအောင် ၆လကြာ သင်တန်းတစ်ခု တက်ချင်စိတ် ပေါက်ပါသည်။ ပိုက်ဆံ ၆၀၀၀ လောက် ကုန်ပါမည်။ လခ ကောင်းကောင်းရအောင် ထပ်ရင်းမည့် ပိုက်ပိုက် ၆၀၀၀ ကို အိမ်မှာ လုပ်ငန်းတစ်ခု ထောင်ရင်ကောင်းမလား ချိန်ထိုးကြည့်လိုက်ပါဦးမည်။

ခဏတဖြုတ် ကျောင်းသားပြန်လုပ်သော ကျည်ပွေ့ သတင်းအစီရင်ခံခြင်း ဤတွင် ပြီးပါပြီ။🙂

Gmail Motion!!!!

မနေ့က တစ်နေ့လုံး ကိုယ်တော့ဖြင့် အပြင်ကို မထွက်ဘူး။ (အွန်လိုင်းမှာ လျှောက်မလည်တာ)။ ဧပြီတစ်ရက်လေ။ သိတော်မူကြတဲ့အတိုင်း။

ကိုယ့်ဘာသာကိုယ် မှတ်ချက်ချတယ်။ ငါ ဒီတစ်နှစ် မခံရဘူး – လို့။

ဒါပေမယ့် စာတိုက်ပုံး ဖွင့်သူတိုင်း မြင်ရမယ့် ဖြားယောင်းမှုတစ်ခုပေါ့။

ကိုယ် ကျဆုံးသွားတယ်။ ဂူးဂဲလ်ရယ် – – –

တစ်ကမ္ဘာလုံးကို နောက်တဲ့ ဂူဂဲကြောင့် တဂူးဂူး တဂဲဂဲ မြည်ချင်စိတ် ပေါက်သွားပါပြီ။

ကြည့်တော်မူကြပါကုန်။

အနည်းဆုံး မထွက်သေးဘူးဆိုတော့ လေက မလျှော့ပါကလား ဂူးဂဲလ် ရယ် . . . . . .  .

ဝန်ဆောင်မှု ကဏ္ဍ

ခေါင်းစဉ် ကြီးကြီးတပ်ပါသည်။ စကားလုံးကြီးကြီး စဉ်းစားဖြစ်ညှစ်ပြီး ပြောရန် ကြံပါသည်။ သို့သော် အကြောင်းအရာက ထူးမခြားနားသီချင်းကြီးဖြစ်နေသောကြောင့် မျက်နှာမလှရပြန်ပါ။

ဇာတ်လမ်းကို လူငယ် မြန်မာအလုပ်သမား ၆ ဦးမှ စဖွင့်ပါသည်။ သူတို့၏ အလုပ်သမား ပါမစ်သက်တမ်းမှာ မတ်လ ဆန်းပိုင်းတွင် ကုန်ပါမည်။ သူတို့၏ အလုပ်ရှင်မှာ ယခုနှစ်တွင် လုပ်ငန်းကိုင်ငန်း မကောင်းတတ် ကောင်းတတ်ဖြစ်နေသဖြင့် သူတို့ အုပ်စုမှ လူခွဲပြီး အခြား လုပ်ငန်းတစ်ခုထံ လွှဲပြောင်းပေးရန် အစီအစဉ် ရှိနေသည်။ သူတို့ ဆက်လုပ်ချင်သလော၊ ပြန်ချင်သလောဟု သဘောထား ကောက်ခံပြီးသည့်အခါ သက်တမ်းတိုးရန် သဘောတူကြ၏။ အိမ်ထောင်ရှင်များအတွက် နှစ်လယ်ပိုင်း လုပ်ငန်းတစ်ဝက်သိမ်းပြီးသည့်အခါ ပြန်သွားခွင့်ပြုရန် တစ်ပါတည်း ညှိနှိုင်းကြသည်။ ဤသို့ သက်တမ်းတိုးနိုင်ရန်မှာ သူတို့၏ နိုင်ငံကူးလက်မှတ်များတွင် သက်တမ်းတိုးရန် ပထမ အရေးကြီးကိစ္စ ဖြစ်လာလေပြီ။

အားလုံး၏ နိုင်ငံကူးစာအုပ် နီနီကလေးများကို သူဌေးထံမှ ထုတ်ယူပြီးသည့်နောက် အားလုံး အလုပ်မပျက် စာအုပ်လဲ (Machine Readable ဘဝပြောင်းခြင်း)၊ သက်တမ်းတိုးနိုင်ရန် ဝန်ဆောင်မှုပေးသော မြန်မာဆိုင်တစ်ဆိုင်သို့ ချဉ်းကပ်ကြရ၏။ နှစ်နှစ်လုံး နေ၍ တစ်ခါမှ မဆောင်ခဲ့ကြသော အခွန်တော်ငွေများကိုပါ ဆောင်ရမည်ဖြစ်ရာ သူတို့လုပ်ငန်းရှင်ထံမှ ဖွတ်ကလိဒင်္ဂါးများလည်း ကြိုတင် ထုတ်ယူခဲ့ကြပြီး ဖြစ်သည်။ (လုပ်ခလစာများမှ ဖဲ့ပြီး စုဆောင်းထားရန် လစဉ်ပင် ကြံစည်ကြိုးကုတ် အားထုတ်ခဲ့ကြသော်ငြား တစ်လထက်တစ်လ နောက်ကျရရှိသော လစာငွေအခြေအနေအရ လက်တွေ့ အထမြောက်ခဲ့သူ တစ်ယောက်မျှ မပါချေ။) ကူညီဝန်ဆောင်မှုပေးသူတို့သည် ဝန်ဆောင်ခ အသပြာ ၅၀ တိတိ လက်ခံ ရရှိပြီးသောအခါ စာအုပ်၊ ပါမစ်ကဒ်မိတ္တူ၊ အခွန်တော်ငွေများ စုံညီရယူ၍ ရွှေပြည်ကြီး သံရုံးတွင် စာအုပ်သက်တမ်းတိုးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အနက် လက်ဗွေနှိပ်ခြင်းမှတပါး ကိုယ်စားဆောင်ရွက်ပေးရန် အာမခံလိုက်ကြ၏။ သည်အဆင့်က ဇန်နဝါရီလ ဒုတိယပတ်။

ဝန်ဆောင်မှုပေးရာ ဌာနမှ စာအုပ်တွေ သံရုံးမှာ ထပ်ပြီးလျှင် လက်ဗွေနှိပ်နိုင်မည့် ရက်စွဲကိုပါ ပြန်ချိန်းပေးမည် ဖြစ်၏။ ကျေးဇူးကြီးပါပေ့။ ဘယ့်ကလောက် အလုပ်သက်သာသနည်း။ ည သန်းခေါင် လူစာရင်း ရေးရန်မလို၊ အုတ်ခုံ ပလက်ဖောင်း ခေါင်းမှီ စောင့်ရန်မလို၊ ဟိုစာရွက် မိတ္တူဆွဲ၊ ဒီစာရွက်ဖြည့် လုပ်ငန်းစဉ်လည်း လျော့၊ ကောင်းလေစွ။ အချိန်ကတော့ ကြာပေမပေါ့။ တစ်လပျော့ပျော့တော့ ရှိမည်။ တရုတ်နှစ်ကူးရက်များပါ ခံသည့်အလျောက် လုပ်ငန်းစဉ်များလည်း အလိုအလျောက် ရွေ့လျောကြရသည်ကိုး။ သည်သို့ တစ်လခန့်ကြာမည်ဆိုသည့် အခြေအနေကို သူဌေးခမျာ နားမလည်နိုင်ရှာ။ နိုင်ငံကူးလက်မှတ်များ သူ့လက်ထဲမှာ မရှိတော့သည့် အခြေအနေတွင် စိတ်လက် မအေးနိုင်ရှာ။ တခြားနိုင်ငံသားအလုပ်သမားများ သက်တမ်းတိုးလျှင် စာအုပ်ကလေးတွေက ယနေ့ပျောက်၊ မနက်ဖြန်ရောက်။ ရွှေပြည်ကြီးမှ လုပ်သားကလေးများ အလုပ်ထဲမှာ အလုပ်မပျက် အကိုင်မပျက် ရှိသည်ကို ကြေနပ်သည်က တစ်ဖက်၊ စာအုပ်ပုံ ပြန်မရောက်နိုင်၊ အလုပ်လုပ်ခွင့်ပါမစ်သက်တမ်းတိုးအတွက် လျှောက်ရန် ထားရန် အခက်တွေ့ရသည်က တစ်ချက်။

သည်သို့ တအုံနွေးနွေးကာလအတွင်း ဇန်နဝါရီလ နောက်ဆုံးရက်သတ္တပတ်တွင် သူတို့ထဲမှ တစ်ယောက်က အိမ်ပြန်မှ ဖြစ်မည့်အခြေအနေ ဆိုက်လာသည်။ သူ ပြန်မည်ဆိုတော့ သက်တမ်းတိုးဖို့ မလိုပြီ။ ဝန်ဆောင်ဌာနမှာ စာအုပ်သွားပြန်ယူသည်။ အံ့ဩဖွယ်အတိ။ သည်အချိန်ထိ သံရုံးကို စာအုပ်မထပ်ရသေးပါတဲ့။ သို့နှင့် ကုမ်ရာသီသူ စိတ်ထွက်ကာ အခြားစာအုပ်များ ပါမစ်သက်တမ်းတိုး လက်ကျန်ရက်များတွက်ပြရန်နှင့် အခြေအနေ အတိအကျ သိရှိနိုင်ရန် ဝန်ဆောင်မှုဌာနသို့ ချီတက်သွားပါသည်။ အခြေအနေအကြောင်းစုံကို ခရေစေ့တွင်းကျ ရှင်းလင်းပြပြီး အပ်နှံထားသော စာအုပ်များ အခြေအနေကို မေးမြန်းရာ ခန့်ခန့်ကြီးထိုင်နေသော မမကြီးက နွမ်းဖတ်ဖတ် ကုမ်ရာသီသူအား မိန့်မိန့်ကြီး ပြောလိုက်သည်မှာ တစ်ခွန်းတည်း။

“ကျွန်မတို့ကို စာရွက်စာတမ်းနဲ့ လိုအပ်တာ အကုန်ပုံပေးရင် ကျွန်မတို့က အစီအစဉ်အတိုင်း အဆင့်ဆင့် လုပ်ပေးမှာပဲလေ။ တစ်ယောက်တစ်မျိုးတော့ လုပ်ပေးမနေနိုင်ဘူး။ အားလုံး သံရုံးထဲ ရောက်သွားပြီ။ ရက်ချိန်းအတိုင်း ထွက်လာမှာပဲ။ ဒီကြားထဲတော့ ဘာမှ ထူးခြားမှာမဟုတ်ဘူး”

သည်သို့ အဆိုရှိ၏။ ဒါဖြင့် ဟိုတစ်အုပ် ပြန်မယူမချင်း အဘယ့်ကြောင့် မထပ်ခဲ့ပါသနည်း။ တစ်ခွန်းပဲ ထပ်ဖြေပါသည်။ “ရောက်သွားပြီလေ၊ အမတို့က တခြား ဘာကတိမှ မပေးနိုင်ဘူး။ ရက်ချိန်းက သံရုံးက ပေးတဲ့အတိုင်းပဲ ပေးတာ”။ ရှိစေတော့လေ။ ကိုယ်ကရော ဘာများ တတ်နိုင်ဦးမည်နည်း။

ယခု တနင်္လာနေ့က လက်ဗွေနှိပ်ရန် အလှည့်ကျသူ လုပ်သားတစ်ဦး အခွန်ပြဿနာ ပေါ်သဖြင့် ကုမ်ရာသီသူတို့ မျက်လုံးပြူးရ၏။ သူက မလေးရှားတွင် နှစ်နှစ်ကြာ အလုပ်လုပ်ဖူးသည်။ မလေးရှား မြန်မာသံရုံးတွင် အခွန် မဆောင်ခဲ့။ ယခုအလုပ် မလုပ်မီ မြန်မာနိုင်ငံတွင် စာအုပ်သက်တမ်းတိုးစဉ်က ပွဲစားဖြင့် အခွန်ဆောင်၊ သက်တမ်းတိုးခဲ့သည်။ မြန်မာငွေ ၃ သိန်း ကျသင့်ခဲ့ပါသတဲ့။ ပြေစာတော့ မရခဲ့ပါ။ သက်တမ်း ၂ နှစ်တော့ တိုး၍ ရခဲ့သည်။ ယခု စကာင်္ပူ မြန်မာသံရုံးက ထိုစဉ် အခွန်ဆောင်ထားသော ပြေစာကို ပြခိုင်းပါသည်။ မပြနိုင်လျှင် အခွန် ဆောင်မထားသူအဖြစ် သဘောထားမည်ဖြစ်၍ ထို နှစ်နှစ်စာကို တစ်လလျှင် စကာင်္ပူ ဒေါ်လာ ၄၀ နှုန်းဖြင့် ဆောင်ခိုင်းပါမည်။ (မလေးရှားတွင် အခွန်ဆောင်ခဲ့ပါက တစ်လလျှင် မလေးရှား ရင်းဂစ် ၂၀ နှုန်း ဖြစ်ပါသည်။ ငွေလဲနှုန်းဖြင့် တွက်ပါက ၄ ဆခွဲ ကွာပါသည်။)

ကုမ်ရာသီသူ သက်တမ်းတိုးစဉ်ကလည်း ၁၀ လစာ အခွန်ဆောင်၍ နှစ်နှစ် နိုင်ငံကူးလက်မှတ် သက်တမ်း တိုးပေးခဲ့သော အကြောင်းရှိသည်။ သို့ဖြစ်ရကား ယင်း ပြေစာ ကိစ္စကို ဖြေရှင်းရစရာ အကြောင်းမမြင်သည့်အလျောက် အခွန်ဆောင်ခိုင်းရသည်။ သူဌေးက အများတကာကို ထုတ်ပေးထားသည့် ပမာဏမှာ ပထမအကြိမ် ပေးသွင်းရာတွင် ကုန်လေပြီ။ ယခု ထပ်သွင်းရန် မရှိတော့ပြီ။ ထုတ်ပေးလေဦး နောက်တစ်ခါ။ ပထမတစ်ကြိမ်က အားလုံးအတွက် တစ်ယောက်က သွားသွင်းပေးရသည်ဟု ကာယကံရှင်က ဆိုလာသည်တွင် ယခုတစ်ကြိမ် ပိုက်ဆံသွားသွင်းရန် ဝန်ဆောင်ဌာနကို ကုမ်ရာသီသူ ဖုန်းဆက်အကြောင်းကြား၏။ ခန့်ခန့်ကြီးနှင့် မမကြီးက နောက်နေ့ သွားသွင်းရမည့် သံရုံးမှ ဝန်ထမ်းနာမည်ကို ဖုန်းတွင် ညွှန်ကြားလိုက်သည်။ သွားသွင်းသည့်နေ့ မျက်စိသူငယ် နားသူငယ်နှင့် ကာယကံရှင်သာ တန်းစီရသည်ပင်၊ ငွေသွင်းကိစ္စ တောက်လျှောက် ဝန်ဆောင်ဌာနမှ မည်သို့မျှ လိုက်ပါဆောင်ရွက်ပေးခြင်း မရှိ။ ၎င်းဝန်ဆောင်ဌာနမှ မည်သူမျှလည်း (သံရုံးမပြောနှင့်၊ Orchard MRT အနီးတွင်ပင်) ရောက်ရှိနေခြင်း မရှိ။ တစ်နေကုန်မှ လက်ဗွေနှိပ်ခြင်းကိစ္စပြီးစီးကာ နောက်တစ်ပတ် စာအုပ်ထွက်မည်ဟု သိခဲ့ရ၏။ 

ကိုင်း – အစကတည်းက ကိုယ့်ဘာသာ အိပ်ရေးပျက်ခံလိုက်ရင် ပြီးရော။ ဘာကြောင့်များ အသပြာ ၅၀ တိတိ ပေးခဲ့ရပါသနည်း။

ယူနီဗာဆယ် . . . . .

ကျွန်းပိစိလေးမှာ ဘယ်မှလည်း သွားစရာ ထွေထွေထူးထူး မရှိတာနဲ့ ဒီနေ့ (၄-၂-၂၀၁၁) ယူနီဗာဆယ်စတူဒီယို (ဆန်တိုဆာ) ကို ရောက်ပါတယ်။

ဝင်သွားပြီး အလကား ရတာတွေ အကုန်ကြည့်ပါတယ်။ ပိုက်ဆံ ထပ်မပေးရသမျှ အကုန်လုပ်ပါတယ်။ ဟဲ ဟဲ။ ဝင်ကြေးကလွဲရင် အကုန်မခံဘူးဆိုပြီးတော့ သန္နိဌာန် ချထားတာလည်း ပါတာပေါ့လေ။ မကုန်ကုန်အောင် ဆွဲဆောင်ထားတာကလည်း ရောက်သွားတဲ့ ဇုန်တိုင်းဆိုပါတော့။ ဒါပေမယ့် ခုအချိန်က သူတို့ ဖွင့်တဲ့ နှစ်ပတ်လည် ဖြစ်နေလို့ပဲလားတော့ မပြောတတ်ဘူး။ ဒီလို ရို လာကိုစတာကြီးဆို ထပ်ပေးစရာမလိုဘဲ စီးလို့ရသဗျ။ စီးခဲ့လားလို့တော့ မမေးပါနဲ့။ သတ္တိခဲ ရဲရဲနီ ကုမ်ရာသီသူ တစ်ယောက် မစီးခဲ့ပါဘူး။

ကုမ်ရာသီသူတို့ စီးခဲ့တာ စစချင်း Madagascar (Escape to Africa) က ဇာတ်ကောင်တွေနဲ့ ပတ်လည်လှည့်တဲ့ ကလေးစီး ချားရဟတ်ပါ။ ပုံတွေကို ရေထိုးဖို့ ပြန်ရှာတော့ ကိုယ့်ဘာသာ ရိုက် တာတွေက တစ်ခုမှ ဆင်ဆာ မလွတ်တာနဲ့ Google Images ကပဲ ယူပါတယ်။ ဟဲ ဟဲ။ အဲဒီမှာ လျှောက်သွားရင်းနဲ့ စိတ်ကူးတောင် ပေါက်ပါသေး။ Johny Depp နဲ့ Angelina Jolie တို့ ရိုက်သွားတဲ့ The Tourist မှာ ဒီလို နေရာမျိုးကနေ ဇာတ်ကွက် ဇာတ်လမ်း စိတ်ကူးရသွားလားမသိ။ ပြီးတော့ အဲဒီ ဇာတ်လမ်းထဲက အဓိက သီချင်းနဲ့ အဓိက ဇာတ်ဆောင်အရုပ်ထဲ ဝင်ထားတဲ့ လူတွေ ကကြပါတယ်။ ဇာတ်လမ်းထဲက လိုပါပဲ။ ဒါပေမယ့် နေပူပူမှာ အဝတ်ထူထူကြီးတွေအောက်က ပူလောင် နွမ်းနယ်နေမယ့်လူတွေကို မြင်ယောင်ရင်း ဆက် မကြည့်ဖြစ်တော့ဘဲ ဘီလူးအိမ်သာဘက် ဆက်လျှောက်ခဲ့ပါတော့တယ်။

ပြီးတာနဲ့ ရောက်လာတာ ဘီလူးမောင်နှံ 4-Dimension နဲ့ ပြတဲ့ ဇာတ်ရုံပေါ့။ တန်းစီရတာကတော့ နေရာတိုင်းမှာ နာရီဝက်အသာလေးပဲ။ ရှေ့မှာ တန်းစီတဲ့ အသက် ၆၀ကျော်အရွယ် ဖွားဖွားတစ်ယောက်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုတောင် ငါ တော်တော် အိုစာပါ့လားလို့ တွေးမိလိုက်ပါသေး။ ဟယ်လိုကစ်တီ ထီးပန်းရောင်လေးနဲ့၊ ဖိနပ်ခုံမြင့်ကို အသားကပ်ခြေအိတ်လေးနဲ့ လှပဲ လှသေးတော့ (နောက်ကနေ ကြည့်တာနဲ့ကို အိုတော့ အိုနေပြီမှန်း သိပေမယ့် ရှေ့ကကြည့်မိတော့မှ အတော် လေ သွားပါလေရော)။ ရုံထဲရောက်တော့ လူ ရေ ကြည့်မိတယ်။ တစ်သုတ်ကို အယောက် ၅၀၀ လောက် သွင်းပါတယ်။ တစ်သုတ်ကို မိနစ် ၂၀လောက် ကြာတဲ့ ဇာတ်လမ်းတိုလေးကို ကြည့်ရတာပါ။ ကိုယ့်မျက်နှာ လာမှန်မယ့် မီးခဲတို့၊ ပိတ်ကားထဲက နှာချေလိုက်တာတွေ စင်မှာစိုးတာတို့ (တကယ် စင်သဗျ၊ ရေတွေ ဖျန်းတယ်နဲ့ တူတယ်)၊ ပစ္စည်းတွေဘာတွေ လွင့်လာတယ်ထင်တာတို့တော့ ပြောမနေနဲ့တော့။ ထိုင်ခုံပေါ် ခြေထောက်တွေဘာတွေ တင်၊ မျက်နှာနား စာရွက်နဲ့ ကာတာကာ၊ ခေါင်းတွေဘာတွေ ငဲ့တဲ့အခါငဲ့။ ဝှူး…. အလုပ်ကို များသွားတာပါပဲ။ စကားမစပ် အဲဒီဇုန်နဲ့ The Lost World – Jurassic Park ကြားမှာ ATM တွေ တွေ့ပါတယ်။ အထဲမှာ ပိုက်ဆံကုန်သမျှ ကဒ်နဲ့ ပေးလို့မှ မရဘဲကိုး။

အဲဒါနဲ့ Jurassic Park ကို မကူးမီ နေ့လည်စာ ဆွဲကြပါတယ်။ အမှန်တော့ Food Republic ကနေ ထမင်းဘူးလေး၊ ဘာလေး ဝယ်သွားကြတာပါ၊ ဟိုကျ အဲဒါတွေ အထဲ သယ်လို့မရပါဘူးတဲ့။ ဒါနဲ့ပဲ အထဲမဝင်မီ တစ်နေ့လုံးစာ Locker ၂၀ ဖိုး ထည့်ပြီး ပစ္စည်းတွေ ထားသွားရပါတယ်။ နာရီပိုင်းအလိုက်လည်း ထည့်လို့ရပါတယ်။ ဒါပေမယ့် တစ်ခါ ဖွင့်ပြီးရင် နောက်တစ်ခါ ထပ်သုံးချင်တိုင်း ပိုက်ဆံ ထပ်ပေးရမှာပါ။ အဲ EZ-Link ကဒ်နဲ့ ပေးလို့ ရသဗျ။ ဖြည့်ထားတဲ့ ပမာဏကလည်း များတော့ ဒါလေးပဲ ကပ်လိုက်ပါတယ်။ အထဲမှာ ပေါက်စီ ဝယ်စား၊ ဈေးကလည်း ကြီးပါ့။ ရေဗူးတော့ အိတ်တွေထဲ ထည့်သယ်သွားတာ ပါသွားလို့ တော်ပါသေး။ ဒါပေမယ့် အဲဒီမှာ သူတို့ရဲ့ Attraction က ရေစိုမယ်၊ ပြီးတော့ ပိုက်ပိုက်လည်း ထပ်ပေးရမှာဆိုတော့ မဝင်ဖို့ အားလုံး သဘောတူကြပါတယ်။ ပိုက်ဆံ အကုန်ခံချင်လို့ အပင်ပန်းခံပြီး လုပ်ခဲ့တာက နံရံတောင်တက်တာပါ။ တစ်ယောက်ကို ၅ ဒေါ်လာ ထပ်ပေးရပါတယ်။ အနာတရ ဖြစ်ခဲ့ရင် တရားမစွဲပါဘူးဆိုတဲ့ Letter of Consent မှာ လက်မှတ်ထိုး ပေးရပါတယ်။ တစ်ခါမှ မစမ်းဖူးတဲ့အကြောင်း ပြောပြတော့ အောက်မှာ ကြိုးနဲ့ ထိန်းပေးမယ့် လူတွေက အားပေးပါတယ်။ အဟဲ။ ကိုကြီး ဒီဘီတို့လို လူမျိုးအတွက် ဆိုရင်တော့ ထိန်းပေးမယ့်လူ အတော် ရှားမယ်ခင်ဗျ။ ကိုယ်ခန္ဓာအလေးချိန် သိပ်မကွာသူများက ထိန်းပေးဖို့ ရွေးချယ်ရလို့ပါ။ ကလေးတွေရော၊ လူလတ်ပိုင်းတွေရော ဖားကပ်၊ တောက်တဲ့ကပ်၊ အိမ်မြှောင်ကပ်၊ ပုတ်သင်ကပ်၊ အဲ. . . ကပ်နည်းပေါင်းစုံနဲ့ ကုမ်ရာသီသူတစ်ယောက် လူ တစ်ရပ်ကျော်တော့ ရောက်ခဲ့ပါတယ်။ ခြေနှစ်ဘက်၊ လက်နှစ်ဘက်ထဲက ၃ ပွိုင့် မြဲရင် တစ်ပွိုင့်လွှတ်ပြီး ကုပ်၊ကပ် တက်သွားရတာကိုး။ ထိပ်ဆုံးက ကြိုးအဆုံးက ကွင်းကို လက်နဲ့ပုတ်ပြီးရင်တော့ ဒီ နံရံတောင်တက် စာမေးပွဲ အောင်ပြီပေါ့။ ကိုယ့်ဘာသာကိုယ် အားပေးပါတယ်။ ဒါ ပထမအကြိမ်ပဲလေ။ ထိပ်ဆုံး မရောက်ခဲ့ပါဘူး။ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါတယ်။

ရှေးဟောင်း အီဂျစ်ဇုန်မှာတော့ မှောင်မှောင်ပိန်းပိန်း ပိရမစ်အတုထဲမှာ မမ်မီကလဲ့စားကို တင်ဆက်ပါမယ်တဲ့။ မဝင်ခဲ့ပါဘူး။ နေရာတိုင်းမှာ ဝံပုလွေခေါင်းဆောင်းနဲ့ ကုလားမခြေထောက်ပိုင်ရှင်များက တကားကား၊ သူတို့နဲ့ လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်သူများက တဖျပ်ဖျပ်၊ ဗလ တပြပြနဲ့ အီဂျစ်ဖာရိုအတုများကလည်း တလွှားလွှားပါပဲ။ ကုမ်ရာသီသူတို့ ညောင်းတာနဲ့ အင်္ဂတေကို သဲကျောက်တုံးနဲ့ တူအောင်လုပ်ထားတဲ့ စဖင့်ရုပ်အတုကြီးရဲ့ ခြေထောက်ခုံမှာ ထိုင်ပြီး နားကြပါတယ်။ အင်း . . .  ဒီနေရာကြီး တစ်ခုလုံးကကို Real Time Setting ဖြစ်နေတာကိုးလို့ မှတ်ချက်ချမိပါသေးတယ်။ နောက် ဇုန်ကတော့ သိပ္ပံကားတွေ ရိုက်နေကျ သိပ္ပံမြို့တော် အတုပါ။ ရိုလာကိုစတာကို အဲဒီနေရာမှာ စီးရပါတယ်။ မဝင်ပါဘူး။ အဖေါ်တွေ စီးတာကို ပစ္စည်းတွေ အကုန် ယူထားပေးပြီး ဝင်ပေါက်မှာ စောင့်ပါတယ်။ ပြီးတော့ ထွက်လာရင် ဒူးခွေလာလို့ကတော့ ဓါတ်ပုံ ရိုက်မှာပဲ ဆိုပြီး လုပ်ကြံဖို့ပေါ့လေ။ သူတို့က ထွက်လာတာ အေးဆေး ပုံမှန်ပဲ ခင်ဗျ။

အဟဲ။ ဟိုတလောလေးကမှ Step Up 3D ကြည့်ဖူးကြတဲ့ အမ ဂွိတို့ ကိုယ်တိုင် ပါဝင်ပြီး အကြောလျှော့လို့ရတဲ့နေရာ နယူးယောက်က ဟောလီးဝုဒ်ပါ။ ဒီမှာ ဒီအဖွဲ့ ရှိပါတယ်။ ကလေးတစ်ယောက်၊ ကလေးမတစ်ယောက်၊ အိန္ဒိယမင်းသားတစ်ယောက်တို့ ဗော်လံတီယာ ပါဝင်တဲ့ Chain Dance, Free Style Dance တို့နဲ့ လက်ခုပ်တွေ တီးကြ၊ လက်တွေ မြှောက်ပြီး ယမ်းရ (မင်းတို့လက်တွေ လေထဲကို မြှောက်ထားလိုက် ဆိုတော့လည်း ပျော်ပျော်ပါပဲ)၊ အတော် မြိုင်ဆိုင်ပါတယ်။ အဲဒီမှာ ကုမ်ရာသီသူ အတော် သဘောတွေ့သွားတာက စတီဗင် စပီးဘတ်ဂ်ရဲ့ တင်ဆက်မှု (The Day After Tomorrow က ဇာတ်ဝင်ခန်းတစ်ခုလို့ ထင်ပါတယ်) Light, Camera, Action! အစီအစဉ်ပါ။ တစ်နာရီ မိုင်တစ်ရာ့ငါးဆယ်နှုန်းနဲ့ မုန်တိုင်းက နယူးယောက်ကို ဖြတ်သန်းမယ့် အချိန်၊ ကိုယ်က သဘောင်္ကျင်းတစ်ခုထဲ ရောက်နေပြီး မိုးကြိုးတွေပစ်၊ လေတွေတိုက်၊ လျှပ်စစ် ရှော့ဖြစ်ပြီး ရေထဲမှာ မီးတွေတောက်၊ ထုပ်တန်းတွေ ဘာတွေ ကျိုး၊ မော်တော်ဘုတ်တွေ ဘာတွေ လေထဲ လွင့်၊ နောက်ဆုံး . .  သွားနေတဲ့ သဘောင်္ကြီးက တအိအိနဲ့ သဘောင်္ကျင်း တံခါးဝကနေ ရွေ့ဝင်လာပြီး ကိုယ့်ရှေ့နားထိ ရောက်လာတာ အင်း . . . . . ဒီ အတုက မီးတွေလည်း ပူ၊ ရေတွေလည်း စင်၊ အစစ်လိုလည်း ထင်ယောင်ထင်မှား ခံစားနိုင်စေတာ အတော်ကို သဏ္ဍာန်လုပ်၊ သရုပ်တူနိုင်ပါပေတယ်။ စကားမစပ် ၂၀၁၂ ကမ္ဘာကြီးကို့လို့ကန့်လန့်ဖြစ်မယ်ဆိုရင် ဆိုပြီး ရင်ထဲမှာ နည်းနည်းတော့ ဖိုးသိုးဖတ်သပ်ဖြစ်သွားပါတယ်။

ပြီးတာနဲ့ ထွက်ပြီး ပစ္စည်းလေးတွေ ရွေး၊ ပန်းပွဲတော်ကို ဆက်မသွားခင် သယ်သွားတဲ့ မုန့်တွေ၊ ရေတွေ ဝိတ်လျှော့တဲ့အနေနဲ့ ထိုင်စရာ ရှာပြီး စားကြ၊ ဝါးကြပါတယ်။ ယုန်ရုပ်ကလေးတွေ၊ ၁၂ကောင်ရုပ်တွေကို ပန်းတွေနဲ့ ပုံစံဖေါ်ထားတာ ဓါတ်ပုံတွေ ရိုက်ကြတာပေါ့လေ။ ငါးမဟုတ်၊ ခြင်္သေ့မဟုတ် အကောင်ကြီးဘက်ကို ဖြတ်လျှောက်တော့ လိမ္မော်သီးလေးတွေနဲ့ အလှဆင်ထားတာ အတော်များများမှာ အသီးပြုတ်ရာ၊ အညှာလေးတွေ ဖွာဖွာနဲ့ တွေ့ရပါတယ်။ သူငယ်ချင်းက သတိမထားမိသေးခင် “ဖြုတ်စားရင် ရမလားမသိ”လို့ ပြောပါတယ်။ သူ့ကို အညှာရာလေးတွေနဲ့ အောက်ကျနေတဲ့ ရော်နေပြီဖြစ်တဲ့ လိမ္မော်သီးတစ်လုံးကို ပြလိုက်ပါတယ်၊ “ဒီလိုကိစ္စမျိုး ရှိသကိုး”လို့ သူက ပေါင်ချိန်လေနဲ့ မှတ်ချက်ချပါတယ်။

နောက်မှ သူငယ်ချင်းတွေဆီက သိရတာပါ။ ယူနီဗာဆယ်စတူဒီယို စဖွင့်ကာစ အချိန်က ဒီလို Attraction အစီအစဉ်တွေကို ဝင်ကြည့်ချင်ရင် သတ်သတ် ပိုက်ပိုက် ပေးရပါသတဲ့။ ဝင်ကြေးကလည်း ၁၀၀ ကျော်ပါသတဲ့။ ခုမှ ဝင်ကြေး ၇၂ ဒေါ်လာ ပေးပြီးရင် ဒါတွေပါ အပါအဝင်ဖြစ်သွားတာ ဆိုပဲ။ တော်သေးတာပေါ့။ အင်း . . . ပုရွက်ဆိတ်အုံအလား လူအုပ်ထဲမှာ တိုးရင်း၊ တန်းစီရင်း ကြည့်ခဲ့၊ ရောက်ခဲ့တာကို ခု ရုံးပြန်တက်ခါနီးမှ ရေးပြလို့ ကုမ်ရာသီသူကို မထောင်းကြတန်ရာနော်။ နံရံတောင်တက်ပြီး ကောင်လုံးနာနေတာနဲ့ (ဘိတ်/မြိတ်-သံနဲ့ ပြောတာပါ။ တစ်ကိုယ်လုံးနာတာကို ကောင်လုံးနာတယ်လို့ ပြောပါတယ်) ခုမှပဲ ဒီ ရေထိုးတဲ့ ပို့စ် လေး ပြီးပါတယ်။ ခွင့်လွှတ်ကြတာ ကျေးဇူးတင်ပါတယ်ခင်ဗျား။🙂

relativity vs. reality

နှိုင်းရသီဝရီကို သက်သေပြရန် အလွယ်ကူဆုံး သာဓက အနေဖြင့် မိန်းကလေးတစ်ယောက်နှင့် တစ်နာရီ၊ မီးကျီးခဲပေါ် ၅ မိနစ် ထိုင်ခြင်းအားဖြင့် အချိန်၏ အမှန်တရားဖြစ်သော တစ်နာရီနှင့် ၅မိနစ်တို့ ပြောင်းနိုင်ပါမည်လား။

မပြောင်းနိုင်သော တစ်နာရီနှင့် ၅ မိနစ်အစား တစ်စက္ကန့်နှင့် တစ်ကမ္ဘာတို့ကိုသာ နှိုင်း၍ တွေးမိကြပါသည်။ လူတို့တွင် အားကောင်းသော မှန်ဘီလူးများသည် မွေးရာပါပင် ဖြစ်လေသလော စဉ်းစားမရပါ။ မိမိလက်ခံနိုင်သော၊ လက်မခံနိုင်သော နှိုင်းယှဉ်မှုများကို အခြေပြု၍ မြင့်ခြင်း၊ နိမ့်ခြင်း၊ များခြင်း၊ နည်းခြင်း၊ လှပခြင်း၊ အကျည်းတန်ခြင်း၊ တရားခြင်း၊ မတရားခြင်း၊ ကောင်းမွန်ခြင်း၊ ညံ့ဖျင်းခြင်း၊ . . . .  များစွာသော စက္ကန့်ပိုင်း ကမ္ဘာများတွင် လူတို့ နေသားကျနေပါသည်။ ထို မှန်ဘီလူးများသာ ပျောက်ကွယ်သွားမည်ဆိုလျှင် တွေ့ရှိလာမည့် အမှန်တရားသည် အတော် နေမထိ ထိုင်မသာဖြစ်စေမည်လား မသိပါ။

ထို့ကြောင့် စက္ကန့်ပိုင်းကမ္ဘာများစွာအတွင်းရှိ မှန်ဘီလူး၊ မှန်ပြောင်းပိုင်ရှင် လူသားများ အချင်းချင်း မှန်ဘီလူးချင်း မျက်နှာချင်းဆိုင်မိသောအခါ စကြာဝဠာနှင့် ချီသော အကျိုးသက်ရောက်မှုရှိမည့် ဧရာမ အကြောင်းခြင်းရာများ ဖြစ်ပေါ်လာပါသည်။ ၂၀၁၂ ကမ္ဘာပျက်ခြင်း၊ မပျက်ခြင်းသည် ဧရာမ အကြောင်းခြင်းရာကြီး ဆိုပါစို့။ စက္ကန့်ပိုင်းအတွင်း ပျက်သုဉ်းနိုင်သော မိမိ ကမ္ဘာကိုယ်တိုင်သည်ပင် ဧရာမ အကြောင်းခြင်းရာကြီး ဖြစ်မနေပေဘူးလား။

  သည်သို့ တွေးမိလျှင် ရေခဲခေတ်က သစ်စေ့လေးတစ်စေ့နှင့် မျက်လုံးပြူးမျက်ဆန်ပြူး အလုပ်များနေသော ရှဥ့်ကလေးလို ကိုယ့်ကိုယ်ကိုယ် တွေး ရယ်ချင်သည်။ ဖရဲသီးသုံးလုံးနှင့် နှစ်သန်းချီသော ရေခဲခေတ်ကို ဖြတ်သန်းရန် မျှော်လင့်သော ဒိုဒို ငှက်ကြီးများကို မြင်ယောင်ပြီး ရယ်ချင်သည်။ ဆင်ကြီးတို့ ရဲသုံးဖော်လို ကြိုမသိနိုင်သော စက္ကန့်ပိုင်းများ မည်သည့်အချိန် ကိုယ့်အတွက် ဖြစ်လာမည်လဲ။

ပျက်သုဉ်းခြင်းနှင့် ပျက်ယွင်းခြင်းတရားများ နေ့စဉ် ဖြတ်သန်းနေကြောင်း ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်တိုင်းမှာ ပျောက်ဆုံးသွားနိုင်သော ပျော်ရွှင်မှုများကိုလည်း သတိထားမိနိုင်ရန် မျှော်လင့်နေမိပါသည်။

(လေးလေးပင်ပင် ရေးရတာ မောထှာ၊ အဲဒါ Ice Age ကြည့်မိသွား၍ပါ ခင်ဗျား။😀 )