ပထမတစ်ခုကို အသုံးချနိုင်မှုဟု ခေါ်မလားတော့ မသိ။ နောက်တစ်ခုက အသုံးချခံရခြင်း ဖြစ်မည်ထင်သည်။ ရုံးမှာ Utility Bill ဆိုလျှင် လျှပ်စစ်မီတာ၊ ဖုန်း၊ ရေ သုံးမျိုးစလုံးပါလေ့ရှိသည်။ ပြီးတော့ Gas, Internet အဲဒါတွေလည်း ပါသည်။
ဒီ အင်တာနက် ဆိုတာကြီးသည် Utility တစ်မျိုးဖြစ်၍ သုံးတာကတော့ သုံးကို သုံးမှဖြစ်ပါမည်။ ကိုယ်မသုံး၊ ကိုယ်ရှုံးတာပေါ့။ ဒီလို လစဉ်ငွေကြေးအနည်းငယ်သွင်းရုံမျှဖြင့် အတော် သုံးပျော်၊ စွဲပျော်သော အင်တာနက် လိုင်းတစ်လိုင်း ရရှိနိုင်သော နေရာမျိုးတွင် အခြား အကြောင်းတွေ လျှောက်စဉ်းစားနေလျှင် ကိုယ်လုပ်ချင်တာ မလုပ်ရရုံသာ ရှိပေမပေါ့။ ဒါမှမဟုတ်လည်း ရွှေပြည်ကြီးမှာ ပြန်ပြီး အဲဒီ အင်တာနက် ဆိုသဟာကြီးနှင့် ကင်းလွတ်သော တစ်စုံတစ်ခုကို ရှာကြံလုပ်နေပေါ့။ (ကိုယ့်ကိုယ်ကို အားပေးတာပါ။ ခုထိတော့ စဉ်းစားမရသေးပါ။) ဒီစိတ်ဖြင့် အင်တာနက် လိုင်းတစ်လိုင်း ယူပါသည်။
ဟုတ်ကဲ့၊ အဲဒီ အင်တာနက် လိုင်းလေး ရပြီး ဘာများ သုံးဖြစ်ပါသလဲ။ သိတော်မူကြသည့်အတိုင်း ဘလော့တွေ ဖတ်ဖြစ်ပါသည်။ ချက်တင်တွေ ၀င်ဖြစ်ပါသည်။ ကိုယ်တိုင်လည်း ၀ါစာကမာ သုံးလေးငါးပုဒ်ရေးဖြစ်ပါသည်။ ဒါပဲလား……… အခု သူများပေးသည့် လမ်းညွှန်အရ အဝေးသင် ကျောင်းသားလက်သစ် လုပ်နေပါသည်။ ဒါပဲလား ……….. ဒါပါပဲ။ ကိုယ်ကတော့ ဒီမှာပဲ လမ်းဆုံးပါသည်။ ပြောချင်တာက Utility ရှိသည့်အခါတိုင်း utilized အပြည့်အ၀ ဖြစ်သွားတာမျိုးတော့ မဟုတ်ဆိုတာပါပဲ။ ကိုယ့်ရဲ့ လူမှုရေးတွေကို အထိုက်အလျောက် အကူအညီ ရတာ မှန်သော်လည်း အဲဒီ လူမှုရေး အကျိုးအမြတ်တွေကို ကိုယ်တိုင်က ပြန်ပြီး အသုံးမချတာများသော အကျင့်ရှိပါသည်။ သုံးသည့်သူတွေကတော့ သုံးပါသည်ခင်ဗျား။
ရှင်းပါမည်။ ကိုယ်ရေးသောစာ၊ ကိုယ်ပြောသောစကားကို တာဝန်ခံသူတစ်ဦးအနေဖြင့် ရေးပြီးသမျှကို ဝေဖန်ခဲ့လျှင် လက်ခံနိုင်ရန် ပြင်ဆင်ထားပါသည်- ဒါ ဘလော့ဂါများ၏ လက်စွဲ၊ မူဝါဒ၊ ကျင့်ဝတ်ဆိုကြပါစို့။ ကိုယ်ရေးထား၊ ပြောထား၊ တွေးထားတာလေးတွေကို လူတွေ စိတ်ဝင်စားကြလျှင် အလွန် ၀မ်းမြောက်ပါသည်။ ထို့ထက်ပို၍ စိတ်ဝင်စားသူများက နှုတ်ခွန်းဆက်သွား၊ ဝေဖန်သွားလျှင် အတော်ကြီးကို မနေတတ်မထိုင်တတ်ဖြစ်အောင် ၀မ်းသာပါသည်။ (ကိုယ့်အကြောင်းကိုယ်ပြောနေတာပါ) ကိုယ်ပြောတာတစ်မျိုး၊ ဝေဖန်သူက တစ်မျိုးမြင်သွားလျှင် ကိုယ်ရေးတာ မပေါ်လွင်လို့ဟု မှတ်ပါသည်။ ထို့ထက်မကခဲ့လျှင်လည်း သူနဲ့မှ သဘောချင်းမတိုက်ဆိုင် တာပဲလေဟု တာဝန်ငြိမ်း နှလုံးသွင်းပါသည်။ လိုအပ်သည်များကို ညွှန်ကြားသွားပါကလည်း လက်ခံသင့်လျှင် လက်ခံရန် ကိုယ့်ကိုယ်ကို ဆုံးမထားပါသည်။ ကိုယ်က ခုမှ မူကြိုကိုး။
နောင်တော့်နောင်တော်များ၏ ဘလော့များထံ အလည်သွားသည့်အခါ တိတ်တိတ်ဆိတ်ဆိတ် လည်ဖြစ်တာ များပါသည်။ ရင်းရင်းနှီးနှီး၊ ပျော်ပျော်ရွှင်ရွှင် အုပ်လိုက်၊ သင်းလိုက်ရှိနေသော ဘလော့ဂါများကို မြင်ရသည့်အခါ ကိုယ်တိုင်လည်း ဘာရယ်မဟုတ် အလွန်ပျော်ပါသည်။ ကိုယ်တိုင်ကမူ ဘယ်အဖွဲ့ အသင်းနှင့်မျှ မဆက်စပ်မိလှ။ သို့သော်- အုပ်စုလိုက် ချိန်းပွဲချသကဲ့သို့ ဖြစ်နေသော ကွန်မန့်တိုက်ပွဲများကို မျက်စိလည်လမ်းမှားပြီး မြင်ရသည့်အခါ ထို ပျော်စရာစိတ်လေးများ ကုန်ပါလေရော။ ငါ့အမြင်ငါပြောတာ ဘယ်သူ့ဂရုစိုက်ရမတုန်း-ဆိုသော ဆရာများ၊ ငါ့ဆရာပြောတာ မှန်မှမှန် ၊ ဘယ်သူခံပြောဝံ့သတုန်း-ဆိုသော တပည့်များ၊ ကြုံတုန်း ၀င်တွယ်သွားမှ၊ ဒီဆရာ့တပည့် အထင်ခံရနည်းလား-ဆိုသော ‘ကြုံတပည့်’များ၊ ဒီရိုက်ချက်က အမိုက်စား၊ ဒီလိုလူမျိုးရဲ့ ဆရာ အထင်ခံရနည်းလား-ဆိုသော ‘ထင်ဆရာ’များ၊ ဒီလို ဆွမ်းကြီးလောင်းမျိုးမှာမှ ၀င်မနွှဲလျှင် လူစဉ်မီမှာမဟုတ်၊ နွှဲလိုက်ဦးမည်-ဆိုသော ‘ကြုံတိုင်း’များ ………………… ထိုထိုသော ရိုက်ချက်၊ နှက်ချက်၊ ဗျင်းချက်၊ တီးချက်များကြားတွင် မူရင်း စာပိုဒ်များသည် အလိုအလျောက် ဖုံးလွှမ်းခံကြရရှာလေသည်။
ဘလော့ဂင်းကြရာတွင် ရည်ရွယ်ချက် မျိုးစုံ ရှိကြပါမည်။ utility တစ်မျိုးဖြစ်၍ ဒါလေးမှတစ်ဆင့် အခြားအခြားသော အကျိုးရလဒ်များရအောင် သုံးကြပါမည်။ အရှင်းဆုံး အသုံးချခြင်းအနေဖြင့် ကိုယ့်အမြင်၊ ကိုယ့်အတွေး၊ ကိုယ့်အရေးများကို ပြောဖြစ်၊ ရေးဖြစ်ကြ၊ ကိုယ်သိသမျှကို မျှဝေကြပါသည်။ ပိုမို အဆင့်မြင့်သော အသုံးချခြင်းအဖြစ် ရွှေပြည်ကြီးအတွက် တစ်စုံတစ်ခု ရည်ရွယ်သော အကြောင်းအရာများကို ပြောကြ၊ ရေးကြ၊ ဆွေးနွေးကြပါသည်။ အားရှိစရာကောင်းပါသည်။ အင်တာနက်ပေါ်မှ ရနိုင်သော လွတ်လပ်မှုကို အစွမ်းကုန် အသုံးချကြပါသည်။ ရွှေပြည်ကြီးထဲက လူများ အဲဒီလို လွတ်လပ်နိုင်လျှင် ပို၍ ပို၍ ကောင်းပါမည်။ အဲဒီလွတ်လပ်မှုသည် ကိုယ်ပိုင်တာဖြစ်ကြောင်း သိပြီး ကိုယ့်ဟာကိုယ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရန် စိတ်ကူးပေါက်လာလျှင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ဒါပေသိ အဲဒီ ‘လွတ်လပ်သော’ ဆိုတာကြီးကကို ကျိန်စာသင့်နေသလား မပြောတတ်ပါ။ ဒါကြီးအကြောင်း ဆွေးနွေးကြတိုင်း ဘယ်က ထွက်ထွက်လာမှန်းမသိသော ခါတော်မီ လွတ်လပ်ရေးဆရာများက လွတ်လပ်စွာကွဲလွဲခွင့်ကို အကာအကွယ်ယူကာ လွတ်လွတ်လပ်လပ်ကြီး ဆွမ်းကြီးလောင်းကြပါသတည်း။
မင်းက ဘာမို့လို့တုန်း-ဟုမေးလျှင် ဘာမှမဟုတ်ပါဟု အမှန်အတိုင်း ဖြေပါမည်။ ကိုယ့်လို ဘာမှမဟုတ်သူများ အများကြီးရှိသော ဒီမြေမှာ ကိုယ်က ဒီကိစ္စကို အရေးမလုပ်ပါ။
ကိုယ့်တိုင်းပြည်ကောင်းစားရေးနောက်ထား၍ ကိုယ့်မိသားစုပင် မကောင်းစားသေးပါ။ အသက်ရှူချောင်မည် ကြံရုံရှိပါသေးသည်။ ကိုယ့်မိသားစု တည်တည်ငြိမ်ငြိမ်လေး နေထိုင် ရပ်တည်၍ ရနိုင်လောက်သော အနေအထားရလျှင် အိမ်ပြန်ပြီး စာသင်စားမည်ဟု စိတ်ကူးရှိပါသည်။
ပိုက်ပိုက်ရှိလျှင် ပညာရေးသုတေသနလုပ်ငန်းများအတွက် ရန်ပုံငွေထောင်မည်ဟု စိတ်ကူးယဉ်ပါသည်။ ထောင်ပြီးသား ရန်ပုံငွေ ဆိုသဟာတွေက နိုင်ငံတော်တနံတလျား သုံးစရာတွေက အများသားကလား။ သူငယ်ချင်း ကျူရှင်ဆရာများကို မေးမကြည့်ရသေးပါ။
ဒီအင်တာနက် ဆိုသဟာကြီးကနေ ဘာတွေ၊ ညာတွေ လေ့လာပြီး ပြန်မျှဝေမည်ဟုလည်း စိတ်ကူး ကြီးကြီးမားမား ရှိပါသည်။ အခု ကိုယ်တိုင် ဖိုရမ်တွေဝင်ပြီးလေ့လာတော့ ကိုယ်ဘာမှ မသိသေးတာတွေပဲ တွေ့ပါသည်။
ကိုယ်ကြိုက်တာလေးတွေ့လျှင် ကိုယ့် Reader လေးထဲ ကိုယ်မှတ်ကာ တိတ်တိတ်လွတ်လပ်တာက အုပ်စုတိုက်ပွဲများနှင့် ကင်းလွတ်ပါသည်။ တစ်ကိုယ်တော် သွားသော ခရီးမို့ လွတ်လပ်ခြင်း အရသာကို အတော်ကြီး ခံစားရပါသည်။ ကိုယ့်လွတ်လပ်ခွင့်ကလေးကို ကာကွယ်ရန် ကိုယ့်တာဝန်ဖြစ်သည့်အတွက် မျက်စိနောက်စရာ မဖြစ်ရအောင်တော့ ထိန်းထိန်းသိမ်းသိမ်း နေရပါသည်။ ကိုယ်က ဘာကောင်မှ မဟုတ်သည့်အတွက် ကိုယ့်အတွက် ဆရာလည်း ပေါ်မလာတော့၊ တပည့်လည်း ပေါ်မလာတော့။ ဘယ့်ဂလောက်များ အေးချမ်းလိုက်ပါသနည်း။ လူမှုရေးအကျိုးအမြတ်ကို မသုံးသ၍ ဒီလိုအခြေအနေလေး တည်မြဲနေနိုင်လောက်ပါ၏။ အစက ပြောခဲ့သကဲ့သို့ပင် ကိုယ်မသုံးတော့ ကိုယ်ရှုံးတာပေါ့လို့ ဒီတစ်မျိုးတော့ မယူဆချင်ပါ။ လူမှုရေးအမြတ်မထုတ်တတ်တာ ကောင်းသည်ဟု မိဘများက ဆုံးမထားတာ ဒါလေးတစ်ခုတော့ ကိုယ်တိုင်လည်း လက်ခံထားပါသည်။ တော်ကြာ ကိုယ့်ကိုပါ utilized လုပ်သွားမှာ ကြောက်လှပါသည်ခင်ဗျား။
(ကြောက်ကြောက်နဲ့ တင်တဲ့ ပို့စ် ပါ။ မနေနိုင်လွန်းလို့သာ တင်ရတာ။ ကိုယ်ရပြီးသား လွတ်လပ်ခွင့်လေးကို ခုခံ ကာကွယ်ဖို့ အတော်ကို ကြိုးစားပမ်းစား ရုန်းကန်ရမယ်နဲ့ တူပါရဲ့။)