နှိုင်းရသီဝရီကို သက်သေပြရန် အလွယ်ကူဆုံး သာဓက အနေဖြင့် မိန်းကလေးတစ်ယောက်နှင့် တစ်နာရီ၊ မီးကျီးခဲပေါ် ၅ မိနစ် ထိုင်ခြင်းအားဖြင့် အချိန်၏ အမှန်တရားဖြစ်သော တစ်နာရီနှင့် ၅မိနစ်တို့ ပြောင်းနိုင်ပါမည်လား။

မပြောင်းနိုင်သော တစ်နာရီနှင့် ၅ မိနစ်အစား တစ်စက္ကန့်နှင့် တစ်ကမ္ဘာတို့ကိုသာ နှိုင်း၍ တွေးမိကြပါသည်။ လူတို့တွင် အားကောင်းသော မှန်ဘီလူးများသည် မွေးရာပါပင် ဖြစ်လေသလော စဉ်းစားမရပါ။ မိမိလက်ခံနိုင်သော၊ လက်မခံနိုင်သော နှိုင်းယှဉ်မှုများကို အခြေပြု၍ မြင့်ခြင်း၊ နိမ့်ခြင်း၊ များခြင်း၊ နည်းခြင်း၊ လှပခြင်း၊ အကျည်းတန်ခြင်း၊ တရားခြင်း၊ မတရားခြင်း၊ ကောင်းမွန်ခြင်း၊ ညံ့ဖျင်းခြင်း၊ . . . .  များစွာသော စက္ကန့်ပိုင်း ကမ္ဘာများတွင် လူတို့ နေသားကျနေပါသည်။ ထို မှန်ဘီလူးများသာ ပျောက်ကွယ်သွားမည်ဆိုလျှင် တွေ့ရှိလာမည့် အမှန်တရားသည် အတော် နေမထိ ထိုင်မသာဖြစ်စေမည်လား မသိပါ။

ထို့ကြောင့် စက္ကန့်ပိုင်းကမ္ဘာများစွာအတွင်းရှိ မှန်ဘီလူး၊ မှန်ပြောင်းပိုင်ရှင် လူသားများ အချင်းချင်း မှန်ဘီလူးချင်း မျက်နှာချင်းဆိုင်မိသောအခါ စကြာဝဠာနှင့် ချီသော အကျိုးသက်ရောက်မှုရှိမည့် ဧရာမ အကြောင်းခြင်းရာများ ဖြစ်ပေါ်လာပါသည်။ ၂၀၁၂ ကမ္ဘာပျက်ခြင်း၊ မပျက်ခြင်းသည် ဧရာမ အကြောင်းခြင်းရာကြီး ဆိုပါစို့။ စက္ကန့်ပိုင်းအတွင်း ပျက်သုဉ်းနိုင်သော မိမိ ကမ္ဘာကိုယ်တိုင်သည်ပင် ဧရာမ အကြောင်းခြင်းရာကြီး ဖြစ်မနေပေဘူးလား။

  သည်သို့ တွေးမိလျှင် ရေခဲခေတ်က သစ်စေ့လေးတစ်စေ့နှင့် မျက်လုံးပြူးမျက်ဆန်ပြူး အလုပ်များနေသော ရှဥ့်ကလေးလို ကိုယ့်ကိုယ်ကိုယ် တွေး ရယ်ချင်သည်။ ဖရဲသီးသုံးလုံးနှင့် နှစ်သန်းချီသော ရေခဲခေတ်ကို ဖြတ်သန်းရန် မျှော်လင့်သော ဒိုဒို ငှက်ကြီးများကို မြင်ယောင်ပြီး ရယ်ချင်သည်။ ဆင်ကြီးတို့ ရဲသုံးဖော်လို ကြိုမသိနိုင်သော စက္ကန့်ပိုင်းများ မည်သည့်အချိန် ကိုယ့်အတွက် ဖြစ်လာမည်လဲ။

ပျက်သုဉ်းခြင်းနှင့် ပျက်ယွင်းခြင်းတရားများ နေ့စဉ် ဖြတ်သန်းနေကြောင်း ကိုယ့်ကိုယ်ကို သတိပေးရင်း အချိန်တိုင်းမှာ ပျောက်ဆုံးသွားနိုင်သော ပျော်ရွှင်မှုများကိုလည်း သတိထားမိနိုင်ရန် မျှော်လင့်နေမိပါသည်။

(လေးလေးပင်ပင် ရေးရတာ မောထှာ၊ အဲဒါ Ice Age ကြည့်မိသွား၍ပါ ခင်ဗျား။ :D )

မနေနေနိုင်ရဲ့ ဘလော့ကနေ ရလာတဲ့ လင့်ကို အကြောင်းပြု၍ အားရပါးရ ဘောလုံးပွဲ အိပ်ပျက်ခံပြီး ကြည့်ပါသည်ဆိုလျှင် ဟိုနှစ်ရက်လောက်က ဆေးခန်းသွားပြပြီး ဆေးခွင့်ယူထားရပါကြောင်း မည်သူက ယုံနိုင်ပါမည်နည်း။

ကျားကိုးစီး စားမကုန်ဟုတော့ အာမ,မခံပါ။ အာဠာဝက-ဟုတော့ အတူနေသူငယ်ချင်းညီမငယ်က ထောမနာပြုပါသည်။ သံနှင့်သွန်းသော စက်ရုပ်မဟုတ်သော်လည်း သူ့ဖုန်းထဲမှာ ကိုယ့်အတွက် Ring Tone ကို Robot ဟု အမည်ရသော အသံသတ်မှတ်ပေးထားပါသည်။

ငယ်ကတည်းက ဘောလုံးပွဲကြိုက်သည်။ အော်ဟစ်၍လည်း အားပေးတတ်သည်။ အားမလိုအားမရလည်း အသံထွက်တတ်သည်။ ညဘက် တိတ်တိတ်ခိုးကြည့်ပြီး ပါးစပ်မှာ ခေါင်းအုံးအပ်ကာ ဂိုးးးးးးးးးးးးးး လိုက်ပြီး အောင်ပွဲခံဖူးသည်။

ခုတော့ နားကျပ်ကလေးတပ်ကာ ကြည့်နေရပြန်ပြီ။ ဗူဗူဇီလာသံတွေ၊ ဂျာဘူလာနီဘောလုံး မြင်ကွင်းတွေနှင့် ကိုယ်နှင့် သမုဒ္ဒရာကြီးခြားသော ဖီဖာ-အသက်ဝင် အစီအစဉ်ကို အားပေးနေဆဲ……..

အဲဗျ။

ခု ပေါ်တူဂီ-ဘရာဇီးပွဲ ဆက်ကြည့်လိုက်ပါဦးမည်။

(Plug in ကို စိတ်ချလက်ချ Download လုပ်ပြီး အသင့်ကြည့်ရှုနိုင်ပါကြောင်း)

မေး – နှစ်ပတ်လည် အထိမ်းအမှတ်နေ့တွေကျရင် ဘယ်လိုခံစားရပါသလဲ။

ဖြေ – ပျော်တာပေါ့။ ရုံးတွေဘာတွေ ပိတ်တဲ့နေ့တွေကို ပြောတာပါ။ ကိုယ့်တိုင်းပြည်မှာတုန်းက အစိုးရ ရုံးပိတ်ရက်နဲ့ တနင်္ဂနွေနေ့နဲ့ ထပ်နေရင် (ဘာကိုမှန်းမသိ) အားကြီး စိတ်ဆိုးတယ်။

မေး – ရုံးပိတ်ရက်နဲ့ မဆိုင်တဲ့ နှစ်ပတ်လည် (ဘယ်နှစ်နှစ်မြောက်ဆိုတာမျိုးလေ) နေ့တွေမှာရော။

ဖြေ – အဲဒါတွေလည်း အထိုက်အလျောက် စိတ်ဝင်စားပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင် ပြောစရာ အကြောင်းအရာတစ်ခုတိုးတာပေါ့။

မေး – အမှတ်တရနေ့တွေနဲ့ ပတ်သက်တဲ့သဘောထား အမြင်လေး။

ဖြေ – အမှတ်တရနေ့တွေကို သတိတရ ဆင်နွှဲကြတာ ကောင်းပါတယ်။ တစ်နှစ်လုံး အဲဒီ အမှတ်တရ အကြောင်းအရာနဲ့ ပတ်သက်တာချည်း စဉ်းစား သတိရနေနိုင်ကြတာမှ မဟုတ်တာ။ အဲဒီတစ်နေ့လေးလောက် သတိရကြရင်လည်း မဆိုးပါဘူး။ အဲဒီလို ပါဝင်မဆင်နွှဲနေရင်လည်း အကြောင်းတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လုံး အဲဒီ အကြောင်းအရာမှာ စိတ်ပါဝင်စား လုပ်ကိုင်နေခဲ့နိုင်တာ မဟုတ်သလို နောက်တစ်နှစ်လုံးလည်း ဒီလိုပဲ ဖြတ်သန်းသွားလို့  ဖြစ်နေတာပဲလေ။ ဒီတော့ အမှတ်တရဆိုတာ အမှတ်တရလောက်နဲ့ ရပ်သွားသရွေ့ ဘာမှ မဖြစ်ပါဘူး။

မေး – အများပြည်သူနဲ့ သက်ဆိုင်တဲ့ အမှတ်တရနေ့တွေကိုရော။

ဖြေ – အများပြည်သူဆိုတာကရော ကိုယ်မဟုတ်လို့လား။ ကိုယ်တိုင်ကရော အများပြည်သူ ဟုတ်မနေလို့လား။ ရှင်းရှင်းလင်းလင်းမေးပါ။ ကမ္ဘာကြီးက သေးသေးလေးပါဗျ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်မှ ကွာခြားနေတယ်လို့ မထင်ပါဘူး။

မေး – ဒါဆို တစ်ဦးချင်းတစ်ယောက်ချင်းရဲ့ တာဝန်ရှိတယ်လို့ ဆိုလိုတာပေါ့နော်။

ဖြေ – ဟိုးစတော့။ တာဝန်သိလုပ်သားပြည်သူဘ၀ကနေ ကျွတ်လွတ်ကြပြီလို့ ထင်ပါတယ်။ တာဝန်ဆိုတာ လက်မောင်းမှာ ရှိတယ်။ အဲ – မှားလို့။ တာဝန်ဆိုတာ ပြတတ်ရင် ရှိပါတယ်။ မသိတတ်ရင်လည်း မရှိပါဘူး။ ကိုယ့်အလုပ်ကိုယ် စိတ်ပါလက်ပါ ကောင်းကောင်းမွန်မွန်လုပ်ပြီး လူ့တာဝန်ကျေကြရင် “တာဝန်ဝတ္တရားအရ ဆောင်ရွက်ရပါတယ်” ဆိုတဲ့စကား ဘယ်ရှိပါတော့မလဲ။ ဒါကြောင့် ဟိုးငယ်ငယ်တုန်းက ကျောင်းမှာ ရွတ်ဖူးတာလေး ပြန်ရွတ်ပါ့မယ်။

မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် -

ကျန်တာတွေက ဘလာ ဘလာ ဘလာ ပေါ့။ ကိုယ့်စကားကိုယ် နားထောင်နိုင်တဲ့ အခြေအနေ အရင် တည်ဆောက်မှ သူများက ကိုယ့်စကား နားထောင်မယ်လို့ တွေးမိပါကြောင်း။

အင်တာဗျူး စီစဉ်တင်ဆက်သူ – ပြင်းရှတဲ့ဝိုင်တစ်ခွက် – ရောက်တတ်ရာရာအစီအစဉ်

မေးမြန်းသူ – နှစ်ချို့ “အပျင်းလွန်”

ဖြေကြားသူ – စားပွဲတင် “အပျော့ဆွဲ”

အလွဲကြီး -

သူငယ်ချင်းတွေဆီကနေ စာတွေ ဖော်ဝပ်ရင်းနဲ့ (ကိုယ်တိုင်အတွက်) အတော် ကို့ရို့ကားယားနိုင်တဲ့ စာတစ်စောင် ကော်ပီအများကြီးရောက်လာပါတယ်။ ဘာသာရေးဆိုင်ရာကိစ္စပါ။ အများကြီးတော့ မပြောချင်ပါဘူး။ ဒါပေမယ့် ထော်လော်ကန့်လန့်ဖြစ်နေတယ်ထင်လို့ နည်းနည်းပါးပါးပြောပြီး Reply All လုပ်လိုက်ပါတယ်။ ကိုယ်ပို့လိုက်တဲ့သူတွေထဲက တစ်စုံတစ်ယောက်က သူ့ကိုယ်ပိုင်ဘလော့မှာ ၏၊ သည်၊ ၍ မလွဲ အကုန်ကူးချပြီးသကာလ သူဒီလိုရေးဖို့ စိတ်ကူးပေါက်အောင် mail ပို့ပေးတဲ့ ကိုယ့်ကို ကျေးဇူးတင်ထားပါတယ်။

အလွဲလတ် -

သူငယ်ချင်းတစ်ယောက်အတွက် စာနဲ့ စီဒီခွေတစ်ခွေကို တခြား သူငယ်ချင်းတစ်ယောက်က ပို့လိုက်ပါတယ်။ ကိုယ့်အိမ်လိပ်စာနဲ့ဆိုတော့ လာရွေးဖို့ စာတိုက်ကနေ စာဆင့်သွားပါတယ်။ ပစ္စည်းရှင် သူငယ်ချင်းက Jurong East မှာ နေပါတယ်။ ကိုယ့်နေရာနဲ့ အရှေ့ဖျား/အနောက်ဖျားပါ။ သူတို့အနားက IMM မှာ Singpost က စာတိုက်ရှိတယ်လို့ပြောပါတယ်။ သူတို့ဘက်ကို လွှဲပြီး ပို့ခိုင်းပေးပါလို့ ဆိုပါတယ်။ ဖုန်းထဲကနေ လမ်းညွှန်ချက်ပေါင်းစုံ၊ Postal Code ပေါင်းစုံ၊ ခလုပ်ပေါင်းစုံ နှိပ်ပြီးတဲ့အခါ စိတ်လက်ပေါ့ပါးပြီး ရောက်သွားပြီဟေ့ လို့ သူငယ်ချင်းကို လှမ်းအကြောင်းကြားလိုက်ပါတယ်။ ရောက်တော့ ရောက်သွားပါတယ်။ Jurong Point ကိုပါ။

အလွဲလေး -

Site ကနေ ၀ိုင်ယာကြိုးနမူနာတစ်စ ပေးပြီး အဲဒီဝိုင်ယာအရွယ်အစားအတွက် ပစ္စည်း ၃ခု ဒီနေ့ မှာပေးပါလို့ ပြောသွားပါတယ်။ ၀ိုင်ယာတွေကို Distribution Board မှာ ဆင်နေပြီဆိုတော့ Labeling အတွက် အတော် ဦးနှောက်ခြောက်နေရတဲ့အချိန်ပါ။ အဲဒီ ၀ိုင်ယာအရွယ်အစားက Label တပ်ရမယ့်စာရင်းမှာ မရှိတဲ့အတွက် သူနဲ့သင့်တော်တဲ့ လက်သန်းလုံးအရွယ် အဖြူရောင် Labeling Plastic Tube အဆင်သင့်မရှိ ဖြစ်နေပါလေရော။ ဒါနဲ့ site ကို နောက်တစ်ကြိမ် confirm လုပ်တော့ 3/4″  Brass Gland မှာတာ ဖြစ်သွားပါတယ်။ (Nut ခေါင်းလို ပုံစံမျိုးလေ ၊ အတော်နီးစပ်တယ်နော်)။

*******                               ********                                   ********

အလွဲကြီး နောက်ဆက်တွဲ – ဘာမှတော့ မပြောဖြစ်ပါဘူး။ နောက်ထပ်လည်း ဆက်မပြောဖြစ်တော့ဘူးလေ။ ကိုယ် ပြောမိသမျှ သူ အသုံးတည့်ချင်တဲ့နေရာမှာ သွားတည့်နေဦးမှာကိုး။ WeSheMe က ပြောတဲ့ Privacy ကို Trade လုပ်တယ်ဆိုတာကို သတိရမိသွားတယ်။ ကိုယ်ကတော့ Communication ကနေ အမြတ်ထုတ်ခံလိုက်ရတာ လို့ပဲ မှတ်လိုက်ပါတယ်။

အလွဲလတ် ဖြေရှင်းပုံ - သူငယ်ချင်းကို ပေးလိုက်ပြီးသား ပစ္စည်းရွေးရမယ့်စာရွက်ကို သူ့ဆီမှာ ပြန်သွားယူပြီး မနက်ဖြန် Jurong Point မှာ သွားရွေးပေးလိုက်တော့မှာပါ။ ကိုယ်စားရွေးပေးလို့ရတယ်ဆိုတာ လုံးလုံး သတိမရမိခဲ့ဘူးလေ။

အလွဲလေး – ကတော့ ဖြေရှင်းစရာမလိုတော့ပါဘူး။ ကိုယ့်ဘာသာကိုယ် လူမသိလိုက်ဘဲ လွဲသွားတာဆိုတော့ ခုမှ လူစုံတဲ့နေရာ လာပြီး တိုးတိုးတိတ်တိတ် ပြောပြတာ။ မသိလိုက်ဘူးမဟုတ်လား။ မကြားလိုက်ဘူးလို့ မှတ်လိုက်နော်။ :P

ခက်တော့ အခက်သား။ စကာင်္ပူမှာ လူ ၁၄၀ ကျော် ကူးနေပြီဖြစ်သော H1N1 သည်းသည်းလှုပ်နေခိုက်မှာ ဖျားသည်။ ကွေးတော့ မကွေးပါ။ လူက မိုးတိုးမတ်တပ် သွားလိုက်လာလိုက်နှင့်။

ဇာတ်လမ်းအစ – ကြာသာပတေးနေ့နှင့် သောကြာနေ့ နှစ်ရက်ဆက်၍ Site သွားသည်။ ကြာသာပတေးနေ့ကတော့ မသိသာသေး။ တောက်လျှောက် ပင်ပန်းထားပြီး သောကြာနေ့လည်မှာ ရုံးကို ပြန်ရောက်တော့ ချွေးတွေ စိုနေရာက အဲကွန်းတန်ခိုးနှင့် ချက်ချင်း ခြောက်ခြောက်သွေ့သွေ့ ဖြစ်သွားပြီး အစိုဓါတ်က နှာခေါင်းဘက် ပြောင်းရွှေ့သွား၏။ သည်အချိန်မှာ စနေနေ့ပြန်မည့် လူကြုံက ပြည်အထိ ရောက်မည်ဆိုသောအခါ — အိမ်ကို လူကြုံပေးရန် ဖုန်းဆက် မေးကာ ညနေရုံးဆင်းချိန်တွင် အပြေး အလွှား ဈေးသွားဝယ်ပါသည်။ Mustafa တွင် ဟိုဘက်၊ ဒီဘက် အဆောက်အဦးနှစ်ခုလုံးကို တက်လိုက်ဆင်းလိုက် ပစ္စည်း ရှာခြင်း၊ ၀ယ်ခြင်းများ ပြီးသည့်နောက် ည ၈ နာရီကျော်။ လူကြုံပေးခြင်းကိစ္စ ပြီးသည်နှင့် အိမ်ကို ငွေလွှဲရန် City Hall ဘက် ခြေဦးလှည့်သည်။ လူကြုံလိုချင်သည် ပြောသော ယုန်မွေးဆွယ်တာ- ပင်နီဆူလာမှာ မြင်ဖူးသလိုလိုပဲဆိုပြီး အထပ်စေ့ ပတ်သည်။ မူစတာဖာတစ်ပတ်နှင့် ညီမျှသောအခါ ခြေကုန်လက်ပန်းကျလာပြီး မတွေ့ကြောင်း အဖြေထွက်လာ၏။ သည်လိုနှင့် အိမ်ပြန်သည့် အခြေအနေဖြစ်တော့ ည ၁၀နာရီခွဲ။ အိမ်ရောက်တော့ Panadol Extra တစ်လုံး ပါးစပ်ထဲ ပစ်ထည့်ကာ မှောက်သွားသည်။ ချွေးလေး စို့ကာ နေသာ ထိုင်သာ ဖြစ်သွားသည်။ `ငါ မဖျားသေး´။

စနေနေ့မနက် နိုးလာတော့ ကောင်းကောင်း မကြည်လင်။ ရုံးမသွားချင်သော ရောဂါအဖြစ် ကိုယ့်ကိုယ်ကို သတ်မှတ်လိုက်တော့ ဖျားသည့်ဘက် မလှည့်လိုက်နိုင်။ `တောင်လှည့်၊ မြောက်လှည့်နဲ့ ရုံးချိန်ပြီးသွားမှာပါ´- ကိုယ့်ကိုယ်ကို အားပေးကာ အဲကွန်းခန်းထဲ သွားငုတ်တုတ်ထိုင်လိုက်သည်။ လာလေ့- နေ့တစ်ဝက်။ ရုံးဆင်းသော် ခါတိုင်းကဲ့သို့ ပင်နီဆူလာ၊ လမ်းပြကြယ်တို့ဘက် မလှည့်နိုင်တော့။ အိမ်တန်းပြန်သည်။ ကောင်းကောင်း ဖျားရန် အရှိန်ယူသည်။ ဖြစ်ချင်တော့ တနင်္ဂနွေနေ့တွင် ဂျိုဟိုးလမ်းညွှန် ကူညီ မ,စဖူးသော ညီမလေးက မင်္ဂလာဆောင်မည်။ ကိုယ့်ကိုယ်ကို ဖျားခွင့်မပြုနိုင်ပြန်။ သည်လိုနှင့် တောက်လျှောက် ဖျားခွင့်မရရှာသော ခန္ဓာကိုယ်က တနင်္လာနေ့တွင် ဆန္ဒပြပါသည်။ ဘယ်လိုမှ မကြည်လင်ပါ။

MRT Station နှင့် ရထားပေါ်တွင် တချို့ကလေးများကို မျက်နှာဖုံးစွပ်လျက်သား တွေ့လာရသလို၊ ကလေးအမေ အချို့လည်း မျက်နှာဖုံးကိုယ်စီ နားရွက်မှာ ချိတ်လာကြသည်။ သူတို့ကြည့်ရသည်မှာ အတော်ပင် ကို့လို့ကန့်လန့်နိုင်နေပြီး သူတို့ကိုယ်တိုင်ကလည်း စိတ်မသက်မသာ ဖြစ်နေပုံရပါသည်။ သို့ဖြင့် အချိန်များမကြာမီ သူတို့လည်း မျက်နှာဖုံးစွပ်လေးများကို ဖြုတ်သွားကြ၏။ သို့သော် အချို့အချို့သော သူများကား တာဝန်သိပြည်သူများပီသနေကြလေရာ ကိုယ်တိုင် တစ်ရှူးလေးကွယ်ကာ ဟတ်ချိုး ချေခါနီးချိန်တွင် နံဘေးမှ မျက်နှာဖုံးစွပ်များကို ကြည့်ရင်း နည်းနည်း အားနာလာပါသည်။

Today မှ `အော်သံ´ ကဏ္ဍတွင် ကလေးမိခင်တစ်ဦးက ရေးထားသည်။ “You may survive, but my son won’t”၊ သူ့သား ၁၀လသားကလေး မွေးရာပါ ရောဂါကာကွယ်မှု အားနည်းနေသောကြောင့် ဆေးရုံတက်ကာ ကုသမှု ခံယူနေရသည်။ အကယ်၍သာ ယခုအချိန် ပြင်ပမှ အခြားရောဂါများ ကူးစက် ရရှိခဲ့လျှင် မည်သို့မှ ကယ်နိုင်ရန် လမ်းမရှိတော့။ သို့ဖြစ်၍ —–  ကိုယ့်ကိုယ်ကို ဘာမှတော့ မဖြစ်နိုင်ပါဘူးဆိုပြီး လွတ်လွတ်လပ်လပ် လျှောက်သွားနေကြသော၊ မိမိကိုယ်တိုင် မသိနိုင်သည့် ရောဂါပိုးသယ်ဆောင်သူများကို သူ တောင်းဆိုထားသည်က-`ကာကွယ်ခြင်းဖြင့် ကယ်တင်ကြပါ´။

Mask သုံးခြင်း၏ ကောင်းကျိုးများအား မသိမဟုတ်၊ သိပါ၏။ သိပါသော်လည်း – မျက်နှာဖုံးစွပ် တပ်ရမှာ ဘာကြောင့်မှန်းမသိ၊ အတော် ၀န်လေးမိသည်။ ကိုယ်တိုင်ကပဲ အကြောက်အလန့် နည်းလွန်းသလား၊ ကြောက်တတ်သူဟု အထင်ခံရမည်ကိုပင် ကြောက်လွန်းသလား၊ တစ်ခုခုတော့ လွဲနေသည်။ ကွေးရဲလျှင် ကွေး- quarentine ထဲ ရောက်သွားမည် ဆိုပြီး ကြောက်တာက ပိုမည်ထင်ပါသည်။ သို့ဆိုလျှင်လည်း သူများ မျက်နှာဖုံးစွပ်သလို လိုက်စွပ်ပြီး ခေတ်မီလိုက်လျှင် ကောင်းမလား။

မည်သို့ပင်ဖြစ်စေ – အမိမြေမှာ ကိစ္စတစုံတရာရှိ၍ သတင်းထုတ်ပြန်သည့်အခါ ပြည်သူလူထု အစိုးရိမ်လွန်၊ ကြောက်လန့်ကြသည်များ မဖြစ်စေရန် ထိန်းထိန်းသိမ်းသိမ်းထုတ်ပြန်သော သတင်းစနစ်ကို အတော်ကျင့်သားရနေသည်ထင့်။ ယခု စကာင်္ပူကျွန်းကလေးမှာ ကျန်းမာရေးဝန်ကြီးဌာနက အရေးတယူ လှုပ်လှုပ်ရှားရှား လုပ်နေသည်ကိုပင် စိတ်ထဲမှာ သည်းသည်းသန်သန် ဖြစ်မလာ။ ကြောက်စရာလား။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိနေသေးလျှင် ခံနိုင်ရည်အရာမှာ ဧတဒဂ်ပေးလောက်သော `ငါဟဲ့- မြန်မာ´။

လတ်တလော သတင်းထုတ်ပြန်ချက်။

ယနေ့ ရုံးမှ ခွင့်ယူ၍ အိမ်တွင် အားရပါးရ ဖျားပါသည်။ မောင်ထွန်းသူ မြန်မာပြန် `ပီကင်း´နှင့် တက္ကသိုလ်နေ၀င်းမြန်မာပြန် `ဂေါ့ဒ်ဖားသား´အားကိုး ရှိပါသည်။ တစ်မနက်လုံးဆေးသောက်လိုက်၊ ပြန်အိပ်လိုက် လုပ်ပြီးသောအခါ အတော်လေး နေသာထိုင်သာ ရှိနေပါပြီ။ ဆေးခန်းမသွားပါ။ အကြောင်းရင်းက တုပ်ကွေးမဟုတ်ကြောင်း ကိုယ့်ဘာသာ သေချာသော်လည်း Quarentine ထဲ ရောက်မှာစိုးပြီး မသွားခြင်းဖြစ်ပါသည်။ ခေတ်မီအောင် မကွေးရဲလိုက်ပါ။ ကောင်းမလားလို့ တွေးကြည့်လိုက်တာပါပဲ။ ခုတော့-

`အားလုံးကောင်းပါသည်ခင်ဗျား´

Next Page »

Follow

Get every new post delivered to your Inbox.