ဒါကတော့ ဘာသာပြန်ပါ။ စာရေးဆရာ George Mikes ရဲ့ Wisdoms for Others တတိယအကြိမ် ရိုက်နှိပ်ခြင်း (၁၉၅၈) ကို တခုတ်တရ ဖတ်ဖို့ ညွှန်းပြီး စာအုပ်ကို စာတိုက်ကနေတစ်ဆင့် ပို့ပေးတဲ့ အဖေ့ကျေးဇူးကြောင့် ဒီစာလေး ဖြစ်လာတာပါ။ ခေတ်မီသလားဆိုတာတော့ နည်းပညာတွေတိုးတက်သလောက် လူ့သဘောက ဘယ်လောက် ပြောင်းလဲလိုက်လာသလဲဆိုတာနဲ့ စဉ်းစားကြည့်ပေါ့။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲ လူဖြစ်လာလာ၊ လူကျင့်လူကြံလေးတွေတော့ ရှိကြစမြဲပဲလေ။
နေမ၀င်အင်ပါယာဆိုပြီး တစ်ခေတ်တစ်ခါက ထူထောင်သွားကြတဲ့ ဗြိတိသျှများရဲ့ ဓလေ့စရိုက်တွေကို ပြောကြရင် ‘တယ် … ဟန်ကြီးပန်ကြီးနိုင်ကြတာပဲ’ ဆိုတာနဲ့ စ ပြောလေ့ရှိကြပါတယ်။ ကျွန်မတို့ အရှေ့တိုင်းသားများကရော၊ အင်မတန်ကို ‘၀ါးလုံးခေါင်းထဲ မှာတော့ လ သာ’ နိုင်ကြသူတွေပါ။ လူသားတွေပဲရှင်၊ ဘယ် ကင်းနိုင်ကြပါ့မလဲ။ “ကိုယ့်ကမ္ဘာ လေးရဲ့ ဗဟိုချက်မ ဟာ ကိုယ်ပဲ” ဆိုတာက “ကမ္ဘာကြီးရဲ့ ဗဟိုမှာ ကျောက်ရည်ပူတွေရှိတာ’ထက် ကိုယ်နဲ့ ပိုနီးပါတယ်။
ရူပဗေဒ ဘာသာရပ်မှာ သင်ခဲ့ကြရတဲ့ ‘ ဝေးလေ- သေးလေ၊ နီးလေ-ကြီးလေ’ဆိုတဲ့ အမြင်သဘောတရားကို မှားတယ်လို့ မပြောပါဘူး၊ ဒါပေမယ့် လူတစ်ယောက်ချင်းစီအတွက် ဆိုရင် အဲဒီသဘောတရားဟာ ပြောင်းပြန်ပါပဲ။ နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ထဲထဲဝင်ဝင် ပေါင်းမိလာတဲ့အခါ အဝေးတုန်းက မြင်ခဲ့တဲ့ မိုးမြင့်ဆန်တဲ့အသွင်ထက် မြေကြီးနဲ့ ပိုနီးလာတာ မြင်ရပါ့မယ်။ သူ့ရဲ့ သူလိုကိုယ်လို အလေ့အထလေးတွေ၊ အတွေးအမြင်တွေ တွေ့လာတာကိုး။
လူတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဖြစ်တည်မှု သဘောတရားကို အတွေးအခေါ်ပညာရှင်တွေဟာ ခေတ်အဆက်ဆက် ငြင်းခုံလာခဲ့ကြတာ မှန်ပေမယ့် ကျွန်မအတွက်တော့ ၀င်ငွေခွန်ဆောင်ချိန်တိုင်းမှာ ‘၀င်ငွေရယ်၊ အခွန်ရယ်၊ ၀င်ငွေခွန်အရာရှိရယ်’ဟာ တကယ်ရှိတာတွေ ဖြစ်တယ်လို့ သတ်မှတ်ပြီး ပေးဆောင်နေရတာချည်းပါပဲ။ ဒါကြောင့် အရာဝတ္ထုအနေနဲ့ ပြောရရင် ကမ္ဘာလောကကြီး တကယ် ဖြစ်တည် နေကောင်းမှ နေပေမယ့် အကြောင်းအရာ အရတော့ တကယ်ကို ရှိနေပြီး လူ တစ်ဦးချင်းစီဟာ ကိုယ်ပိုင် ‘လောက ကမ္ဘာငယ်လေး’ ကိုယ်စီ ရှိကြပြီး ကိုယ်တိုင်လည်း အဲဒီ ကမ္ဘာရဲ့ ဗဟိုချက်မတွေ ဖြစ်နေပါတယ်။
လူတွေ အချင်းချင်း တွေ့ဆုံ ဆက်ဆံကြတဲ့အခါ အဲဒီ ဗဟိုချက်မတွေ တစ်ခု မက ဖြစ်လာပြီဆိုတော့ ဘယ်လို လုပ်ကြမလဲ။ သူလည်း သူ ဘုရင်၊ ကိုယ်လည်း ကိုယ်သခင်၊ အားလုံးရဲ့ တူညီတဲ့ ရပ်တည်မှုက ‘ကိုယ်ဟာ အဓိကလူ ဖြစ်တယ်’ တဲ့။
၁။ သင်ဟာ ကလေးငယ်တစ်ယောက်ဖြစ်တယ်ဆိုရင် သင့်ရပ်တည်မှုဟာ အခိုင်မာဆုံးဖြစ်ပါတယ်။ သင်ဘာပဲ ဆုံးဖြတ်၊ လိုအပ်ပါစေ၊ လူအားလုံးဟာ သင့်အလိုဆန္ဒတွေကို လိုလိုချင်ချင်ကို ဖြည့်ဆည်းပေးကြမှာပါ။ သူတို့တွေ အ၀တ်လျှော်ဖို့ ဘယ်လောက်ပျင်းပါစေ၊ သင့်အတွက် အနှီး/လဲစရာအ၀တ် လုံလောက် အလျင်မီအောင်တော့ သူတို့ အာရုံ စိုက်ကြပါတယ်။ သူတို့တွေရဲ့ စားချိန်၊ အိပ်ချိန်၊ အပြင်သွားချိန်အားလုံးဟာ သင့်ဆန္ဒပေါ်မှာပဲ အများအားဖြင့် မူတည်နေပါတယ်။
၂။ နည်းနည်း အရွယ်ရလာပြီဆိုပါတော့။ သင့်ရဲ့ ဗဟိုချက်မ နေရာဟာ အတိုင်းအတာတစ်ခုထိ စိတ်ချလို့ မရတော့ပါဘူး။ လူတွေဟာ သင့်ဆန္ဒတွေကို ဆက်ပြီး ဖြည့်ဆည်းပေးနေသည့်တိုင် သင့်ကို ‘အကျိုးသင့်၊ အကြောင်းသင့်’ ရှင်းပြတာမျိုးတွေ လုပ်လာကြပါပြီ။ ဒါက နောင်တဖြည်းဖြည်း လျော့ပါးလာမယ့် သင့်အခွင့်အရေးနဲ့ ရပ်တည်မှုအတွက် အကြို သင်ခန်းစာတွေပဲပေါ့။
၃။ လူလားမြောက်လာပြီပေါ့။ နည်းပညာတွေရှိပါသေးတယ်လေ။ ကိုယ့်ရဲ့ ‘အဓိက’ နေရာလေး မပျောက်အောင် ဆက်ထိန်းနိုင်ပါသေးတယ်။ ခံစားချက်တွေ ပေါက်ကွဲတာ။ ဒါလည်း သုံးလို့ ဖြစ်ပါတယ်။ တစ်နှစ်မှာ ၃ ခါထက် ပိုသုံးရင်တော့ သူလည်း ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသတဲ့။
၎။ အပေါ်က အမှတ် (၃) နည်းလမ်းကို စိတ်တိုင်းမကျဘူးဆိုရင်တော့ ခိုင်မာတဲ့ စွန့်လွှတ်မှုနည်းလမ်းကို သုံးကြည့်ပါ။ ကိုယ့်အတွက် အရေးပါတဲ့ဟာကို မလိုက်လျောနိုင်မှတော့ ရှိတာ လာမပေးနဲ့ဆိုတဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ တန်ဖိုးထားပါ။ (အဲဒီလို စွန့်လွှတ်ရလို့ ကိုယ် ဘယ်လောက် ထိခိုက် ခံစားရတယ်ဆိုတာတော့ လူအများ မြင်အောင် အမှတ်တမဲ့ ပြနိုင်ရမယ်နော်)
၅။ အသက်တွေ ဒီထက်မက ကြီးလာလို့ ကိုယ့်ကို အလေးတယူ မရှိကြတော့ဘူးဆိုတဲ့ သံသယရှိရင်တော့ ကိုယ့်အားနည်းချက်ကို ရှာ။ ဒါကို အားကိုးပြီး နိုင်ကွက်ကိုင်ပေတော့။ ဘယ်သူက အသက်ကြီးတဲ့လူကို မညှာမတာ အလျှော့မပေးတမ်း ဆက်ဆံနိုင်လိမ့်မလဲ။ ‘ရပါတယ်ကွာ။ မင်းတို့က တို့ လူအိုတွေ စကားကို ဘယ်အရေးလုပ်လိမ့်မလဲ’ လို့ တစ်ခွန်းပြောလိုက်တာဟာ ၇၀% နိုင်ပြီးသား တိုက်ပွဲခေါ်သံတစ်မျိုးပါပဲ။ (ဒါဆိုလည်း ဖြစ်ပါတယ်။ သူတို့ကို အရေးလုပ်တဲ့ ကိုယ်က ဘယ်လောက် သဘောထားကြီးလဲဆိုတာ ပြနိုင်ပြီပေါ့။)
ဒါမျိုးတွေအပြင် မြင်သာထင်သာရှိအောင် ဥပမာတစ်ခု ပြောပါ့မယ်။ စာရေးသူ (George Mikes) ဟန်ဂေရီနိုင်ငံမှာ ရှိစဉ် နာမည်ကျော် အနုပညာရှင်တစ်ဦးရဲ့ ဈာပနကိစ္စကြုံရပါတယ်။ အဲဒီ အနုပညာရှင်ရဲ့ ဆရာရင်းကလည်း တကယ် လက်စွမ်းထက်တယ်ဆိုပဲ။ သူက သူ့တပည့်ရဲ့ ဈာပနမှာ ၀မ်းနည်း စကားပြောပုံလေး ဒီလိုပါ။ ” အဲဒါ ငါပေါ့ကွာ၊ မင်းရဲ့ တကယ့်ကြီးမြတ်တဲ့ ပါရမီကို သတိပြုမိခဲ့တာ။ မင်းကို အနုပညာကျောင်းကနေ ခေါ်ပြီး ပထမဆုံး စင်ပေါ်တင်ပေးခဲ့တာလည်း ငါပဲ။ ငါ့ ဇာတ်ရုံထဲမှာပဲ မင်း အောင်မြင်မှုတွေ ရလာခဲ့တယ်။ ငါတင်တဲ့ ဇာတ်ကနေ မင်း နာမည် စကြီးလာခဲ့တယ်။ တကယ် လျှမ်းလျှမ်းတောက် ဖြစ်လာတော့လည်း ငါ့ ဇာတ်ရုံထဲမှာပဲ…’ …………..ကဲ…… ဆရာကြီးရယ်။ ဒီမှာ အမြှုပ်ခံရမှာက သူလားလို့  ……..
ဆက်ရန်ရှိသေးသည် နော်။
November 26, 2008 at 5:05 am
‘ရပါတယ်ကွာ။ မင်းတို့က တို့ လူအိုတွေ စကားကို ဘယ်အရေးလုပ်လိမ့်မလဲ’ … ဟားဟား…ဒါတော့..တခါတလေပဲ ပြောနော်..ခဏခဏပြောနေရင်း…အဘွားကြီးဒီလိုကြီပဲပြောနေတယ်
ရိုးနေပြီလို့ပြောလိမ့်မယ်…
ကျွန်တော်တို့တွေလဲတခါတလေ…သူ့ကိုမြှုပ်မှာလား…ကို့ကိုမြှုပ်မှလားမေတတ်ကြတာပါပဲ..