ချေဂွေဗားရား၊ ဂျူးတိုင်းပြည်နှင့် လွတ်လပ်သော စိတ်ဓါတ်
ခေါင်းစဉ်ချရေးပြီးပေမယ့် ကျွန်မ စာရေးရမှာ တုံ့ဆိုင်းနေတယ်။ ရေးချင်လွန်းလို့ ဖတ်ခဲ့၊ စုခဲ့တဲ့ Offline file တွေ ဖွင့်ထားပြီး တခြား အလုပ်တွေကိုချည်း ပြီးအောင်လုပ်နေမိတယ်။ ဘာကြောင့်လဲ၊ ဒါ ဘာကြောင့်များလဲ၊ ကျွန်မ ကိုယ့်ကိုယ်ကိုမေးမိတိုင်း ဆက်မစဉ်းစားချင်ဘူး။
ရေးချင်တဲ့စိတ်က ပြင်းပြလွန်းသလောက် ကျွန်မရင်ထဲမှာ ပြည့်ကျပ်လျှံတက်လာတာက ကျွန်မရဲ့ ကိုယ့်ကိုယ်ကို မယုံရဲတဲ့ အငုံ့စိတ်။ ကျွန်မ တန်းစီဖွင့်ထားတဲ့ offline webpage တွေကို တစ်ခုချင်းစီ လိုက်ကြည့်နေမိတယ်။
ချေဂွေဗားရား အကြောင်း Wikipedia က စုဆောင်းဖေါ်ပြထားတဲ့ အတ္ထုပ္ပတ္တိ၊ သူ့စာအုပ်စာရင်း၊ သူ့ လှုပ်ရှားမှု သမိုင်းတွေ၊ ပြီးတော့ သူ့ကို သူရဲကောင်းတစ်ယောက်အနေနဲ့ အရူးအမူး ကိုးကွယ်ခဲ့တဲ့ လူတွေနဲ့ သူ့ရဲ့ဇာတ်သိမ်း၊ Time မဂ္ဂဇင်းကြီးကရွေးချယ်ဖေါ်ပြတဲ့ ကမ္ဘာကို လွှမ်းမိုးနိုင်သူများ (၁၀၀) စာရင်းထဲက သူ့ရဲ့ အကြောင်း၊ စာရေးဆရာ လီယွန်ယူးရစ်(စ်)ရဲ့ The Haj ဆိုတဲ့ စာအုပ်နဲ့ နောက်ခံဇာတ် ကြောင်း၊ အစ္စရေး- ပါလက်စတိုင်း ပဋိပက္ခအကြောင်း သမိုင်းစာမျက်နှာတွေ။
ကျွန်မ ချေဂွေဗားရားကို သဘောကျမိသလား၊ သူ့ရဲ့ ကွန်မြူနစ်ဝါဒအခြေခံပြီး လူထုတော်လှန်ရေး လုပ်ငန်း ဖေါ်ဆောင်ပုံတွေကို နှစ်ခြိုက်မိသလား ဆိုတော့ – ဟင့်အင်း၊ ကျွန်မ သဘော မကျလှပါဘူး။ ဒါပေမယ့် သူ့ရဲ့ မဆုတ်မနစ်တဲ့ စိတ်ဓါတ်နဲ့ ပြတ်သားတဲ့ အတွေးအခေါ်တွေကို ကြိုက်တယ်၊ သဘောကျတယ်၊ လေးစားတယ်၊ လူသားတစ်ယောက်ရဲ့ ရှိနိုင်တဲ့ အားနည်းချက်တွေ၊ အမှားတွေ သူ့မှာလည်း ရှိမှာပဲ၊ ဒါပေမယ့် ကျွန်မ သူ့ကို သူ့ရဲ့ အမှန်တရားနဲ့ လွတ်လပ်မှုကို မြတ်နိုးတဲ့စိတ်ဓါတ်ကြောင့်ကိုပဲ နှစ်နှစ်ခြိုက်ခြိုက် သဘောကျမိတယ်။
ဘာမဆိုင်ညာမဆိုင်လို့ပဲပြောရမလား၊ ကျွန်မအတွေးထဲမှာ စာရေးဆရာ Leon Uris ရေးတဲ့ The Haj ဆိုတဲ့ အစ္စရေး-ပါလက်စတိုင်း သမိုင်းနောက်ခံ ၀တ္ထုဝင်လာတယ်၊ ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုးတွေ ရောက်လာပြီး အစ္စရေး နိုင်ငံထူထောင်လိုက်တဲ့အခါ နှစ်ပေါင်း ရာထောင်ချီနေလာခဲ့ကြတဲ့ ပါလက်စတိုင်းတွေရဲ့ နိုင်ငံ၊ လူ့အဖွဲ့အစည်း ပြိုကွဲပျက်စီးရပါတော့မယ်။ ဘယ်သူတွေ ဘာလုပ်ခဲ့လို့ ဒီနေ့ကမ္ဘာကြီးမှာ အဲဒီယမ်းအိုးကြီး ကျန်ခဲ့ရတာလဲဆိုတာ ပညာရှင်တွေ သုံးသပ်ထားတာ အများကြီးပါ၊ ကျွန်မစိတ်ထဲမှာ စွဲကျန်ခဲ့တာ ဂျူးတွေရဲ့ မြေချစ်စိတ်၊ ရပ်တည်လိုစိတ်ပြင်းထန်တဲ့အကြောင်းပဲ။ စာရေးဆရာရဲ့ အားထုတ်မှုတွေထဲမှာ အဲဒီ ဂျူးလူမျိုးတွေရဲ့ အဲဒီအချိန်ကာလက ရပ်တည်ခဲ့တဲ့ သဘောထားကို ထင်ဟပ်စေခဲ့တာဟာ ကျွန်မစိတ်ကို အဖမ်းစားဆုံးပါပဲ။
ရန်သူတစ်ထောင်ရဲ့အလယ်မှာ ရပ်ဖို့အတွက် မိတ်ဆွေတွေရှိဖို့လိုပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ရပ်တည် လိုမှုမရှိခဲ့ရင်ရော၊ ဘယ်မိတ်ဆွေက ဘယ်လောက်ပဲကူညီသည်ဖြစ်ပါစေ၊ ကိုယ့်ခြေထောက်ကို မြဲမြဲခိုင်ခိုင် ရပ်နိုင်ဖို့ စိတ်ဓါတ်ခွန်အား အများကြီးလိုပါတယ်။
ချေဂွေဗားရားနဲ့ ဂျူးတွေ- ဘာဆိုင်သလဲ။ ချေဂွေဗားရားက အာဏာရှင်စနစ်အောက်က လူထုလွတ်မြောက်ရေး အတွက် ပုန်ကန်မှုတွေကို ခေါင်းဆောင်ရပ်တည်ပေးတဲ့လူ၊ ပုန်ကန်သူတို့ရဲ့ မိတ်ဆွေ၊ အာဏာရှင်တို့ရဲ့ ရန်သူ။
ဂျူးတွေက ဘယ်တုန်းကမှ မပိုင်ခဲ့ရတဲ့ မြေမှာ ရပ်တည်ဖို့ ကမ္ဘာအရပ်ရပ်ကနေ ၀ိုင်းလာပြီး သူတို့ ဘ၀တစ်လျှောက်လုံး စုဆောင်းလာတဲ့ အရာအားလုံး ပုံအောပြီး နိုင်ငံတစ်ခု ထူထောင်သူတွေ၊ ခေါင်းဆောင် ဆိုတာထက်၊ အားလုံးက တစ်စိတ်ထဲရှိပြီး အဲဒီ တစ်စိတ်ထဲနဲ့ ရပ်တည်သူတွေ။ တကယ် ပြင်းပြတဲ့ စိတ်ဓါတ်နဲ့ ရပ်တည်ချက်ပဲ သူတို့မှာ လိုတယ်။
အဲဒီ ဆန့်ကျင်သယောင်ဖြစ်နေတဲ့ အကြောင်းအရာနှစ်ခုလုံးဟာ ကျွန်မရဲ့ အမိမြေနဲ့ပတ်သက်တဲ့ ဒုက္ခသည် ပြဿနာနဲ့ အာဏာရှင်စနစ်ဆန့်ကျင်မှုအကြောင်းအတွေးတွေမှာ ၀င်ရောက်လွှမ်းမိုးလာခဲ့ပါတယ်။
ကျွန်မတို့ နိုင်ငံကနေ ထွက်ခွါသွားခဲ့ပြီး ကမ္ဘာအရပ်ရပ်မှာ ရောက်ရှိနေကြသူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ ကြိုးစားဆဲ ညီအစ်ကိုမောင်နှမတွေ၊ အများကြီးရှိနေပြီဆိုတာ အားလုံးလည်း သိကြပါတယ်။ ဂျူးတွေလို စီးပွါးရေးမှာ တောင့်တင်းတဲ့ ကျောထောက်နောက်ခံတော့ မရှိဘူးပေါ့။ ကိုယ်ပိုင်တဲ့ မြေ မှာ ကိုယ်မနေနိုင်လောက်အောင် စွန့်ထွက်ခဲ့ရတဲ့ တိုင်းပြည်ရဲ့ သားသမီး လူငယ်တွေ၊ ကျွန်မတို့ရဲ့ ဘ၀တွေက ပါလက်စတိုင်းတွေရဲ့ မြေရှိခဲ့ပါလျက်နဲ့ မနေရ၊ မပိုင်ရတဲ့ ဘ၀မျိုး၊ သူတို့ရဲ့ နာကျည်းချက် ခံစားမှုတွေက ကျွန်မ သွေးကို ဆူစေတယ်။ ဒါပေမယ့် ကျွန်မတို့ရဲ့ ဘ၀က တခြားတစ်ပါးက ကိုယ့်မြေကို ကျူးကျော်လာလို့ ဖြစ်ရတဲ့ ဒုက္ခမဟုတ်ဘူး၊ ကိုယ့်မြေ၊ကိုယ့်ရေကို ကိုယ့်လူမျိုးကပဲ ပြန်နှိပ်စက်နေလို့ ဖြစ်ရတဲ့ အာဏာရှင်စနစ်ရဲ့ ဒုက္ခ။
ထိုင်း-မြန်မာ နယ်စပ်က မြန်မာကျောင်းသား အဖွဲ့အစည်းတွေ၊ အိန္ဒိယ-မြန်မာ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ကျောင်းသားတပ်တွေ၊ သူတို့အားလုံးရဲ့ တူညီချက်တစ်ခုက အာဏာရှင်စနစ်ကို ပုန်ကန်နေကြတာ။ ချေဂွေဗားရားလို လူမျိုးသာ ရှိခဲ့ရင်လေ၊ ကျွန်မတို့ ဒီလောက်ကြာကြာ ရှုံးနိမ့်နေပါ့မလား လို့ တွေးမိတယ်။ ချက်ချင်း နောက်အတွေးက ကန့်ကွက်တယ်၊ ဘယ်တိုင်းသူပြည်သားတွေက ခြေသလုံး ပလွေရိုးကို ကြံ့ကြံ့ခံရပ်ပြီး သေနတ်မောင်းကို ဖြုတ်နိုင်ကြမလဲ။ ဒီဆင်းရဲဒုက္ခနေ့ရက်တွေ ဘယ်လောက်များများ တစ်နေ့ချင်း ရင်ဆိုင်ပြီး ဖြတ်သန်းဖို့ ကြိုးစားတာက ကိုယ်လုပ်နိုင်လာခဲ့တဲ့၊ လုပ်လာခဲ့တဲ့ ကိစ္စလေ။ ကျွန်မတို့ လူမျိုးရဲ့ စံထားလောက်တဲ့ ခံနိုင်ရည်က ကျွန်မတို့ကို ဒီ ဒုက္ခလောကနဲ့ အသားကျစေတယ်။
ကျွန်မတို့တွေ ကိုယ့်အခွင့်အရေးကို ကိုယ်ဆုံးရှုံးလာခဲ့တာ ဘယ်လောက်များ အသားကျနေပြီလဲဆိုရင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖေါ်ထုတ်ခွင့် စတဲ့ မွေးရာပါအခွင့်အရေးတွေဟာ ကိုယ်တောင်းစရာမလိုဘဲ ပိုင်ဆိုင်တယ်ဆိုတာကိုမေ့ပြီး အလိုအလျောက် စွန့်လွှတ်နေခဲ့မိတဲ့အထိပဲ။ အဲဒီ အခွင့်အရေးတွေကို ထိန်းသိမ်းဖို့တောင် တာဝန်မယူမိတော့တဲ့အထိပေါ့။ အခုများတော့ တောင်းယူ၊ ဆန့်ကျင်ယူရတဲ့အထိ ဖြစ်လာခဲ့ပြီ။ ဒီခွန်အားတွေနဲ့ ကျွန်မတို့ ဒီမြေမှာ ဘယ်လိုရပ်တည်ကြမလဲ။ မနိုင်လို့ သည်းခံခဲ့ကြတာကနေ ဘယ်အခြေအနေထိ ကျွန်မတို့ သည်းခံနေမိကြဦးမလဲ။ သည်းမခံနိုင်လောက်အောင် သည်းခံပြီးမှ ရလာမယ့် လွတ်လပ်ခွင့်လား။
လွတ်လပ်တဲ့စိတ်ဓါတ်တွေကို ပြန်လည်ရရှိဖို့ ကျွန်မတို့ လွတ်လပ်စွာ သဘောထားကွဲခွင့်ရှိပါသေးတယ်နော်။ တွေးချင်သလို တွေးကြည့်ကြတာပေါ့။